အခန်း (၂၆)
Vol. 3 Ch. 26
ထို့နောက် ပုံရိပ်များပြောင်းလဲသွားသည်။
ထုံဖူး သေရည်ဆိုင်တွင်…
ထုံရှန်းယွီ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
ထုံရှန်းယွီ : “ကျိုးမိသားစုရွာက သခင်မကျောက်ဆိုတာ စိတ်ထားအရမ်းကောင်းတယ်၊ ရုပ်လေး နည်းနည်းဆိုးနေတာပဲရှိတာ… ယောက်ျားတစ်ယောက်နဲ့ သူအခုလို လက် ဆက်ထိန်းမြှားနိုင်ဖို့ဆိုတာ ဘယ်လောက်ခက်ခဲခဲ့တယ်ထင်လဲ ? နောက်ဆုံး သူ အခွင့်အရေးရလာတော့ ပျော်လွန်းလို့ မျက်ရည်တွေကျပြီး ငိုပါ ငိုခဲ့တာ”
ပိုင်ကျန့်ထန် : “သူအဲ့လို ငိုနေတဲ့အချိန် လူသတ်သမားနှစ်ယောက် ကောင်းကင်ပေါ်ကခုန်ဆင်းလာပြီး သတို့သားကို ရက်ရက်စက်စက် ရိုက်နှက်သွားကြတာလေ၊ အဲ့လို ရိုက်နှက်နေတုန်း ပါးစပ်ကလည်း ‘ကောင်းကင်ဘုံရဲ့အလိုကို ထမ်းဆောင်နေတာ!’ ဆိုပြီးတော့ အော်နေကြသေးတယ်!”
ထုံရှန်းယွီ: “အဲ့အချိန်ကတည်းက သတို့သားမျက်နှာကိုမမြင်ရတော့တာ အခုထိပဲ၊ အခုဆို သခင်မကျောက်နေ့တိုင်း ငိုလွန်းလို့ မျက်လုံးတွေပါကန်းမတတ်ဖြစ်နေပြီ”
ကြင်ယာတော်သဲ့: ???
ကိုယ်လုပ်တော်များ: ???
ဒီဇာတ်လမ်းကြီးက… နည်းနည်းထူးဆန်းနေသလိုပဲ!
သို့သော်လည်း သူမတို့ နှုတ်ခမ်းထက် မသိမသာအပြုံးများတွဲလဲခိုနေခဲ့သည်။
ဒီဇာတ်လမ်းတွဲ အသစ်ကလည်း ဆွဲဆောင်မှုရှိသားပဲ!
ကျန်းကျီမြောင်နှင့် ကိုယ်လုပ်တော်တို့ ဇာတ်လမ်းတွဲကြည့်နေကြစဉ် ကြာပန်းကြည့်ညစာစားပွဲ၌…
မယ်တော်ကြီး ကမ်းလှမ်းချက်တစ်ခုကို ရုတ်တရက် လျှောက်တင်လိုက်ပါသည်။
“အရှင်မင်းကြီး၊ မယ်တော်တို့ရဲ့ ယုံမင်းဆက်ဆိုတာ ပါရမီရှင်တွေ ပေါများတဲ့အရပ်ဒေသဖြစ်ကြောင်း လူသိများ ထင်ရှားကျော်ကြားပါတယ်၊ ဒီနေ့ ပါရမီရှိတဲ့အမျိုးသားတွေ အမျိုးသမီးတွေလည်း အများကြီးလည်းရှိနေတော့ “ကြာပန်း”ကိုအခြေပြုပြီး ကဗျာတွေ လင်္ကာတွေရေးစပ်ခိုင်းလိုက်ပါလား”
တစ်ဖက်တွင် ကျန်းကျီမြောင်တို့ကလည်း ကိုယ်ပိုင်ဓားရှင် အကြည့်မပျက်ကြပေ။
ကောဖုရုန် : “အဲ့ဒီရှစ်ပိုင်ဖူက သူဖုန်းစားလေးလည်းရှိသေးတယ်လေ၊ ငါတို့သာ ဝင်မကယ်ခဲ့ရင် အဲ့ဒီလူယုတ်မာကြီးက သူ့ကို အရှင်လတ်လတ် မီးရှို့သတ်တော့မှာ!”
ထုံဖူးသေရည်ဆိုင်တွင်…
ပိုင်ကျန့်ထန် : “ရှစ်ပိုင်ဖူရဲ့ နတ်ဆေးသမားတော်ကြီးရွှယ်ဆိုတာ ဘယ်လောက်မြင့်မြတ်လိုက်တဲ့ ပုဂ္ဂိုလ်လဲ ? အဲ့ဒီနေ့က သူဖုန်းစားလေးကို စေတနာနဲ့ ပါ့ကွမ်ကုသနည်းကုသပေးနေတာ…”
(ပါ့ကွမ်ကုသနည်းမှာ ရှေးကျသည့် တရုတ်တိုင်းရင်းဆေးပညာကုထုံးတစ်ခုဖြစ်ပြီး ဖန်ခွက်ထဲလေအား အပူပေးလျက် လေဟာနယ်ဖန်တီးကာ အရေပြားပေါ် ကပ်တင်သည့် နည်းလမ်းဖြစ်သည်)
ထုံရှန်းယွီ: “သမားတော်ကြီးက ခွက်ကိုမီးညှိနေတုန်းပဲ ရှိသေးတယ် အဲ့ဒီလူသတ်သမားနှစ်ယောက် ကောင်းကင်ပေါ်က ထပ်ဆင်းလာပြီး သမားတော်ကြီးကို ရိုက်နှက်ကန် ကျောက်သွားပြန်ရော၊ ပါးစပ်ကလည်း ‘ကောင်းကင်ဘုံရဲ့ အလိုကိုထမ်းဆောင်နေတာ’ဆိုပြီး အော်သွားပြန်တယ်”
ပိုင်ကျန့်ထန်: “သူတို့ ကောင်းကင်ဘုံရဲ့အလိုကိုထမ်းဆောင်ပြီးတော့ သမားတော်ကြီးရွှယ်ခမျာ တော်တော် နာမကျန်းဖြစ်သွားလို့ ဆေးခန်းပါပိတ်သွားရတယ်၊ ဘယ်သူ့ကိုမှ ဆေးထပ်မကုပေးတော့ဘူး!”
ယွဲ့လင်း ခန္ဓာကိုယ်ကြွက်သားများ အလွန်တင်းမာနေ သည်။ အဘယ့်ကြောင့်ဆိုသော် အော် မရယ်မိအောင်တစ်ကိုယ်လုံးရှိ ကြွက်သားများကိုအားပြုပြီး အောင့်အီးသည်း ခံထားရသောကြောင့်ပင်။
သူ့ပါးစပ်ကို ပိတ်ထားနိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားနေရသည်။ သို့သော် ကိုယ်ပိုင်ဓားရှင်ဇာတ်လမ်းတွဲက “မှော်ဆန်”လွန်းသည်။ နောက်ဆုံးတော့ ယွဲ့လင်း မအောင့်နိုင်တော့ဘဲ အံကြိတ်လျက် “ဟင်း”ခနဲ ရယ်သံတစ်သံ ထွက်မိသွားလေသည်။
ကိုယ်လုပ်တော်များလည်း ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ ခေါင်းတွေငုံ့ထားကြသော်လည်း ခန္ဓာကိုယ်များ တဆတ်ဆတ်တုန်ယင်နေကာ ဝူးဝူးဝါးဝါးအသံတွေ ထွက်နေကြလေသည်။
ကယ်ကြပါဦး!!
ဇာတ်လမ်းတွဲထဲကလူတွေ ရုပ်တည်ကြီးနဲ့ ဟာသပြောနေတာ အရမ်းရယ်ချင်စရာကောင်းတယ်!!
ကျန်းကျီမြောင်ကမူ ကိုယ်ပိုင်ဓားရှင်ကို ကြည့်ဖူးသဖြင့် အားလုံးထဲမှာ အတည်ငြိမ်ဆုံးဖြစ်သည်။
မယ်တော်ကြီးမျက်နှာ ဒေါသဖြင့် ဖြူဖပ်သွားသည်။
ဒါ ဘာ သဘောလဲ!
သူ မိန့်တဲ့ ကမ်းလှမ်းချက်က ဟာသမို့လို့လား!
ဘာလို့ အရှင်မင်းကြီးနဲ့ ကိုယ်လုပ်တော်တွေအားလုံးရယ်ချင်စိတ်ကို ထိန်းထားရတဲ့ပုံစံတွေ ဖြစ်နေကြတာလဲ!
မယ်တော်ကြီး အကြည့်များအေးစက်သွားခဲ့သည်။
“ဒီကမ်းလှမ်းချက်က ရယ်စရာကောင်းတယ်လို့ အရှင် မင်းကြီး ထင်မှတ်လို့လား”
ကိုယ်ပိုင်ဓားရှင် ဇာတ်လမ်းတွဲတွင်…
ထုံရှန်းယွီ: “ရှီးလျန့်မြစ်ကန်းနံဘေးမှာ နေထိုင်တဲ့ ဦးလေးကော့ဆိုလည်း သဘောကောင်းမနောကောင်း ဦးလေးကြီးပဲ၊ သူငါးမျှားမထွက်တဲ့နေ့တိုင်း မြစ်တစ်ဖက်ကမ်းကို လူတွေ ကူးဖို့ သူ့လှေနဲ့ အခမဲ့ ပို့ဆောင်ပေးခဲ့တာ၊ အဲ့ဒီနေ့က သူ့လှေထဲ လူတွေအပြည့်ဖြည့်ပြီး ဟိုဘက်ကမ်းကူးဖို့ ပြင်နေတဲ့အချိန် လူသတ်သမားနှစ်ယောက် ကောင်းကင်ပေါ်က ခုန်ဆင်းလာပြီး…”
နောက်ဆုံးတော့ ကြင်ယာတော်သဲ့ မထိန်းနိုင်တော့ပေ။ ဗိုက်ကိုလက်ဖြင့်ဖိပြီး အားရပါးရထရယ်လိုက်တော့သည်။
ကြင်ယာတော်သဲ့အား မယ်တော်ကြီး ဒေါသတကြီးစိုက်ကြည့်လိုက်ပါသည်။
“ကြင်ယာတော်သဲ့!”
“မယ်တော်ကြီး… ဒီ… ဒီကြင်…ကြင်”
ကြင်ယာတော်သဲ့ တောင်းပန်ဖို့ရာ မတ်တပ်ရပ်လိုက်သည်။ သို့သော် စကားစလိုက်သည်နှင့် တစ်ပြိုင်နက် ရယ်ချင်စိတ်ပိုဖြစ်လာပြီး ပိုမိုကျယ်လောင်စွာသာ ရယ်မောမိလေသည်။
ကြင်ယာတော်သဲ့၏ရယ်သံကြောင့် တခြားကိုယ်လုပ်တော်တွေလည်း စည်းလွတ်ဘောင်လွတ်ဖြစ်ကာ အော်ဟစ်ရယ် မောကြလေတော့သည်။ တော်ဝင်ဥယျာဉ်အတွင်း ရယ်သံများဖြင့် ချက်ချင်းပြည့်နှက်သွားရလေသည်။
ယွဲ့လင်း : “…”
ယွဲ့လင်း သေချာသွားပါပြီ။ သူ့လိုပဲ ဒီကိုယ်လုပ်တော်တွေလည်း ကျန်းကျီမြောင်ဖွင့်ပြသည့် ဇာတ်လမ်းတွဲများကို မြင်နိုင်ကာ အတွေးစကားများကိုလည်း ကြားနိုင်တာဖြစ်ရမည်။
“အားလုံး ရူးသွပ်ကုန်ကြပြီလား!”
အရပ်မျက်နှာပေါင်းစုံ ယိမ်းထိုးလျက်ရယ်မောနေကြသော အနောက်ဆောင်အဖွဲ့ကိုကြည့်ရင်း မယ်တော်ကြီး ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
အဓိပ္ပာယ်မရှိတာ! လုံးဝအဓိပ္ပာယ်မရှိဘူး!
သူ့ ကမ်းလှမ်းချက်က အဲ့လောက် ရယ်စရာကောင်းလို့လား!
ကိုယ်လုပ်တော်များ ဝမ်းဗိုက်ကိုဖိလျက် တခစ်ခစ်ရယ် မောသံတွေကို မနည်းချုပ်တည်းကာ မယ်တော်ကြီးအား စတင် တောင်းပန်ကြလေသည်။
ကယ်ကြပါဦး! အရှင်မရဲ့ဇာတ်လမ်းတွဲအသစ်ကြောင့် ငါတို့တော့ ကွပ်မျက်ခံရတော့မှာပဲ!
“မိဖုရားကြီး!”
ကျန်းကျီမြောင်ကို မယ်တော်ကြီး ဒေါသထွက်စွာခေါ်လိုက်သည်။
“အနောက်နန်းဆောင်ကို ဘယ်လို အုပ်ချုပ်နေတာလဲ ? သူတို့လုပ်ရပ်ကို မြင်လား”
ရယ်ချင်စိတ် မနည်းထိန်းထားကြသော ကိုယ်လုပ်တော်များအားကြည့်ရင်း ကျန်းကျီမြောင်တစ်ခုခုကို နားလည်သွားသည်။
[ကျွတ်~ ကျွတ်~ ယွဲ့လင်းရဲ့ အနောက်နန်းဆောင်ထဲမှာ ဉာဏ်ကောင်းတဲ့လူတွေ့ချည်းပါလား? မင်းသားအန်းဟယ်အတွက် ကဗျာလင်္ကာစပ်ဖို့ဆိုတာ ရေသောက်ရသလောက် လွယ်ကူမှန်း အားလုံးသိကြတယ်၊ ဒီလို ပြိုင်ပွဲလုပ်ဖို့ မယ်တော်ကြီး ကမ်းလှမ်းတာက မင်းသားအန်းဟယ်ကို ပွဲထုတ်ပြီး ကြွားလုံးထုတ်ချင်လို့ပဲ မဟုတ်ဘူးလား]
[မယ်တော်ကြီးရဲ့ရည်ရွယ်ချက်ကို အားလုံးသိပေမယ့် ပါးစပ်က ထုတ်ပြောလို့မရလို့ ရယ်မောပြီး ပုန်ကန်ပြတာနေမယ်!]
[ဒီရယ်သံတွေကို ယွဲ့လင်းက ဦးဆောင်ပေးလိုက်တာ၊ ယွဲ့လင်း ရှေ့ကရယ်ပြလိုက်တာနဲ့ ကိုယ်လုပ်တော်တွေလည်း ချက်ချင်းနားလည်သွားပြီး လိုက်ရယ်ကြတာဖြစ်မယ်၊ ဟူး… မိဖုရားကြီးဖြစ်တဲ့ ငါကတော့ အရှင်မင်းကြီးအရိပ်အကဲပြတာတွေကို ကိုယ်လုပ်တော်တွေလောက် မကြည့်တတ်သေးပါလား ?]
ကျန်းကျီမြောင် ညည်းညူတွေးတောလိုက်သည်။
ကိုယ်လုပ်တော်များလည်း ဗိုက်တွေကိုပွတ်ကာ တွေးလိုက် ကြသည်။ မဟုတ်ဘူး! အဲ့လို မဟုတ်ဘူး!
“မယ်တော်ကြီး”
ကျန်းကျီမြောင် အပြုံးဖြင့် မတ်တပ်ရပ်လိုက်သည်။
“မယ်တော်ကြီးရဲ့ ကမ်းလှမ်းချက်က ကောင်းမွန်ပါတယ်၊ ကြာပန်းဆိုတာ ဖြူစင်တင့်တယ်တယ်၊ ကဗျာလင်္ကာစပ်ဖို့ ကောင်းမွန်တဲ့ အကြောင်းအရာတစ်ခုပါပဲ”
[ဟင်းဟင်း ကဗျာစပ်ပြိုင်ပွဲဟုတ်လား ? ငါ့ စကေးကို ထုတ်ပြဖို့ အခွင့်အလမ်းတွေ လာပေးနေတာလား]
“ဪ ကမ်းလှမ်းချက်က ကောင်းမွန်တယ်လို့ မိဖုရားကြီး ထင်တယ်ပေါ့”
မယ်တော်ကြီးမျက်နှာ အနည်းငယ်ပျော့ပြောင်းသွားသည်။
“အရှင်မင်းကြီးကော ဘယ်လိုသဘောရလဲ”
ယွဲ့လင်း ခပ်ပြတ်ပြတ်မိန့်ကြားလိုက်ပါသည်။
"ဆောင်ရွက်စေ”
သူ စကားများများမပြောချင်တာ မဟုတ်သော်လည်း ပါးစပ်ဟလိုက်တိုင်း ရယ်သံတွေထွက်လာမည်ကို စိုးရွံ့ခြင်းကြောင့်ဖြစ်သည်။
ထိုအခါ တော်ဝင်ဥယျာဉ်ထဲရှိ ဧည့်သည်တော်အားလုံးကို လီသဲ့ဟွိုက် အမိန့်ပြန်ကြားလိုက်သည်။ နာရီဝက်ခန့်အချိန် ရမည်ဖြစ်ပြီး ယောက်ျား၊ မိန်းမ မရွေးစွမ်းရည်ပြသနိုင် သည်။ ထို့နောက် အရှင်မင်းကြီး၊ မိဖုရားကြီးနှင့် မယ်တော်ကြီးတို့မှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရှင်များအား ဆုံးဖြတ်ရွေးချယ်သွားမည်ဖြစ်သည်။
ကြာပန်းကြည့်ညစာစားပွဲကြီးက အလွန်ကြီးကျယ်ခန်းနားပါသည်။ အလယ်တွင် အရှင်မင်းကြီးနှင့် အနောက်နန်းဆောင် ကြင်ယာတော်များရှိကြပြီး အနီးနားတွင် တော်ဝင်မိသားစုများရှိကြသည်။ ထို့နောက် ခပ်လှမ်းလှမ်းတွင်တော့မူ အရာရှိ မှူးကြီးမတ်ရာများနှင့် ၎င်းတို့၏မိသားစုဝင်များရှိသည်။
“အားနာစရာမလိုဘူး၊ ဥယျာဉ်ထဲလမ်းလျှောက်ရင်းစဉ်းစားရေးစပ်နိုင်တယ်၊ အေးချမ်းတဲ့ ကြာပန်းရေကန်ကို ရှုစားရင်း စိတ်ကူးဉာဏ်ကွန့်မြူးနိုင်ကြပါစေ”
ယွဲ့လင်း ဖြည်းညှင်းစွာ မိန့်ကြားလိုက်သည်။ စကားကို အမြန်မပြောရဲပေ၊ သူ့နှုတ်ခမ်းထက် အပြုံးတွေပေါ်လာမည်စိုးသောကြောင့်ပင်။
ယွဲ့ဟွာ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်လေသည်။ ဒီကမ္ဘာကြီးထဲ ကူးပြောင်းလာသည့်အချိန်ကတည်းက ထိုကဲ့သို့ ပြိုင်ပွဲအခမ်းအနားတွေမှာ သူ့အတွက် ရေသောက်ရသလို လွယ်ကူလွန်းသည်။ ဒီပြိုင်ပွဲကိုလည်း မယ်တော်ကြီးနဲ့အတူတိုင်ပင်ပြီး စီစဉ်ထားခြင်းဖြစ်၏။ ကြာပန်းနှင့်ပတ်သတ်သည့် ကဗျာများ သူ့ထံ သိုလှောင်ထားသည်မှာ အများကြီးရှိသည်။
ထိုစဉ် ကျန်းကျီမြောင်၏အာရုံထဲ စနစ်အသိပေးသံ ရုတ်တရက်ထွက်ပေါ်လာသည်။
“ကာလရှည်စနစ် မစ်ရှင်အသစ် : ကံကြမ္မာလွန်ဆွဲခြင်း!”
“မစ်ရှင်ဖော်ပြချက်: ယွဲ့ဟွာအပေါ် ထားရှိတဲ့ စနစ်ပိုင်ရှင်ရဲ့ ရန်လိုစိတ်ကို စနစ်မှသတိပြုမိပါတယ်၊ နှစ်ဦးနှစ်ဖက်စလုံး စီးချင်းထိုးစနစ်အတွင်း ဝင်ရောက်သွားပါပြီ၊ ယွဲ့ဟွာရဲ့ ကံကောင်းခြင်းအမှတ် ၁ မှတ် လျော့သွားတိုင်း စနစ်ပိုင် ရှင် ၁ မှတ်ရရှိပါမယ်၊ ယွဲ့ဟွာရဲ့ ကံကောင်းခြင်းအမှတ် ၁ မှတ်လျော့သွားတိုင်း စနစ်ပိုင်ရှင် ၁ မှတ်ဆုံးရှုံးပါမယ်။
လက်ရှိ ယွဲ့ဟွာ၏ကံကောင်းခြင်းအမှတ် : ၉၂ မှတ် (အမြင့်ဆုံး ၁၀၀ မှတ်)
စနစ်ပိုင်ရှင် မစ်ရှင်ကို လက်ခံပါသလား ?”
ကျန်းကျီမြောင် မျက်ခုံးပင့်သွားသည်။
ကံကောင်းခြင်းအမှတ် အမြင့်ဆုံး ၁၀၀ ရှိတဲ့အထဲ ယွဲ့ဟွာက ၉၂ မှတ်တောင် ရထားပြီးပြီပေါ့!
ပြိုင်ဘက်က ယွဲ့ဟွာမဟုတ်ဘဲ ယွဲ့လင်းသာဆို ဘာမှပြိုင်စရာတောင် မလိုဘဲနိုင်သွားမှာ!
“လက်ခံတယ်!”
ကျန်းကျီမြောင် သဘောတူလိုက်သည်။
အကြောင်းကြောင့် အကျိုးဖြစ်တာဆိုရင် နင့်ရဲ့ကံဆိုးမိုး မှောင်ကျမှုက ငါ့ကြောင့်ပဲ ဖြစ်စေရမယ်!
အရာရာပြည့်စုံနေတဲ့ ဇာတ်လိုက်မင်းသားတစ်ယောက်ကို အနိုင်ယူဖို့ ကံကြမ္မာက ငါ့ကို မျက်နှာသာပေးလာပြီ!
ကျန်းကျီမြောင် ရယ်မောလိုက်သည်။ ကိုယ်ပိုင်ဆိုင်ခြင်း မရှိသည့်အရာတွေကို သူများတွေ လုယူသွားဖို့ဆိုတာပိုလွယ် ကူသည်။ ကြာပန်းကဗျာတွေထဲမှာ ယွဲ့ဟွာကူးချမည့်ကဗျာတွေကို ကျန်းကျီမြောင် ခန့်မှန်းနိုင်သည်။
သို့သော် အမှားအယွင်းမရှိစေဖို့အတွက် စနစ်ထံမှ ကျန်းကျီမြောင် ၁ မှတ်ချေးယူခဲ့ပြီး သူမ ပိုင်ဆိုင်ထားသည့် ၅ မှတ်စလုံးကို အသုံးပြုကာ စနစ်စတိုးဆိုင်မှ ပစ္စည်းလေးတစ်ခုကို ဝယ်ယူလဲလှယ်ခဲ့ပါသည်။ ဒီလိုသာဆို တစ်စုံ တစ်ခု မှားယွင်းသွားလည်း ထိတ်လန့်စရာမလိုတော့ပါ။
[ကံကောင်းခြင်းအမှတ်တဲ့လား… ၃၀ - ၅၀ လောက်လေး လျှော့ချပစ်လိုက်လို့ အလွန်အကြူးဖြစ်မသွားပါဘူးနော် ဟုတ်တယ်မှတ်လား!]