အခန်း (၃၁)
Vol. 4 Ch. 31
ထို့နောက် အခမ်းအနားတစ်ခုလုံး စတင်ကြွက်ကြွက်ညံလာရချေသည်။
ဧည့်သည်တော်အများစုက တိုးညှင်းစွာဆွေးနွေးနေကြသည်။ ခန်းဆောင်နီအိပ်မက် ဝတ္ထုကို ဇာတ်သိမ်းထားတာ မကြာသေးပါ။ လက်ရာတစ်ခုက ဘယ်လောက်ပဲကောင်း မွန်နေပါစေ ထင်ပေါ်ကျော်ကြားနိုင်ဖို့ အချိန်တစ်ခုတော့ ပေးရမည်ဖြစ်သည်။
သို့သော် ဒီဝတ္ထုအားရေးသားထားသူမှာ တခြားသူမဟုတ်ဘဲ မင်းသားအန်းဟယ်ဖြစ်သည်။ ထို့အပြင် အရှင်မင်းကြီး ကိုယ်တိုင်ကလည်း ဝတ္ထုကိုချီးမြှောက်ပေးထားသည်။ ထို့ ကြောင့် ယွဲ့ဟွာဘက်တော်သားများသာမက ယွဲ့လင်းဘက် တော်သားများကပါ ခန်းဆောင်နီအိပ်မက်အား နန်းတွင်းရေးရာတစ်ခုလို သဘောထားခဲ့ကြပြီး မဖတ်မနေရဖတ်ရှုခဲ့ကြသည်။
ခန်းဆောင်နီအိပ်မက်ကို လေးလေးနက်နက် ဖတ်ရှုပြီးသွားသည့်အခါတွင်လည်း လူတိုင်းက မတူညီသည့် ခံစားချက်များခံစားခဲ့ကြရသည်။
ချစ်ရေးချစ်ရာကို ရှာဖွေသူတို့က ရင်နာစရာ အချစ်ဇာတ် လမ်းလေးတစ်ပုဒ်ကိုမြင်ကြလိမ့်မည်။ ဇာတ်ကောင်များအကြား အားပြိုင်မှုကို မြင်ချင်သူတို့က အပေါ်ရံရွှေမှုန်ကြဲထားသည့် ပဋိပက္ခ ဇာတ်လမ်းတစ်ပုဒ်ကို မြင်ကြလိမ့် မည်။ ရသတစ်ခုခု ခံစားရဖို့ ရှာဖွေနေသူတွေကလည်း ဇာတ်လမ်းထဲရှိ ကျားမိသားစုကြီးပွားချိန်တွင် ဝမ်းမြောက် မိပြီး ကျရှုံးချိန်မှာလည်း အတူဝမ်းနည်းမိကြလိမ့်မည်။
ထို့ကြောင့် ကြာပန်းကြည့်ညစာစားပွဲသို့ တက်ရောက်လာသူ အများစုမှာ ခန်းဆောင်နီအိပ်မက်ကို ဖတ်ရှုပြီးပြီဖြစ်ကြသည်။ အစကတော့ ခန်းဆောင်နီအိပ်မက်အကြောင်း ဆွေးနွေးကြမည်ဟု ဝန်ကြီးချုပ်ကြေညာလိုက်သောအခါ အားလုံး ပျော်ရွှင်သွားခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် ဝတ္ထုထဲမှာ သူတို့နားမလည်သည့် အချက်တွေ အများကြီးရှိနေသေးသည်။ စာရေးသူကိုယ်တိုင်အား မေးမြန်းနိုင်လျှင် အားလုံး ရှင်းလင်းသွားလိမ့်မည်ဟု ထင်ထားခဲ့ကြ၏။
သို့သော်… ဒီစာရေးသူက စာဖတ်သူများလောက်ပင် ဝတ္ထုအကြောင်း နားမလည်သည့်ပုံစံပေါက်နေပါသည်။
“ဘယ်လိုဖြစ်တာတုန်း၊ ဝတ္ထုထဲက ‘မြင်ကွင်းတခွင်က မက်မွန်ရောင်အလံလွှင့်ရာဆီ’ ကဗျာကို ဘယ်သူရေးသားခဲ့မှန်းတောင် အရှင်မင်းသား မသိဘူးလား”
စုန့်ကျန်းကျန်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ ထို့ နောက် ရှေ့သို့ ပြန်လှည့်ကြည့်လိုက်ရာ သူမ၏ အခင်မင်ဆုံးမိတ်ဆွေဖြစ်သော ရှဲ့ချိုး မျက်နှာချက်ချင်းဖြူရော်သွားသည်ကို မြင်လိုက်ရလေသည်။
စုန့်ကျန်းကျန်း ရင်တုန်သွား၏။ မယ်တော်ကြီးကမင်းသား အန်းဟယ်နှင့် မြို့စားကြီးရှဲ့၏ တစ်ဦးတည်းသော သမီးတော် ရှဲ့ချိုးတို့အား လက်ဆက်ပေးဖို့ကြံရွယ်နေမှန်း နန်းတွင်း နန်းပြင်ရှိ လူတိုင်းသိကြသည်။ လက်ဆက်ထိန်းမြှားဖို့ပြင်ဆင်မှုမှာ နောက်ဆုံး အဆင့်သို့ရောက်ရှိနေပြီဖြစ် သည်။
ရှဲ့ချိုးကလည်း သူမ၏ခင်ပွန်းလောင်းကို အလွန်သဘော ကျသည်။ နှစ်ယောက်သား တရားဝင် မဆုံဖူးသေးသော် လည်း ယွဲ့ဟွာ၏ဂုဏ်သတင်းများကို သူမ ကြားဖူးပြီးသားဖြစ်သည်။ ယွဲ့ဟွာ ရေးသားထားသည့် ကဗျာလင်္ကာတိုင်းကို ရှဲ့ချိုး စုဆောင်းခဲ့ပြီး အရူးအမူးဖတ်ရှုခဲ့သည်။ ခန်းဆောင်နီအိပ်မက် ထွက်လာသည့်အချိန်တုန်းကလည်း ချက်ချင်း ဖတ်ရှုခဲ့သည်။ တစ်အုပ်လုံး ဖတ်ရှုပြီးသွားသောအခါ သူမ မျက်ဝန်းတို့ နီမြန်းခဲ့ရသည်။ ထိုဇာတ် လမ်းကို အချိန်အတော်ကြာအောင် မေ့မရနိုင်ခဲ့ပေ။ ယွဲ့ဟွာအပေါ် လေးစားကြည်ညိုမှုတွေလည်း ပိုမိုတိုးပွားလာခဲ့သည်။ ဒါသူမရဲ့ ခင်ပွန်းလောင်းဖြစ်သည်။ တစ်လောကလုံးရှိအပျိုစင်တိုင်းကို ဆွဲဆောင်နိုင်သည့် ပါရမီမျိုးနှင့် ဒီလိုလူကို သူမ မကြာခင်ပိုင်ဆိုင်ရပါတော့မည်။
ယနေ့လည်း ယွဲ့ဟွာနဲ့ ဆုံတွေ့ကောင်းဆုံတွေ့ရနိုင်သည်ဟူသည့် မျှော်လင့်ချက်လေးဖြင့် ညစာစားပွဲတက်ရောက်လာခဲ့သည်။ ကဗျာစပ်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း မယ် တော်ကြီး ကြေညာသောအခါ ရှဲ့ချိုးအလွန်စိတ်လှုပ်ရှားခဲ့ရသည်။ သို့သော် ထင်မှတ်မထားသည့် ပြဿနာတွေဖြစ် လာခဲ့သည်။ ယွဲ့ဟွာ ရေးဖွဲ့ထားသည်ဟုဆိုသော ကဗျာများကို အရှင်မင်းကြီးကကြိုသိနေလေသည်။
ရှဲ့ချိုး ရင်တွေ တုန်ယင်သွားခဲ့သည်။ သို့သော် သူမ လက် မခံနိုင်ခဲ့ပေ။ မင်းသားအန်းဟယ်၏ပါရမီက အတုအ ယောင် လုံးဝမဖြစ်နိုင်ပါ။
သို့သော်လည်း သိပ်မကြာလိုက်ဘဲ ညစာစားပွဲ အရှေ့ဘက်မှ သတင်းထူးတွေကို ကြားခဲ့ရပြန်သည်။ ယွဲ့ဟွာအား ‘ဆိတ်ငြိမ်ညရဲ့ အတွေးများ’အကြောင်း ကျန်းကျီမြောင် မေးခွန်းထုတ်မှုနှင့် ကြင်ယာတော်သဲ့၏ မေးခွန်းထုတ်မှုတို့ကို သူမ ကြားသိခဲ့ရသော်လည်း ကိုယ့်စိတ် ကိုယ် ဆက်ဖြောင်းဖြထားခဲ့သည်။
မဖြစ်နိုင်ဘူး… မင်းသားအန်းဟယ်အကြောင်း သူတို့ ကောင်းကောင်း နားမလည်လို့ အဲ့လို သံသယဝင်နေကြတာ။
ပါရမီအစစ်အမှန်ကို ဉာဏ်ရည်နိမ့်တဲ့လူတွေက နားလည်နိုင်မှာ မဟုတ်ဘူး!
ရှဲ့ချိုး စိုးရိမ်ပူပန်စွာ သတင်းကို ဆက်လက်စောင့်မျှော်နေခဲ့သည်။ နောက်ဆုံးတော့ အရှင်မင်းသား အခွင့်ပြန်သာသွားသည့်အကြောင်းကြားခဲ့ရပြီး စိတ်သက်သာရာ ရခဲ့ပါသည်။ အရှင်မင်းသားကို တစ်စက္ကန့်လောက် သံသယဖြစ်ခဲ့မိသည့်အတွက် ကိုယ့်ကိုကိုယ်ပင် အပြစ်ပင်တင်မိသည်။ အခုတောင် သူမနဲ့အတူ ခန်းဆောင်နီအိပ်မက်စာအုပ်ကို ယူဆောင်လာခဲ့ပါသည်။
ဒီလို ဂန္ထဝင်စာအုပ်မျိုးကို ရေးသားခဲ့သူ တစ်ယောက်က သူများစာပေကို ခိုးယူဖို့ လိုအပ်ပါ့မလား ?
သို့သော်လည်း နောက်ဆုံးရ သတင်းကို ရှဲ့ချိုး ကြားခဲ့ရပြန်သည်။ ဝတ္ထုနှင့်ပတ်သတ်၍ နန်းတွင်းအရာရှိလေးများက မေးခွန်းထုတ်သောအခါ ယွဲ့ဟွာ၏အဖြေများမှာအလွန် အဓိပ္ပာယ်မဲ့လွန်းနေပါသည်။ လက်ထဲက ပဝါလေးကို ရှဲ့ချိုး တင်းကြပ်စွာ ဆုတ်ကိုင်လိုက်မိသည်။
“ရှောင်ချိုး အရမ်းကြီး စိတ်မဖိစီးပါနဲ့”
စုန့်ကျန်းကျန်း နှစ်သိမ့်ပေးလိုက်သည်။
“အရှင်မင်းသားမှာ တခြား အစီအစဉ်တစ်ခုခုရှိမှာပါ”
ရှဲ့ချိုး စိတ်မပါစွာ ခေါင်းညိတ်လိုက်သော်လည်း သူ့ မျက် လုံးတို့တွင် စိုးရိမ်ကြောင့်ကြမှုများဖြင့်သာ ပြည့်နှက်နေလေသည်။
--- --- ---
ယွဲ့ဟွာ ဇောချွေးတွေ ပြန်နေပြီး အံကြိတ်လျက် အားတင်းကာ ပြောလိုက်သည်။
“ငါစာရေးတဲ့အခါ ဇာတ်လမ်းအသွားအလာကို အာရုံစိုက် အသားပေးပြီးရေးတာ၊ အဲ့တာကြောင့် တချို့ အသေးစိတ်အချက်တွေကို မမှတ်မိတာ မဆန်းဘူး”
အားလုံး ခေတ္တတိတ်ဆိတ်သွားခဲ့ကြသည်။ ဒီဝတ္ထုက သာမန်အပေါစားဝတ္ထုတစ်ပုဒ်ဆိုလျှင်တော့ အသေးစိတ်ကို မေ့လျော့သွားတာဖြစ်နိုင်ပါသည်။ သို့သော်လည်း ခန်းဆောင်နီအိပ်မက်က အပေါစားဝတ္ထုမဟုတ်ပါ။ ဒီလောက် လေးနက်သည့် စာပေတစ်ခုကို ရေးသားနိုင်သူက အသေး စိတ်ကျသည့် အချက်တွေကိုတော့ မေ့လျော့နေသတဲ့လား ? ထိုဖြေရှင်းချက်က လုံးဝအဓိပ္ပာယ်မရှိချေ။
“အရှင်မင်းသားက ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်ပဲ၊ ပြိုင် ဘက်ကင်းတယ်ဆိုမှတော့ တချို့နေရာတွေမှာ သာမန်လူတွေနဲ့ ကွဲပြားခြားနားနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ”
ဘာသာရေးဝန်ကြီးချန်ကျင်းမင်က ယွဲ့ဟွာဘက်မှ ရပ် တည်ကာ ကူဖြေရှင်းပေးလိုက်လေသည်။
“ဝန်ကြီးချန်ပြောတာ မှန်တယ်၊ အရှင်မင်းသားရဲ့ စာပေပါရမီက ကျုပ်တို့တစ်တွေ ပြီးစလွယ်သုံးသပ်လို့ရတဲ့ အရာထဲမှာ မပါဘူး”
နောက်တစ်ဦးကလည်း ဝင်ရောက်ထောက်ခံသည်။
ကျန်းကျီမြောင် နားရွက်ထောင်သွားရသည်။
ဝန်ကြီးချန်တဲ့!
လက်ရှိဝန်ကြီးခြောက်ပါးရှိသည့်အနက် ချန်မျိုးရိုးအမည်နှင့် ဝန်ကြီးတစ်ပါးသာရှိသည်။
[ဟယ်! အဲ့တာ ကြင်ယာတော်ချန်ရဲ့ အဖေလား ? ယောက်ျားကော မိန်းမကော ကြုံသလိုစားတဲ့ လူကြမ်းကြီးမလား]
ကျန်းကျီမြောင် ခါးမတ်သွားပြီး တွေးလိုက်လေသည်။
ထိုအတင်းအဖျင်းကို ပထမဆုံးကြားဖူးခြင်းဖြစ်သော ယွဲ့လင်းလည်း ခါးမတ်သွားလေသည်။
ယောက်ျားကော မိန်းမကော ကြုံသလိုစားတယ် ဟုတ် လား…
အဲ့တာ ဘာအဓိပ္ပာယ်များလဲ…
ချန်ရှုယိနှင့် အန်းကျောက်ရီတို့လည်း ဝန်ကြီးချန်ကို မချိ တင်ကဲမျက်နှာများဖြင့် ကြည့်လိုက်ကြသည်။
[အပေါ်ယံကြည့်ရင် ရိုးသားဖြောင့်မတ်မယ့်ပုံစံဆိုတော့ လူကွယ်ရာရောက်ရင် အဲ့လောက် ကြမ်းတဲ့လူဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ တွေးမိကြမှာမဟုတ်ဘူး၊ ဒါပေမယ့် ဒီကိစ္စက နည်းနည်းထူးဆန်းတယ်…]
[ဝန်ကြီးချန်က ယွဲ့ဟွာဘက်တော်သားပဲ၊ သုံးနှစ်အကြာမှာ ယွဲ့လင်း ရုတ်တရက် နတ်ရွာစံသွားတော့ ယွဲ့ဟွာထီးနန်း ရသွားတယ်၊ ချန်မိသားစုကလည်း ယွဲ့ဟွာသဘောအကျဆုံး အရေးအပေးဆုံး မိသားစုဖြစ်လာတယ်၊ ဒါပေမယ့် ချန်ရှုယိနဲ့ အန်းကျောက်ရီတို့ရဲ့ ကံကြမ္မာတွေကတော့ မကောင်းလှဘူး၊ ချန်ရှုယိရဲ့အမေက ချန်အိမ်တော်မှာ ဆိုးဆိုးရွားရွား နာမကျန်းဖြစ်နေခဲ့တာ၊ သူ့အမေ မသေခင် ချန်ရှုယိ အိမ်ကို တစ်ခါပြန်သွားခဲ့တယ်၊ သူ့အမေသေသွားပြီးနောက်ပိုင်း နန်းတော်ကိုပြန်လာတော့ သိပ်မကြာလိုက်ဘဲ သူလည်း စိတ်ဓာတ်ကျပြီးသေသွားခဲ့ရတယ်၊အန်းမိသားစုကို ပြစ်ဒဏ်ကြီးကြီးမားမားကျူးလွန်တယ်လို့ စီရင်ချက်ချပြီး နယ်နှင်ဒဏ်ပေးခဲ့တယ်၊ အန်းကျောက်ရီက ဘုရားကျောင်းတစ်ခုမှာ တစ်သက်လုံးသီလရှင်ဝတ်သွားခဲ့တယ်]
[နောက်ဆုံးတော့ စည်းစိမ်တွေ အာဏာတွေ ပိုင်ဆိုင်သွားတဲ့လူဆိုလို့ ဝန်ကြီးချန်တစ်ယောက်တည်းပဲ ရှိတယ်။ တခြား ဘယ်သူမှ ဇာတ်သိမ်းမလှကြဘူး]
ကျန်းကျီမြောင် ညည်းညူတွေးတောနေစဉ် ချန်ရှုယိနှင့် အန်းကျောက်ရီတို့၏မျက်နှာများ မယုံကြည်နိုင်အောင် ပျက်သွားကြလေသည်။ အထူးသဖြင့် ချန်ရှုယိဆို တစ်ကိုယ်လုံးတုန်ယင်သွားရသည်။
သုံးနှစ်ကြာသောအခါ အရှင်မင်းကြီး ရုတ်တရက် နတ်ရွာ စံသွားမည်။ ထီးနန်းကို ယွဲ့ဟွာပိုင်ဆိုင်သွားလိမ့်မည်။ ချန်မိသားစုကြီးပွားလာမှာ ဖြစ်သော်လည်း ထိုကြီးပွားမှုက သူမတို့ သားအမိနှင့် မသက်ဆိုင်ပေ။ မယ်တော်က အမြဲ တမ်း ကျန်းမာသန်စွမ်းနေသူဖြစ်သဖြင့် ရုတ်တရက် နာမကျန်းဖြစ်ပြီး ဆုံးပါးသွားသည်ဆိုတာမဖြစ်နိုင်ပါ။ ထို့ပြင် ချန်ရှုယိက ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ပျော့ညံ့သူဟုလည်းမထင်မိပေ။ ထို့ကြောင့် မယ်တော် ဆုံးပါးသွားသော အခါ သူမလည်း စိတ်ဓာတ်ကျသွားပြီး သေဆုံးသွားရသည်ဆိုသည်အား ဘယ်လိုမှ မယုံကြည်နိုင်ပါ။
ခမည်းတော်!
ယွဲ့ဟွာဘက်မှ အားကြိုးမာန်တက် ရပ်တည်ပေးနေသော ခမည်းတော်ဖြစ်သူကို ချန်ရှုယိ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ နှလုံးသားအေးစက်သွားခဲ့ရပါသည်။ ယခု သူမခမည်းတော်က ချန်တစ်မိသားစုလုံးကို ပျက်စီးကိန်းဆိုက်စေမည့် လုပ်ရပ်မျိုးလုပ်နေခြင်းဖြစ်သည်။ သမီးဖြစ်သူကို ယွဲ့လင်း၏အနောက်နန်းဆောင်ထဲ ပို့ဆောင်ခဲ့ပြီး သူကိုယ်တိုင်ကျတော့ ယွဲ့ဟွာ၏ပုန်ကန်မှုတွင် ပါဝင်နေခဲ့သည်။
နန်းတွင်းပုန်ကန်မှုသာ စတင်ခဲ့လျှင် သူမ ဘယ်လိုရှင်သန်ရမလဲဆိုတာ ခမည်းတော်တွေးပူမိရဲ့လား ??
သို့သော် ချန်ရှုယိ နားလည်သွားခဲ့ရသည်။ ခမည်းတော်အတွက် သူမသည် စွန့်ပစ်ခံထားရသည့် နယ်ရုပ်တစ်ရုပ်ထက်မပိုခဲ့ပေ။