← Chapters

အခန်း (၃၆)

Vol. 4 Ch. 36

အခန်း (၃၆)

Vol. 4 Ch. 36

“တကယ်နတ်ရွာစံသွားရင်ဆိုတာ ဘာအဓိပ္ပာယ်လဲ”

မယ်တော်ကြီး နှုတ်ခမ်းတွေ ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားသည်။ ကျန်းကျီမြောင်ကို လက်ညှိုးငေါက်ငေါက် ထိုးထားသော်လည်း အချိန်အတော်ကြာအောင် ဘာမှမပြောနိုင်ခဲ့ပေ။

“မယ်တော်ကြီး!”

အထိန်းတော်ဖန့် အပြေးရောက်လာပြီး မယ်တော်ကြီး၏ ကျောကိုပွတ်ပေးလျက် အသက်ဝဝ ရှူနိုင်အောင် ကူညီပေးလိုက်ပါသည်။ ထို့နောက် ကျန်းကျီမြောင်ကိုလည်း မကျေမနပ် ကြည့်ကာ လျှောက်တင်လိုက်သည်။

“ယုံမင်းဆက်မှာ ဘိုးဘေးမိဘတွေကို ဘုရားသဖွယ် ကိုး ကွယ်ကြတာ၊ မယ်တော်ကြီးကို သတိလစ်ရလောက်တဲ့အထိ စိတ်ထိခိုက်အောင်လုပ်ရင် အရှင်မင်းကြီးလည်း ခွင့်လွှတ်ပေးမှာ မဟုတ်သလို တိုင်းသူပြည်သားတွေကလည်း ခွင့်လွှတ်ပေးမှာမဟုတ်ဘူး!”

ကျန်းကျီမြောင် ချက်ချင်း တောင်းပန်လိုက်လေသည်။

“မယ်တော်ကြီးကို စိတ်ထိခိုက်အောင်လုပ်တယ်ဟုတ်လား! မဟုတ်ရပါဘူး! ဒီမိဖုရား စကားပြောတာ နည်းနည်းပွင့် လင်းသွားလို့ပါ၊ မကောင်းတဲ့ ရည်ရွယ်ချက် ဘာမှ မရှိရပါဘူး၊ ဒါပေမယ့် ဒီမိဖုရားရဲ့ အပြစ်ဆိုတော့ ဒီမိဖုရားကို ဒူးထောက်အပြစ်ပေးဖို့ တောင်းဆိုပါတယ်!”

ကျန်းကျီမြောင် ဒူးထောက်ဖို့ ပြင်လိုက်စဉ် ဘေးမှာ ဒူးထောက်လျက်သားရှိနေသည့် ရှဲ့ချိုးအားလှမ်းကြည့်လိုက်သည်။ ထို့နောက် အံ့အားသင့်နေသော မျက်နှာထားမျိုးဖြင့် မေးမြန်းလိုက်လေသည်။

“ဒါရှဲ့မိသားစုရဲ့ သခင်မလေးမဟုတ်လား ? သူလည်း ဘာလို့ ဒူးထောက်နေရတာလဲ ? မယ်တော်ကြီးကို စိတ်ထိခိုက်အောင်လုပ်မိလို့လား”

“ဒီမိဖုရားက စကားအပြောမတတ်လို့ မယ်တော်ကြီးကို စိတ်ထိခိုက်အောင် မတော်တဆလုပ်မိသွားတာဆိုတော့ ပြစ်ဒဏ်ခံရဖို့ ထိုက်တန်ပါတယ်၊ ဒါပေမယ့် သခင်မလေးရှဲ့လို ကျော်ကြားတဲ့ ဗိုင်းကောင်းကျောက်ဖိလေးကကော စကားအပြော မတတ်ခဲ့လို့လား”

ကျန်းကျီမြောင် မေးမြန်းရင်း ဒူးထောက်ဖို့ပင် ‘မေ့လျော့’ သွားခဲ့ရသည်။

[စိတ်ဝင်စားစရာပဲ၊ ရှဲ့ချိုးက ယွဲ့ဟွာရဲ့အမာခံပရိတ်သတ် မဟုတ်ဘူးလား ? ယွဲ့ဟွာကို ဒီလောက်လေးစားကြည်ညိုပြီး ယောက္မကြီးနဲ့ကျတော့ ဘာလို့ပြဿနာတက်နေတာလဲ ? မူလဇာတ်လမ်းထဲမှာဆို ရှဲ့ချိုးကို ယွဲ့ဟွာအကောင်လိုက် ‘ဝါးမျို’ပစ်ခဲ့တာ၊ ရှဲ့မိသားစု ပိုင်ဆိုင်သမျှအရာအားလုံးလည်း သူ့လက်ထဲကျရောက်သွားတယ်၊ ယွဲ့ဟွာ နန်းတက်သွားတော့ ရှဲ့ချိုး မိဖုရားကြီးဖြစ်သွားတယ်၊ ဒါပေမယ့် ယွဲ့ဟွာရဲ့ အနောက်နန်းဆောင်မှာ ကိုယ်လုပ်တော် အယောက် သုံးထောင်လောက်ရှိတယ်၊ ရှဲ့မိသားစုရဲ့ အာဏာကို ပိုင်ဆိုင်သွားတာနဲ့ ရှဲ့ချိုးကိုလည်း ယွဲ့ဟွာ မကြင်နာတော့ဘူး၊ အဲ့ဒီနောက်ပိုင်း ရှဲ့ချိုးအမှန်တရားကို နားလည်သွားပြီး ဘယ်သူနဲ့မှ မတွေ့တော့ဘဲ နန်းဆောင်ထဲမှာပဲ တစ်ယောက်တည်း ပိတ်လှောင်နေခဲ့တယ်]

ရှဲ့ချိုးကို ကြည့်ရင်း ကျန်းကျီမြောင်တွေးလိုက်မိသည်။

မြို့စားကတော် တစ်ခုခုပြောဖို့ကြံလိုက်စဉ် သူမအာရုံထဲ ကျန်းကျီမြောင်၏အသံရုတ်တရက် ထွက်ပေါ်လာလေသည်။

မြို့စကားကတော် မျက်နှာတစ်ခုလုံးချောက်ချားသွားသည်။ မိဖုရားကြီး နှုတ်ပင်ဟမထားသော်လည်း သူမအာရုံထဲ မိဖုရားကြီး၏အသံတွေကို ကြားနေရပါသည်။

ဒါ… မိဖုရားကြီးရဲ့ အတွေးတွေလား ?

မြို့စားကတော် တုန်လှုပ်သွားကာ မယ်တော်ကြီးအား မော်ကြည့်လိုက်သည်။ မယ်တော်ကြီးကတော့ မျက်နှာ ထား မပြောင်းလဲသေးပေ။ ထို့ကြောင့် ထိုအသံကို မယ် တော်ကြီး မကြားနိုင်တာသေချာပါသည်။

ထို့နောက် ရှဲ့ချိုးကိုလည်း မြို့စားကတော်လှည့်ကြည့်လိုက်သည်။ သမီးဖြစ်သူကလည်း ခေါင်းမာနေဆဲဖြစ်ကာမလှုပ် မယှက် ဒူးထောက်နေဆဲပင်။ အစေခံတွေ အားလုံးလည်း ငြိမ်သက်နေကြသည်။

သူ တစ်ယောက်တည်း အဲ့အသံကို ကြားလိုက်ရတာလား…

ထိုအတွေးသံများ၏အဓိပ္ပာယ်ကို မြို့စားကတော် စတင်စဉ်းစားလေသည်။

သူမ သမီးလေးအကောင်လိုက် ‘ဝါးမျို’ခံရတယ်တဲ့လား

ကြောက်စရာကောင်းလိုက်တာ!

ရှဲ့မိသားစုတွင် သမီးတော်တစ်ယောက်သာရှိသည်။ သူမကို လက်ဆက်ထိန်းမြှားလိုက်ပါက ရှဲ့မိသားစု ပိုင်ဆိုင်သမျှကိုရရှိလိုက်တာနှင့် အတူတူပင်။ ချိုးအာ ပျော်ရွှင်နေလျှင်တော့ သူမတို့ပိုင်ဆိုင်သမျှကို လိုလိုလားလားပေးအပ် နိုင်ပါသည်။ သို့သော် ချိုးအာကို ယွဲ့ဟွာအသုံးချချင်ရုံသက်သက်သာ ဆိုလျှင်တော့… ချိုးအာ သူ့အတွက် အသုံးမဝင်တော့သည့်အခါ စွန့်ပစ်ခံရလိမ့်မည်။

ထိုအတွေးသံကြောင့် ကြောက်စရာကောင်းသည့် အချက် အလက်တစ်ခုကို သူမ ထပ်မံကြားသိခဲ့ရသည်။

တစ်ချိန်ချိန်မှာ ယွဲ့ဟွာ ထီးနန်းရရှိသွားလိမ့်မည်။ လက်ရှိ ဧကရာဇ်မင်းကြီး နတ်ရွာစံသွားခြင်း သို့မဟုတ် ယွဲ့ဟွာ ပုန်ကန်ခြင်းကြောင့်သာဖြစ်နိုင်သည်။

ယခုတော့ မြို့စားကတော် သမီးဖြစ်သူကို ယွဲ့ဟွာနဲ့ လုံးဝ မပေးစားချင်တော့ပေ။ သို့သော် ဒီလိုလုပ်လိုက်လျှင်လည်း ယွဲ့ဟွာ၏အမျက်ဒေါသကို ခံစားရနိုင်သည်။ ယွဲ့ဟွာ ဧကရာဇ်ဖြစ်လာသည့်အခါ… ရှဲ့မိသားစု ကပ်ဆိုက်သွားပါလိမ့်မည်။

သို့သော်…

ဒါတွေအားလုံးကို မိဖုရားကြီးကကြိုသိနေပြီး မိဖုရားကြီး အတွေးတွေကို သူမ ကြားနေရသဖြင့် ကံကြမ္မာကိုပြောင်း လဲနိုက်လောက်သည်။ ထို့ကြောင့် ကျန်းကျီမြောင်ကို မြို့ စားကတော် အားကိုးအားထားပြုစွာ လှမ်းကြည့်လိုက်တော့သည်။

--- --- ---

ဟန်ဆောင်ကောင်းသော ကျန်းကျီမြောင်ကို မယ်တော်ကြီး အေးစက်စွာ ကြည့်လိုက်သည်။

“ပန်ကုန်း ငယ်သားတစ်ယောက်ကိုဆုံးမဖို့ မိဖုရားကိုတင်ပြ စရာ လိုသေးလို့လား၊ မိဖုရားရဲ့ လက်က ရှည်လွန်းလို့ ဒီနန်းဆောင်အထိပါ ရောက်နေတယ်နော်!”

ကျန်းကျီမြောင် မျက်မှောင်ကြုတ်သွား၏။

[မယ်တော်ကြီးက မယ်တော်ကြီးအဖြစ်ရှိနေတုန်းပဲ… ငါဖြစ်ချင်တာကို စိတ်လိုက်မာန်ပါလုပ်လိုက်ရင် အန္တရာယ် ရှိနိုင်တယ်၊ ဒါပေမယ့် ဒီပြဿနာအရင်းခံကို ဘယ်သူမှဝင်မရှင်းပြရင်လည်း ဇာတ်သိမ်းလှမှာမဟုတ်ဘူး!]

ထိုစဉ် မြို့စားကတော် ရုတ်တရက်မတ်တပ်ထရပ်လိုက်ပြီး ကျန်းကျီမြောင်အား ဦးညွှတ်ဂါဝရ ပြုလိုက်သည်။ ထို့နောက် သူမ ရှေ့မှာ ဒူးထောက်ချလိုက်ပါသည်။

“မိဖုရားကြီး! မင်းသားအန်းဟယ်က တော်ဝင်မျိုးနွယ်ပါ၊ ဒီငယ်သားရဲ့သမီးတော်ကတော့ အဆင့်အတန်းနိမ့်ပါးပြီး မျှော်မှန်းချက်ကြီးကြီးမားမားလည်း မရှိတဲ့သူပါ၊ အဲ့တာကြောင့် အရှင်မရဲ့ဉာဏ်အမြော်အမြင်နဲ့ အဆုံးအဖြတ် ပေးတော်မူပါ!”

မယ်တော်ကြီး မျက်လုံးများမယုံကြည်နိုင်အောင်ဖြစ်သွားသည်။

ဒီသားအမိ အတင့်ရဲလိုက်တာ!

မိဖုရားကြီးရှေ့မှာ သူ့ အရှက်ကို လာခွဲနေတာပဲ!

ကျန်းကျီမြောင်လည်း အံ့အားသင့်သွားရသည်။

ရှဲ့မိသားစုက လက်ထပ်ထိန်းမြှားမှုကို ဆန့်ကျင်ကန့်ကွက်တော့မယ်ပေါ့!

ယွဲ့ဟွာသာ ရှဲ့မိသားစုကို မဟာမိတ်အဖြစ်ဆုံးရှုံးသွားလျှင် အနာဂတ်မှာ သူ့အတွက် အများကြီး ပိုခက်ခဲသွားလိမ့် မည်။ ကျန်းကျီမြောင် ရင်ထဲမှာပျော်ရွှင်သွားသော်လည်း အပေါ်ယံမှာတော့ နားမလည်ချင်ယောင်ဆောင်လိုက်လေသည်။

“မယ်တော်… ဒါ… ဘယ်လိုဖြစ်ရတာလဲ”

မယ်တော်ကြီးမျက်နှာ အလွန်အကျည်းတန်နေပါပြီ။

“ရှို့အန်းနန်းဆောင်ရဲ့အမှုကိစ္စအဝဝကို မိဖုရား ဝင်ရှုပ်စရာမလိုဘူး! မေးခွန်းထုတ်စရာလည်း မလိုဘူး!”

မြို့စားကတော်နှင့် ရှဲ့ချိုးတို့ အလွန်စိတ်ဖိစီးလာကြသည်။

သူတို့ကို မိဖုရားကြီး တကယ်ကူညီနိုင်ပါ့မလား…

ကျန်းကျီမြောင် သက်ပြင်းချလိုက်သည်။

“ရှို့အန်းနန်းဆောင်ရဲ့ အမှုကိစ္စတစ်ခုတည်းဆိုရင်တော့ ဒီမိဖုရား ဝင်မပါပါဘူး၊ ဒါပေမယ့် ဒီကိစ္စမှာ မြို့စားကတော်နဲ့ သခင်မလေးရှဲ့တို့လည်း ပါဝင်နေတယ်လေ၊ အဲ့တာကြောင့် မယ်တော်ကြီးရဲ့ နန်းဆောင်ထဲက အမှုကိစ္စလို့ သတ်မှတ်လို့မရတော့ဘူး၊ ပြီးတော့ လက်ဆက်ထိန်းမြှားမှုတစ်ခုမှာ နှစ်ဦးနှစ်ဖက်ကြည်ဖြူမှဖြစ်မှာပေါ့၊ မယ်တော် ဒီလိုဖိအားပေးတာက… သိပ်မမှန်ကန်ဘူးလို့ထင်တာပဲ”

ရှဲ့ချိုး မျှော်လင့်ချက်ဖြင့် မျက်လုံးများအရောင်လက်သွားသည်။

မိဖုရားကြီး ကူညီပေးနေတာပဲ!

“ဖိအားပေးတယ် ဟုတ်လား”မယ်တော်ကြီး မခံမရပ်နိုင်ဖြစ်ကာပြောလိုက်သည်။

“တော်ဝင်မိသားစုဝင် တစ်ဦးနဲ့ လက်ဆက်ထိန်းမြှားဖို့ ကမ်းလှမ်းတာကို ငြင်းဆန်တာက အာဏာဖီဆန်မှုမြောက်တယ်! ဒါ တော်ဝင်မိသားစုရဲ့အမိန့်အာဏာပဲ!”

“မယ်တော်က တော်ဝင်မိသားစုရဲ့အမိန့်အာဏာအကြောင်း သိတယ်ပေါ့”

ခံ့ညားထည်ဝါသည့် အသံတစ်သံ ရုတ်တရက်ထွက်ပေါ် လာခဲ့သည်။

ကျန်းကျီမြောင်လည်း ယခုမှအသက်ဝဝရှူနိုင်တော့သည်။

ယွဲ့လင်း ကြွလာပြီ!

ယွဲ့လင်းနဲ့ ကျန်းကျီမြောင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် ကျန်းကျီမြောင် အမြန်လျှောက်တင်လိုက်ပါသည်။

“မယ်တော်က မင်းသားအန်းဟယ်နဲ့ သခင်မလေးရှဲ့တို့ကို လက်ဆက်ထိန်းမြှားပေးဖို့ စီစဉ်နေတယ်၊ သို့ပေမယ့် သခင်မလေးရှဲ့က ဆန္ဒမပါဘူး”

ဒူးထောက်နေသည့် ရှဲ့ချိုးကို ယွဲ့လင်း ငုံ့ကြည့်လိုက်သည်။ ထို့နောက် ဒေါသအလွန်ထွက်နေသည့် မယ်တော်ကြီးအား သူ မိန့်ကြားလိုက်သည်။

“ဒီလို လက်ဆက်ထိန်းမြှားတဲ့ ကိစ္စမျိုးအတွက် သားတော် ဘာအမိန့်အာဏာမှ မထုတ်ပြန်ထားပါဘူး၊ တကယ်တော့ ပဉ္စမညီတော်နဲ့ မြို့စားကြီးသမီးကို လက်ဆက်ပေးဖို့စီစဉ်ထားတယ်ဆိုတဲ့အကြောင်း သားတော် အခုမှကြားဖူးတာပဲ၊ အမိန့်အာဏာမရှိတဲ့အတွက် အာဏာဖီဆန်မှုလည်း မမြောက်နိုင်ဘူး ထင်တယ်”

မြို့စားကတော်ကြီး၏တောင့်တင်းနေသော ကျောရိုးများ ပြန်လည်ပြေလျော့သွားခဲ့သည်။

အလောင်းအစားလုပ်လိုက်တာ မှန်သွားတယ်!

အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့က ဒီလက်ဆက်ထိန်းမြှားမှုကို လက်ခံကြမည်မဟုတ်ပါ။ သမီးဖြစ်သူကို ကယ်တင်ဖို့အတွက် ရွေးချယ်စရာလမ်းတစ်လမ်းသာရှိတော့သည်။ အရှင်မင်းကြီးအား အစွမ်းကုန်ကာကွယ်ပေးဖို့ပင်။

“နင်…” မယ်တော်ကြီး ဆွံ့အသွားလေသည်။

ယွဲ့လင်း တည်ငြိမ်စွာမိန့်ကြားလိုက်၏။

“မယ်တော် တချို့အမှုကိစ္စတွေဆိုတာ ဖိအားမပေးတာ အကောင်းဆုံးပဲ၊ ဖိအားပေးလို့ရလာတဲ့ ရလဒ်က ခါးသက်တဲ့ သစ်သီးတစ်လုံးလိုဖြစ်နေတတ်တယ်”

ကျန်းကျီမြောင် စိတ်ထဲ ရှုံ့မဲ့သွားသည်။

‘ခါးသက်တဲ့ သစ်သီးကလည်း သစ်သီးပဲလေ’ ဟူသည့် စကားလုံးမျိုးဖြင့် မယ်တော်ကြီး ပြန်ချေပလိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။

ကံကောင်းစွာဖြင့် မယ်တော်ကြီးက ဒေါသစိတ်မိုးမွှန်နေ ကာ စဉ်းစားဆင်ခြင်ဉာဏ်သိပ်မရှိခဲ့ပါ။

“အရှင်မင်းကြီး! အရှင်မင်းကြီးမှာ ကိုယ်ပိုင်အနောက်နန်းဆောင်ရှိနေပြီးသား၊ ဒါပေမယ့် ဟွားအာလေးက မငယ် တော့ဘူး၊ ကြင်ယာတော်လည်း မရှိသေးဘူး၊ကိုယ့်ညီတော်အတွက် နည်းနည်းလေးတောင် မစဉ်းစားပေးနိုင်ဘူးလား”

All Chapters