← Chapters

အခန်း (၃၄)

Vol. 4 Ch. 34

အခန်း (၃၄)

Vol. 4 Ch. 34

တစ်စုံတစ်ယောက်က လမ်းကြောင်းဖွင့်ပေးလိုက်ပြီဖြစ်သဖြင့် ကျန်ပညာသင်သားများလည်း နှုတ်ဆိတ်မနေနိုင်တော့ပါ။

“အမှန်ပဲ! အရင်ကတော့ မင်းသားအန်းဟယ်က ဘက်စုံတော်တဲ့ ပါရမီရှင်လို့ ပြောကြတယ်၊ ဒါပေမယ့် ဒီနေ့ ထန်မင်းဆက်က ဗျာလင်္ကာပေါင်းချုပ်နဲ့ စုန့်မင်းဆက်ဂီတသံစဉ်ပေါင်းချုပ်တွေကို ဖတ်ကြည့်တော့ မင်းသားအန်းဟယ် ‘ရေးဖွဲ့’ထားတယ်ဆိုတဲ့ ကဗျာတွေအားလုံး စာအုပ်ထဲမှာ ပါနေပါလား!”

“အရှင်မင်းသားက အဲ့ဒီကဗျာတွေကို ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတစ်ခုကနေ ရလာပြီး သူ့ကဗျာတွေပါလို့ လိမ်ညာထွက်ဆိုခဲ့တာ ဖြစ်နိုင်တယ်”

“စကားကို ကြည့်ပြောကြစမ်း! အဲ့ဒီ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသဆိုတာ တကယ်ရှိမှန်းတောင် မသေချာသေးဘူး၊ ဒီစာအုပ်တွေကလည်း ယုံကြည်လို့ရရဲ့လားမသိနိုင်ဘူး”

“ယုံရသည်ဖြစ်စေ မယုံရသည်ဖြစ်စေ ကဗျာတွေက စာအုပ်ထဲမှာ ရှိနေပြီလေ! ဒီစာအုပ်တွေကို ထုတ်ဝေခဲ့တဲ့လူက အရှင်မင်းသားကို စွပ်စွဲချင်တာနဲ့ပဲ ဒီလို ပြောင်မြောက်တဲ့ ကဗျာပေါင်းရာချီကိုရေးဖွဲ့ခဲ့တာလို့ ပြောချင်တာလား”

ယွဲ့ဟွာဘက်မှ ကူညီပြောဆိုပေးနေကြသူများ ဆွံ့အသွားခဲ့သည်။ ယွဲ့ဟွာ လာဘ်ထိုးထားသဖြင့် သူ့ဘက်မှကူညီပြော ဆိုပေးရမှာ မှန်ပါသည်။ သို့သော် ဒီလိုစကားမျိုးကိုတော့ ဘယ်လို ချေပရမှန်း သူတို့ မသိကြတော့ပေ။

အခြားကဗျာဆရာတွေကို မေ့ထားလျှင်တောင် လီပိုင်တစ်ဦးတည်းက သမိုင်းဝင်ကဗျာလင်္ကာများပေါင်းစွာကို ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ယွဲ့ဟွာကလည်း ထိုကဗျာလင်္ကာများအနက် အနည်းငယ်သာခိုးကူးရသေးသည်။

ဒါဆို ယွဲ့ဟွာကို စွပ်စွဲဖို့အတွက်နဲ့ ထိုလူက ရာနဲ့ချီတဲ့ တခြား ဂန္ထဝင်လက်ရာတွေကိုပါ ရေးသားခဲ့တာလား…

အဲ့တာ အဓိပ္ပာယ်ရှိလို့လား…

မည်သူမှ အဖြေမပေးနိုင်ခဲ့ကြပေ။

--- --- ---

အခါးရည်ဆိုင် နောက်တစ်ဆိုင်တွင်…

“မင်းတို့ မသိဘူးနော်! မနေ့ညက ကြာပန်းကြည့်ညစာစားပွဲကို ငါ့မိတ်ဆွေတစ်ယောက် ကံကောင်းပြီး တက်ရောက်ခွင့် ရခဲ့တာ၊ အရှင်မင်းသားက ကဗျာတစ်ပုဒ်ကို လက်တန်းစဉ်းစားပြီး ရေးထားတယ်လို့တောင် မိန့်ခဲ့သေးတယ်၊ ဒါပေမယ့် ဘာဆက်ဖြစ်သွားတယ်ထင်လဲ”

လူတစ်ယောက်က ကြာပန်းကြည့် ညစာစားပွဲည၏ အဖြစ်အပျက်များကို အားကြိုးမာန်တက် ဖောက်သည်ချနေလေသည်။

“အရှင်မင်းသားက ကဗျာတွေကို ခိုးကူးထားရုံတင်မကဘူး ခန်းဆောင်နီအိပ်မက်ကလည်း သူရေးထားတာ မဟုတ်ဘူးတဲ့၊ ပညာရှိကြီး လီဝမ့်ယွမ်ကို သိလား ? ဆရာကြီးလီလေ! အေး သူက အားလုံးရှေ့မှာ အရှင်မင်းသားကိုဝတ္ထုနဲ့ပတ်သတ်တဲ့ မေးခွန်းလေးသုံးခုလောက်ပဲ မေးလိုက်တာ…”

တော်ဝင်ရေကန်ထဲရှိ အပျော်စီးလှေတစ်စင်းပေါ်တွင်…

အခြားအဖွဲ့တစ်ဖွဲ့ကလည်း အကြိတ်အနယ်ဆွေးနွေးနေကြလေသည်။

“ငါ့အမြင်မှာတော့ ထင်မင်းဆက်ကဗျာဆရာတွေထဲမှာ လီပိုင်က အကြီးမြတ်ဆုံးပဲ!”

“ဟား! မဖြစ်နိုင်တာ! တုဖူကမှ ပိုထူးချွန်တာ!”

“မင်းရဲ့ တုဖူဆိုတာ လီပိုင်ရဲ့ ပရိတ်သတ်အဆင့်သာသာပါကွာ”

“မင်း လီပိုင်ကလည်း တစ်နေကုန် သောက်စားဖို့ပဲသိတာလေ!”

“ရန်မဖြစ်ကြနဲ့! ထန်မင်းဆက်က အရေးမကြီးဘူး၊ တကယ့် ပါရမီရှင်ကို မြင်ချင်ရင် စုန့်မင်းဆက်မှာ စုသုန့်ဖိုက နံပါတ် တစ်ပဲ!”

အားလုံး သဲကြီးမဲကြီး ငြင်းခုံနေကြစဉ် တစ်စုံတစ်ယောက်က ယွဲ့ဟွာအမည်ကို နှုတ်မှရွတ်လိုက်သည်။ ချက်ချင်းဆိုသလို အားလုံးတိတ်ဆိတ်သွားခဲ့ကြပြီး စည်းစည်းလုံးလုံး သရော်လိုက်ကြလေသည်။

မင်းသားအန်းဟယ်ကလား ?

ငါတို့ ကိုးကွယ်တဲ့ ဆရာကြီးတွေဆီကနေ ကဗျာလင်္ကာတွေ ခိုးကူးခဲ့တဲ့ သူခိုးကို ပြောတာလား ?

ယွဲ့ဟွာ၏ပညာပါရမီဂုဏ်ရည်က အမြင့်ဆုံးကို ရောက်နေခဲ့သဖြင့် ပြန်ပြုတ်ကျသည့်အခါ အထိပိုနာခဲ့သည်။ ထန်မင်းဆက်၊ စုန့်မင်းဆက် ကဗျာလင်္ကာပေါင်းချုပ်စာအုပ်များ ရုတ်တရက် ထွက်ပေါ်လာသည့်အခါ သူ့ဂုဏ်သိက္ခာ အဖတ်ဆယ်မရအောင် ပျက်စီးယိုယွင်းသွားခဲ့ရသည်။

အရာရာကို မျက်ကွယ်ပြုထားဖို့ အကြံပေးသည့် ချန်ကျင့်မင်၏နည်းလမ်းကလည်း အလုပ်မဖြစ်ပေ။ ချန်ကျင်းမင် ဘယ်လောက်ပဲ ပါးနပ်ပါစေ သူက ဒီကမ္ဘာ၏ သာမန် လူသားပုဂ္ဂိုလ်တစ်ယောက်သာဖြစ်သည်။ ကူးပြောင်းလာသူတစ်ယောက်၏ သဘာဝလွန် ရွှေ့ကွက်များကို သူဘယ်လိုမှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။

--- --- ---

ယွဲ့ဟွာ အပြင် မထွက်ရဲတော့ချေ။ သူ့ကို ကာကွယ်ပြောဆိုပေးဖို့ အစေခံတွေ တစ်ယောက်ပြီးတစ်ယောက် စေလွှတ်ခဲ့သော်လည်း ဘာမှ အသုံးမဝင်ခဲ့ပါ။ အပြင်ဘက်မှ လူတွေကလည်း အရူးမဟုတ်ကြပေ။

ထန်မင်းဆက်၊ စုန့်မင်းဆက်အကြောင်း အားလုံး သိရှိခဲ့ကြပြီဖြစ်သည်။ စာအုပ်ထဲတွင် ဖော်ပြထားသည့် ထိုမင်းဆက်များမှ ကဗျာဆရာများ၏ ဘဝဇာတ်ကြောင်းများကလည်း ယုံကြည်ချင်စရာ အလွန်ကောင်းပါသည်။

သို့သော် ယွဲ့ဟွာကတော့…

သူ့ကို ယခင်ကတည်းက သံသယဖြစ်နေသူတွေရှိခဲ့သည်။ သို့သော် သက်သေခိုင်ခိုင်လုံလုံမရှိဘဲ မူလ စာရေးသူတွေကလည်း ဒီကမ္ဘာမှာ ရှိမနေသဖြင့် ယွဲ့ဟွာ ယုံကြည်ချက်ရှိရှိ လိမ်ညာနိုင်ခဲ့သည်။

ဒီတစ်ခါတော့ မင်းဆက်နှစ်ခု၏ကဗျာလင်္ကာများကို အားလုံးမြင်အောင် ချပြခဲ့လေပြီ။ ယွဲ့ဟွာ၏ပညာပါရမီ ဂုဏ်သိက္ခာတွေလည်း အဖတ်ဆယ်မရအောင် ပြိုလဲသွားခဲ့ပါသည်။

ချန်ကျင်းမင်ပင် အကြံကုန်လေပြီ။ သူ့ကို ယွဲ့ဟွာပြောမပြထားသည့် အမှန်တရားတွေ ရှိနေဦးမည်ဟု ချန်ကျင်းမင် စိတ်ထဲမှတွေးမိ၏။ ထို့ကြောင့် မုန်တိုင်းဒဏ်မမိအောင် မင်းသားကိုစံအိမ်ထဲမှာ ပုန်းခိုနေဖို့သာအကြံပေးနိုင်တော့ သည်။

အဖြစ်အပျက်က ရယ်ချင်စရာကောင်းလွန်းလှသည်။

ယွဲ့လင်းချမှတ်သည့် အကျယ်ချုပ်အပြစ်ဒဏ်မှ လွတ် မြောက်အောင် အသည်းအသန်ကြိုးစားခဲ့ရသည့် ယွဲ့ဟွာတစ်ယောက် ယခုမူ အပြစ်ဒဏ်ချမှတ်စရာပင် မလိုတော့ဘဲ စံအိမ်ပြင်သို့မထွက်ရဲတော့ပေ။

--- --- ---

ဖုန့်ယီနန်းဆောင်တွင်…

ကျန်းကျီမြောင် စိတ်ရွှင်နေပြီး ကိုယ်ပိုင်ဓားရှင် ဇာတ်လမ်းတွဲကိုကြည့်ရှုနေခဲ့သည်။ ယွဲ့ဟွာ၏ကံကောင်းခြင်းအမှတ်ကိုလည်း မကြာခဏစစ်ဆေးကြည့်နေသည်။

မနေ့ညက စနစ်ထံမှ ၈ မှတ်ချေးယူပြီး ထန်မင်းဆက်နှင့် စုန့်မင်းဆက် ကဗျာလင်္ကာပေါင်းချုပ်များကို စနစ်စတိုးဆိုင်မှဝယ်ယူကာ ယွဲ့လင်းထံဆက်သခဲ့သည်။ ယွဲ့လင်းကလည်း အမြန်ဆုံးလှုပ်ရှားခဲ့ပါသည်။

ယခုစနစ်ထဲ ကျန်းကျီမြောင် ဝင်ကြည့်လိုက်တိုင်း ယွဲ့ဟွာ၏ ကံကောင်းခြင်းအမှတ်များ တဖြုတ်ဖြုတ်ကျဆင်းနေလေပြီ။ ၉၃ မှ ၈၀ အထိ ရောက်ရှိသွားပြီဖြစ်ကာ ယခုတိုင် ဆက်လက်ကျဆင်းနေဆဲဖြစ်သည်။

ဒီတစ်ခေါက် ရင်းနှီးမြှုပ်နှံမှုအတွက် စုစုပေါင်း ၁၄ မှတ် ကုန်ကျခဲ့သည်။ (အမြင်ဖလှယ်ခြင်းအတွက် ၆ မှတ်၊ ကဗျာပေါင်းချုပ်စာအုပ်များအတွက် ၈ မှတ်)

သို့သော်လည်း ယွဲ့ဟွာ ကံကောင်းခြင်းအမှတ်တွေ တဟုန်ထိုးနိမ့်ဆင်းသွားခြင်းကြောင့် ကျန်းကျီမြောင် အရင်းပင် ပြန်ရနေပါပြီ။ အခုချိန်မှစလို့ ရရှိမည့်အမှတ်များသည် အသားတင်အမြတ်သာ။ ထို့အပြင် သူမ၏ကြမ္မာဆိုးကို တွန်းလှန်နိုင်မည့် ပထမဆုံးခြေလှမ်းလည်း ဖြစ်သည်။

“ဒီနေ့အတွက် အတင်းအဖျင်းအသစ်တွေ ဖတ်ကြည့်ရအောင်”

ဇာတ်လမ်းတွဲကို ခေတ္တရပ်ကာ အတင်းအဖျင်း စာမျက်နှာအား ကျန်းကျီမြောင် ဖွင့်ကြည့်လိုက်ပါသည်။

[ပထမဆုံး အတင်းအဖျင်းက…]

ကိုယ်လုပ်တော်တို့ နားစွင့်ထားကြသည်။ မနက်ခင်း ချန်အချိန်တိုင်း အတင်းအဖျင်းနားထောင်ရတာ သူမတို့အတွက် အလေ့အကျင့် တစ်ခုလိုပင် ဖြစ်နေပါပြီ။

[မြို့စားရှဲ့နဲ့ သူ့သမီးတော်ရှဲ့ချိုးတို့ ဒီနေ့ နန်းတော်ထဲ ရောက်လာခဲ့ကြတယ်တဲ့၊ မယ်တော်ကြီးဆီမှာ အခစားဝင်တော့ မယ်တော်ကြီး ဒေါသတော်တော် ထွက်သွားတယ်၊ အဲ့တာကြောင့် ရှဲ့ချိုးကို ရှို့ခန်းနန်းဆောင်အလယ်မှာ ဒူးထောက်ခိုင်းထားပြီး အပြစ်ပေးထားတယ်တဲ့]

ဇာတ်လိုက်မင်းသား ယွဲ့ဟွာအကြောင်း ကျန်းကျီမြောင် သေသေချာချာလေ့လာပြီးပါပြီ။

[ရှဲ့ချိုးဆိုတာ ယွဲ့ဟွာရဲ့ ကြင်ယာတော်လောင်းမဟုတ်ဘူးလား ? စာအုပ်ထဲမှာ သူက ယွဲ့ဟွာရဲ့အမာခံပရိတ်သတ်ပဲ၊ သူနဲ့လက်ဆက်ပြီးတော့ ရှဲ့မိသားစုတစ်စုလုံးက ယွဲ့ဟွာရဲ့ အကြီးမားဆုံး မဟာမိတ်တွေဖြစ်လာတယ်၊ မြို့စားကြီး သေသွားတော့ မြို့စားကြီးရဲ့အာဏာကိုပါ ယွဲ့ဟွာ သိမ်း ပိုက်လိုက်ပြီး မတားမဆီးနိုင်အောင် စွမ်းအားကြီးသွားခဲ့တယ်]

ယွဲ့ဟွာ၏ထီးနန်းသိမ်းပိုက် ပုန်ကန်မှုတွင် ရှဲ့ချိုးနှင့် ရှဲ့မိသားစုတို့က အရေးပါသည့်ကဏ္ဍမှပါဝင်ကြသည်။

[မယ်တော်ကြီးက ယွဲ့ဟွာဘက်တော်သားဆိုတာ လူတိုင်းသိပြီးသားပဲ၊ ဒါပေမယ့် ယွဲ့ဟွာရဲ့ ကြင်ယာတော်လောင်းကို ဘာလို့ဒူးထောက်ခိုင်းပြီး အပြစ်ပေးထားတာလဲ ? လျှို့ဝှက်ချက်တစ်ခုခုတော့ ရှိရမယ်! ဒီပွဲကို ကျိန်းသေပေါက် သွားကြည့်မှဖြစ်မယ်!]

တခြားအတင်းအဖျင်းများကို ကျန်းကျီမြောင်အမြန်ဖတ်ကြည့်လိုက်သည်။ စိတ်ဝင်စားစရာ ဘာမှသိပ်မရှိပါပေ။ ထို့နောက် သူ မတ်တပ်ရပ်ကာ မိန့်ကြားလိုက်သည်။

“ဒီနေ့မနက်ခင်း ဂါဝရပြုချိန်ပြီးဆုံးပြီ၊ ဒီမိဖုရား ဆောင် ရွက်စရာကိစ္စလေးရှိလို့ ဒီနေ့အတန်းချိန်တွေမှာ ရှိနေပေးနိုင်မှာ မဟုတ်ဘူး၊ အားလုံး ဆန္ဒရှိသလို ဆက်ဆောင်ရွက်နိုင်တယ်”

ကိုယ်လုပ်တော်များအားလုံး ချက်ချင်းအမိန့်နာခံလိုက်ကြသည်။ မိဖုရားကြီးမှာ ‘ဆောင်ရွက်စရာကိစ္စ’ရှိမှန်း သူမတို့ သိပါသည်။

သို့သော် စာအုပ်ဟူသည့် အခေါ်အဝေါ်ကိုကြားပြီး အားလုံရင်ထဲ လေးလံသွားကြလေသည်။

စာအုပ်ထဲမှာ ဟုတ်လား…

အဲ့တာဆို ရှဲ့ချိုးနဲ့ ယွဲ့ဟွာတို့က ဝတ္ထုတစ်ပုဒ်ထဲက ဇာတ် ကောင်တွေလား…

ငါတို့ကကော ဝတ္ထုထဲက ဇာတ်ကောင်တွေပဲလား…

ထိုအမှန်တရားတွေကို လက်ခံနိုင်ဖို့ သူမတို့အချိန်ယူရပါလိမ့်မည်။ ချန်ရှုယိက ကျန်းကျီမြောင်ကိုမော်ကြည့်လျက် တစ်စုံတစ်ခု လျှောက်တင်ဖို့ကြံလိုက်သော်လည်း အချိန် မှန်မဟုတ်သေးသဖြင့် မနက်ဖြန်အထိ စောင့်ဖို့သာ ဆုံးဖြတ်လိုက်လေသည်။

All Chapters