အခန်း (၃၅)
Vol. 4 Ch. 35
“ကျွေ့ယွဲ့”
ကျွေ့ယွဲ့အား ဆင့်ခေါ်လိုက်ပြီး ကျန်းကျီမြောင် တိတ်တ ဆိတ်ညွှန်ကြားလိုက်သည်။
“တော်ဝင်စာကြည့်ဆောင်ကိုသွား၊ပြီးရင် ဒီမိဖုရားရှို့အန်းနန်းဆောင်ကို ဂါဝရပြုဖို့ကြွသွားတယ်လို့ အရှင်မင်းကြီးကို လျှောက်တင်လိုက်”
သူမနှင့် ယွဲ့လင်းတို့ တရားဝင် ပူးပေါင်းလိုက်ကြပြီဖြစ် သည်။ အရိပ်အမြွက်လေးတစ်ခု ပေးလိုက်ရုံနှင့် နောက် ကွယ်က အဓိပ္ပာယ်ကို ယွဲ့လင်းနားလည်နိုင်ပါသည်။
“အမိန့်အတိုင်းပါ” ကျွေ့ယွဲ့ အမိန့်နာခံလိုက်သည်။
“ရှောင်ချန်းကျီ၊ ဖုန့်ယီနန်းဆောင်က မိန်းမစိုးတွေနဲ့ အခြွေ အရံတွေအားလုံးကို သွားဆင့်ခေါ်လိုက်စမ်း”
ကျန်းကျီမြောင် အမိန့်ထပ်ပေးလိုက်သည်။
ရှောင်ချန်းကျီ အမိန့်နာခံဖို့ ပြင်လိုက်စဉ် ကျန်းကျီမြောင် တီးတိုးရေရွတ်လိုက်ပါသည်။
“ဒီလောက်နဲ့ မလုံလောက်သေးဘူး၊ နေဦး ကြင်ယာတော်သဲ့နဲ့ တခြားသူတွေဆီက အခြွေအရံတွေ ထပ်သွားငှားရမယ်”
ထို့နောက် ဖုန့်ယီနန်းဆောင်သို့ ကျန်းကျီမြောင် ပြန်ကြွသွားခဲ့သည်။ သိပ်မကြာလိုက်ဘဲ အခြွေအရံတွေ၊ မိန်းမစိုးတွေ အများကြီးခေါ်ဆောင်ပြီး ပြန်ထွက်လာခဲ့ပါသည်။ ကြင်ယာတော်သဲ့နှင့် အခြားကိုယ်လုပ်တော်များ၏အခြွေအရံများကိုပင် ငှားရမ်းခေါ်ဆောင်လာခဲ့သေးသည်။ ထို့နောက် ရှို့အန်းနန်းဆောင်ဆီသို့ တခမ်းတနားချီတက်လေတော့ သည်။
ယွင်ရှန်းက မနေနိုင်ဘဲ ဘေးမှ တီးတိုးလျှောက်တင် သတိ ပေးလိုက်လေသည်။
“အရှင်မ… မင်းသားအန်းဟယ်နဲ့ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် မယ်တော်ကြီးက အရှင်မကို အရိုးထိအောင် နာကျည်းနေမယ်ထင်တယ်၊ ဆူညံသံတွေကို မယ်တော်ကြီး မကြိုက်လို့ ကိုယ်လုပ်တော်တွေ မနှောင့်ယှက်သင့်ဘူးလို့ အရှင်မင်း ကြီးကိုယ်တိုင် မိန့်ကြားထားတာ…ဆင့်ခေါ်ခြင်းမရှိဘဲ ဒီလိုကြွမြန်းတာက အရှင်မင်းကြီးရဲ့အမိန့်ကို လွန်ဆန်ရာ မကျဘူးလား”
ကျန်းကျီမြောင် ပြုံးလိုက်ပြီးပြန်ဖြေလိုက်ပါသည်။
“မယ်တော်က အချိန်တိုင်းခေါင်းကိုက်နေတာ စိတ်ဖိစီးစရာတစ်ခုခုရှိလို့ပဲဖြစ်မယ်၊ ဒီမိဖုရားကြီးတို့လို ငယ်သားတွေက လူကြီးသူမတွေရဲ့မနိုင်ဝန်ကို ကူထမ်းပေးသင့်တယ်လေ”
ယွင်ရှန်း မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်မိသည်။ သူတို့ရဲ့အရှင်မက သဘောမနောကောင်းမည့်ပုံစံလည်း သိပ်မပေါက်ပါ…
သို့သော် ကိစ္စတော့ မရှိပေ။ ကျွေ့ယွဲ့ပင် ဧကရာဇ်မင်း ကြီးထံ သွားရောက်နေပြီဖြစ်သဖြင့် အရှင်မထံ အကြံအစည်တစ်ခုခု ရှိပြီးသားဖြစ်ပါလိမ့်မည်။
--- --- ---
ရှို့အန်းနန်းဆောင်တွင်…
ကြမ်းပြင်ပေါ် ဒူးထောက်နေသည့် ရှဲ့ချိုးအား မယ်တော်ကြီး အေးစက်စွာကြည့်လိုက်သည်။ ရှဲ့ချိုးကလည်း ခေါင်း မာနေသည့်မျက်နှာထားဖြင့် အညံ့ခံဖို့အစီအစဉ်မရှိဘဲ ဆက်ပြီး ဒူးထောက်နေခဲ့သည်။
အနီးအနားတွင် မြို့စားကတော်ကြီးလည်းရှိနေပြီး သမီးဖြစ်သူအတွက် အလွန်စိတ်လက်မသက်သာ ဖြစ်နေလေသည်။ နှုတ်မှထုတ်မပြောရဲသော်လည်း မယ်တော်ကြီးကို အတော်လေးအငြှိုးထားနေမိပါပြီ။
တစ်ဦးတည်းသော သမီးဖြစ်သဖြင့်အတွက် ချိုးအာမှာ ရွှေဇွန်းကိုက်ပြီး မွေးဖွားလာသည့် ကလေးတစ်ယောက် ဖြစ် သည်။ တစ်မိသားစုလုံး၏ပုလဲလုံးလေးဟု တင်စားထိုက်သည်။
ချိုးအာ အမှားတစ်ခုခုလုပ်မိခဲ့တာဆို လက်ခံပေးနိုင်သော် လည်း ဒီကိစ္စမှာ သမီးဖြစ်သူ အမှားပါဝင်သည်ဟု မြို့စားကတော်ကြီးမထင်မိပေ။
ချိုးအာကို မတ်တပ်ပြန်ရပ်ခိုင်းဖို့ မယ်တော်ကြီးအစီအစဉ် မရှိမှန်းမြင်ပြီး မြို့စားကတော်စိတ်မထိန်းနိုင်တော့ဘဲ ဝင်လျှောက်တင်လိုက်လေသည်။
“မယ်တော်ကြီး! ချိုးအာလေးက ကိုယ်ခန္ဓာကြံ့ခိုင်မှု အား နည်းပါတယ်၊ ဒီတိုင်းသာဆို…”
“ကိုယ်ခန္ဓာကြံ့ခိုင်မှု အားနည်းတယ်ဟုတ်လား”
မယ်တော်ကြီး သရော်ကာပြောလိုက်သည်။
“ဘယ်နားက ကြံ့ခိုင်မှုအားနည်းတာလဲ ပြစမ်းပါဦး! ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်သေးတဲ့ ကလေးမတစ်ယောက်ကများ ငါ့ကိုပုန်ကန်တဲ့ စကားမျိုးပြောရဲတယ်၊ ကိုယ့်ကိုကိုယ် ဘာထင်နေလဲ ?”
ရှဲ့ချိုးလည်း နှုတ်ခမ်းကိုက်လျက် မခံမရပ်နိုင်ဖြစ်စွာ လျှောက်တင်လိုက်သည်။
“မယ်တော်ကြီးကသာ ပုံကြီးချဲ့နေတာပါ! မင်းသားအန်းဟယ်နဲ့ ဒီငယ်သားရဲ့လက်ဆက်ထိန်းမြှားမှုကို ဘယ်တုန်း ကမှ တရားဝင်မဆုံးဖြတ်ခဲ့သေးဘူး၊ ဒီနေ့ ဒီငယ်သားရဲ့ သဘောထားကိုမေးမြန်းဖို့ မယ်တော်ကြီး ဆင့်ခေါ်ခဲ့တယ် ဒီငယ်သားကလည်း စိတ်ထဲရှိရာအမှန်အတိုင်းသာ လျှောက်တင်ခဲ့ရုံပါ၊ ဒီငယ်သား ဘာအပြစ်များကျူးလွန်မိလို့လဲ!”
“ဘာအပြစ်လဲ ဟုတ်လား”
မယ်တော်ကြီး ဒေါသပိုထွက်သွားခဲ့သည်။
“နင့်အဆင့်အတန်းနဲ့ ဟွားအာလေးရဲ့အဆင့်အတန်းက တူလို့လား၊ နင့်ကို ဟွားအာလေးနဲ့လက်ဆက်ပေးဖို့ ငါစီစဉ်ခဲ့တာက ရှဲ့မိသားစုကိုတစ်သက်မှာ နှစ်ခါမရနိုင်တဲ့ ကောင်း ချီးမျိုးပေးလိုက်တာပဲ! အဲ့တာကို နင့်လို ဘာမဟုတ်တဲ့ အဆင့်အတန်းမျိုးက ငြင်းဆန်ကန့်ကွက်ရဲတယ်ပေါ့၊ ရှဲ့မိသားစုက သားသမီးတွေကို ဒီလိုပဲ ဆုံးမထားတာလား!”
ထို့နောက် မြို့စားကတော်ကိုလှည့်ကြည့်ကာ မယ်တော်ကြီး ငေါက်လိုက်သည်။
“ဒါ နင်တို့ ပျိုးထောင်ထားတဲ့ ‘ဗိုင်းကောင်းကျောက်ဖိ’လေး ဆိုတာလား!”
မယ်တော်ကြီးအမြင်တွင် တစ်လောကလုံးမှာ ယွဲ့ဟွာကသာ အရှိန်အဝါအကြီးမားဆုံးဖြစ်သည်။ သူနှင့်လက်ဆက်ပေးဖို့ ဘယ်အပျိုစင်ကိုပဲ ရွေးချယ်ပါစေ ထိုအပျိုစင်က ခခယယ ကျေးဇူးတင်သင့်တာဖြစ်သည်။ ရှဲ့ချိုးလည်း ယခင်တုန်းက ကျေးဇူးတင်ခဲ့ဖူးပါသည်။ သို့သော် ယခုလို ထိန်းမြှားမှုကို အတည်ပြုမည့်အဆင့်ကို ရောက်ခါမှလက် ဆက်ဖို့ ဆန္ဒမရှိတော့ကြောင်း ရှဲ့ချိုးငြင်းဆန်လာလေသည်။
ဆန္ဒမရှိဘူး ဟုတ်လား!
သူ့မှာ အဲ့လို ငြင်းပိုင်ခွင့်ရှိလို့လား ?
မယ်တော်ကြီး ရင်ထဲဒေါသမီးများ တောက်လောင်လာခဲ့ပြီး ရှဲ့ချိုးကို ဒူးထောက်ခိုင်းကာအပြစ်ပေးခဲ့သည်။
မြို့စားကတော်ကလည်း ဒေါသကို ချုပ်တည်းထားရတာဖြစ်သည်။
မယ်တော်ကြီးကိုယ်တိုင် ချိုးအာကို လက်ဆက်ဖို့ ဆန္ဒရှိရဲ့လားလို့ မေးခဲ့တာ မဟုတ်ဘူးလား!
ချိုးအာက ဆန္ဒမရှိကြောင်း အမှန်အတိုင်းပြောလိုက်ခါမှ မယ်တော်ကြီးရဲ့ စရိုက်မှန်တွေပေါ်လာတယ်!
အရင်တုန်းက ဘာလို့ သဘောကောင်းချင်ယောင်ဆောင်ပြခဲ့တာလဲ ?
သို့သော်လည်း မြို့စားကတော် စိတ်ပူမိပါသည်။
မယ်တော်ကြီးသာ ခွင့်မလွှတ်လျှင် ချိုးအာ တစ်သက်လုံး ဒူးထောက်နေရလောက်သည်။
ထိုစဉ် အစေခံတစ်ယောက် သုတ်သုတ်ပျာပျာ ရောက်ရှိလာပြီး လျှောက်တင်လိုက်လေသည်။
“မိဖုရားကြီးက အခစားဝင်ဖို့ တောင်းဆိုနေပါတယ်”
မိဖုရားကြီးဟုတ်လား ?
ကျန်းကျီမြောင်ကို ပြောတာလား…?
မြို့စားကတော် မျက်လုံးများ အရောင်တောက်သွားသည်။ ကြာပန်းကြည့် ညစာစားပွဲညက အခြေအနေတွေကိုသုံး သပ်ကြည့်ခြင်းအားဖြင့် မင်းကြီးနှင့် မိဖုရားကြီးတို့က ယွဲ့ဟွာကို အာဏာကြီးမားလာခွင့်ပြုမှာ မဟုတ်မှန်းသိသာလှသည်။
အစကတည်းက ယွဲ့ဟွာကို ချိုးအာသဘောကျသည်ဟု ဆိုသဖြင့်သာ လက်ဆက်ထိန်းမြှားမှုကို သူမတို့ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု ချိုးအာကိုယ်တိုင်က ဆန္ဒမရှိတော့ကြောင်းဆိုနေသဖြင့် ထိန်းမြှားမှုကို သူမတို့ ပျော်ပျော်ကြီးငြင်းဆန်နိုင်ပါပြီ။
ယွဲ့ဟွာက စိတ်ကြီးဝင် ဂုဏ်ဆာလွန်းသူဖြစ်သည်။ မြို့စားကြီးနှင့် မြို့စားကတော်တို့နှစ်ယောက်စလုံး ယွဲ့ဟွာကို တစ်ခါမှ သဘောမကျခဲ့ဖူးပါ။
သို့သော်လည်း မယ်တော်ကြီးကတော့ သူမတို့ကိုငြင်းဆန်ခွင့်ပြုမည်မဟုတ်ပေ။ မယ်တော်ကြီးသာ ခေါင်းမာနေလျှင် ရှဲ့မိသားစု ဘာမှတတ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် အခုလိုချိန်မှာ မိဖုရားကြီးကြွမြန်းလာခြင်းက အခွင့်ကောင်းဖြစ်ပါသည်။
“အရင်တုန်းက တစ်ခါမှရောက်မလာဖူးဘဲ အခုမှ ဘာလာလုပ်တာလဲ ? မမြင်ချင်ဘူး!”
မယ်တော်ကြီး ငေါက်လိုက်သည်။
“မယ်တော် ခုတလော ခေါင်းတွေကိုက်ခဲနေမှန်း ကြားသိရတယ်လို့ မိဖုရားကြီးကမိန့်ပါတယ်၊ မယ်တော့်ကို မတွေ့ရရင် စိတ်နှလုံးအေးချမ်းနိုင်မှာ မဟုတ်ဘူးတဲ့”
အစေခံလည်း တုန်ယင်စွာထပ်လျှောက်တင်လိုက်သည်။
“သူက စိတ်နှလုံး မအေးချမ်းနိုင်ဘူးဟုတ်လား” မယ်တော်ကြီး လှောင်ပြုံး ပြုံးလိုက်လေသည်။
“ငါ့ကို သင်း ဒေါသထွက်အောင်လာမလုပ်ရင် ခေါင်းကိုက်တာ အလိုလိုပျောက်သွားလိမ့်မယ်လို့ ပြန်ပြောလိုက်! မြင်လည်း မမြင်ချင်ဘူး တွေ့လည်း မတွေ့ချင်ဘူး! ချက်ချင်း ပြန်လွှတ်လိုက်စမ်း!”
မယ်တော်ကြီး၏ မိန့်ကြားမှု အဆုံးသတ်သွားသည်နှင့်တစ် ပြိုင်နက် အပြင်ဘက်မှ ဆူညံသံများထွက်ပေါ်လာလေသည်။
“မယ်တော်!!!” ကျန်းကျီမြောင်၏ အော်ခေါ်သံကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
“မယ်တော် နာမကျန်းဖြစ်နေတယ်ဆိုလို့ ဒီချွေးမ သတင်း လာမေးတာပါ၊ ဒီငယ်သားတွေက ဘာလို့ ပိတ်ပင်ထားကြတာလဲ! မယ်တော့်ကို ဂါဝရပြုဖို့လာတဲ့ ငါ့ကို တားဆီးချင်ကြတယ်ပေါ့!”
“ဒီလူလိမ်လူညစ်တွေကို တစ်ယောက်ယောက်လာဆွဲခေါ်သွားကြစမ်း! မယ်တော်နဲ့ ငါ့အကြားက သံယောဇဉ်ကို ဖျက်လိုဖျက်ဆီး လုပ်ရဲကြတယ်၊ ကိုယ့်နေရာကိုယ် မသိကြဘူး!”
မယ်တော်ကြီးမျက်နှာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။
ဒီမိန်းမ… နန်းဆောင်ထဲကို တကယ်ကြီး အကြမ်းနည်းသုံးပြီး ဝင်လာတာလား!
မြို့စားကတော်မှာ မျက်လုံးများ ဝိုင်းစက်သွားလေသည်။
မိဖုရားကြီးက… စိတ်ဝင်စားစရာပဲ
မြို့စားကတော် အမြန်ဆုံးလျှောက်တင်လိုက်လေသည်။
“မိဖုရားကြီးက သိတတ်လိမ္မာပြီးစိတ်ရင်းအမှန်နဲ့ ဂါရဝလာပြုတာဖြစ်မှာပါ၊ ကြွမြန်းခွင့်ပြုလိုက်ပါလား မယ်တော်ကြီး”
မယ်တော်ကြီး အံကြိတ်လိုက်မိသည်။ သူမ ဝင်ခွင့်မပြုချင်သော်လည်း ကျန်းကျီမြောင် တံခါးအားရိုက်ချိုးပြီး ဝင်လာတော့မည်ဟု ခံစားနေရသည်။ မိဖုရားကြီးက ရှို့အန်းနန်းဆောင်သို့ အခြွေအရံတွေ၊ မိန်းမစိုးတွေ အများကြီး ခေါ်ဆောင်လာခဲ့တာဖြစ်သဖြင့် ရှို့အန်းနန်းဆောင်ရှိ အစေ ခံများလည်း မတားဆီးနိုင်တော့ပေ။
“ဝင်ခွင့်ပြုလိုက်!” မယ်တော်ကြီး အမိန့်ပေးလိုက်သည်။
ရတယ်လေ! ကျန်းကျီမြောင်နဲ့ စာရင်းအဟောင်းကော စာရင်းအသစ်ပါ ရှင်းရတာပေါ့!
အထိန်းတော်ဖန့် အမိန့်နာခံကာ အပြင်သို့ ပြန်ပြေးထွက်သွားခဲ့သည်။ ခဏကြာတော့ ဆူညံသံများတိတ်ဆိတ်သွားခဲ့ပြီး ကျန်းကျီမြောင်ကို ခေါ်ဆောင်လျက် နန်းဆောင်ထဲ ပြန်ဝင်လာခဲ့သည်။
“မယ်တော်!”
မယ်တော်ကြီးအား မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ကျန်းကျီမြောင် စိုးရိမ်တကြီးအော်ခေါ်လိုက်လေသည်။
“မျက်နှာက ဖြူဖပ်ဖြူရော်နဲ့မကြည်မလင်ဖြစ်နေပါလား ? ခေါင်းကိုက်ခဲဝေဒနာက ဆေးမမှီတော့တဲ့ အဆင့်ကို ရောက်ရှိသွားပြီလား ?”
မယ်တော်ကြီး ဒေါသပေါက်ကွဲသွားလေသည်။
“မိဖုရားကြီး!”
“ရှိပါကြောင်း!” ကျန်းကျီမြောင် ခါးမတ်သွားလေသည်။
“ဆင့်ခေါ်ခံရခြင်းမရှိဘဲ ရှို့အန်းနန်းဆောင်ထဲ အကြမ်းနည်းသုံးပြီး ဝင်လာတယ်၊ အခုလည်း ငါ့ရှေ့မှာ စကားကို ရှေ့နောက် မဆင်ခြင်ဘဲပြောနေပြန်တယ်၊ ငါ့ကို အသက်မရှိတဲ့ အလောင်းကောင်လို့ထင်နေတာလား”
မယ်တော်ကြီး သည်းမခံနိုင်တော့ပါ။
မယ်တော်ကြီး ဒေါသထွက်နေသည်ကိုမြင်ပြီး ကျန်းကျီမြောင် အမြန်လျှောက်တင်လိုက်လေသည်။
“မယ်တော်ရယ် အလောင်းကောင်တွေအကြောင်းမပြောပါနဲ့၊ မယ်တော့် အသက်အရွယ်နဲ့ မပြောကောင်ဘူး၊ နှုတ်စီးပြီး တကယ် နတ်ရွာစံသွားရင် ဘယ်လိုလုပ်မလဲ!”