အခန်း (၃၇)
Vol. 4 Ch. 37
ယွဲ့လင်း အခက်တွေ့နေသော မျက်နှာထားမျိုးဖြင့် လျှောက်တင်လိုက်သည်။
“မယ်တော် ဘာလို့ အဲ့လို သုံးသပ်ရတာလဲ၊ ပဉ္စမညီတော် ကြင်ယာတော်ရွေးချယ်မယ့် အရေးကိစ္စအလုံးစုံကို မယ်တော့် လက်ထဲ ကျန်းပုံအပ်ပြီးသားလေ၊ အဲ့ဒီအရေးကိစ္စကို ကျန်းဝင်စွက်ဖက်ရင် မယ်တော် စိတ်ခုမှာစိုးလို့၊ ပြီးတော့ မယ်တော် ရှဲ့မိသားစုကိုအတော်လေး သဘောကျနေတဲ့ပုံပဲ၊ သို့ပေမယ့် လက်ဆက်ထိန်းမြှားမှုတစ်ခုမှာ နှစ်ဦး နှစ်ဖက်စလုံးရဲ့ ဆန္ဒနဲ့သဘောတူညီချက်လိုအပ်တယ်၊ ရှဲ့မိသားစုက ဆန္ဒမရှိဘူးလို့ထွက်ဆိုနေလျက်နဲ့ အတင်းဖိအားပေးလိုက်ရင် မိသားစုနှစ်စုပေါင်းစည်းပြီး မဟာမိတ်ဖြစ်မလာဘဲ ရန်သူတွေတောင် မဖြစ်သွားနိုင်ဘူးလား”
ယွဲ့လင်း ခေတ္တရပ်တန့်သွားပြီးဖြည်းညှင်းစွာဆက်ပြောလိုက်လေသည်။
“မြို့စားရှဲ့ရဲ့ အဘိုးဖြစ်သူက ဒီတိုင်းပြည်ကိုတည်ထောင်ခဲ့တဲ့ သူရဲကောင်းအာဇာနည်တွေထဲက တစ်ယောက်ပဲ၊ စစ်မြေပြင်မှာ ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်ခဲ့တယ်၊ အခု လက် ဆက်ထိန်းမြှားမှုတစ်ခုအတွက်နဲ့ ကျန်း အာဏာကိုအလွဲ သုံးစားလုပ်လိုက်ရင် တိုင်းသူပြည်သားတွေက ဘယ်လို မြင်ကြမလဲ ? ပြီးတော့… မယ်တော့်ကိုကော တိုင်းသူပြည် သားတွေ ဘယ်လို မြင်ကြမလဲ”
မယ်တော်ကြီး မျက်နှာအနည်းငယ်ပျက်သွားသည်။
“အရှင်မင်းကြီးက တိုင်းသူပြည်သားတွေကို အသုံးချပြီး ဒီမယ်တော့်ကို ဖိအားပေးနေတာလား”
ယွဲ့လင်း ခါးသီးစွာပြုံးလိုက်သည်။
“ကျန်း ဘာလုပ်လုပ် မယ်တော့်ရဲ့ အမြင်မှာ အမြဲတမ်း အမှားမြင်နေမှာ မဟုတ်လား ? ဒါပေမယ့် ဒီအရေးကိစ္စမှာတော့ ကျန်းကို အငြိုးတေးထားမယ်ဆိုလည်း ထားနိုင်ပါတယ်၊ သို့ပေမယ့် မယ်တော် ခေါင်းမမာဘဲ သားတော်တို့ရဲ့ သစ္စာခံနောက်လိုက်တွေကိုလည်း စိတ်နှလုံးထိခိုက်အောင် မလုပ်မိဖို့ မျှော်လင့်ပါတယ်”
မယ်တော်ကြီးမျက်နှာ ပဋိပက္ခဖြစ်သွားခဲ့သည်။ ကြမ်းပေါ်မှာ ဒူးထောက်နေသည့် မြို့စားကတော်နှင့် ရှဲ့ချိုးတို့ကို သူမ အေးစက်စွာလှည့်ကြည့်လိုက်သည်။ ဒီထိန်းမြှားမှုကို သူမ သေသေချာချာ ရွေးချယ်ကြံစည်ခဲ့တာဖြစ်သည်။
ရှဲ့မိသားစုက စစ်တပ်အတွင်း အလွန်အာဏာရှိသူများဖြစ်ကြသည်။ မြို့စားရှဲ့ အနားယူသွားပြီဖြစ်သော်လည်း စစ်တပ်အတွင်း သူ့အရှိန်အဝါက စိုးမိုးနေဆဲဖြစ်၏။ ယခင် ဧကရာဇ်မင်းကြီးလည်း ဒါကို ကောင်းကောင်း ရိပ်စားမိခဲ့သည်။
သို့သော် မြို့စားကြီးနှင့် မြို့စားကတော်တို့က သစ္စာရှိသူ များဖြစ်ကြသည်။ ရှဲ့ချိုးကို မွေးဖွားစဉ်က အမှားအယွင်းတစ်ခု ဖြစ်ကာ မြို့စားကတော် သားသမီးထပ်မယူနိုင်တော့ပေ။ မြို့စားကြီးကလည်း တခြားကိုယ်လုပ်တော်တွေကိုမထားရှိခဲ့ပါ။ ထို့ကြောင့် ရှဲ့မိသားစုတွင်သားယောက်ျား လေးဆက်ခံသူမရှိနိုင်တော့မှန်း သေချာမှ ယခင်ဧကရာဇ်မင်းကြီး စိတ်အေးနိုင်ခဲ့သည်။
တကယ်တော့ ယခင်ဧကရာဇ်မင်းကြီးကလည်း ရှဲ့ချိုးနဲ့ ယွဲ့ဟွာတို့ကို လက်ဆက်ပေးချင်ခဲ့သည်။ ယွဲ့ဟွာက ပညာပါရမီဖြင့် ထင်ပေါ်သူဖြစ်ပြီး ရှဲ့ချိုးကလည်း စာတွေကဗျာတွေ ချစ်မြတ်နိုးသူဖြစ်သည်။ ယွဲ့ဟွာ အသစ်အဆန်း တစ်ခုခုရေးစပ်လိုက်တိုင်း ယခင်ဧကရာဇ်မင်းကြီးက ရှဲ့ချိုးထံသို့ လက်ဆောင်ပဏ္ဍာအဖြစ် ပို့ဆောင်ပေးတတ် သည်။ ဒီထိန်းမြှားမှုသာအောင်မြင်ပါက ရှဲ့မိသားစု၏ အာဏာကို တော်ဝင်မိသားစုပိုင်ဆိုင်သွားလိမ့်မည်။
ထို့ကြောင့် ယွဲ့ဟွာကို ယခင်ဧကရာဇ်မင်းကြီး ထီးနန်းပေး အပ်ဖို့အထိပင် ကြံရွယ်ထားသည်ဟု မယ်တော်ကြီး ယုံကြည်ခဲ့ဖူးသည်။ သို့သော်လည်း အကြောင်းအရင်းတစ်ခုခုကြောင့် ယွဲ့လင်းကိုသာ ရွေးချယ်သွားခဲ့လေသည်။
ရှဲ့သားအမိနှစ်ယောက်၏ ဦးခေါင်းများကိုအချိန်အတော်အောင်စောင့်ကြည့်ပြီး မယ်တော်ကြီး မိန့်ကြားလိုက်သည်။
“ရှဲ့ချိုး ခေါင်းမော့စေ”
ရှဲ့ချိုး နှုတ်ခမ်းကိုက်လျက် မယ်တော်ကြီးကို မော်ကြည့်လိုက်သည်။
မယ်တော်ကြီးက မေးမြန်းလိုက်၏။
“အရင် လက်ဆက်ထိန်းမြှားမှုအကြောင်း အရိပ်အမြွက်ပေးခဲ့တဲ့ အချိန်တွေတုန်းက နင် ဆန္ဒမရှိဘူးလို့ တစ်ခါမှမပြောခဲ့ဖူးပါဘူး၊ ဒီနေ့ကျမှ ဘာလို့ ရုတ်တရက်ကြီးငြင်း ဆန်ရတာလဲ”
အရှင်မင်းကြီးကော မိဖုရားကြီးပါ ရောက်ရှိနေပြီဖြစ်သဖြင့် ရှဲ့မိသားစုကို ဖိအားဆက်ပေးဖို့မဖြစ်နိုင်တော့ပါ။ သို့သော် ဒီလို မဟာမိတ်မျိုးကိုလည်း မယ်တော်ကြီး လက်လွှတ်မခံချင်သေးပေ။ ဒီကိစ္စမှာ အဓိကကျသူက ရှဲ့ချိုးဖြစ်သည်။ သူမကိုသာဖြောင်းဖြနိုင်လျှင် မြို့စားကြီးနဲ့ မြို့စားကတော်တို့လည်း ငြင်းဆန်စရာအကြောင်းမရှိတော့ဘဲ သဘောတူလက်ခံပါလိမ့်မည်။
ရှဲ့ချိုး တွန့်ဆုတ်နေသည်။ မယ်တော်ကြီးက လေသံပျော့ ပျော့ဖြင့် မိန့်ကြားလိုက်၏။
“ဘာမှမဖြစ်ပါဘူး ပွင့်ပွင့်လင်းလင်းသာ လျှောက်တင်ပါ”
တကယ် ပွင့်ပွင့်လင်းလင်းပြောလို့ရရဲ့လား…
ကျန်းကျီမြောင်ကို ရှဲ့ချိုးလှည့်ကြည့်လိုက်ပါသည်။
ကျန်းကျီမြောင်က ပြုံးပြလိုက်၏။
“မယ်တော်ကြီးက ပွင့်ပွင့်လင်းလင်း လျှောက်တင်ခိုင်းနေတယ်လေ”
“မယ်တော်ကြီးမေးတာကို ဖြေမှာသာဖြေပါ”
မြို့စားကတော်ကလည်း အားပေးသည်။
ရှဲ့ချိုး အံကြိတ်လျက် ပွင့်ပွင့်လင်းလင်းလျှောက်တင်လိုက်တော့သည်။
“ပါရမီပြည့်စုံတဲ့ လူတိုင်းကို ဒီငယ်သားအမြဲတမ်းလေးစား အားကျခဲ့တယ်၊ မင်းသားအန်းဟယ်ရဲ့ ပညာပါရမီက ထူးချွန်ပြောင်မြောက်လွန်းပြီး ခင်ပွန်းကောင်းတစ်ယောက် ဖြစ်နိုင်မယ်လို့ ထင်ထားခဲ့တာ၊ အခုတော့…”
မယ်တော်ကြီး မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်သည်။
“ကြာပန်းကြည့် ညစာစားပွဲတုန်းက ကိစ္စတွေကြောင့် စိတ်ပြောင်းသွားတာလား ? အဲ့ဒါတွေက မင်းသားအန်းဟယ်ကို မနာလိုတဲ့သူတွေက အဓိပ္ပာယ်မရှိတာတွေ ပြောနေကြတာနော်”
ရှဲ့ချိုး တွန့်ဆုတ်မှုမရှိဘဲ လျှောက်တင်လိုက်လေသည်။
“အဓိပ္ပာယ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒီငယ်သားမှာ ကိုယ်ပိုင် ခံယူချက်ရှိတယ်၊ ဒီဘဝမှာ စည်းစိမ်တွေဂုဏ် ဒြပ်တွေ ဘာမှ မလိုချင်ပါဘူး၊ ဒီငယ်သားရဲ့ ခံစားချက်ကို နားလည်ပေးနိုင်တဲ့ ခင်ပွန်းတစ်ယောက်ပဲလိုအပ်တာ၊ ဒါပေမယ့် မင်းသားအန်းဟယ်က ဒီငယ်သားအတွက် အဲ့လို ခင်ပွန်းယောက်ျားမျိုး မဖြစ်နိုင်လောက်တော့ဘူး”
ထို့နောက် ရှဲ့ချိုး ဒူးထောက်ကာ ဂါဝရပြုလိုက်လေသည်။ တစ်ချိန်တုန်းက ယွဲ့ဟွာ၏ပညာပါရမီကို သူမ မှင်သက်ခဲ့ရဖူးသည်။ မနေ့ညကလည်း သူ့ကြောင့် တစ်ညလုံးနီးပါး ငိုကြွေးခဲ့ရသေးသည်။
ဒီနေ့မနက် ထန်မင်းဆက်ကဗျာလင်္ကာပေါင်းချုပ်နှင့် စုန့်မင်းဆက်ဂီတသံစဉ်ပေါင်းချုပ် စာအုပ်နှစ်အုပ်ကိုမြင်လိုက်ရမှ ယွဲ့ဟွာ၏ပါရမီဆိုတာ အလိမ်အညာသာဖြစ်မှန်း ရှဲ့ချိုး နားလည်ခဲ့ရသည်။ နှစ်ပေါင်းများစွာလေးစားကြည်ညိုခဲ့ရသမျှ ဟာသတစ်ခုလိုဖြစ်သွားခဲ့သည်။
ထို့ကြောင့် သူမ ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့သည်။ ယွဲ့ဟွာမှာ သူ မက်မောသည့် လင်ယောက်ျားမျိုး မဟုတ်တော့ပါ။
ရှဲ့ချိုးကို ကြည့်ရင်း ကျန်းကျီမြောင် လေးစားသွားလေသည်။
[ပြတ်သားလိုက်တဲ့ အမျိုးသမီး! စာအုပ်ရဲ့ နောက်ပိုင်းအခန်းတွေမှာ ရှဲ့ချိုး မှေးမှိန်ပျောက်ကွယ်သွားတာက ဇာတ်လမ်းထဲမှာ ဖော်ပြထားသလိုမျိုး မနာလိုဝန်တိုစိတ်ကြောင့် မဖြစ်နိုင်ဘူး၊ ယွဲ့ဟွာရဲ့သရုပ်မှန်ကို နားလည်သွားတာကြောင့်ပဲဖြစ်မှာ၊ ပြီးတော့ ယွဲ့ဟွာက ရှဲ့မိသားစုရဲ့အာ ဏာကိုလည်းသိမ်းပိုက်သွားခဲ့တာဆိုတော့ နားမလည်စရာအကြောင်းမရှိတော့ဘူး၊ ဒါပေမယ့် နောက်ကျသွားပြီလေ၊ ယွဲ့ဟွာက ဘုရင်တောင်ဖြစ်နေပြီ၊ ဒါပေမယ့် ဒီတစ်ခေါက်တော့ အချိန်ရှိပါသေးတယ်]
မြို့စားကတော် မျက်လုံးများအရောင်လင်းလက်သွားသည်။
စာအုပ်တဲ့…
မိဖုရားကြီးအတွေးထဲက ထိုစကားလုံးကို မြို့စားကတော် ကြားမိတာ နှစ်ကြိမ်ရှိပါပြီ။ သမီးဖြစ်သူနဲ့ အတူတူ သူမလည်း ခန်းဆောင်နီအိပ်မက်ကိုဖတ်ရှုပြီးပြီဖြစ်သည်။ ထိုစာအုပ်ထဲမှ အမျိုးသမီးလေးများက အလွန်သက်ဝင် ထင်ရှားလွန်းပါသည်။
ငါတို့ကော စာအုပ်တစ်အုပ်ထဲက ဇာတ်ကောင်တွေပဲလား…
ငါတို့ရဲ့ ဇာတ်သိမ်းကို ကြိုတင်ရေးသားသတ်မှတ်ပြီးသားလား…
ယခင်ကတော့ ထိုသို့ ဖြစ်ချင်ဖြစ်နိုင်လိမ့်မည်။ သို့သော် ယခုတော့ အားလုံးပြောင်းလဲသွားခဲ့ချေပြီ။ မိဖုရားကြီး၏ အတွေးတွေနဲ့ ခံယူချက်ကို သူမ ကြားသိခဲ့ရပါပြီ။
သမီးဖြစ်သူနဲ့ ရှဲ့မိသားစုတစ်စုလုံးကို ထိုကဲ့သို့ကြမ္မာဆိုးမျိုးဖြင့် ဇာတ်သိမ်းခွင့်မပြုနိုင်ပေ။
“မယ်တော်ကြီး”
မြို့စားကတော် နူးညံ့သိမ်မွေ့စွာ လျှောက်တင်လိုက်သည်။
“ရှဲ့မိသားစုရဲ့ သမီးတော်က စည်းစိမ်တွေဂုဏ်ဒြပ်တွေကို တကယ် မမက်မောပါဘူး၊ အေးချမ်းတဲ့ ဘဝတစ်ခုကိုပဲ လိုချင်တာပါ။ အဲ့လိုဘဝမျိုး မယ်တော်ကြီးက ပေးသနားနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်”
ထို့နောက် မြို့စားကတော်လည်း ဒူးထောက်ဂါဝရပြုကာ တောင်းပန်ခဲ့သည်။
မယ်တော်ကြီး နှုတ်ခမ်းများတုန်ယင်သွားလေသည်။
အဓိပ္ပာယ်မရှိတာ… လုံးဝ အဓိပ္ပာမယ်မရှိဘူး!
ဘာမဟုတ်တဲ့ ‘ခိုးကူးမှု’ပြဿနာလေးတစ်ခုကြောင့် လက် ဆက်ထိန်းမြှားမှုကို ငြင်းဆန်ရတယ်လို့!
ယွဲ့ဟွာက မင်းသားတစ်ပါး ဖြစ်နေရုံနဲ့ မလုံလောက်သေးဘူးလား ?
“ဆက်ပြီး တွန်းအားမပေးဘဲနေရအောင် မယ်တော်”
ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်သည်။
မယ်တော်ကြီး ခံပြင်းစွာပြောလိုက်သည်။
“ပြီးတာပဲ! မန်းသားအန်းဟယ်ကို သဘောကျပြီးတမ်း တမ်းစွဲ လိုချင်နေတဲ့ ဆွေကြီးမျိုးကြီး အပျိုစင်တွေ ပေါများလွန်းလို့! ပြီးတော့ ရှဲ့မိသားစုက စစ်တပ်မိသားစုပဲဥစ္စာ၊ သူတို့သမီးက မင်းသမီးတစ်ပါးလို နူးညံ့သိမ်မွေ့နိုင်ပါ့မလားဆိုတာတောင် မသေချာဘူး၊ နင်တို့ဘက်က ငြင်း ဆန်ချင်တယ်ဆိုမှတော့ ငါ့ဘက်ကလည်း ဘာမှမပြောခဲ့သလိုပဲ သဘောထားလိုက်တော့မယ်”
သူမ စကားလုံးများက ခါးသီးပြီးခက်ထန်သည်။ သို့သော် ငြား နောက်ဆုံးအလျှော့ပေးလိုက်ပါသည်။
“ကျေးဇူးအထူးတင်ပါတယ် မယ်တော်ကြီး”
မြို့စားကတော်နှင့် ရှဲ့ချိုးတို့ ပြိုင်တူ ဂါဝရပြုလိုက်ကြပြီး ခပ်မြန်မြန် ထွက်ခွာလာခဲ့ကြသည်။
ရှဲ့သားအမိ မရှိကြတော့သောအခါမှ မယ်တော်ကြီးသည် ကျန်းကျီမြောင်ထံ မှောင်မိုက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေသည်။
“ပြဿနာတွေဖြစ်နေတဲ့အချိန် မိဖုရားကြီး ကြွလာတာ အချိန်ကိုက်ပဲနော်!”