← Chapters

အခန်း (၂၉)

Vol. 3 Ch. 29

အခန်း (၂၉)

Vol. 3 Ch. 29

ယွဲ့ဟွာ ကဗျာစရွတ်လိုက်သည်နှင့်တစ်ပြိုင်နက် အရှင်မင်းကြီးကို ကျန်းကျီမြောင် ကဗျာတစ်ပုဒ်လုံး ရွတ်ပြပြီးသွားပြီ ဖြစ်သည်။

ယွဲ့လင်း ကဗျာကို တည်တည်ငြိမ်ငြိမ် ဆက်ရွတ်ပြလိုက်သည်။

“ကိုယ်တော် ခန့်မှန်းကြည့်မယ်နော်၊ နောက်စာသားတွေက…

အဆုံးမဲ့ ကြာရွက်စိမ်းလေးတွေက ကောင်းကင်ကြီးကို မျှော်မိုးနေကြသလို

နေရောင်ခြည်ကို ပွေ့ဖက်ထားတဲ့ ကြာပွင့်လေးတွေကလည်း ဆန်းကြယ်စွာ နီရဲတောက်ပလို့နေတယ်”

နောက်ထပ် ဂန္ထဝင်လက်ရာတစ်ခုပါလား!

ဧည့်သည်တော်များအားလုံး ယွဲ့ဟွာကို လှမ်းကြည့်လိုက်ကြသည်။ ယခုဆို ယွဲ့ဟွာ ထိန်းချုပ်မရအောင် တုန်ယင်နေပါပြီ။ ဒီကဗျာကိုလည်း ယွဲ့လင်း သိနေလေသည်။

မဖြစ်ဘူး! စိတ်ဖိစီးသွားလို့ မဖြစ်ဘူး!

1GB လောက်ရှိသည့် .txt ဖိုင်များကို ယွဲ့ဟွာ ယူဆောင် ကူးပြောင်းလာခဲ့တာဖြစ်သည်။ ကြာပန်းနှင့် ပတ်သတ်သည့် ကဗျာတွေလည်း တစ်ပုဒ်မကအများကြီး ရှိပါသေးသည်။ ထို့ကြောင့် ယွဲ့ဟွာ နှုတ်ဟလျက် ကဗျာနောက်တစ်ပုဒ်ကို ထပ်ရွတ်ပြလိုက်သည်။

“ကြာပန်းတွေကိုသာ ကျွန်ုပ် ချစ်မြတ်နိုးတယ်၊ ရွှံ့နွံထဲက ပေါက်ဖွားလာပေမယ့် စင်ကြယ်နေဆဲပဲ…”

ယွဲ့ဟွာကို အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်ကာ ယွဲ့လင်း ဆက်ရွတ်ပြလိုက်သည်။

“…လှိုင်းဂယက်များရဲ့ တိုက်ခိုက်မှုကို ခံရပေမယ့် ညှို့အားပြင်း ဆွဲဆောင်မှုရှိနေတုန်းပဲ”

ယွဲ့ဟွာ ရူးသွပ်ချင်လာပါပြီ။

“မိန်းမပျိုဆင်မြန်းတဲ့ ချုံဆမ်းရောင်နဲ့ တူတဲ့ ကြာရွက်ငယ်…”

ယွဲ့လင်း ထစ်ငေါ့မှုမရှိ ဆက်ရွတ်ဖတ်လိုက်သည်။

“…ကြာပွင့်လေးကလည်း မိန်းမပျိုလေးရဲ့ရွှေရုပ်သွင်ပမာ”

ယွဲ့ဟွာ မျက်လုံးတွေ နီရဲလွန်းသဖြင့် သွေးစက်တွေ အချိန်မရွေး ကျလာတော့မည်ဟုပင် ထင်ရသည်။

“ကန်ရေကြည်ထဲက ကြာပန်းလေးများ…”

ယွဲ့လင်း သက်ပြင်းချလက် ဆက်ရွတ်ဖတ်လိုက်ပါသည်။

“… လူသားတွေရဲ့ ဖန်တီးမှုမပါဘဲ သဘာဝအတိုင်း လှပ တင့်တယ်လို့နေတယ်”

ယွဲ့ဟွာ ဆွံ့အသွားခဲ့သည်။ ဒီတစ်ပုဒ်ကိုလည်း သိနေတာပဲလား!

ယွဲ့လင်းကို ယွဲ့ဟွာ သွေးပျက်စွာကြည့်လိုက်သည်။ “အစ်ကိုတော်… အဲ့ဒီကဗျာတွေအားလုံးကို အစ်ကိုတော် မိန့်တဲ့ပုဂ္ဂိုလ်က တကယ်ပဲ ဆက်သခဲ့တာလား”

ယွဲ့လင်း သက်ပြင်းချလျက် ပြန်ဖြေလိုက်သည်။

“အဟုတ်ပဲ ညီတော်။ ဧကန္တ အဲ့ဒီပုဂ္ဂိုလ်က ညီတော်နဲ့ ဉာဏ်ပညာချင်း တစ်ပုံစံတည်း တူညီနေတာလား ? တော် တော် တရားလွန်တဲ့ပုဂ္ဂိုလ်ပဲ!”

ညီအစ်ကိုနှစ်ပါး အပြိုင်အဆိုင်ကဗျာရွတ်ဖတ်နေကြစဉ် ညစာစားပွဲတစ်ခုလုံး အခြေအနေတွေ ဗြောင်းဆန်သွားခဲ့သည်။ တော်ဝင်ဥယျာဉ်ထဲတွင် မိန်းမစိုးများ၏ကဗျာရွတ်ဖတ်သံများဖြင့် ဆူညံပွက်လောရိုက်သွားခဲ့ပါသည်။ အားလုံးကလည်း ကဗျာတွေနဲ့ ပတ်သတ်ပြီး အကြီးအ ကျယ် ဆွေးနွေးနေကြလေသည်။

“ရွှံ့နွံထဲကပေါက်ဖွားလာပေမယ့် စင်ကြယ်နေဆဲပဲတဲ့… အဲ့ဒီစာသားလေး အလှပဆုံးပဲ!”

“ကန်ရေကြည်ထဲက ကြာပန်းလေးများ လူသားတွေရဲ့ ဖန်တီးမှုမပါဘဲ သဘာဝအတိုင်း လှပလို့နေတယ်တဲ့ အလှတရားတစ်ခုကို ဒီလိုပုံဖော်ထားတာ အရမ်းတပ်မက်ဖွယ်ကောင်းတယ်”

“ဘာတွေဖြစ်နေတာလဲ အရှင်မင်းကြီးက မင်းသားအန်းဟယ်ရဲ့ ကဗျာတွေအားလုံးကို ဘာကြောင့် ကြိုသိနေတာလဲ”

“အရှင်မင်းကြီးကို တစ်စုံတစ်ယောက်က လာဆက်သထားတာတဲ့”

“အဲ့တာဆို မင်းသားအန်းဟယ်က သူရေးဖွဲ့ထားတဲ့ ကဗျာတွေပါလို့ ဘာကြောင့် လိမ်ညာရတာလဲ”

“လေသံကို တိုးတိုးပြောစမ်း! အရှင်မင်းသားရဲ့ ကဗျာတွေက တစ်ခုနဲ့တစ်ခု ဟန်ပန်အမြဲတမ်း ပြောင်းလဲနေတတ်တာ၊ အစကတော့ လူတွေ ယုံရခက်ခဲ့တယ်၊ ဒါပေမယ့် ဒီလို ဂန္ထဝင်လက်ရာတွေကို ရေးဖွဲ့ခဲ့တဲ့ပုဂ္ဂိုလ်က မင်းသားအန်းဟယ် မဟုတ်ဘူးဆိုရင် စာရေးသူအစစ်က ဘာလို့ နှုတ်ပိတ်နေခဲ့တာလဲ၊ ကိုယ့်လက်ရာကို ဘယ်သူက ဒီလို ခိုးယူခွင့် ပေးမှာလဲ”

“တကယ့် အံ့ဖွယ်ပါပဲ”

ဧည့်သည်တော်များ၏ တီးတိုးပြောသံတိုင်းကို ယွဲ့ဟွာ ကြားနေရသည်။ အမှန်တရားကို လက်မခံနိုင်ဘဲ တုန်ယင်နေဆဲ ဖြစ်ပါသည်။

သူက ကူးပြောင်းလာတဲ့သူ!

ဒီကမ္ဘာရဲ့ ဇာတ်လိုက်မင်းသား!

အဲ့ဒီလက်ရာတွေကို ခဏ ‘ငှားရမ်း’မိတာ သူ့အပြစ်လား ?

သူ့ ပါရမီကို ဒီလို မေးခွန်းထုတ်စရာလား!

ယွဲ့ဟွာ မျက်လုံးများ သွေးချင်းနီနေသည်။

“အစ်ကိုတော်! အစ်ကိုတော် မိန့်တဲ့ပုဂ္ဂိုလ်က ကဗျာ ဘယ်နှပုဒ်တောင် ဆက်သထားတာလဲ”

ယွဲ့ဟွာ သေချာသလောက် ရှိနေပါပြီ။ ဒီကမ္ဘာကြီးထဲ ကူး ပြောင်းလာသူ နောက်တစ်ယောက်ရှိနေလိမ့်မည်။ ထိုကူး ပြောင်းလာသူက ယွဲ့လင်းနဲ့ ပူးပေါင်းထားတာလည်း သေချာနေသည်။

ယွဲ့ဟွာ၏ ဂုဏ်သတင်းက စာပေပါရမီပေါ်မှာသာ အများဆုံး ဆောက်တည်ထားခြင်းဖြစ်သည်။ နာမည်ကျော်ကဗျာ လင်္ကာ များစွာကို သူ “ရေးဖွဲ့”ခဲ့သည်။ သို့သော် အချိန်မှန်ကို စောင့်ရင်း နောက်ထပ်ရေးဖွဲ့စရာတွေလည်း အများကြီး သိုလှောင်ထားပါသေးသည်။

ယခု ဒုတိယကူးပြောင်းလာသူတစ်ယောက် ရုတ်တရက်ကြီး ရောက်လာလေပြီ။ ထိုလူ ကဗျာဘယ်နှပုဒ်တောင် သိထားမလဲ ဘယ်သူမှမပြောနိုင်ပေ။ ထိုကူးပြောင်းလာသူကြောင့် ပညာရေးလောကထဲက သူ့အနာဂတ်ပျက်စီးသွားနိုင်သည်။

ယွဲ့ဟွာမျက်လုံးထဲ သတ်ဖြတ်လိုစိတ်များ အထင်းသားပေါ်လာသည်။

ဘယ်သူ့လက်ချက်လဲ!

ဒီညစာစားပွဲမှ ပြန်ကြွတာနဲ့တစ်ပြိုင်နက် ယွဲ့လင်းဘေးနားကလူတိုင်းကို သူအသေးစိတ် စုံစမ်းစစ်ဆေးမည်။ ဒီကမ္ဘာကြီးမှာ ကူးပြောင်းလာသူ နှစ်ယောက် အတူရှိလို့ မဖြစ်ပါ။ ထိုလူ့ကို ရအောင်ရှာပြီး ဓားဖြင့် အချက်တစ်ထောင် ခုတ်လျက် ကွပ်မျက်ပစ်ရမည်။

ယွဲ့လင်း ခံစားချက်မဲ့စွာ မိန့်လိုက်သည်။

“အတော်လေး များတယ်”

ယွဲ့ဟွာ မျက်နှာတစ်ခုလုံး ဒေါသဖြင့် နီရဲကာ စိန်ခေါ်လိုက်လေသည်။

“အဲ့ဒီပုဂ္ဂိုလ်က အရမ်းပါရမီရှိနေတယ်ဆိုရင် အခုချက် ချင်းကိုယ်ထင်ပြပြီး ညီတော်နဲ့ မျက်နှာချင်းဆိုင် ယှဉ်ပြိုင်ခိုင်းလိုက်စမ်းပါ!”

ယွဲ့လင်း သက်ပြင်းထပ်ချလိုက်သည်။ ။

“အဲ့ဒီပုဂ္ဂိုလ်က သူ့မှာ ဘာပါရမီမှ မရှိပါဘူးလို့ လျှောက် တင်သွားတယ်”

ယွဲ့ဟွာ လှောင်ပြောင်သရော်လိုက်သည်။

“အဲ့တာဆို သတ္တိကြောင်တာပေါ့”

ကျန်းကျီမြောင် မှာထားသည့်အတိုင်း ယွဲ့လင်းမိန့်ဆိုလိုက် ၏။

“အဲ့ဒီကဗျာတွေက သူ့လက်ရာ မဟုတ်ဘူးတဲ့၊ လှပ ပြောင်မြောက်တဲ့ ကဗျာတွေမို့ ဒီအတိုင်း စုစည်းပေးထားရုံပါတဲ့၊ ရေကန်ကလေးဆိုတဲ့ ကဗျာကိုရေးဖွဲ့ထားတဲ့ စာဆို အမည်က ယန်ဝမ့်လီ၊ ရွှံ့နွံထဲမှာ ပေါက်ပေမယ့် စင်ကြယ်တယ်ဆိုတဲ့ စာသား ရေးဖွဲ့ခဲ့တဲ့ စာဆိုအမည်က ကျိုးသွမ်းရိ၊ လူသားတွေရဲ့ဖန်တီးမှုမပါဘဲ လှပနေတယ်ဆိုတာက စာဆိုလီပိုင်ရဲ့ လက်ရာတဲ့”

“စာဆိုလီပိုင်အကြောင်း ပြောခါမှ ကိုယ်တော် တစ်ခု သတိရသွားတယ်၊ အဲ့ဒီပုဂ္ဂိုလ်က လျှောက်တင်ခဲ့တယ်။ ‘ဆိတ်ငြိမ်ညရဲ့အတွေးများ’၊ ‘လရောင်အောက်က သေရည်တစ်ခွက်’ စတဲ့ ကဗျာတွေကိုလည်း စာဆို လီပိုင်က ရေးဖွဲ့ထားတာတဲ့”

“အဲ့ဒီတုန်းက ကိုယ်တော် ဇဝေဇဝါဖြစ်ခဲ့ရတယ်၊ အဲ့ဒီကဗျာတွေကို ပဉ္စမညီတော်ရေးဖွဲ့ထားတာလေ၊ လီပိုင်ဆိုတဲ့ အဲ့ဒီ ပုဂ္ဂိုလ်နဲ့ ဘာများ သက်ဆိုင်လို့လဲ”

ယွဲ့လင်းစကားကို နားထောင်ရင်း ယွဲ့ဟွာ ကြားဖူးပြီးသား အမည်တွေကို တစ်ခုပြီးတစ်ခုကြားလိုက်ရလေသည်။ ထိုအမည်တွေကို ဒီကမ္ဘာထဲမှာ မည်သူမှ မသိလောက်ဟု သူထင်ထားခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညှင်း ထသွားပြီး မျက်လုံးတွေလည်း မယုံကြည်နိုင်အောင် ပြူးကျယ်သွားခဲ့သည်။

အဲ့ဒီ ကူးပြောင်းလာတဲ့သူက… ဦးနှောက်မမှန်ဘူးလား ?

ကူးပြောင်းလာတယ်ဆိုပြီး အရင်ကမ္ဘာက လူတွေအ ကြောင်း ဘာလို့ လျှောက်ပြောနေတာလဲ!

“လီပိုင်ဟုတ်လား”

ဧည့်သည်တော်များ ရေရွတ်လိုက်ကြသည်။ ထိုအမည်ကို ဘယ်သူမှ မကြားဖူးပေ။

“အဓိပ္ပာယ်မရှိတာ!”

ယွဲ့ဟွာ ရူးသွပ်တော့မည်။

“အဲ့ဒီပုဂ္ဂိုလ် မဟုတ်တာတွေ လျှောက်တင်ခဲ့တာ! လီပိုင်တွေ၊ ယန်ဝမ့်လီတွေ ညီတော်တစ်ခါမှ မကြားဖူးဘူး!”

“ထူးဆန်းလိုက်တာ…”

ကျန်းကျီမြောင် ခပ်ပါးပါး အပြုံးဖြင့် ဝင်ပြောလိုက်သည်။

“လူတွေသိထားသလိုပဲ ပဉ္စမမင်းသား အသက် ၅ နှစ်အရွယ်မှာ ‘ဆိတ်ငြိမ်ညရဲ့အတွေးများ’ ကဗျာကို ရေးဖွဲ့ခဲ့တယ်။ မွေးရပ်မြေကို လွမ်းဆွတ်သတိရတဲ့ ကဗျာမျိုးပဲ၊ ဒါပေမယ့် ပဉ္စမမင်းသားက ယခင်ဧကရာဇ်မင်းကြီးရဲ့ လက်အောက်မှာ ကြီးပြင်းလာခဲ့ရတာပါ၊ ပြီးတော့ မယ်တော်ကလည်း နန်းတော်ကနေ တစ်ခါမှ ထွက်မသွားဖူးဘူး၊ အဲ့တာကြောင့် ပဉ္စမမင်းသားက ဘယ် မွေးရပ်မြေကို သတိရလွမ်းဆွတ်နေတာလဲ”

ယွဲ့ဟွာ မျက်နှာတောင့်တင်းသွားသည်။

“ကဗျာဆရာ ကဗျာရေးဖို့ဆိုတာ သူကိုယ်တိုင် ကြုံဖူးစရာမှ မလိုတာ!”

“ဒါဖြင့်ရင်…” ကြင်ယာတော်သဲ့ မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။

“အရှင်မင်းသား ရေးဖွဲ့ထားတဲ့ ‘သေရည်ယစ်မူးချိန် မီးအိမ်ဘေးက ဓားတစ်လက်ကို ငေးကြည့်ခဲ့သည်’တို့ ‘ဆံသားတွေ အဓိပ္ပာယ်မဲ့စွာ ငွေရောင်ပြောင်းလဲခဲ့ရသည်’တို့ စတဲ့ ကဗျာစာသားတွေကိုကော အရှင်မင်းသား စိတ်ကူးယဉ်ပြီးတော့ပဲ ရေးဖွဲ့ခဲ့တာလား? ငယ်ရွယ်တဲ့ အရှင်မင်းသားက လူအိုတစ်ယောက်ရဲ့ ခံစားချက်ကို ပေါ်လွင်အောင် ရေးသားနိုင်သားပဲ!”

ကြင်ယာတော်သဲ့က ပညာသင်ယူဖို့ စိတ်မပါသော်လည်း သူမ အလွန်သဘောကျသည့် ကဗျာတစ်ပုဒ်ရှိပါသည်။ မိဖုရားကြီး၏ အတွေးများမှတဆင့် ယွဲ့ဟွာက ခိုးကူးသူဖြစ်ကြောင်း ကြားသိရပြီးကတည်းက သူ့ကို ကြင်ယာတော်သဲ့ ရွံရှာနေတာဖြစ်သည်။ ထိုကဗျာစာဆိုက ကမ္ဘာလောကအပေါ် မေတ္တာထားသော်လည်း အသက်အရွယ်ကြောင့် မဟာပန်းတိုင်ကို မရောက်ရှိနိုင်တော့သည့်အကြောင်း ဝမ်းနည်းဖွယ် ရေးဖွဲ့ထားခြင်းဖြစ်သည်။ ထိုဝမ်းနည်းပူဆွေးမှုကို ကြင်ယာတော်သဲ့ ရင်ထဲ ထပ်တူ ခံစားမိသည်။

သို့သော် ယွဲ့ဟွာလို ရွှေဇွန်းကိုက် အရှင်မင်းသားတစ်ပါးက ဒီလို ကဗျာမျိုးကို ပြောင်ပြောင်မြောက်မြောက် ရေးဖွဲ့နိုင်လိမ့်မည်ဆိုတာ လုံးဝယုံကြည်ချင်စရာမရှိပါ။

ယွဲ့ဟွာ မျက်နှာ အလွန်အကျည်းတန်လာသည်။

“အကုန် စိတ်ကူးယဉ်ကဗျာတွေလို့ ပြောနေတယ်! အဲ့ဒါစာရေးသားနည်းတစ်မျိုးပဲ မင်းတို့ ဘာနားလည်လို့လဲ!”

ဒီကမ္ဘာကြီးထဲ ကူးပြောင်းလာသည့်အချိန်ကစလို့ ပထမဆုံးအကြိမ် တရားခံစစ် စစ်ခံနေခြင်းဖြစ်သဖြင့် ယွဲ့ဟွာ အလွန် လိပ်ပြာမလုံဖြစ်နေပါသည်။ စွပ်စွဲသူတွေကို ပြန်ချေပဖို့ ကြိုးစားသော်လည်း သူ့မျက်နှာက ဟန်မဆောင်နိုင်တော့ပေ။

အခြေအနေတွေ မဟန်တော့တာကို မြင်သောအခါ မယ်တော်ကြီး ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

“ကြင်ယာတော်သဲ့! နင့်မှာ အဲ့လို ပြောပိုင်ခွင့် ရှိလို့လား!”

ထို့နောက် ယွဲ့လင်းကိုလည်း လှည့်ဟောက်လိုက်သည်။

“အရှင်မင်းကြီး ဒီနေ့ ဘာဖြစ်နေတာလဲ! ငယ်ငယ်လေးကတည်းက ညီတော်ဖြစ်တဲ့ ဟွားအာကို အရှင်မင်းကြီး မနာလို ဝန်တိုဖြစ်နေတာ ဒီမယ်တော် သိတယ်၊ ဒါပေမယ့် အရှင်မင်းကြီးက ကောင်းကင်ဘုံရဲ့ သားတော်ဖြစ်နေပြီ မဟုတ်ဘူးလား၊ ဟွားအာဆိုတာလည်း အရှင်မင်းကြီးရဲ့ ညီတော်ပဲလေ! ဒီကိစ္စလေးလောက်ကို ခွင့်လွှတ်မပေးနိုင်ဘူးလား! တော်ပြီ တော်ပြီ! ဒီမယ်တော် ပင်ပန်းသွားပြီ! ကြာပန်းကြည့် ညစာစားပွဲ ဒီမှာပဲ အဆုံးသတ်စေ!”

မယ်တော်ကြီးက ပြတ်သားစွာဆုံးဖြတ်လိုက်သည်။ ယွဲ့ဟွာ၏ ဂုဏ်သိက္ခာ ထပ်ပြီးမပျက်စီးစေဖို့ဖစ်သည်။ ဒီကိစ္စကို ပြန်အဖတ်ဆယ်ဖို့ နောက်မှ နည်းလမ်းရှာရပါမည်။ ကဗျာတွေကို ယွဲ့ဟွာ တကယ်ပဲ ခိုးကူးခဲ့လျှင်တောင် မယ်တော်ကြီး ဂရုမစိုက်ပါ။ ဒီအဆင့်ထိရောက်လာအောင် ခိုးကူးနိုင်တာနဲ့တင် ပါရမီတစ်ခုဟု သတ်မှတ်နိုင်သည်။ ယွဲ့လင်းကသာ သဘောထားသေးသိမ်နေပြီး ထီးနန်းနဲ့ မထိုက်တန်သည့်လူဖြစ်သည်ဟု မယ်တော်ကြီး ခံစားမိပါသည်။

ယွဲ့လင်း မျက်လုံးများ အေးစက်သွား၏။ သူတစ်စုံတစ်ရာ မိန့််ကြားဖို့ ပြင်လိုက်စဉ် သူ့လက်ကိုကျန်းကျီမြောင် အသာအယာ လာပုတ်လေသည်။ ယွဲ့လင်း ခေတ္တရီဝေသွားခဲ့၏။

ညစာစားပွဲ၏ အလယ်မှ ဝန်ကြီးချုပ်ကျန်း ရုတ်တရက် ပေါ်ထွက်လာပြီး တည်ကြည်ခံ့ညားစွာ လျှောက်ထားလိုက်လေသည်။

“မယ်တော်ကြီး ဒီနေ့ ညစာစားပွဲက ဒီလိုအဆုံးသတ်သွားလို့ မဖြစ်ပါဘူး”

All Chapters