← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

“မင်းသားအန်းဟယ်ရေးသားတဲ့ ခန်းဆောင်နီအိပ်မက်က တကယ့် ဂန္ထဝင်လက်ရာတစ်ခုပါပဲ”

“ကျုပ် တစ်ကြိမ်မက ဖတ်ပြီးသွားပြီ၊ အခုချိန်ထိတောင် လက်ထဲက မချနိုင်သေးဘူး”

“မင်းသားရဲ့ ပါရမီကို ဒီငယ်သားတို့ အံ့ဩမှင်သက်မိပါတယ်”

ယွဲ့ဟွာကို လူတစ်စု ဝန်းရံလိုက်ကြပြီး ချီးကျူးထောပနာ ပြုလိုက်ကြလေသည်။ ယွဲ့ဟွာလည်း လူအုပ်ကြီးရဲ့ အလယ်မှာ ဝံ့ကြွားနေလေသည်။ ကူးပြောင်းလာသူဖြစ်သည့်အတွက် ဒီကမ္ဘာမှာ သူသာလျှင် ဇာတ်လိုက်ဖြစ်နိုင် သည်။

မိန်းမလှလေးတွေရဲ့ကြား သောက်စားယစ်မူးရင်း လောကကြီးကို သိမ်းပိုက်ပစ်မယ်!

ဒါ သူပိုင်ဆိုင်ဖို့ ကံပါလာသည့် ဘဝဖြစ်သည် ။လောလော ဆယ် ဗလာကျင်းဖြစ်နေသေးသည့် ပလ္လင်တော်ကို ယွဲ့ဟွာ လှမ်းကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထက်မှာလည်း အေးစက်သော အပြုံးတစ်ခုပေါ်လာခဲ့သည်။

တစ်နေ့ကျရင် အဲ့ဒီပလ္လင်ပေါ်မှာ ဂုဏ်သိက္ခာရှိရှိအရှိန်အဝါ အပြည့်နဲ့ ထိုင်နိုင်သူက ငါပဲ ဖြစ်ရမယ်!

“ဧကရာဇ်မင်းကြီး ကြွမြန်းလာပါပြီ”

“ဧကရီမယ်တော်ကြီး ကြွမြန်းလာပါပြီ”

“ဧကရီမိဖုရားကြီး ကြွမြန်းလာပါပြီ”

အားလုံး ခေါင်းထောင်သွားကြပြီး ဧကရာဇ်မင်းကြီးတို့ကို ဦးညွှတ်ဂါဝရ ပြုလိုက်ကြလေသည်။

နန်းတော်၏ အရှင်မြတ်သုံးပါးပလ္လင်အသီးသီးမှာ နေရာယူလိုက်ကြသည်။

ယွဲ့လင်း တည်ငြိမ်စွာမိန့်ကြားလိုက်သည်။

“တော်ဝင်ဥယျာဉ်ထဲက ကြာပန်းကလေးတွေ အလှဆုံး အချိန်ကိုရောက်နေပြီ၊ ဒီကနေ့ ကြာပန်းတွေကြည့်ဖို့နဲ့ သာမန်ကာလျှံကာ စကားပြောရုံသက်သက်ပါ၊ အထိန်းအမှတ် အခမ်းအနားပွဲမဟုတ်ဘူး၊ အားလုံး သက်သောင့် သက်သာနေလို့ရတယ်”

ဧည့်သည်တော်တွေလည်း အမိန့်နာခံကာ သင့်တော်ရာ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ကြလေသည်။

အစကတော့ ညဘက် ကြာပန်းကြည့်ဖို့ဆိုတာ အဓိပ္ပာယ်မဲ့လွန်းသည်ဟု ကျန်းကျီမြောင်ထင်ခဲ့သည်။ သို့သော်လည်း လက်ဆွဲမီးအိမ်ကလေးများကိုကိုင်ပြီး ရေကန်ကို စီစီရီရီ ဝန်းရံထားကြသော အခြွေအရံလေးများနဲ့ ရေကန်မျက် နှာပြင်ပေါ်က ရောင်ပြန်ဟပ်မှုကလေးများကို ကြည့်ရင်း အလွန်ရသအလှမြောက်လွန်းသည်ဟု ခံစားလာမိသည်။

ယွဲ့ဟွာကို မယ်တော်ကြီး ချက်ချင်းလှမ်းခေါ်လိုက်လေသည်။

“ဟွားအာ မယ်တော့်အနားလာခဲ့ပါဦး”

ယွဲ့ဟွာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ယွဲ့လင်း၏ မျက်နှာကို မဝံ့မရဲလှမ်းကြည့်ကာ မယ်တော်ကြီးအား ပြန်လျှောက်တင်လိုက်လေသည်။

“မယ်တော်ကြီး၊ သားတော် ဒီမှာပဲ ထိုင်လို့အဆင်ပြေပါတယ်”

မယ်တော်ကြီးမျက်နှာ တင်းမာသွားခဲ့ပြီး ယွဲ့လင်းအား အေးစက်စွာလှည့်ကြည့်လိုက်သည်။

“အရှင်မင်းကြီးကြောင့် ဘယ်လိုတွေဖြစ်သွားပြီလဲ ကြည့်စမ်းပါဦး! ဟွားအာက အရှင်မင်းကြီးရဲ့ ညီတော်အရင်းခေါက်ခေါက်ပါ! ဘာအကြောင်းအရင်းမှ မရှိဘဲ သူ့ကို အကျယ်ချုပ်ပြစ်ဒဏ်ပေးပြီး ဒုက္ခရောက်အောင်လည်း လုပ်ခဲ့တယ်၊ ပြီးတော့ ခန်းဆောင်နီအိပ်မက် ဇာတ်သိမ်းကိုရေးပေးနိုင်မှ အကျယ်ချုပ်က လွှတ်ပေးမယ်လို့လည်း အကြပ်ကိုင်ခဲ့တယ်၊ ဟွားအာရဲ့ ပါရမီထူးချွန်မှုကြောင့်သာ မဟုတ်ရင် အဲ့ဒီစံအိမ်ထဲ နှစ်ပေါင်းများစွာပိတ်မိနေနိုင်တယ်နော်! အရှင်မင်းကြီးက ထီးနန်းကိုတောင်ပိုင်ဆိုင်ထားပြီးသားပါ၊ ကိုယ့် ညီတော်အရင်းကို ဒီလောက်လေးတောင် သည်းခံမပေးနိုင်ဘူးလား”

ယွဲ့လင်းအား မယ်တော်ကြီး စွပ်စွပ်စွဲစွဲဆုံးမလာလေသည်။

ကျန်းကျီမြောင် မျက်မှောင်ကြုတ်ကာ ယွဲ့လင်းအားလှမ်းကြည့်လိုက်သည်။ ယွဲ့လင်းက ပြုံးသာပြုံးနေသည်။ ဒီလိုဖြစ်လာမှာ ကြိုသိနေသလိုမျိုး ပြုံးနေခြင်းဖြစ်သည်။ ဒီလို အဖြစ်အပျက်တွေနဲ့ သူအသားကျခဲ့တာကြာပါပြီ။

“မယ်တော် အဲ့လိုစကားတွေမပြောပါနဲ့! မိုးကြိုးပစ်တာဖြစ်ဖြစ် မိုးရွာတာဖြစ်ဖြစ် အားလုံးက အရှင်မင်းကြီးရဲ့ ကောင်းချီးတွေပါပဲ၊ အရှင်မင်းကြီး ဘယ်လိုပဲ အပြစ်ပေးပါစေ ဒီသားတော် ခံယူဖို့အသင့်ပဲ!”

ယွဲ့ဟွာ အမြန်လျှောက်တင်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ လှောင်ပြုံးပြုံးလိုက်သည်။ သူ့ကို ပြစ်ဒဏ်ခတ်ရသည့် အကြောင်းအရင်းအစစ်အမှန်ကို လူတွေအများကြီးရှေ့မှာ ယွဲ့လင်း ဖွင့်ပြောရဲမှာမဟုတ်မှန်း ယွဲ့ဟွာ ယုံကြည်သည်။

“အရှင်မင်းကြီးရဲ့ ညီတော်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်လိုက်စမ်းပါဦး!”

မယ်တော်ကြီး စိတ်ပျက် ဒေါသထွက်စွာပြောလိုက်သည်။

“အရှင်မင်းကြီးက ကိုယ့်ဆွေမျိုးသားချင်းကိုတောင် သည်းခံနိုင်စိတ်မရှိမှန်း နှောင်းဧကရာဇ်သာ သိခဲ့ရင် သူ့ဆုံးဖြတ်ချက်ကို နောင်တရနေလောက်ပြီ!”

စကားလုံးများက အလွန်ကြမ်းတမ်းလှသည်။ ဧည့်သည်တော်တွေအားလုံး တိတ်ဆိတ်သွားကြလေသည်။ အားလုံး ခေါင်းငုံ့ထားပြီး အသက်တောင်ပြင်းပြင်း မရှူရဲကြတော့ပေ။ ထိုစကားလုံးများက တခြားသူပါးစပ်မှ ထွက်လာခြင်းဆိုလျှင် ဆွေစဉ်မျိုးဆက်ကိုးဆက်အထိ ကွပ်မျက်ပြီး အပြစ်ပေးထိုက်သော ရာဇဝတ်မှုဖြစ်သွားနိုင်သည်။သို့သော် ထိုစကားလုံးများ၏ပိုင်ရှင်က မယ်တော်ကြီးဖြစ်နေသဖြင့် ဧကရာဇ်မင်းကြီးဘယ်လောက်ပဲ ဒေါသထွက်နေပါစေ သည်းခံဖို့သာရှိသည်။

သားတော်နှစ်ပါးအပေါ် မယ်တော်ကြီး၏ခွဲခြားဆက်ဆံမှုမှာ တစ်နေ့ထက်တစ်နေ့ပိုပြီး သိသာထင်ရှားလာသည်။

“မယ်တော်ကြီး စကားလုံးတွေကြမ်းတမ်းလှချည်လား”

ယွဲ့လင်း ခံစားချက်မဲ့သော မျက်နှာဖြင့်ပြန်ပြောလိုက်သည်။

“အကျယ်ချုပ်ချတယ်ဆိုတာ ပြစ်ဒဏ်လို့တောင်ခေါ်ထိုက်ရဲ့လား ? ညီတော်ရဲ့ ပညာပါရမီကို နားလည် ယုံကြည်တဲ့အတွက် ခန်းဆောင်နီအိပ်မက်ကို အာရုံစိုက်ရေးသားနိုင်ဖို့ သားတော် အကြောင်းပြချက်ပေးပြီး ဒီလိုကူညီပေးလိုက်ရတာပါ၊ ခုပဲ ကြည့်လေ၊ ဆယ်ရက်တည်းနဲ့ ဂန္ထဝင်လက်ရာတစ်ပုဒ်ကို သူ ရေးသားနိုင်ခဲ့တာပဲ မဟုတ်လား ? စာပေ ပညာရေးလောကအတွက် အရေးပါတဲ့အောင်မြင်မှုမှတ် ကျောက်တစ်ခုပဲ”

မယ်တော်ကြီး ဒေါသအလွန်ထွက်သွားသည်။

“မင်းကြီး တမင်သက်သက် ဆင်ခြေပေးနေတာပါ!”

မယ်တော်ကြီးကို ယွဲ့လင်း အေးစက်စွာကြည့်လိုက်သည်။

“ခန်းဆောင်နီအိပ်မက်ကို ဂန္ထဝင်လက်ရာမဟုတ်ဘူးလို့ မယ်တော်ကြီးက ဆိုလိုချင်တာလား ? ဒါမှမဟုတ် စာပေ ပညာရေးလောကအတွက် အရေးပါတဲ့ အောင်မြင်မှု မှတ်ကျောက်ဆိုတာကို လက်မခံနိုင်လို့လား”

ယွဲ့လင်း၏အေးစက်သော အကြည့်များကြောင့် မယ်တော်ကြီး ဆွံ့အသွားခဲ့ရသည်။ သူ့ရင်ထဲ ဒေါသတွေ တလိမ့်လိမ့်တက်လာခဲ့ရသည်။

ဒီသားတော်ကို သူ ချစ်မြတ်နိုးခြင်းမရှိပါ။ ယွဲ့လင်းငယ်စဉ်ကတည်းက နေ့နေ့ညည ဒီလိုခံစားချက်မဲ့သောမျက်နှာမျိုးသာထားတတ်ပြီး စကားကိုလည်း ချိုချိုသာသာတစ်ခွန်းမှ မပြောတတ်ခဲ့ပေ။ ယွဲ့ဟွာကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ငယ်စဉ်ကတည်းက အလွန်သိတတ်လိမ္မာမှုရှိခဲ့သည်။ ထိုရာဇပလ္လင်ပေါ် ထိုင်နေသူက ဟွားအာသာဆို မယ်တော်ကြီးတစ်ပါးအနေဖြင့် သူမ လွန်စွာစိတ်ကျေနပ်မိလိမ့်မည်။

သားအမိနှစ်ယောက်၏တိုက်ပွဲကို ကျန်းကျီမြောင် တိတ်တ ဆိတ် ငေးကြည့်နေခဲ့သည်။ သူ ဝင်ပါလို့လည်း မရသဖြင့် ဒီတိုင်း ဘေးမှနားထောင်နေရသည်။

[ညစာစားပွဲက အခုမှစတာ၊ ဇာတ်ရှိန်တက်ဖို့ အချိန်ကြာဦးမယ်]

ကျန်းကျီမြောင် သေရည်ခွက်ကို ကစားလိုက်သည်။

[ဘာ ဇာတ်လမ်းတွဲကြည့်ရင်ကောင်းမလဲ ရှာကြည့်ရ အောင်!]

နေ့စဉ် ဇာတ်လမ်းတွဲနှစ်ပိုင်း အခမဲ့ကြည့်ရှုနိုင်သည်ဟု စနစ်က ခွင့်ပြုပေးထားသည်။ ကျန်းကျီမြောင် “အော်ဟစ်၊ ငိုယို၊ သောင်းကျန်း”ကာ ဆန္ဒပြပြီးနောက် စနစ်ကထိုအခမဲ့ အပိုင်းများကို စုဆောင်းထားခွင့်ပြုခဲ့သည်။ ယခုဆို သူမ အခမဲ့အပိုင်းတွေစုထားသည်မှာ အပိုင်း ၂၀ တောင်ပြည့်ပြီဖြစ်သည်။

ကျန်းကျီမြောင် အနည်းငယ် ဘဝင်ခိုက်နေမိသည်။ သူမဘက်ကသာ ဒီလောက်ကြိုးစားပန်းစား အကြပ်မကိုင်ခဲ့လျှင် စနစ်ဘယ်လောက်တောင် ဖုံးကွယ်ထားသလဲ သိနိုင်မည်မဟုတ်ပေ။

ဇာတ်လမ်းတွဲ စုဆောင်းမှုတွေထဲ ကျန်းကျီမြောင် ဝင်ရောက်ရှာဖွေလိုက်သည်။ ခန်းဆောင်နီအိပ်မက်ဇာတ်သိမ်း ပိုင်းကိုကြည့်ရှုပြီးတာ မကြာသေးသဖြင့် စိတ်နှလုံးတွေ လေးလံနေဆဲဖြစ်သည်။ ထို့ကြောင့် ဒီတစ်ခါတော့ စိတ်ရွှင်သွားအောင် ဇာတ်မြူးလေးကြည့်ချင်သည်။

[တွေ့ပြီ! ဒီတစ်ခုပဲ!]

ကျန်းကျီမြောင်၏အတွေးသံ ထွက်ပေါ်လာသောအခါ ကိုယ်လုပ်တော်များက မျှော်လင့်တကြီးခေါင်းထောင်လျက် လှမ်းကြည့်လိုက်ကြသည်။

ယွဲ့လင်းပင် သူမကို လှည့်ကြည့်လိုက်သည်။

သူ ဒီမှာ နှုတ်နဲ့ စစ်ခင်းနေရတာကို ကျန်းကျီမြောင်က ဇာတ်လမ်းတွဲကြည့်ဖို့ ကြံနေနိုင်သေးတယ်လား!

ဒီမိန်းမကို တကယ်ကော ယုံကြည်သင့်ရဲ့လား!

ဇာတ်လမ်းတွဲစတင်သည်နှင့်တစ်ပြိုင်နက် အနက်ရောင်မျက်နှာပြင်တစ်ခုပေါ်တွင် အဖြူရောင်စာတန်းလေးများ တလက်လက် ပေါ်လာခဲ့သည်။

“မတွေ့တာကြာပြီ ဘယ်ရောက်သွားလဲ ?”

ဟင်…

ကိုယ်လုပ်တော်များ ခါးမတ်သွားကြသည်။

ဒီအဖွင့် စာတန်းထိုးက နည်းနည်းဆန်းကြယ်သလိုပဲ…

“ကျန်းဟူ (သိုင်းလောက)”

“ကျန်းဟူ ဘယ်မှာလဲ ?”

“ဘယ်မှာလဲ ငါ ပြမယ်…”

ထိုစကားလုံးများက ထူးဆန်းသော်လည်း ကဗျာဆန်ပြီး ဆွဲဆောင်မှုရှိသလို ခံစားနေရသည်။

ကိုယ်လုပ်တော်များ ဇဝေဇဝါဖြစ်စွာ စဉ်စားနေကြစဉ် သူမတို့ အာရုံထဲ ထူးထူးဆန်းဆန်းပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာလေသည်။ မျက်နှာပြင်တစ်ခု၏ ညာဘက်အချမ်းတွင် “ထုတ်လုပ်သူ” “ဖြန့်ချိသူ” စသည်ဖြင့် စာတန်းလေးများ ထိုးထားသည့် အတုံးသေးသေးလေးများရှိနေပြီး အဖြူရောင် မြှားသေးသေးလေးတစ်စင်း ရုတ်တရက် ပေါ်လာကာ အတုံးလေးတစ်တုံးပေါ် ‘ကလင်’ မြည်အောင် ရိုက်နှိပ်လိုက်လေသည်။

[ဟူး ဘယ်နှခါ ကြည့်ကြည့် မရိုးနိုင်ပါလား ? အဖွင့်စာ တန်းထိုးတွေချင်း ယှဉ်လိုက်ရင် ကိုယ်ပိုင်ဓားရှင် (ဝူလင်ဝိုက်ကျွမ်)ကို ဘယ်ဇာတ်လမ်းတွဲမှမမှီဘူး!]

ကိုယ်ပိုင်ဓားရှင် ဟုတ်လား…

ကိုယ်လုပ်တော်များ မျက်နှာထားပြောင်းလဲကုန်ကြသည်။ ယခင် ခန်းဆောင်နီအိပ်မက်တုန်းက သူတို့ နားလည်သည့် စကားလုံးများဖြစ်သဖြင့်ပြဿနာမရှိခဲ့ပါ။ သို့သော် ကိုယ် ပိုင်ဓားရှင်ဆိုတာ ဘာမှန်း သူမတို့နားမလည်ကြသေးပေ။

ကြင်ယာတော်သဲ့ တစ်ယောက်တည်းသာ စိတ်လှုပ်ရှားနေပုံပေါက်သည်။

ဝူ(သိုင်း)တဲ့လား ??

ဒါဆို သိုင်းကျင့်တာနဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းများလား ?

ဇာတ်လမ်းတွဲ စတင်ခဲ့ပြီးနောက် မြင်ရသည့် ပုံရိပ်များက အားလုံးအတွက် အသစ်အဆန်းဖြစ်နေသည်။ ပုံရိပ်များပေါ်မှ စာသားကောမန့် (တန်းမူ) များ မပါလျှင်တောင် စကားလုံးများကို သူမတို့ နားလည်သလိုလို ရှိနေသည်။ သို့သော် သေရည်ဆိုင်ပိုင်ရှင် ထုံရှန်းယွီ၏ထူးကဲသော လေယူလေသိမ်းကတော့ နားလည်ရအနည်းငယ်ခက်သည်။

ဇာတ်လမ်းအစတွင် နာမည်ကျော် “လူသတ်သမားနှစ်ယောက်” ရောက်ရှိလာပြီဟု သတင်းကြားသောအခါ ထုံဖူး သေရည်ဆိုင်ရှိ အမှုထမ်းများတုန်လှုပ်ချောက်ချားသွားခဲ့ရသည်။ တစ်ဖက်တွင် ထို “လူသတ်သမားနှစ်ယောက်” ဖြစ်ကြသော ကောဖုရုန်နှင့် ရှောင်းချင်တို့က အမိုးတစ်ခုပေါ် တက်ကာစကားပြောနေကြသည်။ သူမတို့ နှစ်ယောက် ကျန်းဟူတစ်ခွင် လှည့်ပတ်သွားလာဖို့အတွက် အိမ်မှထွက် ပြေးလာခဲ့ခြင်းပင်။

ယခုဆို ကိုယ်လုပ်တော်များ၏အသစ်အဆန်းကို နားလည်နိုင်စွမ်းက အတော်လေးအားကောင်းနေခဲ့ပြီ။ ဒီဇာတ်လမ်းတွဲက သိုင်းပညာသူရဲကောင်းများနှင့် သက်ဆိုင်သော ဇာတ်လမ်းတွဲဖြစ်မည်ဟု ကြင်ယာတော်သဲ့ ခန့်မှန်းမိသည်။ ကြင်ယာတော်သဲ့ ငယ်စဉ်ကတည်းက ခြေဦးတည့်ရာသွား လာတတ်သော သူရဲကောင်းတစ်ယောက် ဖြစ်ချင်ခဲ့တာ ဖြစ်သည်။ ယခုဆို သူမ၏မျှော်လင့်ချက်တွေ အထွတ် အထိပ်သို့ ရောက်ရှိနေပါပြီ။

ယုတ်ညံ့သူတွေကို အဲ့ဒီ သူရဲကောင်းမလေးနှစ်ယောက် အတူပူးပေါင်းနှိမ်နင်းပြီး ကျန်းဟူတစ်ခွင်မှာထင်ရှားကျော်ဇောမယ့် ဇာတ်လမ်းထင်တယ်!

ကြင်ယာတော်သဲ့ မျှော်လင့်တကြီးဖြင့် စောင့်ကြည့်နေစဉ် ဇာတ်လမ်းတွဲထဲမှ ကောဖုရုန်နှင့် ရှောင်းချင်တို့နှစ်ယောက် ၎င်းတို့၏အောင်မြင်မှုများကို စတင်ဇာတ်ကြောင်းပြန်လေသည်။

ကောဖုရုန်: “ငါတို့ ကျိုးမိသားစုရွာက သတို့သမီးကိုကယ် တင်နိုင်ခဲ့တယ် မဟုတ်ဘူးလား”

ရှောင်းချင်: “သူက နင့်ကို ကယ်ခိုင်းလို့လား”

ကောဖုရုန်: “ကယ်ခိုင်းစရာလိုလို့လား ? သူဘယ်လောက်တောင် ဝမ်းနည်းပက်လက် ငိုကြွေးနေသလဲ နင် မမြင်ဖူးလား ? လက်ဆက်ထိမ်းမြှားမှုတောင် မလုပ်ရသေးဘဲ အဲ့‌လောက် ငိုကြွေးနေရရင် လက်ဆက်ပြီးတဲ့အခါ သူ့ဘဝတစ်ခုလုံး ပျက်စီးသွားမှာပေါ့!”

ကြင်ယာတော်သဲ့ ခေါင်းတွေ ထပ်ကာတလဲလဲညိတ်နေမိ သည်။

ဟုတ်တယ်… ဒါ သူရဲကောင်းမလေးတွေရဲ့ ဇာတ်လမ်းပဲ ဖြစ်ရမယ်!

All Chapters