← Chapters

အခန်း (၃၂)

Vol. 4 Ch. 32

အခန်း (၃၂)

Vol. 4 Ch. 32

ချန်ကျင်းမင်ကို ကြည့်နေသည့် ကြင်ယာတော်အန်း၏ မျက်လုံးများလည်း အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်။ အစကတော့ သူမရဲ့ ခမည်းတော်အရင်းအပေါ် သံယော ဇဉ်အနည်းငယ် ဖြစ်မိပါသေးသည်။ သို့သော် မိဖုရားကြီး ၏အတွေးကို နားထောင်ကြည့်ခြင်းအားဖြင့် အရာရရှင်း လင်းသွားခဲ့သည်။

အန်းမိသားစုတစ်စုလုံးက မဟုတ်မမှတ် စီရင်ချက်ချခံရဖို့ ကံပါလာခြင်းဖြစ်သည်။ သူမ ခမည်းတော်က နန်းတွင်းရေးရာတွေကိုပင် ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါးနေထိုင်တတ်သူဖြစ်သည်။ ထို့ကြောင့် နယ်နှင်ဒဏ် ပေးရလောက်သည့် ပြစ်မှုမျိုးကျူးလွန်နိုင်မည့်လူ လုံးဝမဟုတ်ပေ။ ဝန်ကြီးချန်တစ်နည်းနည်းဖြင့် ပါဝင်ပတ်သတ်နေခြင်းသာဖြစ်မည်။ တခြား ဘယ်လိုဖြစ်နိုင်ချေကိုမှ အန်းကျောက်ရီ လက်မခံနိုင်ပါ။

ချန်ကျင်းမင်နှင့် ယွဲ့ဟွာ ဘက်တော်သားများက ယွဲ့ဟွာကို ဆက်လက်ကာကွယ်ပေးနေကြသည်။ ကျန်းကျီမြောင်က တော့ ဘာမှ ဂရုမစိုက်ဘဲတည်ငြိမ်အေးဆေးနေပါသည်။ ယနေ့ ယွဲ့ဟွာ၏ဂုဏ်သိက္ခာပြိုလဲမှုကို ရှောင်လွှဲ၍မရနိုင်တော့ချေ။ သူ့ကိုယ် သူ ပိုကာကွယ်လေလေ အရှက်ပိုကွဲလေလေသာဖြစ်လိမ့်မည်။

နှစ်ဖက်အဖွဲ့ ငြင်းခုံလို့ ပြီးချိန်တွင် ကျန်းဝေ လည်ချောင်းရှင်းလိုက်ပြီး ဖြည်းညှင်းစွာလျှောက်လာခဲ့သည်။

“အားလုံးပဲ အရှင်မင်းကြီး ရှိနေသေးတာကို မမေ့ကြပါနဲ့၊ ရာဇပလ္လင်ရှေ့မှာ ငြင်းခုံရမယ်ဆိုရင်တောင် ဂုဏ်သိက္ခာရှိရှိ ငြင်းခုံသင့်တယ်”

နှက်ဖက်အဖွဲ့ တစ်ယောက်မျက်နှာတစ်ယောက် စူးစူးဝါး ဝါးကြည့်လိုက်ကြပြီး တိတ်ဆိတ်သွားကြလေသည်။

ကျန်းဝေကို ယွဲ့ဟွာ မသေချာမရေရာသည့် မျက်လုံးများဖြင့်သာ ကြည့်နေသည်။ ကျန်းသားအဖက ဘယ်သူ့ဘက် တော်သားဖြစ်နေမှန်း သူ ဝေခွဲမရတော့ပေ။

“မင်းသားအန်းဟယ်”ကျန်းဝေ လျှောက်တင်လိုက်သည်။

“ခန်းဆောင်နီအိပ်မက်ကို နိဒါန်းကနေ နိဂုံးအထိ မင်းသားအန်းဟယ် ကိုယ်တိုင်ရေးသားခဲ့တာ အမှန်ပဲလား”

ယွဲ့ဟွာ တွန့်ဆုတ်မှုမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေါ့!”

ကျန်းဝေ ထပ်မံ လျှောက်တင်လိုက်သည်။

“ဒီလူအိုကြီးရဲ့ မိတ်ဆွေတစ်ယောက်က ခန်းဆောင်နီအိပ် မက်ကို ဖတ်ရှုပြီး နှစ်သက်လွန်းတဲ့အတွက် စာစီစာကုံးတစ်ပုဒ်တောင် ရေးသားထားပါသေးတယ်”

ထို့နောက် စာလိပ်တစ်ခုကိုထုတ်ကာ ဝန်ကြီးချန်အားပေး လိုက်သည်။

“ဝန်ကြီးချန် ဖတ်ရှုကြည့်လိုက်ပါလား”

“ဝန်ကြီးချုပ်ကိုယ်တိုင် ပေးအပ်တဲ့ စာတမ်းကို ကျိန်းသေပေါက် ဖတ်ရှုကြည့်ရမှာပေါ့”

စာလိပ်ကို ချန်ကျင်းမင်အပြုံးဖြင့် လက်ခံလိုက်ပြီး စတင်ဖတ်ရှုလိုက်လေသည်။ ပထမတော့ အထင်အမြင်သေးသောအပြုံးဖြင့် ဖတ်ရှုနေတာဖြစ်သော်လည်း ဖတ်ရှုချိန် ကြာမြင့်လေလေ သူ့မျက်နှာအကျည်းတန်လာလေလေ ဖြစ်သည်။ ဖတ်ရှုပြီးစီးသွားသောအခါ စာလိပ်ကိုပင် စုတ်ဖြဲဖျက်ဆီးပစ်လိုက်လေသည်။

“ကျုပ်မှာ အဲ့လို စာလိပ်မျိုးရာချီပြီးရှိပါတယ် ဝန်ကြီးချန်”

ကျန်းဝေ ခပ်ပါးပါး အပြုံးဖြင့် ပြောလိုက်သည်။ ထို့နောက် ဆင်တူ စာလိပ်များဖြင့် ပြည့်နှက်နေသည့် ခြင်းတစ်ခြင်းကို အစေခံများသယ်ဆောင်လာခဲ့ကြသည်။ ကျန်းဝေက တစ်လိပ်ထပ်ယူလိုက်ပြီး ယွဲ့လင်းအား ဆက်သလိုက်လေသည်။

ဝန်ကြီးချန်၏မျက်နှာ ရုတ်တရက် ပြောင်းလဲသွားမှုကို ယွဲ့လင်းလည်း စိတ်ဝင်စားနေသည်။ ကျန်းကျီမြောင် ပြင်ဆင်ထားသည့် “နောက်ဆုံးထိုးနှက်ချက်”ဆိုတာ ဒါပဲဖြစ်ရမည်။ စာလိပ်ကိုဖွင့်ကာ ယွဲ့လင်း ဖတ်ရှုကြည့်လိုက်ပါသည်။

ကျန်းကျီမြောင်ကို ကျန်းဝေလှမ်းကြည့်လိုက်သည်။ ကျန်းကျီမြောင် ပြန်ပြုံးပြလိုက်သည်။ ကျန်းဝေ သက်ပြင်းချမိသွား၏။

မြောင်မြောင် နန်းတော်ထဲကို ရောက်တာ ဘယ်လောက်ကြာသေးလို့လဲ ?

အခုလို ဉာဏ်နီဉာဏ်နက်တွေ များတတ်နေပြီပေါ့…

ဖခင်တစ်ယောက်အနေဖြင့် ဂုဏ်လည်းယူမိသလို အပြစ်ရှိသလိုလည်း ခံစားမိသည်။

နန်းတော်ဆိုတာ လူသားစားသည့်နေရာဖြစ်သည်ဟု ဆိုကြသည်။ အရှင်မင်းကြီး အခြေခိုင်ခိုင်ရပ်တည်နေနိုင်သရွေ့ မြောင်မြောင့်ဘဝကို သူ စိတ်ပူစရာမလိုပါ။ အရှင်မင်းကြီး တစ်ခုခုဖြစ်သွားပါက မြောင်မြောင်သာမက ကျန်းမိသားစု တစ်စုလုံး ကပ်ဆိုက်ရလိမ့်မည်။ သူ့ ခံယူချက်များကြောင့်ပဲဖြစ်စေ၊ မိသားစုနဲ့ သမီးဖြစ်သူအတွက်ပဲဖြစ်စေ ကျန်းဝေ တိုက်ခိုက်ရပါမည်။ မထိုက်တန်သည့် ဂုဏ်ဘွဲ့များကို မင်းသားအန်းဟယ် ပြန်လည်အပ်နှင်းချိန်တန်ခဲ့ပြီ။

ဧည့်သည်တော်များအားလုံးထံ ပြင်ဆင်ထားသည့် စာလိပ်များကို မျှဝေပေးခဲ့သည်။ ယွဲ့ဟွာလည်း တစ်လိပ်ရရှိခဲ့ပါသည်။ ချန်ကျင်းမင်ကဲ့သို့ စာလိပ်တစ်ခုလုံးပင် ဖတ်စရာမလိုခဲ့ပေ။ အပေါ်ပိုင်းကို ဖတ်မိရုံနဲ့ ယွဲ့ဟွာ မျက်နှာ သွေးပျက်ချောက်ချားသွားပြီး ခြေထောက်တွေတောင်မခိုင်ချင် ဖြစ်သွားခဲ့သည်။

စာလိပ်ထဲမှာ ဖော်ပြထားသည့် အဓိကအချက်က ရိုးရှင်းပါသည်။

ခန်းဆောင်နီအိပ်မက်၏ ပထမ အပိုင်း ၈၀ နှင့် ဒုတိယ အပိုင်း ၄၀ တို့ကို စာရေးဆရာတစ်ဦးတစ်ယောက်တည်းမှ ရေးသားထားခြင်းမဖြစ်နိုင်ပေ။

ထို့နောက် စာလိပ်ထဲ မတူညီသည့်အချက်များကိုလည်း နှိုင်းယှဉ်ပြထားသည်။ စကားလုံးအသုံးအနှုန်း အာဘော် ကွဲပြားခြားနားမှုတို့ကို အသေးစိတ်ဖော်ပြထားသည်။

ပထမ အပိုင်း ၈၀ တွင် ကျားအိမ်တော်မှ သုံးဆောင်သည့် အစားအသောက်တိုင်းက အလွန်မြင့်မြတ်သည်။

နောက်ဆုံး အပိုင်း ၄၀ မှာတော့ လင်းသိုက်ယွီက မုန်ညင်းပေါင်းနှင့် ဆန်ပြုတ်ကိုသာ မြိန်ရည်ရှက်ရည်စားသုံးနေခဲ့သည်။ ထို့အပြင် နောက်ဆုံး အပိုင်း ၄၀ အတွင်း ဖြစ်ပျက်ခဲ့သည့် ဇာတ်ကြောင်းအချို့က အရှေ့အပိုင်းတွေမှာအရိပ် အမြွက်ပြထားသော အချက်များနှင့် အနည်းငယ်ကွဲလွဲမှု ရှိနေသည်ဟု ထင်ရသည်။ စာလိပ်ထဲမှာ ထိုအချက်တွေကို တစ်ချက်ချင်း ဖော်ပြထားပါသည်။

စာလိပ်ကို ဖတ်ရှုပြီးသူတိုင်း နားလည်သွားကြလေသည်။ ထို့ကြောင့်လည်း ခန်းဆောင်နီအိပ်မက်ကို ၎င်းတို့ ဖတ်ရှုခဲ့တုန်းက နှစ်ပိုင်းကွဲနေသလို ခံစားခဲ့ရတာဖြစ်ပါလိမ့်မည်။ ဖြစ်ချင်တော့ ခန်းဆောင်နီအိပ်မက်ကို စာရေးဆရာ နှစ်ဦးကရေးသားခဲ့ခြင်းဖြစ်သည်။

ပထမ အပိုင်း ၈၀ မှာ ပြစ်ချက်ကင်းပြီး ဆန်းပြားရှုပ်ထွေးမှုရှိသည်။ ချမ်းသာကြွယ်ဝမှုကိုလည်း ထိထိမိမိနှင့်မြင်သာအောင် ရေးသားဖော်ပြနိုင်သည်။ နောက်ဆုံး အပိုင်း ၄၀ ကိုတော့ မတူညီသည့် စာရေးဆရာက ရေးသားထားပုံပေါ် သည်။ ထို့အပြင် ထိုစာရေးဆရာက အပြင်လောကမှာချမ်း သာကြွယ်ဝသူ ဖြစ်ပုံမပေါ်ပါ။ နောက်ပိုင်းတွင်စာရေးဆရာ ဖြစ်သူသည် ဝတ္ထုထဲ ကဗျာတွေအများကြီးပင် မထည့် သွင်းရဲတော့ပေ။

စာလိပ်ကို အစမှ အဆုံးအထိ ဖတ်ရှုရင်း ရှဲ့ချိုး လက်တွေ တုန်ယင်သွားခဲ့သည်။ ခန်းဆောင်နီအိပ်မက်ကို လေးလေး နက်နက် ဖတ်ရှုဖူးသူတိုင်း ဒီဆန်းစစ်သုံးသပ်ချက်ဘယ် လောက် မှန်ကန်တိကျသလဲဆိုတာ သိနိုင်ပါသည်။

နောက်ဆုံး အပိုင်း ၄၀ က ပထမ အပိုင်း ၈၀ လောက် မကောင်းမှန်း သိသာသည်။ ခန်းဆောင်နီ အိပ်မက်ကို လူနှစ်ယောက် ရေးသားခဲ့မှန်း သေချာသလောက်ရှိနေပြီဖြစ်သဖြင့် ဆယ်ရက်အတွင်း ယွဲ့ဟွာတစ်ယောက်တည်းရေး သားခဲ့သည်ဆိုတာ အလိမ်အညာသာဖြစ်သည်။ ရှဲ့ချိုး မျက်လုံးများ နီရဲသွားခဲ့သည်။

“ဒီစာလိပ်က အဓိပ္ပာယ်လုံးဝ မရှိဘူး!”

ချန်ကျင်းမင် လက်မခံနိုင်စွာ အော်ပြောလိုက်သည်။

“စံအိမ်မှာတုန်းက ခန်းဆောင်နီအိပ်မက်ကို အရှင်မင်းသားကိုယ်တိုင်ရေးသားနေတာ မြင်ခဲ့တဲ့ မျက်မြင်သက်သေတွေ အများကြီး ရှိတယ်! ဘယ်လိုလုပ် စာရေးဆရာနှစ်ယောက် ရှိနိုင်မှာလဲ”

“စာလိပ်က အဓိပ္ပာယ်လုံးဝမရှိတာတော့ မဟုတ်ပါဘူး”

ဟန်လင်းကျောင်းတော်မှ ဆံဖြူအဘိုးကြီးတစ်ယောက် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ ချန်ကျင်းမင်လည်း မျက်နှာအနည်းငယ်ပျက်သွားခဲ့၏။

ထိုအဘိုးကြီးက ယုံမင်းဆက်တွင် ထင်ပေါ်ကျော်ကြားသော ပညာရှိလီဝမ့်ယွမ်ဖြစ်သည်။ လီဝမ့်ယွမ်က စာပေ ချစ်မြတ်နိုးသူဖြစ်ကာ ယခင်တုန်းက ယွဲ့ဟွာ၏ပညာပါရမီအား အကြိမ်ကြိမ် ချီးကျူးထောပနာပြုခဲ့ဖူးသည်။ ယခုမူ သူ့မျက်လုံးတွေထဲ စိတ်ပျက်မှုတွေသာရှိနေသည်။

“မင်းသားအန်းဟယ်… ခန်းဆောင်နီအိပ်မက်ကို အရှင်မင်းသား တကယ်ရေးသားခဲ့တာလား”

လီဝမ့်ယွမ် မေးမြန်းလိုက်သည်။

ယွဲ့ဟွာ ပြန်လမ်းမရှိတော့ပါ။ ထို့ကြောင့် အံကြိတ်လျက် ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ်ဆို!”

ထိုအခါ လီဝမ့်ယွမ် တည်တည်ငြိမ်ငြိမ်မေးလိုက်လေသည်။

“ဒါဆို စာအုပ်ထဲမှာ ရှန့်လင်းရဲ့ မိသားစုနောက်ခံ အခြေအနေ ဘယ်လိုရှိလဲ”

ယွဲ့ဟွာ ကြက်သေသေသွားပြီး မျက်နှာပေါ် ချွေးစက်များ စီးကျလာခဲ့သည်။

“ပြီးတော့ ကျန်းပေါင်ယွီနဲ့ ကျားပေါင်ယွီတို့ရဲ့ နောက်ကွယ်က တင်စားမှုက ဘာလဲ”

ယွဲ့ဟွာ နှုတ်ခမ်းများ တုန်ယင်လာသည်။

လီဝမ့်ယွမ် နောက်ဆုံးမေးခွန်း မေးလိုက်လေသည်။

“ကျားယွမ်ချွန်း ဘယ်လိုသေဆုံးသွားခဲ့တာလဲ”

ယွဲ့ဟွာ ခေါင်းထဲ အသည်းအသန်စဉ်းစားနေခဲ့သည်။ သို့ သော်လည်း ယခင်ဘဝတုန်းက ယွဲ့ဟွာမှာ အထက်တန်းအောင် ပညာအဆင့်သာရှိသည့် ကလေကချေတစ်ယောက် ဖြစ်သည်။ စာကူးချရုံကလွဲပြီး တခြား ဘာစွမ်းရည်မှမရှိပါ။ ထိုမေးခွန်းများအား မည်သို့ဖြေနိုင်မည်နည်း။

လီဝမ့်ယွမ် သက်ပြင်းချလိုက်ပြီး ဘာမှ ဆက်မမေးတော့ပေ။

“ကျုပ်မေးခွန်းတွေ ပြီးဆုံးသွားပါပြီ”

ထို့နောက် လီဝမ့်ယွမ် ပြန်ထိုင်နေလိုက်သည်။ သူနှင့်ပညာ ရှိအတော်များများက အမှန်တရားကိုသိနေကြပြီဖြစ် သည်။

ကြက်သေသေနေသည့် ယွဲ့ဟွာကို ကြည့်လျက် ကျန်းကျီမြောင် ပြုံးလိုက်ပါသည်။

[ဒီဇာတ်လိုက်မင်းသား ကူးချစရာတွေ အများကြီးရှိတဲ့အထဲ ခန်းဆောင်နီအိပ်မက်ကိုမှ သွားကူးချရတယ်လို့! ဂန္ထဝင် ဝတ္ထုကြီး လေးပုဒ်ထဲမှာ ခန်းဆောင်နီအိပ်မက်တစ်ပုဒ်တည်းကိုပဲ ပညာရှိတွေက စိုက်လိုက်မတ်တတ်လေ့လာသင်ယူ သုံးသပ်ခဲ့ကြတာ၊ တစ်သက်လုံး လေ့လာသုံးသပ်ရင်တောင် လေ့လာစရာတွေ မကုန်သေးဘူးလို့ ထင်စေနိုင်တဲ့ စာအုပ်ပဲ]

[စာပေပညာရှိတွေရဲ့ အကြီးမားဆုံး မျှော်လင့်ချက်က ချောင်းရွှယ်ချင်နဲ့ အပြင်မှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့လေ၊ ဒါပေမယ့် ချောင်းရွှယ်ချင်က သေသွားပြီပဲဥစ္စာ၊ အခု ခန်းဆောင်နီအိပ်မက်ကို “ရေးသား”ထားတယ်ဆိုတဲ့ ယွဲ့ဟွာက အသက်ရှိနေသေးတော့ ပညာရှိတွေလည်း ဆွေးနွေးချင်ကြမှာပေါ့၊ ဒါပေမယ့် သူတို့ ဆွေးနွေးဖို့ကြံလိုက်တာနဲ့ ယွဲ့ဟွာ ပညာဘယ်လောက်မတတ်သလဲဆိုတာ ဘူးပေါ်သလို ပေါ်လာတာပဲ!]

[ခန်းဆောင်နီအိပ်မက်မှာ ဇာတ်သိမ်းမရှိတာက စာဖတ်သူတွေအတွက် စိတ်မကောင်းစရာပဲ၊ နိဒါန်းနဲ့ နိဂုံး ဒီလောက်ထိ အရည်အသွေးကွာခြားနေတာတောင် သူ တစ်ယောက် တည်း ရေးသားထားတာပါဆိုပြီး ဗြောင်လိမ်ရဲသေးတယ်! အခု မဟုတ်ရင်တောင် ဒီဝတ္ထုကိုလေးလေးနက်နက်လေ့ လာတဲ့လူတိုင်း သူ့အလိမ်အညာကို အနှေးနဲ့အမြန် သိသွားကြမှာပဲ]

ယွဲ့လင်း မျက်နှာထားပြောင်းလဲသွားသည်။

ဂန္ထဝင်ဝတ္ထုကြီး လေးပုဒ် ဟုတ်လား ?

အဲ့တာ ဘာတွေလဲ ? ခန်းဆောင်နီ အိပ်မက်လိုမျိုး တခြား စာအုပ် သုံးအုပ်ရှိသေးလို့လား ?

ယွဲ့ဟွာနှင့် သူ့မိဖုရားကြီးတို့ တူညီသည့် ကမ္ဘာလောကတစ်ခုတည်းမှ ရောက်လာခဲ့တာဖြစ်မှန်း ယွဲ့လင်းရိပ်မိနေပါပြီ။ မိဖုရားကြီးမှာ ထူးကဲခြားနားသည့် စွမ်းရည်များရှိနေသလို ယွဲ့ဟွာကလည်း သာမန်မဟုတ်လောက်ပေ။

ထို့ကြောင့် မိဖုရားကြီးအတွေးထဲက “အနာဂတ်ကံကြမ္မာ” ထဲမှာ ယွဲ့ဟွာကို သူရှုံးနိမ့်ခဲ့တာဖြစ်မည်။ မိဖုရားကြီးနှင့် ကမ္ဘာတစ်ခုတည်းမှ လာခဲ့သူတစ်ယောက်ကိုရှုံးနိမ့်ခဲ့ရခြင်းက တရားမျှတမှုသိပ်မရှိပေ။

“ခေါင်းတွေကိုက်လာပြီ၊ ငါခေါင်းတွေ ကိုက်လာပြီ!”

မယ်တော်ကြီး နားထင်တွေကို ပွတ်ပြီး ရုတ်တရက်ထအော်လိုက်သည်။

“တော်ကြတော့! ဒီနေ့ည ဒီလောက်နဲ့ပဲ နားကြတော့!”

လက်ထဲက စာလိပ်ကိုကြည့်ရင်း ယွဲ့လင်း ပြုံးလိုက်လေသည်။

သူတို့ လိုချင်သည့် ရလဒ်ကိုရရှိခဲ့ပြီဖြစ်သည်။ မယ်တော်ကြီး အနားယူချင်သည်ဆိုလည်း အနားယူပါစေတော့။

Note

ခန်းဆောင်နီအိပ်မက်၏ မူရင်းစာရေးဆရာ ချောင်းရွှယ်ချင်မှာ အပိုင်း ၈၀ ရေးသားပြီး သေဆုံးသွားခဲ့သည်။ ခန်းဆောင်နီအိပ်မက်လည်း နှစ်အတော်ကြာအောင် ဇာတ်သိမ်းမရှိခဲ့ပေ။ နှစ် ၃၀ အကြာတွင် ကောင်းအယ်နှင့် ထုတ်ဝေသူတို့က အပိုင်း ၁၂၀ ပါသည့် ခန်းဆောင်နီအိပ်မက်ကို ပြန်လည်ထုတ်ဝေခဲ့သည်။ ကောင်းအယ်မှ ပျောက်ဆုံးနေသော ဇာတ်သိမ်းပိုင်းများကိုရှာတွေ့ခဲ့သည်ဟု ဆိုသော် လည်း ကျန် အပိုင်း ၄၀ ကို ကောင်းအယ် ကိုယ့်စိတ်ကူး စိတ်သန်းဖြင့် ကိုယ်တိုင်ရေးသားခဲ့တာဖြစ်နိုင်သည်ဟု ပညာရှင်အများစုက သုံးသပ်ခဲ့ကြသည်။

All Chapters