အခန်း (၂၇)
Vol. 3 Ch. 27
ကဗျာတွေ စကားပြေတွေဆိုတာ ယွဲ့ဟွာ၏ အားသာချက်ဖြစ်သည်။
မင်းသားအန်းဟယ်ရှိနေသေးသရွေ့ ဘယ်သူမဆို ဒုတိယနေရာအတွက်သာ ပြိုင်ဆိုင်နိုင်သည်ဟု ယုံမင်းဆက် ပြည်သူပြည်သားများအားလုံး ခံယူထားကြပြီးသားဖြစ်ပါသည်။ တချို့ဆို ကဗျာတွေစပ်ဖို့ အစီအစဉ်ပင် မရှိတော့ဘဲ မင်းသားအန်းဟယ်ကိုသာ မျှော်လင့်တကြီးငေးကြည့်နေကြသည်။
“ဒီတစ်ခါကော မင်းသားအန်းဟယ် ဘယ်လိုဂန္ထဝင်လက် ရာမျိုး ဖန်တီးဦးမလဲ မသိဘူးနော်!”
“မန်းသားအန်းဟယ် စုတ်တံကိုင်လိုက်တိုင်း နှစ်တစ်ထောင်ကြာတည်မြဲနိုင်တဲ့ ဂန္ထဝင်လက်ရာတွေချည်း ထွက်လာတတ်တာ မဟုတ်လား”
“ခန်းဆောာင်နီအိပ်မက်လို လက်ရာမျိုးကိုတောင် အရှင်မင်းသားက ဆယ်ရက်အတွင်း ပြီးအောင်ရေးသားနိုင်ခဲ့တာ!”
“မင်းသားအန်းဟယ် ဒီမှာရှိနေတော့ ငါတို့ဝင်ပြိုင်လည်း အရှက်ကွဲရုံပဲရှိမယ်၊ မင်းသားအန်းဟယ် ရေးစပ်မယ့် ကဗျာကို ဒီတိုင်းစောင့်ကြည့်ကြရအောင်လား!”
“အမှန်ပဲ၊ ဘယ်သူ့လက်ရာပဲဖြစ်ဖြစ် အရှင်မင်းသားရဲ့ ကဗျာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် မှေးမှိန်သွားမှာ သေချာတယ်”
“ငါတော့ ကိုယ့်အရှက် ကိုယ် မခွဲချင်ဘူး”
“အဲ့လိုတော့ မဟုတ်သေးဘူးလေ၊ ပထမဆုက အရှင်မင်းသားအတွက် ဆိုရင်တောင် ငါတို့ ဒုတိယဆု၊ တတိယဆု မျှော်လင့်လို့ ရသေးတာပဲ”
တချို့တွေက ရလဒ်တွေကို ထိုင်စောင့်နေကြပြီး တချို့တွေကတော့ ကြာပန်းကလေးများကို ကြည့်ရင်း ဦးနှောက် အခြောက်ခံကာစဉ်းစားနေကြသည်။ ယွဲ့ဟွာလည်း ကြာပန်းရေကန်ကို ငေးကြည့်ရင်း ဝံ့ကြွားသော အရှိန်အဝါဖြင့် စတင် “စဉ်းစား သုံးသပ်” လေတော့သည်။
“အရှင်မင်းသားစိတ်ထဲ ကဗျာတစ်ပုဒ် ရေးဖွဲ့ထားပြီးသားထင်တယ်နော်”
ကျန်းကျစ်ဖျင် လေးစားကြည်ညိုစွာ မေးမြန်းလိုက်သည်။ မင်းသားအန်းဟယ် ကဗျာရေးဖွဲ့သည့်အခါ ကြာကြာစဉ်း စားဖို့မလိုမှန်း လူတိုင်းသိကြသည်။
ယွဲ့ဟွာ ခပ်ပါးပါးပြုံးလိုက်၏။
“မှန်ပါတယ်၊ ဒါပေမယ့် အစ်ကိုတော်က အချိန်တစ်ခုသတ် မှတ်ပေးထားတဲ့အတွက် အဲ့ဒီအချိန်မပြည့်ခင်အထိ စောင့်ကြတာပေါ့”
“အရှင်မင်းသားက သဘောထား ကြီးမြတ်လိုက်တာနော်”
လူတစ်ယောက်က ကပ်ဖားရပ်ဖား ပြောလိုက်သည်။
“အရှင်းမင်းသားရဲ့ ကဗျာကိုဖတ်လိုက်တာနဲ့ တခြားကဗျာတွေရဲ့ အရှိန်အဝါတွေမှေးမှိန်သွားမှာ သေချာတယ်၊ မင်းသားက သဘောထားကြီးပြီး ကျုပ်တို့ တစ်တွေကို အခွင့်အရေးပေးနေတော့တာပဲ!”
“ကျွမ်းတာ့လန် ပြောတာမှန်တယ်! မင်းသားက ဒီငယ်သားတို့ကို အခွင့်အရေးပေးနေတာ!”
အားလုံးလည်း သံယောင်လိုက်ကာထောက်ခံကြသည်။ ယွဲ့ဟွာမျက်နှာပေါ် စိတ်ကျေနပ်မှု အပြည့်အဝ ပေါ်လာပြီး ဘေးနားရှိ ကျန်းကျစ်ဖျင်၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“တော်လောက်ပြီ၊ ကိုယ့်စိတ်ထဲမှာ သိထားရင် လုံလောက်ပါပြီ၊ တချို့အရာတွေက ထုတ်ပြောလို့မကောင်းဘူး”
ကျန်းကျစ်ဖျင် ကြည်နူးဝမ်းသာသွားလေသည်။
“နားလည်ပါပြီ အရှင်မင်းသား”
--- --- --
ကျန်းကျီမြောင် ဇာတ်လမ်းတွဲကြည့်ရင်း ကျန်းကျစ်ဖျင်ကို လှမ်းကြည့်လိုက်သည်။
[ကျစ်~… အဲ့ဒီဖော်လံဖားက ဒုတိယမင်းသမီးရဲ့ခင်ပွန်းလောင်းမလား ?]
ယွဲ့လင်းလည်း ကျန်းကျီမြောင်၏အကြည့်နောက်ကိုလိုက်ရင်း ကျန်းကျစ်ဖျင်ကို မြင်သွားသည်။ ကျန်းကျစ်ဖျင်က ဘာသာရေးဒုဝန်ကြီး ကျန်းသဲ့ဟုန်၏သားအကြီးဆုံးဖြစ် သည်။ သူ့ကိုယ်သူ ဉာဏ်ကွန့်မြူးသော ပညာရှိတစ်ယောက်ဟု သတ်မှတ်ထားသော်လည်း နန်းတွင်းစာမေးပွဲစနစ်ကိုတော့ အမြဲတမ်းရှုတ်ချနေသူဖြစ်သည်။ သူ လုပ်လေ့လုပ်ထရှိတာဆိုလို့ တူရာတူရာ အပေါင်းအသင်းများစုကာ အချင်းချင်းမြှောက်ပင့် ချီးမွမ်းထောပနာ ပြုနေတတ်ခြင်းသာ။
ဝန်ကြီးကျန်းသဲ့ဟုန်ကလည်း ယွဲ့ဟွာဘက်မှာ အမြဲတမ်း ရပ်တည်နေသူဖြစ်သည်။ ထို့ကြောင့် သားဖြစ်သူကျန်းကျစ်ဖျင်က ယွဲ့ဟွာ၏အကြီးစားနောက်လိုက်ဖြစ်လာပြီး တစ်လေသံတည်းထွက်နေသူပင်။
ယွဲ့လင်း အေးစက်စွာပြုံးလိုက်သည်။ ဒုတိယမင်းသမီးကို ဒီလိုကောင်နဲ့ ပေးစားဖို့ မယ်တော်ကြီးအသည်းအသန် ကြိုးစားနေရခြင်းက ကျန်းမိသားစုကို ဆုချသည့် သဘောမျိုးသာ။ ယွဲ့ဟွာဘက်မှာ ရပ်တည်ပေးသဖြင့် ကျန်းသဲ့ဟုန်နှင့် မိသားစုအား ဆုချခြင်းဖြစ်လေသည်။ သူ့အားပလ္လင်ပေါ်မှ ယွဲ့ဟွာကန်ချမည့် အချိန်ကိုမယ်တော်ကြီးစောင့်မျှော်နေခြင်း ဖြစ်လောက်သည်။
ယွဲ့လင်း မျက်လုံးများ မှောင်မိုက်သွားခဲ့၏။ သို့သော် သူ့အာရုံထဲ ကျန်းကျီမြောင်၏လှောင်ပြောင်ရယ်မောသံ ရုတ်တရက် ပေါ်လာခဲ့သည်။
[ဟား ကျန်းကျစ်ဖျင် ကျန်းကျစ်ဖျင်!]
[ဒီကောင်က ယွဲ့ဟွာနဲ့ တစ်ကိုင်းတည်းနားတဲ့ ငှက်လိုပဲ၊ တစ်ဖက်မှာ မင်းသမီးတစ်ပါးနဲ့ လက်ဆက်ထိန်းမြှားဖို့ ကြံစည်နေပြီး နောက်တစ်ဖက်မှာတော့ အပျော်မယားနဲ့ ဗိုက်ကြီးအောင်တောင် ပျော်မြူးထားတယ်၊ ပြီးရင် အဲ့ဒီကလေးကိုရအောင်မွေးခိုင်းပြီး မင်းသမီးကို ပျိုးထောင်ခိုင်းဦးမယ်၊ စုတ်စုတ်ပြတ်ပြတ် ကဗျာတွေပဲ ရွတ်တတ်တဲ့ ဒီလိုဆန်ကုန်မြေလေးမျိုးက ဘာလို့ ဒီလောက်ယုံကြည်ချက်ပြည့်ဝနေတာလဲလို့ စဉ်းစားနေတာ၊ ဖြစ်ချင်တော့ မင်းသားအန်းဟယ်က သူ့ကို အပြည့်အဝထောက်ခံပေးထားတာကိုး!]
ယွဲ့လင်း မျက်နှာပြောင်းလဲသွားသည်။ ကျန်းကျစ်ဖျင်ကို ရုတ်တရက်လှည့်ကြည့်လိုက်ပြီး မျက်လုံးထဲသတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့လေသည်။ ယွဲ့လင်းနှင့် ဒုတိယမင်းသမီးယွဲ့မြန် ရင်းနှီးမှုသိပ်မရှိသော်လည်း ဒုတိယမင်းသမီးမှာ တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်သည်အား ငြင်းဆန်လို့မရပေ။
အပျော်မယားထားပြီး မျိုးမစစ်ကလေးကိုတောင် ခေါ်မွေးခိုင်းမယ့် ဒီလိုလူယုတ်မာမျိုးက ဒုတိယမင်းသမီးနဲ့ ထိုက် တန်ရဲ့လား…
ယွဲ့ဟွာအတွက်သာဆို မယ်တော်က တော်ဝင်မိသားစုမှာ ဘယ်သူ့ မျက်နှာကိုမှ မထောက်ထားဘူးပဲ!
ယွဲ့မြန်အား ကျန်းကျီမြောင်လှမ်းကြည့်လိုက်သည်။ ကောလဟာလတွေအတိုင်းပဲ ဒုတိယမင်းသမီးကရှက်တတ် ကြောက်တတ်ကာ စကားနည်းသူဖြစ်သည်။
လောလောဆယ်တော့ ထောင့်တစ်နေရာမှာ ထိုင်နေပြီး အရိပ်ထဲတိုးဝင်ပျောက်ကွယ်သွားပါစေဟု ဆုတောင်းနေသည့်အလား လူ မမြင်အောင် ရှောင်ပုန်းနေလေသည်။
[ဒုတိယမင်းသမီးမှာ အစိုးရိမ်လွန်ရောဂါရှိတဲ့ပုံပဲ!]
အစိုးရိမ်လွန်ရောဂါဆိုတာ ဘာလဲ…
ယွဲ့မြန်ကို ယွဲ့လင်းလှမ်းကြည့်လိုက်ပြီး ကျန်းကျီမြောင် ဆိုလိုသည့် အဓိပ္ပာယ်အားခန့်မှန်းနိုင်ခဲ့ပါသည်။ ငယ်စဉ်ကတည်းက ယခုလိုပွဲအခမ်းအနားမျိုးအား ဒုတိယမင်းသမီးသဘောမကျခဲ့ပါ။ သို့သော် လူတစ်ယောက်က ဘယ်လောက်ပဲ ရှက်တတ်၊ ကြောက်တတ်ပါစေ ကိုယ်မေတ္တာရှိနေသူ အနားမှာရှိသောအခါ ရင်ခုန်မှာသေချာသည်။
ကျန်းကျစ်ဖျင်ထံ ဒုတိယမင်းသမီး မကြာခဏခိုးကြည့်နေမှန်း ကျန်းကျီမြောင်သတိထားမိသည်။ သို့သော် ဒုတိယမင်းသမီးမျက်နှာမှာ ပြောင်းလဲမှုမရှိသဖြင့် ပျော်ရွှင်မှုလား ဝမ်းနည်းမှုလား ခန့်မှန်းရခက်နေလေသည်။
[ကြာပန်းကြည့် ညစာစားပွဲ ပြီးသွားရင် ကျန်းကျစ်ဖျင်အကြောင်း ယွဲ့လင်းကိုသတိပေးမှဖြစ်မယ်၊ အဘက်ဘက်က ပြည့်စုံတဲ့မင်းသမီးတစ်ပါး မီးတွင်းထဲခုန်ချသွားလို့ မဖြစ်ဘူး]
ကျန်းကျီမြောင်ထံ ယွဲ့လင်းလှည့်ကြည့်လိုက်သည်။ ဒီ မိဖုရားကြီးမှာ သူ မသိနိုင်သေးသည့် စွမ်းရည်တွေအများကြီး ရှိနေလောက်သည်။ သို့သော် သေချာတာတစ်ခုတော့ရှိသည်။ ထင်မှတ်စရာမကောင်းသော်လည်း မိဖုရားကြီး၏ နှလုံးသားကမူ နူးညံ့ပျော့ပြောင်းသည်။ ယွဲ့လင်း မျက်လွှာချလိုက်၏။ ဘာကြောင့်မှန်းရယါမသိဘဲ သူ့ရင်ထဲ အတွေးတစ်ခုပေါ်လာခဲ့ရသည်။
တခြားသူတွေအတွက် မိဖုရားကြီးစာနာနားလည်ပေးနိုင်တယ်ဆိုရင် ငါ့အတွက်ကော ဘာကြောင့် စာနာနားလည်မပေးနိုင်ရတာလဲ…
ငယ်စဉ်ကတည်းက အမှောင်ထုထဲ အဖော်မရှိလမ်းပျောက်နေချိန်တိုင်း သူ့ဘေးနားမှာ အတူတူရပ်တည်ပေးနိုင်မည့် လူတစ်ယောက်ကို ယွဲ့လင်းမျှော်လင့်ခဲ့သည်။ သူ့အား လွတ်လမ်းရှာပေးနိုင်မည့်လူ မဟုတ်လျှင်တောင် ဝေဒနာအားအတူတူ မျှဝေခံစားပေးနိုင်လျှင်လုံလောက်ပြီဖြစ် သည်။ ကံမကောင်းစွာဖြင့် ထိုကဲ့သို့လူမျိုးနှင့် ယွဲ့လင်း တစ်ခါမှ ဆုံဆည်းခွင့်မရခဲ့ပေ။
ထို့ကြောင့် ယွဲ့မြန်အလွန်ကံကောင်းသည်ဟု ဆိုနိုင်သည်။ သူမ ဒုက္ခရောက်လုဆဲဆဲအချိန်မှာ ကယ်တင်ပေးနိုင်မည့် လူတစ်ယောက်အသင့်ရှိနေခဲ့သည်။
--- --- ---
ကျန်းကျီမြောင်၏အတွေးစိတ်ကူးများက အမြဲလိုလို အဆန်းတွေ ဖြစ်နေတတ်ပြီး အံ့အားသင့်စရာတွေလည်း များစွာပါတတ်သည်။ ထိုအတွေးများကို ကြားပြီး ကိုယ် လုပ်တော်တို့ စိတ်မကြည်မလင် ဖြစ်နေသင့်သည်။
သို့သော်…
သူတို့ မတတ်သာပါ၊ ကျန်းကျီမြောင်မှာ ကိုယ်ပိုင်ဓားရှင် ဇာတ်လမ်းတွဲအား ဆက်ဖွင့်ထားဆဲဖြစ်သည်။
ကောဖုရုန် နာမကျန်းဖြစ်ချင်ယောင်ဆောင်ပြီး ပြဿနာရှာနေသည့် ဒုတိယပိုင်းကိုကြည့်ရင်း ကိုယ်လုပ်တော်များ စိတ်လေးလံဖို့ပင် အချိန်မရှိပေ။ ခေါင်းတွေငုံ့ပြီး ပြုံးစိစိဖြစ်ကာ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။
“အရှင်မင်းကြီး သတ်မှတ်ချိန်ကို ရောက်ရှိပါတော့မယ်” လီသဲ့ဟွိုက် တိုးညှင်းစွာအသိပေးလိုက်သည်။
ယွဲ့လင်း ခေါင်းညိတ်လိုက်သည်။
“စတင်စေ”
ဧည့်သည်တော်အားလုံးကို လီသဲ့ဟွိုက် အမိန့်ပြန်ကြားလိုက်သည်။ အားလုံးထိုင်ခုံမှာ ထိုင်လျက် ကိုယ်စီကဗျာ စတင်ရေးဖွဲ့လေတော့သည်။ ရေးဖွဲ့ပြီးတာနဲ့တစ်ပြိုင်နက် မိန်းမစိုးများက ကဗျာတစ်ပုဒ်စီ ယူဆောင်ဆက်သပေးခဲ့သည်။
ယွဲ့ဟွာ အပြုံးမပျက်ပါ။ သေရည်တစ်ငုံနှစ်ငုံသောက်ရင်း ပညာရှိ ထိုင်နည်းဖြင့် ထိုင်နေလေသည်။
“ယုံမင်းဆက်မှာ ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပါလား ? ဒီနေ့ ငါ ကဗျာတစ်ပုဒ်ရေးဖွဲ့ပြီး လူငယ်လေးတွေကို လက်ဆောင်ပေးရမယ်!”
ယွဲ့ဟွာ ကြွေးကြော်လိုက်ပြီး စုတ်တံကိုင်ကာ ကဗျာတစ်ပုဒ်ကို စတင်ရေးဖွဲ့တော့သည်။
ယွဲ့ဟွာကို ကျန်းကျီမြောင်လှမ်းကြည့်ကာ သူ ဝယ်ယူထားသည့် စနစ်ပစ္စည်းအား ချက်ချင်းအသုံးပြုလိုက်သည်။
“အမြင် ဖလှယ်ခြင်း”
ဒီပစ္စည်းနဲ့သာဆို အချိန်တစ်ခုအတွင်း ယွဲ့ဟွာမျက်လုံးဖြင့် မြင်သမျှကို သူမလည်း မြင်နိုင်လိမ့်မည်။ ယွဲ့ဟွာ ရေးသားနေသည့် ကဗျာစာသားကိုကျန်းကျီမြောင် မြင်လိုက်ပါသည်။
“ဆိတ်ငြိမ်တဲ့ နွေဦးရဲ့ မျက်လုံးအစုံက…”
[ဟူး… ထပ်ကူးချနေပြန်ပြီ၊ ‘ဆိတ်ငြိမ်တဲ့နွေဦးရဲ့ မျက်လုံးအစုံက တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းကလေးကို အမြတ်တနိုးငေးကြည့်နေတယ်’ နောက်ထပ် ဂန္ထဝင်လက် ရာတစ်ပုဒ်ကို ခိုးကူးနေတာပဲ]
“အရှင်မင်းကြီး”
ယွဲ့လင်းအနား ကျန်းကျီမြောင်ကပ်လိုက်ပြီး ကဗျာတစ်ပုဒ်ကို တီးတိုးလေးရွတ်ဆိုပြလိုက်သည်။
ယွဲ့လင်း မျက်နှာထားပြောင်းလဲသွားလေသည်။
ကဗျာကောင်းလေး နောက်တစ်ပုဒ်ပဲ…
ယွဲ့ဟွာ အခု ရေးဖွဲ့နေတာ အဲ့ဒီကဗျာလား ?
ဒါပေမယ့် သူရေးလို့တောင် မပြီးသေးဘူး မိဖုရားကြီးက တစ်ပုဒ်လုံးကို ရွတ်ပြနိုင်တယ်ပေါ့
စိတ်ဝင်စားစရာပဲ…
“အဲ့ဒီကဗျာကို ဆရာကြီးယန်ဝမ့်လီ ရေးဖွဲ့ထားတာ၊ အရှင် မင်းကြီးက အရင်ဦးအောင်အသုံးချပြလိုက်ပေါ့”
ကျန်းကျီမြောင် တီးတိုးအကြံပေးလိုက်လေသည်။
ကျန်းကျီမြောင်ကို ယွဲ့လင်း အဓိပ္ပာယ်ပါစွာကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။
“ပဉ္စမညီတော်”
ကဗျာ၏ဒုတိယစာသားကို ယွဲ့ဟွာ ရေးသားနေစဉ် ယွဲ့လင်းခေါ်သံအားကြားလိုက်ရသဖြင့် လက်တွေ ရပ်တန့်သွားခဲ့သည်။
“မိန့်တော်မူပါ အရှင်မင်းကြီး”
ယွဲ့လင်း ခပ်ပါးပါးပြုံးလိုက်၏။
“မကြာသေးခင်က ကြာပန်းတွေနဲ့ ပတ်သတ်ပြီး အရမ်းလှပတဲ့ ကဗျာလေးတစ်ပုဒ် ကိုယ်တော်ရထားတယ်၊ ညီတော်ရဲ့ကဗျာဉာဏ်က ထက်မြက်လွန်းတော့ အဲ့ဒီကဗျာလေးကိုသုံးသပ်ဖို့ ကိုယ်တော့်ကို ကူညီပေးနိုင်မလား”