အခန်း (၂၈)
Vol. 3 Ch. 28
ကြာပန်းတွေနဲ့ ပတ်သတ်တဲ့ ကဗျာတစ်ပုဒ်တဲ့လား…
ယွဲ့ဟွာ လှောင်ပြုံးပြုံးလိုက်သည်။ နှစ်ထောင်ချီ သက် တမ်းရှိသည့် စာပေအနုပညာပေါင်းစုံ သူ့လက်ထဲမှာ ရှိနေပါသည်။ ထို့ကြောင့် သူ မမြင်ဖူးသည့် ဂန္ထဝင်လက်ရာဆိုတာမရှိနိုင်ပါ။
ယွဲ့လင်း ကိုယ့်အရှက် ကိုယ်ခွဲချင်နေမှတော့ ပျော်ပျော်ကြီး အမိန့်နာခံပေးရမှာပေါ့!
“အစ်ကိုတော် ကိုယ်တိုင်ရေးဖွဲ့ထားတဲ့ ကဗျာများလား” ယွဲ့ဟွာ အပြုံးဖြင့် မေးလိုက်သည်။
ယွဲ့လင်း ခေါင်းခါလိုက်သည်။
“မဟုတ်ပါဘူး၊ တခြားသူရေးဖွဲ့ထားတဲ့ ကဗျာပါ၊ ကိုယ် တော် အရမ်းသဘောကျလို့ အလွတ်ရအောင်ကျက်မှတ် ထားတာ”
“ဪ… ဒါဖြင့်ရင် ညီတော် ဝမ်းပန်းတသာနဲ့ နားဆင်ပေးပါ့မယ်”
ယွဲ့ဟွာ ပြုံးလိုက်သည်။ သူ့မျက်လုံးထဲမှ အထင်အမြင်သေးမှုတွေကို ခက်ခက်ခဲခဲဖုံးကွယ်ထားရသည်။
ယွဲ့ဟွာကို ကြည့်လျက် ယွဲ့လင်း ပြုံးလိုက်ပြီး ပီပီသသ ရွတ်ဆိုပြလိုက်ပါသည်။
“ဆိတ်ငြိမ်တဲ့ နွေဦးရဲ့မျက်လုံးအစုံက တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းကလေးကို အမြတ်တနိုးငေးကြည့်နေတယ်”
“ဆိတ်ငြိမ်တဲ့နွေဦးရဲ့ မျက်လုံးအစုံက တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းကလေးကို အမြတ်တနိုးငေးကြည့်နေတယ်”
“ဆိတ်ငြိမ်တဲ့နွေဦးရဲ့ မျက်လုံးအစုံက တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းကလေးကို အမြတ်တနိုးငေးကြည့်နေတယ်”
အဝေးတွင်ရှိနေသော ဧည့်သည်တော်များပါကြားနိုင်စေဖို့အတွက် မိန်းမစိုးများက လက်ဆင့်ကမ်းကာရွတ်ဆိုပြလိုက်သည်။
ဧည့်သည်တော်တို့၏ မျက်နှာများပြောင်းလဲသွားကြလေသည်။ ကဗျာစာသားလေးက စိတ်ဝင်စားဖို့ကောင်းပြီး ဆွဲဆောင်မှုရှိသည်။ သို့သော် တုန်လှုပ်ရသည့်အထိတော့ မဖြစ်စေခဲ့ပါ။
ဒုန်း!
ယွဲ့ဟွာတစ်ကိုယ်လုံး မိုးကြိုးပစ်ခံရသလို ရုတ်တရက် တုန် ယင်သွားခဲ့သည်။ အထိတ်တလန့်ဖြစ်ကာ စားပွဲပေါ်ရှိ ကျောက်သားမင်ခွက်ကိုပင် လက်ဖြင့်မတော်တဆရိုက်ချမိလိုက်ရာ မြေကြီးပေါ် အရှိန်ဖြင့် ပြုတ်ကျသွားလေသည်။
ယွဲ့လင်းကို ယွဲ့ဟွာမယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ပယသည်။
ဆိတ်ငြိမ်တဲ့ နွေဦးရဲ့မျက်လုံးအစုံက တသွင်သွင် စီးဆင်းနေတဲ့ စမ်းချောင်းကလေးကို အမြတ်တနိုးငေးကြည့်နေတယ် တဲ့လား…
အဲ့တာ သူရေးဖို့ ကြံနေတဲ့ ကဗျာမဟုတ်ဘူးလား!
ယွဲ့လင်း ဘယ်လို သိသွားတာလဲ!
သူ့ကဗျာကို ပေါက်ကြားအောင် ဘယ်သူလုပ်လိုက်တာလဲ!
ဘေးမှာ သူကဗျာရေးဖို့ မင်ကြိတ်ပေးနေသည့် မိန်းမစိုးလေးကို ယွဲ့ဟွာလှည့်ကြည့်လိုက်သည်။ မိန်းမစိုးလေးလည်း မျက်နှာဖြူဖပ်သွားခဲ့ပြီး တစ်ကိုယ်လုံးတုန်ခါသွားခဲ့သည်။
ဘာလဲ ဟ!
အရှင်မင်းကြီး ရွတ်ပြလိုက်တဲ့ ကဗျာစာသားက မင်းသားအန်းဟယ် ခုလေးတင်ရေးလိုက်တဲ့ စာသားနဲ့တစ်ထေရာတည်း တူနေတာပါ့လား!
ယွဲ့ဟွာ ခေါင်းခါလိုက်သည်။ မဟုတ်သေးဘူး… မဖြစ်နိုင်ဘူး…
သူ့ဘေးက မိန်းမစိုးလေးမှာ မယ်တော်ကြီးလက်အောက်ခံ မိန်းမစိုးလေးဖြစ်သည်။ ထို့ကြောင့် ယွဲ့လင်းကို ကူညီပေးစရာအကြောင်းလုံးဝမရှိပေ။ ထိုမိန်းမစိုးလေးက သူလျှိုတစ်ယောက် ဖြစ်နေလျှင်ပင် သူ့ဘေးမှာ တစ်ချိန်လုံးမတ်တပ်ရပ်နေခဲ့တာဖြစ်သည်။ ယွဲ့လင်းထံ သတင်းပါးဖို့ နည်းလမ်းလုံးဝမရှိနိုင်ချေ။
“ကဗျာက မကောင်းလို့လား ပဉ္စမမင်းသား ? မျက်နှာဘာလို့ ဖြူရော်သွားရတာလဲ”
ကျန်းကျီမြောင် စိတ်ပူချင်ယောင်ဆောင်ပြီး ဝင်မေးမြန်းလိုက်သည်။
ယွဲ့ဟွာ၏အပြုအမူကြောင့် အနားမှာထိုင်နေကြသူများလည်း စိတ်ဝင်စားသွားကြသည်။ စတုတ္ထမင်းသားက ယွဲ့ဟွာ၏ကဗျာစာမူကို လှမ်းကြည့်လိုက်ပြီး အံ့အားသင့်စွာ ထအော်လိုက်လေသည်။
“အရှင်မင်းကြီး! အရှင်မင်းကြီး ရွတ်ဖတ်လိုက်တဲ့ ကဗျာစာသားက… မင်းသားအန်းဟယ် ရေးဖွဲ့နေတဲ့စာသားနဲ့ ဘာလို့ တစ်ထပ်တည်းတူနေရတာလဲ!”
တစ်ထပ်တည်း တူတယ်ဟုတ်လား…
အခမ်းအနားတစ်ခုလုံး ပွက်လောရိုက်သွားကြပြီး ယွဲ့ဟွာ ၏ကဗျာကို ချောင်းကြည့်မိကြလေသည်။
“ဪ ဟုတ်လား” ယွဲ့လင်း အံ့အားစွာမေးလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? ‘ရေကန်ကလေး’ဆိုတဲ့ ဒီကဗျာကို လွန်ခဲ့တဲ့ ခုနစ်ရက်လောက်ကတည်းက ကိုယ်တော့်ကို လူတစ်ယောက်ဆက်သထားခဲ့တာ၊ အခုမှ ကိုယ် တော် ရွတ်ဖတ်ချင်စိတ် ဖြစ်လာလို့ ရွတ်ဖတ်ပြလိုက်တာ ပဉ္စမညီတော်ရဲ့ ဉာဏ်ကွန့်မြူးမှုကလည်း တစ်ပုံစံတည်း တူနေတယ်ဆိုပါလား ? လူနှစ်ယောက်ရဲ့ ဉာဏ်ကွန့်မြူးမှုတွေက တစ်ထေရာတည်းတူညီနေတာ ဖြစ်နိုင်ရဲ့လား”
“အရှင်မင်းကြီးကတော့ ကျီစယ်နေပြန်ပါပြီ၊ အဲ့လိုအရာမျိုး ဘယ်လိုလုပ် အမှန်တကယ်ရှိနိုင်မှာလဲ”
ကျန်းကျီမြောင် အရိပ်အကဲနားလည်စွာ စကားဝင်ကူလိုက်သည်။
“တစ်ခုခုတော့ နားလည်မှုလွဲနေပြီထင်တယ်”
ယွဲ့ဟွာမျက်နှာ အလွန်အကျည်းတန်နေပြီး ယွဲ့လင်းကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။
ဒီကဗျာကို ဒီကမ္ဘာကလူတွေ သိနေတာလုံးဝမဖြစ်သင့်ပေ။
ကူးပြောင်းလာတဲ့သူ နောက်တစ်ယောက် ရှိနေတာများလား…
မဖြစ်နိုင်ဘူး…! သူ ကဗျာတွေ စာတွေကိုကူးချနေတာ ကြာလှပြီ!
ကူးပြောင်းလာတဲ့သူ နောက်တစ်ယောက်သာ တကယ်ရှိရင် အစောကြီးကတည်းက ကိုယ်ထင်ပြခဲ့မှာပေါ့!
တစ်ခုတည်းသော ဖြစ်နိုင်ချေက သူ့ကဗျာစာမူကို ယွဲ့လင်း တစ်နည်းနည်းနဲ့ ရသွားခဲ့တာကြောင့်ပဲ ဖြစ်မှာ!
သူ့ကဗျာကို နှစ်ကြောင်းသာရေးသားရသေးသည်။ ဒီကဗျာ၏ အနှစ်သာရအစစ်အမှန်က နောက်ဆုံး စာသားနှစ်ကြောင်းမှာသာရှိသည်။ ယွဲ့လင်းသာ တကယ်သတ္တိရှိလျှင် ကဗျာတစ်ပုဒ်လုံးကို ရွတ်ဖတ်ပြသင့်သည်။
ထိုအတွေးဖြင့် ယွဲ့ဟွာ ပြန်တည်ငြိမ်သွားခဲ့ပြီး လျှောက်တင်လိုက်သည်။
“ညီတော့်ကို အစ်ကိုတော်ကျီစယ်နေတာပဲဖြစ်မယ်၊ အဲ့ဒီကဗျာကို စောနက ကြာပန်းတွေကြည့်ရှုရင်းနဲ့မှ ညီတော် စိတ်ကူးရခဲ့တာ၊ ကဗျာအပြည့်အစုံက ညီတော့် ခေါင်းထဲမှာပဲ ရှိသေးတယ်၊ အဲ့တာကြောင့် အစ်ကိုတော့်ကိုလွန်ခဲ့တဲ့ ခုနှစ်ရက်က အဲ့ဒီကဗျာဆက်သခဲ့တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”
ယွဲ့ဟွာ ကျိန်းသေစွာပြောလိုက်ခြင်းဖြစ်သည်။
ဧည့်သည်တော်တို့၏မျက်နှာတွေလည်း အတန်ငယ်ပြောင်း လဲသွားကြသည်။
အဲ့တာဆို… အရှင်မင်းကြီးက လျှို့ဝှက်နည်းလမ်းတစ်ခုခုသုံးပြီး အရှင်မင်းသားရဲ့ ကဗျာစာမူကို ခိုးခဲ့တာလား။
အမှန်တကယ်သာ ဒီလိုဆို သိသာလွန်းပါလိမ့်မည်။ ယွဲ့ဟွာမှာ လူတကာ၏ အသိအမှတ်ပြုခြင်းကို ခံထားရသော စာပေပါရမီရှင်ဖြစ်သည်။ ကဗျာ၏ ပထမ စာသားနှစ်ကြောင်းကို နားဆင်ကြည့်ရသလောက်တော့ ယခင်တုန်းက ယွဲ့ဟွာ ရေးသားခဲ့သည့် ဂန္ထဝင် လက်ရာတွေကို မမှီနိုင်သေးပါ။ ထို့ကြောင့် ယွဲ့ဟွာဘက်မှလိမ်ညာစရာအကြောင်းမရှိပေ။
“ဒီကဗျာကို တခြားလူတစ်ယောက် သိနေတာ မဖြစ်နိုင်ဘူးလို့ ပဉ္စမညီတော်က ဆိုလိုချင်တာလား”
ယွဲ့လင်း ခံစားချက်မဲ့စွာ မေးလိုက်လေသည်။
ယွဲ့ဟွာ လှောင်ပြုံးပြုံးလိုက်သည်။
“လုံးဝ မဖြစ်နိုင်ဘူး! အစ်ကိုတော် ကျေးဇူးပြုပြီး မကျီစားပါနဲ့တော့”
“ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ကိုယ်တော့်ကို တစ် ယောက်ယောက် တကယ် လာဆက်သခဲ့တာ…”
ယွဲ့လင်း အခက်တွေ့သွားဟန်ဖြင့် ရေရွတ်လိုက်လေသည်။
“ဟုတ်လား ဒါဆို ညီတော်လည်း ဒီမှာ ပထမ စာသားနှစ်ကြောင်းပဲ ရေးသားရသေးတယ်၊ အဲ့ဒီလူ လာဆက်သသွားတဲ့ ကဗျာရဲ့နောက်ဆုံး စာသားနှစ်ကြောင်းကို အစ်ကိုတော် ရွတ်ဖတ်ပြကြည့်ပါလား”
ယွဲ့ဟွာ စိန်ခေါ်လိုက်ပါသည်။
ထို့နောက် သူ့ကဗျာစာမူကို ထောင်ပြလိုက်သည်။ ဒီလို အလိမ်အညာမျိုး ပေါ်တင်ပြောဆိုရဲသဖြင့် ယွဲ့လင်းအလွန် အရှက်အကြောက် ကင်းသည်ဟု ယွဲ့ဟွာ တွေးလိုက်မိသည်။
အစ်ကိုတော် အလိမ်ပေါ်သွားမှာ မကြောက်ရွံ့ဘူးလား။
ဧည့်သည်တော်တွေလည်း ယွဲ့ဟွာ ထောင်ပြသည့် ကဗျာစာမူကို ဝိုင်းကြည့်လိုက်ကြသည်။
ဆိတ်ငြိမ်တဲ့ နွေဦးရဲ့မျက်လုံးအစုံက တသွင်သွင် စီးဆင်းနေတဲ့ စမ်းချောင်းကလေးကို အမြတ်တနိုး ငေးကြည့်နေတယ်
သစ်ပင်လေးတွေရဲ့အမှောင်ရိပ်တို့က ကန်ရေမျက်နှာပြင်ပေါ် ရောင်ပြန်ဟပ်နေပြီး နူးညံ့တဲ့နေရောင်ခြည်ကို ချစ်ရေး ဆိုနေကြတယ်
ဒါတွေက ကဗျာရဲ့ပထမစာသားနှစ်ကြောင်းဖြစ်သည်။ သဘာဝ ရှုခင်းအလှအပများကိုမြင်သာအောင် လက်ရာမြောက်စွာရေးဖွဲ့ထားသည်။
ယွဲ့လင်း သက်ပြင်းချလိုက်သည်။
“ဘယ်လိုဖြစ်ရတာလဲ ကိုယ်တော်လည်း မသေချာဘူး၊ ဒါပေမယ့် ကိုယ်တော့်ကို ဆက်သထားတဲ့ ကဗျာရဲ့ ပထမ စာသားနှစ်ကြောင်းက ညီတော့်ရဲ့စာသားတွေနဲ့ တကယ်ပဲ တူညီနေတယ်၊ နောက်ဆုံး စာသားနှစ်ကြောင်းကတော့…”
ယွဲ့လင်း ခေတ္တရပ်တန့်သွားပြီး ဖြည်းညှင်းစွာ ရွတ်ဖတ်ပြလိုက်လေသည်။
“စူးရှသေးငယ်တဲ့ ပွင့်ဖတ်ကလေးတွေနဲ့ ကြာပန်းငယ်လေး ဖူးပွင့်လာခဲ့တာ မကြာသေးပေမယ့် ကြာပန်းငယ်လေးရဲ့ ပွင့်ဖတ်ကလေးတွေပေါ် ပုစဉ်းလေးတစ်ကောင်က စောင့်ကြိုနားခိုနေခဲ့လေပြီ”
ယွဲ့ဟွာ သူငယ်အိမ်များ ချက်ချင်းကျုံ့ဝင်သွားခဲ့သည်။ ယွဲ့လင်းထံ လုံးဝမယုံကြည်နိုင်သော အကြည့်မျိုးဖြင့် ကြည့်နေမိသည်။
တစ်ထေရာတည်းပဲ!
စကားလုံးလေး တစ်လုံးတောင် လွဲမနေဘူး!
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!
တခြားဧည့်သည်တော်တွေကတော့ ကဗျာ၏အဓိပ္ပာယ်ကို စတင်သုံးသပ်နေကြပြီဖြစ်သည်။
“ကြာပန်းကလေး ဖူးဖွင့်လာတာမကြာသေးဘူး စူးရှသေးငယ်တဲ့ ဖွင့်ဖတ်ကလေးတွေအပေါ် ပုစဉ်းတစ်ကောင်က နားခိုနေပြီတဲ့… ပြောင်မြောက်လိုက်တဲ့ စာသား! အချိန်ဆိုတာ ဘယ်လောက်မြန်ဆန်သလဲ မြင်သာအောင် ရေးဖွဲ့ထားတာပဲ!”
“ဒီနေ့ ဧည့်သည်တော်တွေကြားထဲမှာ လူငယ်ပါရမီရှင်တွေ အများကြီးပါကြတယ်၊ စူးရှသေးငယ်တဲ့ ပွင့်ဖတ်ကလေးတွေ ဆိုတာ လူငယ်တွေကိုကိုယ်စားပြု ရေးဖွဲ့ထားတာလို့ ခံစားမိတယ်”
“လက်ရာမြောက် သေသပ်လိုက်တာ!”
ကဗျာအပြည့်အစုံကို မိန်းမစိုးများမှတဆင့်ဧည့်သည်တော် များအားလုံး ကြားသိလိုက်ရပြီဖြစ်သည်။ အရပ်မျက်နှာပေါင်းစုံမှ ကဗျာရွတ်ဆိုနေကြသည့် အသံတွေကို ကြားပြီး ယွဲ့ဟွာ မျက်နှာတစ်ခုလုံး သွေးမဲ့ဖြူရော်သွားကာ သိသိသာသာစိတ်ချောက်ချားသွားခဲ့လေသည်။
ဒီလိုမဖြစ်ရဘူးလေ!
သူကမှ ကူးပြောင်းလာတဲ့သူ!
နှစ်ယောက်မရှိတဲ့ ဇာတ်လိုက်မင်းသား!
သူကလွဲပြီး ဒီကဗျာကို ဘယ်သူသိနိုင်မှာလဲ!
ယွဲ့ဟွာကို စိုက်ကြည့်ပြီး ယွဲ့လင်းမေးလိုက်သည်။
“ပဉ္စမညီတော်ရဲ့နောက်ဆုံးကဗျာ စာသားနှစ်ကြောင်းကကော ဒီလူ့ကဗျာနဲ့ အတူတူပဲလား ? ဒါမှမဟုတ် ပဉ္စမညီတော်ရဲ့ကဗျာစာသားတွေက ပိုကောင်းနေလို့လား”
ယွဲ့ဟွာ ခန္ဓာကိုယ်တုန်ယင်သွားရသည်။
စာသားတွေက ပိုကောင်းရမယ် ဟုတ်လာား…
ယခင်ကမ္ဘာမှာ ဒီကဗျာက ဂန္ထဝင်လက်ရာတစ်ပုဒ်ဖြစ်ခဲ့သည်။ ထို့အပြင် ပိုကောင်းသည့် စာသားတွေရှိနေနိုင်လျှင်ပင် ယွဲ့ဟွာလိုလူမျိုးက လက်တန်းစဉ်းစားနိုင်မတဲ့လား ?
“ဒါမှမဟုတ်…”
ယွဲ့လင်း ခေတ္တရပ်တန့်သွားပြီး ဆက်မိန့်လိုက်သည်။
“…ညီတော့် စိတ်ကူးစိတ်သန်းတွေက အဲ့ဒီလူနဲ့ တစ်ပုံစံ တည်း တူညီနေတာတော့ မဟုတ်လောက်ပါဘူးနော်”
‘ရေကန်ကလေး’ ကဗျာအကြောင်း စဉ်းစားသုံးသပ်နေကြသည့် ဧည့်သည်တော်များလည်း အသိစိတ်ပြန်ကပ်ကာ ယွဲ့ဟွာကို ထူးထူးဆန်းဆန်းအကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြသည်။
ထိုကဗျာကို လွန်ခဲ့သည့် ရက်ပိုင်းက လူတစ်ယောက် လာရောက်ဆက်သခဲ့တာဟု အရှင်မင်းကြီးကဆိုသည်။မင်းသားအန်းဟယ်ကလည်း သူ ယခုမှ ကြာပန်းကြည့်ရင်း စိတ်ကူးရခဲ့သည့် ကဗျာဟု ဆိုနေလေသည်။ ထိုထွက်ဆိုချက်နှစ်ခုက သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
သို့သော် အရှင်မင်းကြီးက ကဗျာတစ်ပုဒ်လုံးကိုအပြည့် အစုံ ရွတ်ဆိုပြခဲ့သည်။ ဒီကဗျာက ပိုင်းခြားလို့မရနိုင်သည့် ပြီးပြည့်စုံသော ကဗျာတစ်ပုဒ်ဖြစ်ဟန်တူသည်။
ယွဲ့ဟွာ မရေးသားရသေးသည့် စာသားများကိုပင် အရှင် မင်းကြီးကကြိုသိနေသည်။ ထို့ကြောင့် အရှင်မင်းကြီးရဲ့ ထွက်ဆိုချက်မှာ ယုံကြည်ထိုက်သည်။
သို့သော်… မင်းသားအန်းဟယ်ကကော…
သူများတကာရဲ့ကဗျာကို သူ့စိတ်ကူးစိတ်သန်းဆိုပြီး လိမ် ညာထွက်ဆိုနေခဲ့တာလား…
“မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး”
ယွဲ့ဟွာ ခေါင်းကိုငုံ့ထားပြီး တီးတိုးရေရွတ်နေလေသည်။ ဒီကမ္ဘာကြီးထဲ ကူးပြောင်းလာသည့်အချိန်မှစလို့ ဒီလောက် ကြီးမားသည့် အခက်အခဲကို ယွဲ့ဟွာ ပထမဆုံးရင်ဆိုင်ဖူးခြင်းဖြစ်သည်။
ယွဲ့ဟွာ ရုတ်တရက် ခေါင်းပြန်မော့လာပြီး ယွဲ့လင်းအား သွေးချင်းနီနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ရေကန်ကလေးထက် ပိုကောင်းသည့်ကဗျာတွေ သူ့မှာ အများကြီးရှိပါသေးသည်။ ဘာမှ စိုးရိမ်စရာမလိုပေ။
“ကြာပန်းနဲ့ပတ်သတ်ပြီး… အဲ့ဒီကဗျာအပြင် တခြားကဗျာတစ်ပုဒ်လည်း ရှိသေးတယ်!”
ယွဲ့ဟွာ အံကြိတ်လျက် လျှောက်တင်လိုက်သည်။
ထို့နောက် သူ့စကားကို သက်သေပြဖို့အတွက် စိတ်မရှည်စွာရွတ်ဆိုပြလိုက်သည်။
“နွေခေါင်ခေါင် အနောက်ဘက်ရေကန်ရဲ့ ရှုမျှော်ခင်းက တခြားရာသီတွေနဲ့ မတူလှအောင် ထူးကဲနေတယ်”
ယွဲ့ဟွာ ကဗျာစာသားတစ်ကြောင်းရွတ်ဆိုပြီးတာနဲ့တစ် ပြိုင်နက် ယွဲ့လင်း၏အသံ ချက်ချင်းဆိုသလိုထွက်ပေါ်လာသည်။
“ပဉ္စမညီတော်… အဲ့ကဗျာလည်း ကျန်းကို ဆက်သထားတဲ့လူရှိတယ်”