← Chapters

အခန်း (၃၃)

Vol. 4 Ch. 33

အခန်း (၃၃)

Vol. 4 Ch. 33

တစ်ကိုယ်လုံး ချွေးတွေစိုရွှဲနေသည့် ယွဲ့ဟွာကို ယွဲ့လင်း ခံစားချက်မဲ့စွာကြည့်လိုက်သည်။

“မယ်တော် ကျန်းမာရေး သိပ်မကောင်းဘူးထင်တယ်၊ ကြာပန်းကြည့်ညစာစားပွဲကို ဒီမှာပဲ ရပ်နားကြစို့၊ ပဉ္စမညီတော် လည်း အရမ်းကြီးစိတ်မပူပါနဲ့၊ ညီတော်သာ အမှန်တကယ် ပါရမီရှိသူဆိုရင် မကြာခင် သက်သေထပ်ပြနိုင်မှာပါ”

အားပေးနှစ်သိမ့်သော မျက်နှာမျိုးဖြင့် ယွဲ့လင်း မိန့်ကြား လိုက်ခြင်းဖြစ်သည်။

ယွဲ့ဟွာ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများထသွားခဲ့၏။

အမှန်တကယ် ပါရမီရှိရင် ဟုတ်လား…

သူ့ထံ ပါရမီသာ အမှန်တကယ်ရှိခဲ့ပါက ယနေ့လို အဖြစ်အ ပျက်မျိုး ဖြစ်လာစရာအကြောင်းမရှိပေ။

[ဟုတ်ပြီ အလုပ်ဆင်းပြီကွ! အိပ်လို့ရပြီလေ၊ မနက်ဖြန် ယွဲ့လင်းကိုတွေ့ရင် သေချာပေါက်လစာတိုးတောင်းရတော့မယ်]

ကျန်းကျီမြောင် သန်းဝေလိုက်ပြီး တော်ဝင်ဥယျာဉ်ထဲမှ ထွက်ခွာသွားလေတော့သည်။ ကြာပန်းကြည့် ညစာစားပွဲကြီး ပြီးဆုံးသွားခဲ့လေပြီ။

ဧည့်သည်တော်များလည်း သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်သွားခဲ့ကြပြီဖြစ်သည်။ သို့သော် ယနေ့ အဖြစ်အ ပျက်များမှ ဖန်တီးလိုက်သည့် လေပြင်းမုန်တိုင်းမှာ အစ ပထမသာရှိပါသေးသည်။

--- --- ---

ထိုနေ့ည စံအိမ်ကို ဘယ်လိုပြန်ရောက်သွားမှန်းပင် ယွဲ့ဟွာ မသိလိုက်ပေ။ သူ့ခေါင်းတွေ အနည်းငယ်ရှင်းလင်းသွားသည်နှင့် တစ်ပြိုင်နက် ညည့်နက်သန်းခေါင် အချိန်ဖြစ်နေသော်လည်း ဝန်ကြီးချန်ကို ချက်ချင်းဆင့်ခေါ်လိုက်သည်။ ဘာသာရေးဝန်ကြီးလည်းဖြစ်၊ ယွဲ့ဟွာ၏ဗျူဟာပညာရှင်လည်း ဖြစ်သဖြင့် ယွဲ့ဟွာ ပြဿနာတစ်ခုခုကြုံရတိုင်း ချန်ကျင်းမင်ကို ပထမဆုံးဆင့်ခေါ်လေ့ရှိသည်။

ချန်ကျင်းမင် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ယွဲ့ဟွာကိုချက်ချင်းမေးမြန်းလိုက်သည်။

“အရှင်မင်းသား… အဲ့ဒီ စွပ်စွဲချက်တွေက အမှန်ပဲလား ? အရှင်မင်းသားက တကယ်ပဲ ပါရမီရှိတာလား ဒါမှမဟုတ် အခြားအကြောင်းအရင်း တစ်ခုခုရှိနေတာလား”

ယွဲ့ဟွာ မျက်နှာတစ်ခုလုံး ရှက်ရွံ့စိတ် ဒေါသစိတ်များဖြင့် နီရဲသွားခဲ့သည်။

“ငါက-!”

“အရှင်မင်းသား! ကျုပ်တို့က တစ်ကိုင်းတည်းနားနေတဲ့ ငှက်တွေနော်၊ အရှင်မင်းသားသာ အခုလိုအချိန်မျိုးမှာ အမှန်တရားကို ထုတ်မပြောဘူးဆိုရင် ပြဿနာတွေ ဖြေရှင်းဖို့ ဗျူဟာချတဲ့အခါ အခက်အခဲတွေ ကြုံလာရနိုင်တယ်!”

ချန်ကျင်းမင် လေးနက်စွာ လျှောက်တင်လိုက်သည်။

ယွဲ့ဟွာ နှုတ်ခမ်းများ တုန်ယင်သွားခဲ့၏။ အချိန်အတော်ကြာမှ စိတ်ဓာတ်ကျစွာမိန့်ကြားလိုက်လေသည်။

“အဲ့ဒါတွေကို… တကယ်ပဲ ငါ ရေးခဲ့တာ မဟုတ်ဘူး”

ချန်ကျင်းမင် မအံ့ဩပေ။

“ခန်းဆောင်နီအိပ်မက်နဲ့ အဲ့ဒီကဗျာတွေကို တကယ်ရေး သားခဲ့တဲ့ လူတွေက အသက်ရှင်နေသေးလား ?”

ယွဲ့ဟွာ ခေါင်းခါလိုက်သည်။

“မရှိကြတော့ဘူး”

ထိုလူတွေက တခြားကမ္ဘာမှ လူတွေဖြစ်ကြသည်။ ထိုကမ္ဘာမှာတောင် သေဆုံးခဲ့ကြတာကြာပြီဖြစ်သဖြင့် ဒီကမ္ဘာထဲမှာ ရှိနေစရာအကြောင်းမရှိပါ။

“သူတို့ သေသွားကြပြီဆိုရင် ကျုပ်တို့ကို စွပ်စွဲပြီးသက် သေခံမယ့် သက်သေတစ်ယောက်မှ မရှိဘူးပေါ့”

ချန်ကျင်းမင် အေးစက်စွာ ပြောလိုက်သည်။

“သူတို့ဘာတွေပဲ ပြောနေကြပါစေ အရှင်မင်းသားလုံးဝ ဝန်ခံလို့ မဖြစ်ဘူး၊ သို့ပေမယ့် ကဗျာတွေ၊ ဝတ္ထုတွေကိုတော့ အရှင်မင်းသား မရေးသားသင့်တော့ဘူး”

ချန်ကျင်းမင်ကို ယွဲ့ဟွာ စိုက်ကြည့်လိုက်သည်။

“ငါ့ကို လှောင်ပြောင်နေတာလား”

ချန်ကျင်းမင် မဲ့ပြုံးပြုံးလိုက်သည်။

“မလှောင်ပြောင်ရဲပါဘူး၊ သို့ပေမယ့် ပညာပါရမီဆိုတာ သာမန်ပုဂ္ဂိုလ်တွေ ဂုဏ်အဆင့်တက်ဖို့အသုံးပြုကြတဲ့ ခြေနင်းခုံသာသာပဲ၊ အရှင်မင်းသားမှာ အဲ့ဒီပါရမီရှိနေရင်တော့ ပိုကောင်းတာပေါ့၊ ဒါပေမယ့် မရှိဘူးဆိုရင်လည်း အရေးကြီးတာမို့လို့လား ? အရှင်မင်းသားက နန်းတော်ရဲ့ မင်းသားတစ်ပါးလေ၊ မွေးဖွားလာကတည်းက ဂုဏ်အဆင့် အတန်း မြင့်မြတ်ပြီးသား၊ ပညာရည်ဘက်မှာကျော်ကြားဖို့က အဲ့လောက်ထိ အရေးမပါဘူး၊ အရေးကြီးတာက အရှင်မင်းသား တိုင်းပြည်ရေးရာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ပဲ မဟုတ်လား”

ယွဲ့ဟွာ မျက်နှာအနည်းငယ်ပျော့ပြောင်းသွားခဲ့သည်။ ဒီလို စဉ်းစားကြည့်တော့လည်း ဒီနေ့ည အဖြစ်အပျက်တွေက ထင်သလောက် မဆိုးရွားနိုင်ပေ။

“အဲ့တော့ ငါ့ကို တံတွေးနဲ့ ဝိုင်းထွေးနေကြတာကို ဒီတိုင်း သည်းခံနေရမှာလား”

ယွဲ့ဟွာ လက်မခံချင်သေးပေ။

သူသည် ကူးပြောင်းလာသူတစ်ယောက်ဖြစ်သည်။

ကဗျာလင်္ကာတချို့ ကူးချမိတာ သူ့အမှားလား ?

လူအများရဲ့ လေးစားကြည်ညိုမှုကို ခံယူချင်တာ သူ့အပြစ်လား ?

ကူးပြောင်းလာသူတစ်ယောက်၏လုပ်ရပ်တွေကို “ခိုးကူး သည်”ဟု ဘာကြောင့် ခေါ်ဆိုစွပ်စွဲနေကြမှန်း ယွဲ့ဟွာ နားမလည်နိုင်ပေ။

ချန်ကျင်းမင် နှုတ်ဆိတ်သွားခဲ့၏။ ထိုစာတွေကို သူတကယ်ရေးခဲ့တာ မဟုတ်ကြောင်း ယွဲ့ဟွာ ဝန်ခံပြီးပြီဖြစ်သည်။ ဒါတောင် သူများတွေရဲ့ မေးခွန်းထုတ်မှုကို ‘တံတွေးဖြင့် ဝိုင်းထွေးသည်’ဟု ဆိုနေသေးသည်။ အရှင်မင်းသား၏အရှက်မဲ့မှုမှာ သူ့လောက်နီးနီးရှိနေခဲ့လေပြီ။

“အရှင်မင်းသား အမှန်တရားကိုသေသည်အထိ ဝန်မခံသရွေ့ ဘာမှမဖြစ်နိုင်ဘူး၊ ပြီးရင် အဲ့ဒီသံသယတွေကြောင့် စိတ်ပင်ပန်းနွမ်းနယ်နေပြီမို့ ကဗျာတွေ ဆက်မရေးသားတော့ဘူးလို့ ထုတ်ပြန်ကြေညာလိုက်ပါ၊ အဲ့တာဆို အရှင်မင်းသားကို ထောက်ခံတဲ့သူတွေက အရှင်မင်းသားကိုယ် စားမခံမရပ်နိုင်တောင် ဖြစ်သွားကြပါလိမ့်မယ်”

“ကောင်းပြီ…”

ယွဲ့ဟွာ တွန့်ဆုတ်စွာ သဘောတူလိုက်လေသည်။

ချန်ကျင်းမင် သက်ပြင်းချဖို့ ကြံလိုက်စဉ် ယွဲ့ဟွာအေးစက်သော မျက်လုံးများဖြင့် မေးလိုက်လေသည်။

“ခင်ဗျားရဲ့ သမီးတော်က အနောက်နန်းဆောင်ထဲမှာ ကြင်ယာတော်အဆင့်နော်၊ သူ့ကို သူလျှိုအဖြစ် အသုံးချသင့်တယ်လို့ မယ်တော်ကြီးကို ခင်ဗျားကိုယ်တိုင်အကြံပေးခဲ့တာ၊ ဒါပေမယ့် သူ့နန်းဆောင်ကို ယွဲ့လင်း တစ်ခါမှတောင် မကြွဖူးသေးဘူးလို့ ကြားသိရတယ်၊ ပြီးတော့ ဒီနေ့ အဖြစ် အပျက်အတွင်း ဘာသတင်းမှလည်း မပါးနိုင်ခဲ့သလို ဘာအကူအညီမှလည်း မဖြစ်ခဲ့ဘူး၊ ဒီသူလျှိုက အတော်လေးအသုံးမဝင်တဲ့ပုံပဲ”

ချန်ကျင်းမင် တည်ငြိမ်စွာလျှောက်တင်လိုက်သည်။

“လက်ရှိအရှင်မင်းကြီးက အရာရာကို အသေးစိတ်ကျကျ ဆောင်ရွက်တတ်တယ်၊ ကျုပ်သမီးတော်ကလည်း သူ့စိတ်ကို ဖောက်ထွင်းမမြင်နိုင်ဘူး၊ ဒါပေမယ့် အရှင်မင်းသား ဘာမှ တွေးပူစရာမလိုပါဘူး၊ သူက နယ်ရုပ်တစ်ရုပ်သာ သာပဲ၊ နယ်ရုပ်ဆိုတဲ့အတိုင်း အရေးအကြီးဆုံးအချိန်ရောက်မှ ထုတ်သုံးသင့်တာ”

ယွဲ့ဟွာ ပြုံးလိုက်သည်။

“ခင်ဗျားက တော်တော် နှလုံးသားမဲ့တဲ့လူပဲ”

ချန်ကျင်းမင် ပြန်ပြုံးပြလိုက်သည်။

“အရှင်မင်းသားရဲ့ မြင့်မြတ်တဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ဆို ဒီလူအိုကြီး ဘာမဆိုစတေးရဲပါတယ်”

“စိတ်ချပါ ကျုပ်ထီးနန်းရတာနဲ့ ခင်ဗျားလည်း ထိုက်သင့်တဲ့ ဆုလာဘ်တွေ ပိုင်ဆိုင်စေရမယ်”

ချန်ကျင်းမင်၏ပခုံးကို ပုတ်လျက် ယွဲ့ဟွာ ကတိပြုခဲ့သည်။

--- --- ---

နောက်တစ်နေ့မနက်…

နန်းတွင်းမှာ အခြေအနေတွေတည်ငြိမ်သွားသည်အထိ စံအိမ်မှာသာ ခေတ္တနားခိုနေဖို့ ယွဲ့ဟွာဆုံးဖြတ်ခဲ့သည်။ သို့သော် အစေခံတစ်ယောက်က စာအုပ်နှစ်အုပ်ကိုင်ဆောင်လျက် စံအိမ်ထဲ ရုတ်တရက် ပြေးဝင်လာခဲ့လေသည်။ စာအုပ်အဖုံးတွေကို မြင်သည်နှင့် ယွဲ့ဟွာ မျက်လုံးများ မှောင်မိုက်သွားခဲ့ရလေတော့သည်။

ဘာ… ဘာလဲဟ!

ထန်မင်းဆက်ကဗျာလင်္ကာပေါင်းချုပ်နှင့် စုန့်မင်းဆက်ဂီတသံစဉ်ပေါင်းချုပ်

ယွဲ့ဟွာ စာအုပ်တွေကိုယူလိုက်ပြီး အမြန်လှန်ကြည့်လိုက်သည်။ သူ့ခေါင်းတွေ မူးဝေလာရသည်။

ယွဲ့လင်းဘက်မှ ကူးပြောင်းလာသူက ထန်မင်းဆက်ကဗျာ လင်္ကာများနှင့် စုန့်မင်းဆက်ဂီတသံစဉ်များကို စုစည်းပြီး တစ်ပြိုင်တည်း ထုတ်ဝေလိုက်သည်။

အဲ့ဒီ ကူးပြောင်းလာသူမှာကော .txt စာဖိုင်တွေ ရှိနေတာလား ?

မဟုတ်ရင် ဒီလောက်အများကြီး ဘယ်လိုလုပ်မှတ်မိနေတာလဲ ?

စာအုပ်တွေကို လှန်ကြည့်ရင်း ယွဲ့ဟွာ စိတ်အနည်းငယ် တည်ငြိမ်သွားခဲ့သည်။ ကဗျာတွေကို ခိုးကူးတာ ရပ်တန့်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်သဖြင့် ဒီစာအုပ်တွေကို ထုတ်ဝေလည်း သူ မှုစရာမလိုတော့ပေ။

သို့သော် စာအုပ်ထဲရှိ အမည်တစ်ခုကို ယွဲ့ဟွာ ရုတ်တရက်မြင်လိုက်ရပြီး ကြက်သေသေသွားခဲ့သည်။ ထို့နောက် အရိုးထဲထိ အေးစိမ့်ကာ ကြက်သီးမွေးညှင်းများထသွားလေတော့သည်။

မဟုတ်ဘူး… မဖြစ်နိုင်တာ…

အဲ့ဒီကူးပြောင်းလာသူက သူထပ်ပြီး ခိုးကူးလို့မရအောင် တာဆီးနေရုံတင်မဟုတ်ဘူး…

သူလုပ်ဖို့ ကြိုးစားနေတာက….

ယွဲ့ဟွာ လုပ်လက်စအလုပ်တွေ အကုန်ရပ်နားပြီး ဘာမှမစဉ်းစားတော့ဘဲ စံအိမ်အပြင်သို့ပြေးထွက်သွားလေတော့ သည်။

--- --- ---

လင်ကျန်းအခါးရည်ဆိုင်တွင်…

ထိုအခါးရည်ဆိုင်လေးကို မြစ်ကမ်းနံဘေးမှာ တည် ဆောက်ထားခြင်းဖြစ်ပြီး ပညာသင်သားများ သဘောကျသော တိတ်ဆိတ်ငြိမ်သက်သည့် နေရာလေးတစ်ခုလည်း ဖြစ်ပါသည်။

ယနေ့ အခါးရည်ဆိုင်တွင် ထန်မင်းဆက်ကဗျာလင်္ကာနှင့် စုန့်မင်းဆက်ဂီတသံစဉ် စာအုပ်များအကြောင်း ပညာသင်သားများ အလေးထားဆွေးနွေးလျက် ရှိကြသည်။

“ရင်သပ်ရှုမောဖွယ်ပဲ! ဒီကဗျာလင်္ကာတွေက တကယ့်ကို ရင်သပ်ရှုမောဖွယ်ပဲ!”

“ဒီလောက် ပါရမီပြည့်စုံတဲ့ ကဗျာဆရာကြီးတွေက ဘယ်အရပ်ဒေသကလဲ သိချင်လိုက်တာ”

“စာအုပ်ထဲက နိဒါန်းမှာ ဖော်ပြထားတာတော့ ပျောက်ဆုံးသွားတဲ့ သမိုင်းကြောင်းတစ်ခုရဲ့စာပေပညာရှိတွေတဲ့၊ အဲ့ဒီပညာရှိတွေ အချိန်ရေစီးကြောင်းထဲမှာ ပျောက်ကွယ်သွားခဲ့တာကြာခဲ့ပြီပေါ့”

“ဒါပေမယ့် ဒီစာအုပ်တွေထဲမှာ သူတို့တွေရဲ့ ဘဝဇာတ်ကြောင်းတွေပါ,ပါတယ်လေ၊ အဲ့ဒီ ဇာတ်ကြောင်းတွေကို ဖတ်ကြည့်တော့ သူတို့နဲ့အတူတူ သမိုင်းတစ်ခုလုံးကို ပြန်ဖြတ်သန်းလိုက်ရသလို ခံစားရတယ်”

“ထန်မင်းဆက်နဲ့ စုန့်မင်းဆက်တဲ့… အဲ့ဒီ မင်းဆက်တွေက ဘယ်ခေတ်တုန်းကလဲ ? သမိုင်းစာအုပ်တွေထဲမှာလည်း မဖတ်ဖူးပါဘူး”

“ဒီစာအုပ်ထဲမှာ ဖော်ပြထားတာတော့ ကမ္ဘာကြီးက ကျယ်ပြောလွန်းတယ်တဲ့၊ ထန်မင်းဆက်နဲ့ စုန့်မင်းဆက်ဆိုတာ ငါတို့ တိုင်းပြည်နဲ့အဝေးကြီးမှာ ရှိနေတာတဲ့၊ ဧကန္တ သမုဒ္ဒရာကြီးရဲ့အလွန်၊ ကန္တာရကြီးရဲ့နောက်ကွယ်မှာ ရှိနေတဲ့ အရပ်ဒေသတွေကပဲ ဖြစ်ရမယ်”

အားလုံးစိတ်ဝင်တစားဖြစ်နေကြစဉ် တစ်စုံတစ်ယောက်က တွန့်ဆုတ်စွာမေးမြန်းလိုက်သည်။

“ထန်မင်းဆက် ကဗျာလင်္ကာတွေထဲမှာ… စာရေးသူ လီပိုင်ရေးဖွဲ့ထားတဲ့ ကဗျာတွေကို ဖတ်မိကြသေးလာား”

အခါးရည်ဆိုင်ထဲ ချက်ချင်းဆိုသလို တိတ်ဆိတ်သွားခဲ့ကြသည်။

သူတို့ဖတ်ပြီးသွားကြပါပြီ။ ဒီလောက် ထူးချွန်ပြောင်မြောက်သည့် ကဗျာဆရာကြီး၏လက်ရာများကို ဘယ်သူမှ မဖတ်ရှုဘဲ မနေနိုင်ကြပေ။

သို့သော်… အားလုံးတွန့်ဆုတ်နေကြဆဲ ဖြစ်သည်။

ထိုစဉ် ပညာသင်သားတစ်ဦးက ရဲရဲဝံ့ဝံ့ မတ်တပ်ရပ်ကာ လှောင်ပြောင် သရော်လိုက်လေသည်။

“ဘာတွေ ကြောက်နေကြတာလဲ ? အဲ့ဒီ စာရေးသူလီပိုင်ကို ထန်မင်းဆက်မှာ ကောင်းကင်ဘုံကဗျာဆရာကြီးလို့တောင် တင်စားခေါ်ဝေါ်ကြတာတဲ့၊ ပါရမီထူးပြီး ဉာဏ်ရည်ထက် မြက်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ပဲ၊ ကောင်းကင်ဘုံက သက်ဆင်းလာတဲ့ မသေမျိုးတစ်ယောက်လို့တောင် ဆိုနိုင်တယ်၊ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က လီပိုင်ရဲ့ကဗျာအတော်များများကို အခမ်းအနားတွေမှာ မင်းသားအန်းဟယ်က သူ့ကဗျာ လက်ရာတွေပါဆိုပြီး လိမ်ညာရွတ်ဖတ်ပြခဲ့တာပဲ!”

All Chapters