အခန်း (၃၀)
Vol. 3 Ch. 30
ဘာမှ မသိနားမလည်သည့် မျက်နှာမျိုး လုပ်ပြနေသော ကျန်းကျီမြောင်ကို မယ်တော်ကြီး ဒေါသတကြီး လှည့်ကြည့်လိုက်ပါသည်။
ထို့နောက် ဝန်ကြီးကျန်းအား မျက်နှာပြန်မူကာ မယ်တော်ကြီး မိန့်လိုက်သည်။
“ကျန်းဝေ! နန်းတော်ရဲ့ မယ်တော်ကြီးဖြစ်တဲ့ငါ့မှာ ဒီညစာစားပွဲကို အဆုံးသတ်နိုင်တဲ့ အခွင့်အာဏာတောင် မရှိတော့ဘူးလား! နင့်လို ဝန်ကြီးချုပ်ကတော့ တော်ဝင်မိသားစုတွေရဲ့ အရေးအရာကိုတောင် ဝင်ဆုံးဖြတ်ပိုင်ခွင့် ရှိနေပြီပေါ့ ဟုတ်လား!”
ထို့နောက် စူးစူးဝါးဝါး ဆက်ရန်တွေ့လေသည်။
“ဘာလဲ နင့်သမီးက ဧကရီမိဖုရားကြီး ဖြစ်သွားပြီဆိုတော့ ပြောချင်တာပြော လုပ်ချင်တာ လုပ်လို့ရပြီပေါ့ အဲ့လို လား!”
အပေါ်ယံကကြည့်လျှင် ဝန်ကြီးချုပ်ကျန်းကို ဆူငေါက်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်းက ကျန်းကျီမြောင်အတွက် ရည်ရွယ်သည့် စကားများဖြစ်သည်။
ကျန်းကျီမြောင် ခါးမတ်မတ်ထိုင်လိုက်ပြီး တည်ငြိမ်စွာ အကြံပေးလိုက်လေသည်။
“ဝန်ကြီးချုပ် ဘာလျှောက်တင်စရာ ရှိလို့လဲဆိုတာ မယ် တော်ကြီး အရင်နားထောင်ပါဦးလား”
ဒီတိုက်ပွဲကို တစ်ယောက်တည်း တိုက်ခိုက်ဖို့ ကျန်းကျီမြောင် ဘယ်တုန်းကမှ အစီအစဉ်မရှိခဲ့ပေ။ သူမ ခမည်းတော်ကျန်းဝေမှာ သစ္စာအလွန်ကြီးမားသူဖြစ်သည်။ မူလဝတ္ထုထဲ ယွဲ့ဟွာ ထီးနန်းရရှိသွားသောအခါ သူမ ခမည်းတော်အားကွပ်မျက်ခဲ့သည်။ ထို့နောက် ကျန်းမိသားစုတစ်ခုလုံးကိုလည်း ကွပ်မျက်ခဲ့သည်။ ထို့ကြောင့် သူမ၏ ကံကြမ္မာနှင့် ကျန်းမိသားစု၏ကံကြမ္မာတို့က ဆက်နွယ်လျက်ရှိပါသည်။ ထိုကံကြမ္မာကို ပြောင်းလဲနိုင်ဖို့အတွက် သူမ တစ်ယောက်တည်း မလှုပ်ရှားသင့်ပါ။ ကျန်းမိသားစုတစ်စုလုံး၏အကူအညီကို ရယူသင့်သည်။
“ပြီးတာပဲ!”
ကျန်းဝေကို မယ်တော်ကြီး အေးစက်စွာကြည့်လိုက်သည်။
“လျှောက်တင်စေ!”
မယ်တော်ကြီး မျက်လုံးတွေထဲမှာလည်း ခြိမ်းခြောက်မှုများဖြင့်ပြည့်နှက်နေပါသည်။
ကျန်းဝေကတော့ မမြင်ချင်ယောင်သာ ဆောင်လိုက်သည်။ ထို့နောက် သမီးဖြစ်သူ ကျန်းကျီမြောင်နဲ့ အကြည့်ချင်း ခေတ္တဖလှယ်ကာ လျှောက်တင်လိုက်လေသည်။
“မင်းသားအန်းဟယ်က နန်းတော်ရဲ့ ပဉ္စမမင်းသားဖြစ်ရုံ တင်မက ယုံမင်းဆက် စာပေလောကကို ဦးဆောင်သူဆိုလည်း မမှားပါဘူး၊ ဒီနေ့ သူ့စာပေပါရမီကို မေးခွန်းထုတ်ခံခဲ့ရတယ်၊ ဒီကိစ္စကို ချက်ချင်းမဖြေရှင်းဘဲ ဘေးထုတ်ထားမယ်ဆိုရင် ဒီတိုင်းပြည်ကို တပါးတိုင်းပြည်များက ပျက်ရယ်ပြုကြပါလိမ့်မယ် မယ်တော်ကြီး!”
မယ်တော်ကြီး ဒေါသဖြင့် ရယ်မောလိုက်သည်။
“ဒါဖြင့်ရင် နင်က ဘယ်လိုသက်သေပြသင့်တယ် ထင်လို့လဲ၊ အဲ့ဒီ ‘လီပိုင်’ ‘ယန်ဝမ့်လီ’ဆိုတဲ့ လူတွေကို ဆင့်ခေါ်ပြီး စစ်ဆေးမေးမြန်းရမှာလား”
ကျန်းဝေ တည်ငြိမ်စွာလျှောက်တင်လိုက်သည်။
“အရှင်မင်းသားက ခန်းဆောင်နီအိပ်မက်ကို ဆယ်ရက်အတွင်း ရေးသားနိုင်ခဲ့တာပါ”
“အဲ့ဒါ တစ်လောကလုံး သိတယ်!”
မယ်တော်ကြီး စိတ်မရှည်စွာ မိန့်လိုက်သည်။
“ခန်းဆောင်နီအိပ်မက်ရဲ့ ပြောင်မြောက်မှုက ကြောက်ခမန်းလိလိပါပဲ”
ကျန်းဝေ ဖြည်းညှင်းစွာ လျှောက်တင်လိုက်သည်။
“မယ်တော်ကြီး စဉ်းစားကြည့်တော်မူပါ၊ ဒီလို ဂန္ထဝင်လက် ရာမျိုးကို ရေးသားနိုင်တဲ့ စာပေပညာရှင်တစ်ပါးက တပါးသူတွေရဲ့ကဗျာကို ခိုးကူးရလောက်တဲ့အထိ အဆင့်နိမ့်ပါးနိုင်ပါ့မလား”
မယ်တော်ကြီးနဲ့ ယွဲ့ဟွာတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး ကြက်သေသေသွားကြသည်။
ဘယ်လိုဖြစ်တာလဲ…
ကျန်းကျီမြောင်ရဲ့ ခမည်းတော်က သူတို့ကိုကူညီပေးနေတာလား ?
ယွဲ့ဟွာ မျက်လုံးများ အရောင်လက်သွားသည်။ သို့သော် ရုတ်တရက် ပြန်တည်ငြိမ်သွားခဲ့ပါသည်။ ဒီ ကျန်းဝေဆိုသည့် လူအိုကြီးက အလွန်ခေါင်းမာသူဖြစ်သည်။ ကျန်းဝေကို သူ့ဘက်ရောက်လာအောင် ယွဲ့ဟွာ အကြိမ်ကြိမ် ကြိုးစားခဲ့ပါသော်လည်း ရလဒ်မကောင်းခဲ့ပါ။ သို့သော် ကျန်းဝေက ခေါင်းလည်းမာသလို ဂုဏ်သိက္ခာလည်း ကြီးမားသူဖြစ်သည်။ ဧကန္တ သူရေးသားခဲ့သည့် ခန်းဆောင်နီအိပ်မက်က အမှန်တကယ် ကောင်းမွန်မှန်း သိသဖြင့် သူ့ဘက်မှ ဝင်ကူပြောပေးနေခြင်း ဖြစ်နိုင်လောက်သည်။
ကျန်းဝေ၏လျှောက်တင်မှုကြောင့် ယွဲ့ဟွာ တစ်စုံတစ်ခုကို သတိရသွားပြီး သရော်သံဖြင့် မေးလိုက်သည်။
“အစ်ကိုတော့်ကို ကဗျာတွေ ဆက်သခဲ့ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်က ခန်းဆောင်နီအိပ်မက်ကိုကော ဆက်သခဲ့သေးလား”
ကဗျာတွေက တိုတောင်းပြီး ကျစ်လျစ်သည်။ ယခင်ကမ္ဘာမှာဆို ပညာအနည်းငယ်တတ်ထားသည့်လူတိုင်း ကဗျာတွေကိုကျက်မှတ်ကာ မှတ်မိလွယ်နိုင်ပါသည်။ သို့သော် ခန်းဆောင်နီအိပ်မက်တော့ စာနှစ်ကြောင်းသုံးကြောင်းသာ ရှိသည့် ကဗျာတွေလိုမဟုတ်ပေ။ လူသားဦးနှောက်နဲ့ ဝတ္ထုတစ်ပုဒ်လုံးကို ကျက်မှတ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ယွဲ့ဟွာပင် အာရုံထဲတွင် .txt စာဖိုင်တွေ ရှိနေတာကြောင့်သာ ရေးနိုင်ခဲ့ခြင်းဖြစ်သည်။
အဲ့ဒီပုဂ္ဂိုလ်ရဲ့ အာရုံထဲမှာကော .txt စာဖိုင်တွေ ရှိနေနိုင်မှာတဲ့လား။
ယွဲ့လင်း တည်ငြိမ်စွာ ဖြေကြားလိုက်သည်။
“အဲ့တာကိုတော့ မဆက်သခဲ့ပါဘူး”
“ဪ ဟုတ်လား”
ယွဲ့ဟွာ လှောင်ပြုံး ပြုံးလျက် လျှောက်တင်လိုက်ပါသည်။
“ညီတော် ဝန်ခံပါတယ်၊ အဲ့ဒီ ကဗျာအများစုကို ညီတော် ဒီရောက်မှ လက်တန်းစဉ်းစားခဲ့တာ မဟုတ်ဘူး၊ အရင်က တည်းက ရေးဖွဲ့ထားပြီးမှတ်သားခဲ့တာ၊ ညီတော် တစ်ခါ တလေ ကဗျာတွေ ရွတ်ဖတ်နေတာကို အဲ့ဒီပုဂ္ဂိုလ်ကြားသွားပြီး ခိုးမှတ်ထားတာဖြစ်နိုင်တယ်၊ အဲ့ဒီနောက် ညီတော့်ကို စွပ်စွဲဖို့ အကွက်ချကြံစည်ခဲ့တယ်၊ အဲ့ဒီပုဂ္ဂိုလ်ရဲ့ လိမ် လည် လှည့်ဖျားထောင်ချောက်ထဲ မသက်ဆင်းပါနဲ့ အစ်ကိုတော်”
ကျန်းကျီမြောင်လည်း နွေးထွေးစွာ ဝင်ထောက်ခံလိုက်ပါသည်။
“ကဗျာတွေဆိုတာတိုတောင်းတယ်၊ ခိုးမှတ်ထားဖို့ လွယ်ကူတဲ့ စာပေတွေပဲ၊ ဒါပေမယ့် ခန်းဆောင်နီအိပ်မက်လိုမျိုးဂန္ထဝင်လက်ရာမျိုးကတော့… အဲ့ဒီပုဂ္ဂိုလ် အလွတ်ကျက်မှတ်နိုင်မယ့် စာပေမျိုးမဟုတ်ဘူးလေ”
ကျန်းကျီမြောင်၏အချိန်ကိုက် စကားကြောင့် ယွဲ့ဟွာအားပိုတက်သွားရသည်။
ကျန်းသားအဖက သူ့ဘက်ကို ကူးပြောင်းလာကြပြီလား ?
ဒီလိုပဲ ဖြစ်ရမှာပေါ့!
မယ်တော်ကြီးလည်း မျက်နှာအနည်းငယ် ပြေလျော့သွားခဲ့ပါသည်။
ယုံကြည်ချက် ပြန်လည်ပြည့်ဝသွားပြီဖြစ်သည့် ယွဲ့ဟွာက ယွဲ့လင်းကို ဂုဏ်ယူဝံ့ကြွားမှုအပြည့်ဖြင့် မော်ကြည့်လိုက်သည်။
“အမှန်ပဲ အစ်ကိုတော်၊ ညီတော် ဆယ်ရက်လောက် မအိပ်မစားဘဲ ဒီဝတ္ထုကို အပတ်တကုတ် ရေးသားခဲ့တာ၊ အဲ့ဒီပုဂ္ဂိုလ်က ကဗျာတွေကို ခိုးချင်ခိုးနိုင်လိမ့်မယ်၊ ဒါပေမယ့် ခန်းဆောင်နီအိပ်မက်ကိုတော့ လုံးဝခိုးနိုင်မှာမဟုတ်ဘူး!”
ဧည့်သည်တော်များလည်း တီးတိုးပြောဆိုကုန်ကြသည်။ “အရှင်မင်းသား ရှင်းပြတာ အဓိပ္ပာယ်ရှိတယ်”
“ခန်းဆောင်နီအိပ်မက်လို ဂန္ထဝင်လက်ရာမျိုးကို ရေးသားနိုင်တဲ့ အရှင်မင်းသားက သူများကဗျာတွေကို ခိုးဖို့ လိုပါ့မလား”
“မွေးကတည်းက ဝမ်းတွင်းပါရမီပါတဲ့လူဆိုတာ တကယ်ရှိမယ်ထင်တယ်”
ဧည့်သည်တော်များ၏ အထင်အမြင်များ ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။ ယွဲ့ဟွာ ပြုံးသွားပြီး ကျန်းကျီမြောင်ကို အတင့်ရဲစွာမော်ကြည့်လိုက်ပါသည်။ ကျန်းကျီမြောင်သာ ဒီလိုသိတတ်လိမ္မာနေမည်ဆိုလျှင် သူထီးနန်းရသည်နှင့် တစ်ပြိုင်နက် သူ့အနောက်နန်းဆောင်ထဲခေါ်ယူဖို့ရာ စဉ်းစားပေးနိုင်သည်ပင်။
ယွဲ့လင်းကတော့ ခံစားချက်မဲ့သော မျက်နှာမျိုးဖြင့် ဆက်ထိုင်နေလေသည်။ သူ့အား ကျန်းကျီမြောင် သစ္စာဖောက်မှာ မဟုတ်မှန်း ယွဲ့လင်းယုံကြည်သည်။ သို့သော် ယွဲ့ဟွာ၏ မောက်မာသောအပြုံးနှင့် ကျန်းကျီမြောင်အားကြည့်နေသည့် သူ့အကြည့်ကိုမြင်သောအခါ ယွဲ့လင်း ခေါင်းတွေ ထိုးကိုက်လာခဲ့သည်။ သူ့ရဲ့ ခေါင်းကိုက်ဝေဒနာ ရုတ်တ ရက် ပြန်ပေါ်လာခဲ့ပါသည်။
[လခွမ်း! ဒီတဏှာရူးမင်းသားက ငါ့ကို အဲ့လိုအကြည့်မျိုးနဲ့ ကြည့်ရဲတယ်ပေါ့! သွားစမ်းပါ! ရှူးရှူး! ရွံလွန်းလို့ သေတော့မှာပဲ!]
ကျန်းကျီမြောင်၏ စိတ်ချောက်ချားနေသော အတွေးသံ ယွဲ့လင်း အာရုံထဲရုတ်တရက် ပေါ်လာခဲ့ပါသည်။ ထိုအခါ သူ့ခေါင်းကိုက်ဝေဒနာလည်း ချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့ရသည်။ ယွဲ့ဟွာ အကြည့်တွေကိုမြင်သော အခါ ယွဲ့လင်း လက်သီးများကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိပြီး မျက်လုံးတွေထဲမှာလည်း လူသတ်ချင်သည့် အရိပ် အယောင်များ ပေါ်လာပါသည်။
သူ့မိဖုရားကို ကြံရွယ်ရဲတယ်ပေါ့!
“အရှင်မင်းသားရဲ့ပါရမီကို ဒီလူအိုကြီး ရာနှုန်းပြည့်ယုံ ကြည်ပြီးသားပါ”
ကျန်းဝေ ဖြည်းညှင်းစွာ လျှောက်တင်လိုက်သည်။
“တကယ်တော့ နန်းတော်ထဲမှာ ခန်းဆောင်နီအိပ်မက်ကို နှစ်သက်မြတ်နိုးတဲ့သူတွေ အများကြီးရှိတယ်”
ယွဲ့ဟွာ ပြုံးလိုက်သည်။
“ဝန်ကြီးချုပ် အဲ့လောက် မြှောက်ပင့်စရာမလိုပါဘူး”
“ခန်းဆောင်နီအိပ်မက် ဝတ္ထုကကျယ်ပြန့်ပြီး အဓိပ္ပာယ်လေးနက်မှုလည်းရှိတယ်၊ ကြာပန်းကြည့်လို့ ပြီးဆုံးသွားကြပြီဆိုတော့ ခန်းဆောင်နီအိပ်မက် စာအုပ်အကြောင်း ဆွေးနွေးကြရအောင်လား”
ကျန်းဝေ မျက်လုံးများမှေးစင်းသွားအောင် ပြုံးလျက် လျှောက်တင်လိုက်ပါသည်။
“ကောင်းပါပြီ”
ယွဲ့ဟွာ တင့်တယ်စွာ ဖြေကြားလိုက်သည်။
ကျန်းဝေပြုံးလိုက်ပြီး လမ်းဖယ်ပေးလိုက်သည်။ ထိုအခါ ငယ်ရွယ်သည့် နန်းတွင်းအရာရှိလေးတချို့ ချက်ချင်းရှေ့ ထွက်လာကြလေသည်။
“မင်းသာအန်းဟယ်၊ ဒီငယ်သား နားမလည်တာရှိလို့ပါ ? ချင်ခယ့်ချင်း သေဆုံးသွားပြီးတဲ့နောက် သူ့ဈာပနက ဘာလို့ အရမ်းကြီးကျယ်ခမ်းနားနေရတာလဲ ? သူ့မှာ လျှို့ဝှက်ထားတဲ့ တခြားအကြောင်းအရာတစ်ခုခုများ ရှိလို့လား”
ယွဲ့ဟွာ ကြက်သေသေသွားသည်။ ယခင်ဘဝတုန်းက သူ စာဖတ်ရတာကို အလွန်မုန်းတီးသည်။ ခန်းဆောင်နီအိပ် မက်ကို တစ်ခါမှမဖတ်ဖူးခဲ့ချေ။ သူ့အာရုံထဲရှိ txt ဖိုင်ထဲမှ စာများကို ၏သည်မရွေး တစ်လုံးချင်းကူးချခဲ့ခြင်းသာ ဖြစ်သည်။
ချင်ခယ့်ချင်းဟုတ်လား… အဲ့တာ ဘယ်သူလဲ ?
သူ့ဈာပနက ဘာဖြစ်နေလို့လဲ ? ဒီဝတ္ထုက ဂန္ထဝင်ဝတ္ထုကြီး လေးပုဒ်ထဲက တစ်ပုဒ်လေ
ဘာဟာကွက်မှ ရှိမှာ မဟုတ်ဘူး!
ယွဲ့ဟွာ ယုံကြည်ချက်အပြည့်ဖြင့် ဖြေကြားလိုက်သည်။
“ဝတ္ထုကို သေချာ ပြန်ဖတ်သင့်တယ်၊ ဈာပနရဲ့အရွယ်အ စားက အဲ့လိုပဲ၊ ဘာအမှားအယွင်းမှ မရှိဘူး”
နန်းတွင်းအရာရှိငယ်လေး အနည်းငယ် စိတ်ပျက်သွား၏။ ထို့နောက် ထိုဇာတ်ကောင်၏အဆင့်အတန်းနှင့် ဆန့်ကျင် ဘက်ဖြစ်နေသော အသေးစိတ်အချက်အလက်တချို့ကို စတင် ဖော်ထုတ်ပြလေသည်။ တခြားသူတွေလည်း စာ အုပ်တွေကို ချက်ချင်းထုတ်လိုက်ပြီး အပြင်းအထန်ဆွေး နွေးကာ စကားလုံးတချို့၏နောက်ကွယ်က လေးနက်သော အဓိပ္ပာယ်များကိုလည်း မေးမြန်းခဲ့ကြသည်။
သို့သော် ထိုကဲ့သို့ ‘လေးနက်သော အဓိပ္ပာယ်များ’ကို ယွဲ့ဟွာ မည်သို့နားလည်နိုင်မည်နည်း။ သူ ဒီတိုင်း ကူးချခဲ့ရုံသာ။ မေးခွန်းတွေ များပြားလာသောအခါ ယွဲ့ဟွာ အဖြေတွေကလည်း ခွတီးခွကျနိုင်လာသည်။ ယွဲ့ဟွာကို ကြည့်နေသည့် လူများ၏အကြည့်များမှာလည်း ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့သည်။ စာအုပ်ရဲ့စာရေးဆရာကိုယ်တိုင်က လေးနက်တဲ့ အဓိပ္ပာယ်တွေကို နားမလည်နိုင်ဘူးတဲ့လား…
“အရှင်မင်းသား ဒီငယ်သားလည်း နားမလည်တာ တစ်ခုရှိပါတယ်။ ‘တောနက်ထဲမှာ ချိတ်ဆွဲထားတဲ့ ကျောက်စိမ်းခါးပတ်၊ နှင်းတွေထဲမှာ မြှုပ်နှံထားတဲ့ ရွှေဆံထိုး’ ဆိုပြီး သိုက်ယွီနဲ့ ပေါင်ချိုင်တို့အတွက် ဟောကိန်းရှိပါတယ်၊ အဲ့တာကို ဘယ်လိုအဓိပ္ပာယ်ကောက်သင့်လဲ”
ယွဲ့ဟွာ အတော်လေး စိတ်မရှည်ဖြစ်လာပါသည်။
“ဟောကိန်းက အဲ့လောက်အရေးပါလို့လား၊ အတွေးမလွန်နဲ့ကွ!”
ဧည့်သည်တော်တွေ အားလုံး တုန်လှုပ်ကာ တိတ်ဆိတ်သွားကြသည်။ စာအုပ်ကိုသေသေချာချာဖတ်ဖူးသူတိုင်း ထိုဟောကိန်းမှာ ဇာတ်လမ်းတစ်ခုလုံးအတွက် အရေးပါမှန်း သိကြလိမ့်မည်။ ‘အရေးပါလို့လား’ဟူသည့် မေးခွန်းမျိုး စာရေးသူနှုတ်မှထွက်လာခြင်းက အဓိပ္ပာယ်မဲ့လွန်းသည်။
“အရှင်မင်းသား ဒီငယ်သားလည်း မေးမြန်းစရာရှိပါတယ်။ ဝတ္ထုထဲက ‘မြင်ကွင်းတခွင်က မက်မွန်ရောင်အလံလွှင့်ရာဆီ’ ကဗျာကို ဘယ်သူရေးသားခဲ့တာလဲ”
ယွဲ့ဟွာ မျက်နှာပျက်သွားပြီး နဖူးပေါ်မှ ချွေးသီးချွေး ပေါက်များ ကျလာပါပြီ။ သူ ကူးချခဲ့တာမှန်သော်လည်း ဘာမှ မမှတ်မိပေ။ အာရုံထဲမှာ ထိုစာဖိုင်ကိုရှာကြည့်ဖို့ ကြိုးစားသော်လည်း ထိုအပိုင်းပါသည့် စာမျက်နှာအားအမြန် မရှာဖွေနိုင်ခဲ့ချေ။
မေးခွန်းကိုမူ… ယွဲ့ဟွာ မဖြေနိုင်ခဲ့ပေ။
ဧည့်သည်တော်များ တစ်ဦးမျက်နှာတစ်ဦး ကြည့်ကုန်ကြပြီး တိတ်ဆိတ်မှုကြီးက ကြက်သီးထစရာပင်ကောင်းလာပြီဖြစ်သည်။