အခန်း (၃၈)
Vol. 4 Ch. 38
“မှန်ပါ့ မှန်ပါ့! အချိန်ကိုက်ပဲ!”
ကျန်းကျီမြောင် ပြုံးပျော်ရွှင်စွာ လျှောက်တင်လိုက်လေသည်။
“ဘာတွေ ပြုံးနေတာလဲ!”
မယ်တော်ကြီး ဒေါသပိုထွက်သွားသည်။
“နင် အဲ့လောက် ပျော်နေတာလား”
ကျန်းကျီမြောင် တကယ်လည်း ပျော်ရွှင်နေသည်။ ရှဲ့မိသားစုနှင့် လက်ဆက်ထိန်းမြှားမည့်ကိစ္စကို မယ်တော်ကြီး လက်လျှော့လိုက်သောအခါ ယွဲ့ဟွာ၏ကံကောင်းခြင်းအမှတ်က ၇၀ အထိထိုးကျသွားခဲ့သည်။ ထို့ကြောင့် စနစ်ကိုအကြွေးပြန်ဆပ်ပြီးသောအခါ သူမ အသားတင်အမြတ် ၁၄ မှတ် ရရှိနေခဲ့ပါပြီ။
ယခုလိုကံကောင်းခြင်းအမှတ် ရုတ်တရက် ကျဆင်းသွားရခြင်းမှာ အကြောင်းအရင်းနှစ်ခုကြောင့် ဖြစ်နိုင်ပါသည်။ ပထမတစ်ခုက ယွဲ့ဟွာနဲ့ ရှဲ့အန်းတို့၏လက်ဆက်ထိန်းမြှားမှု တရားဝင်ဖျက်သိမ်းခံလိုက်ရခြင်းကြောင့်ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ထိုမဟာမိတ်ကိုဆုံးရှုံးလိုက်ရခြင်းဖြင့် ယွဲ့ဟွာကံကြမ္မာဘယ်လောက်ထိ အထိနာသွားသလဲဆိုတာ ပြသနေခြင်းသာ။
ယွဲ့ဟွာ နှစ်ပေါင်းများစွာ အချိန်ယူပြီး တည်ဆောက်ထားခဲ့ရသည့် စာပေပညာ ဂုဏ်သတင်းကို ကျန်းကျီမြောင် ကြိုး စားပန်းစား ဖျက်ဆီးခဲ့သော်လည်း သူ့ကံကောင်းခြင်းအမှတ်က အလွန်ဆုံး ၁၃ မှတ်သာကျခဲ့သည်။ သို့သော် ဒီလက်ဆက်ထိန်းမြှားမှုတစ်ခုကို တားဆီးလိုက်နိုင်တာနဲ့ ကံကောင်းခြင်းအမှတ် ၁၀ မှတ်ကြီးများတောင် ကျသွားခဲ့လေသည်။
ရွေးချယ်ခံ ဇာတ်လိုက်မင်းသားလေး ဒီလောက်အထိုးနှက်ခံနေရတာကို မြင်ရမှတော့ သူ မပျော်ရွှင်ဘဲနေနိုင်ပါဦးမလား ?
ကျန်းကျီမြောင် ရယ်ချင်စိတ်ကို မနည်းထိန်းကာ မယ် တော်ကြီးအား လျှောက်တင်လိုက်လေသည်။
“မယ်တော့်ရဲ့ အသားအရည်တွေ ပန်းရောင်ပြန်သန်းလာပြီး စိတ်ဓာတ်ခွန်အားလည်း တက်ကြွနေတဲ့ပုံပေါက်တယ်လေ၊ မယ်တော် အခုပြန်ကျန်းမာလာတာကို မြင်ရတော့ ဒီချွေးမ ပျော်ရွှင်စိတ်တွေထိန်းချုပ်မရလို့ပါ”
ယွဲ့လင်းကလည်း ဝင်ထောက်ခံသည်။
“မိဖုရားက မယ်တော့်ကိ ချစ်မြတ်နိုးပြီး လေးစားကြည်ညိုလွန်းလို့ ဝမ်းသာသွားတာနေမှာပါ”
အသားအရည်တွေ ပန်းရောင်သန်းနေတယ်…
စိတ်ဓာတ်ခွန်အားတွေ တက်ကြွနေတယ် ဟုတ်လား
ကျန်းကျီမြောင်ကို မယ်တော်ကြီး စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
အသားအရည် ပန်းရောင်သန်းနေတာမဟုတ်ဘူး ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးနီရဲနေတာ!
မျိုးမစစ်…. တကယ့် မျိုးမစစ်!
မယ်တော်ကြီး စိတ်ထဲမှတွေးလိုက်သည်။
ဒီအရှင်မင်းကြီးကိုလည်း ကြည့်စမ်းပါဦး!
ချစ်မြတ်နိုးပြီး လေးစားကြည်ညိုတယ်တဲ့လား ?
ကျန်းကျီမြောင်မျက်လုံးထဲမှာ လေးစားကြည်ညိုမှု စိုးစဉ်း မျှ မယ်တော်ကြီးမတွေ့ရပါချေ။
“အရှင်မင်းကြီး ကျေနပ်သွားပြီလား”
ယွဲ့လင်းအား မယ်တော်ကြီးအေးစက်စွာကြည့်လိုက်သည်။
ယွဲ့လင်း အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလိုက်ပါသည်။
“မယ်တော် ဘာကို ဆိုလိုချင်တာလဲ ? ပဉ္စမညီတော်ရဲ့ မင်္ဂလာကိစ္စအတွက် စိုးရိမ်ပူပန်နေတာဆိုရင် ကြင်ယာတော်ရှာဖွေဖို့ ကျန်း ဝိုင်းဝန်းကူညီပေးရမလား”
“မလိုဘူး! ဟွားအာရဲ့အမှုကိစ္စအဝဝကို ဘာမှ စိတ်ပူစရာမလိုဘူး!”
ယွဲ့လင်းနှင့် ကျန်းကျီမြောင်တို့ကို သူမထံ စိုက်ကြည့်လိုက်သည်။ နှစ်ယောက်စလုံးက ဘာမှမသိနားမလည်သည့် မျက်နှာမျိုးလုပ်ပြနေကြသည်။
သူတို့နှစ်ယောက်ကို မယ်တော်ကြီးဒေါသတကြီးလက်ရမ်း ပြကာ နှင်ထုတ်လိုက်တော့သည်။
“ပန်ကုန်း ခေါင်းကိုက်လာပြီ မြန်မြန်ပြန်ကြွကြတော့!”
--- --- ---
ရှို့အန်းနန်းဆောင် အပြင်ဘက်တွင်…
ကျန်းကျီမြောင် ခေါ်ဆောင်လာခဲ့သည့် အခြွေအရံများ၊ မိန်းမစိုးများက မျှော်လင့်တကြီးစောင့်မျှော်နေကြပါသည်။
“နန်းဆောင်ဆီ ပြန်ကြွမယ်”
ကျန်းကျီမြောင် မိန့်ကြားလိုက်ပြီး ဖုန့်ယီနန်းဆောင်ထံ ပြန်ကြွဖို့ ခြေလှမ်းပြင်လိုက်သည်။
ထိုစဉ် ဘေးနားမှ ချောင်းဆိုးသံတစ်သံကြားလိုက်ရသဖြင့် ကျန်းကျီမြောင် လှည့်ကြည့်လိုက်ရာ လီသဲ့ဟွိုက် လည် ချောင်းရှင်းနေတာကို မြင်လိုက်ရလေသည်။
“မိန်းမစိုးကြီးလီ လည်ချောင်းနာနေလို့လား”
ကျန်းကျီမြောင် စိတ်ပူပန်စွာ မေးမြန်းလိုက်သည်။
ယခင် အချိန်အကန့်အသတ် အတင်းအဖျင်းမစ်ရှင်မှာတုန်းက သူမအား လီသဲ့ဟွိုက် အများကြီးအထောက်အကူပြုခဲ့မှန်း ကျန်းကျီမြောင် မှတ်မိသည်။
“အရှင်မ!”
နဖူးပေါ်မှ ချွေးစက်များကို သုတ်လျက် လီသဲ့ဟွိုက် တီးတိုးလျှောက်တင်လိုက်လေသည်။
“အရှင်… အရှင်မင်းကြီး ဒီမှာ ရှိနေသေးတယ်လေ!”
ကျန်းကျီမြောင် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ယွဲ့လင်းအား ဇဝေဇဝါဖြည့်လှည့်ကြည့်လိုက်သည်။
“မိန်းမစိုးကြီးလီ ဘာကိုဆိုလိုချင်တာလဲ ? အရှင်မင်းကြီးက ကိုယ်ပျောက်နေလို့လား ? အရှင်မင်းကြီးကို ဒီအရှင်မ မြင်နေရတာ ပုံမှန်မဟုတ်ဘူးလား”
ယွဲ့လင်း၏မျက်နှာထား ပြောင်းလဲခြင်းအလျင်းမရှိပါ။
လီသဲ့ဟွိုက် ကိုယ့်နဖူးကိုယ်ရိုက်ကာ တီးတိုးထပ်လျှောက်လိုက်သည်။
“အရှင်မင်းကြီးကို အတူကြွမြန်းဖို့ မဖိတ်ကြားသင့်ဘူးလားလို့”
ကျန်းကျီမြောင် သဘောပေါက် နားလည်သွားရသည်။
ဒါလေး ပြောဖို့အတွက်နဲ့ ချောင်းတွေဆိုးပြနေတာလား…
လီသဲ့ဟွိုက် ချွေးတွေကို အဆက်မပြတ်သုတ်နေရသည်။ အစကတော့ ဘာမှဝင်ပြောဖို့ အစီအစဉ်မရှိခဲ့ပါ။ သို့သော် မိဖုရားကြီး လှည့်ထွက်သွားသောအခါ အရှင်မင်းကြီး၏ မျက်နှာမှောင်မိုက်သွားခဲ့သည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ သူ ဝင်ပါလိုက်ရခြင်းဖြစ် သည်။
“အရှင်မင်းကြီး…”
ယွဲ့လင်းအား ကျန်းကျီမြောင် အသံတိုးတိုးလေးဖြင့် လျှောက်တင်လိုက်သည်။
“ဖုန့်ယီနန်းဆောင်မှာ ကိုယ်လုပ်တော်တွေ စောင့်နေတယ်၊ အရှင်မင်းကြီးလိုက်လာရင် သူတို့ လွတ်လွတ်လပ်လပ် ပျော်ရမှာ မဟုတ်ဘူး”
ယွဲ့လင်း : “…”
ဒါဆို အနောက်နန်းဆောင်တစ်ခုလုံးမှာ လူပိုဆိုလို့ သူတစ်ယောက်တည်း ရှိတာပေါ့…
“ဒီနေ့ညကျမှ ကြွမြန်းခဲ့ပါ”
ကျန်းကျီမြောင် ရုတ်တရက် မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
“အရှင်မင်းကြီး အံ့အားသင့်သွားစေမယ့်အရာတစ်ခုရှိတယ်”
အံ့အားသင့်သွားစေမယ့် အရာဟုတ်လား…
ညဘက်ကြီးလေ…
ယွဲ့လင်း မျက်ခုံးများကွေးသွားရသည်။
“ဒီမိဖုရား စောင့်မျှော်နေမယ်နော်”
ယွဲ့လင်း၏ပခုံးကို ပုတ်လျက် ကျန်းကျီမြောင် မှာကြားလိုက်ပြီး လှည့်ထွက်သွားလေတော့သည်။ သူမရဲ့ နောက် လိုက် လူအုပ်ကြီးကလည်း အနောက်မှတခမ်းတနား လိုက်ပါသွားခဲ့သည်။
ရှို့အန်းနန်းဆောင်ရှေ့မှာ ယွဲ့လင်း တစ်ယောက်တည်းသာ ထီးထီးကြီးကျန်ခဲ့လေသည်။
လီသဲ့ဟွိုက် မဝံ့မရဲဖြင့် လျှောက်တင်လိုက်၏။
“အ…အရှင်မင်းကြီး ဒါ…”
ယွဲ့လင်းပြုံးသာပြုံးလိုက်ပြီး တည်ငြိမ်စွာ မိန့်ကြားလိုက်လေသည်။
“မိန်းမစိုးကြီးလီ၊ ရွှေတုံးတစ်ထောင် အမြန်စီစဉ်ပြီး ဖုန့်ယီနန်းဆောင်ဆီ ပို့ဆောင်လိုက်ပါ”
ရွှေတုံးတစ်ထောင် ဟုတ်လား…
လီသဲ့ဟွိုက် ကြက်သေသေသွားခဲ့သည်။ ကြင်ယာတော်များအား လက်ဝတ်ရတနာများ၊ ပိုးချည်ထည်များ လက် ဆောင်ပေးတာ မထူးဆန်းသော်လည်း ရွှေတုံးတွေပေးတာကတော့… အနည်းငယ် ပွင့်လင်းလွန်းနေပါသည်။
“စီစဉ်စရာရှိတာ စီစဉ်လိုက်ပါ၊ မိဖုရား သဘောကျလိမ့်မယ်” ယွဲ့လင်း မိန့်ကြားလိုက်ပါသည်။
သူနှင့် ကျန်းကျီမြောင်တို့က စကားဖြင့်ထုတ်ပြောစရာမလိုဘဲ တစ်ယောက်အတွေး တစ်ယောက်နားလည်နိုင်သည့် အဆင့်ကိုရောက်ရှိနေပါပြီ။ ယွဲ့ဟွာကို နှိမ်နင်းဖို့ရည်ရွယ် ချက်ချင်းလည်း တူညီကြသည်။
သူမ အတွေးထဲမှ ‘လစာတိုးတောင်းမည်’ဟူသော စကားမျိုးကို ယွဲ့လင်း တစ်ကြိမ်မကကြားဖူးခဲ့ပါသည်။ မိဖုရား စည်းစိမ်ချမ်းသာ သဘောကျသည်ဆိုမှတော့ သူ့ဘက်ကလည်း မပေးနိုင်စရာအကြောင်းမရှိချေ။
ဖုန့်ယီနန်းဆောင်တွင်…
ရရှိထားသည့် ၁၄ မှတ်ကို ဘယ်လို အသုံးချရမလဲ ကျန်းကျီမြောင် စဉ်းစားနေစဉ် သေတ္တာကြီး တစ်လုံးကို ယူ ဆောင်လျက် လီသဲ့ဟွိုက် ရောက်ရှိလာခဲ့သည်။
သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ အလွန်လင်းလက် တောက်ပသော ရွှေရောင်များဖြာထွက်လာသဖြင့် ကျန်းကျီမြောင် မျက်လုံးကန်းမတတ်ပင် ဖြစ်သွားလေသည်။
ထို့နောက် မျက်လုံးပြူးကျယ်သွားပြီး လီသဲ့ဟွိုက်အား မေးမြန်းလိုက်၏။
“မိန်းမစိုးကြီးလီ ဒါက…”
“အရှင်မထံ ပို့ဆောင်ပေးဖို့ အရှင်မင်းကြီးကိုယ်တိုင်မှာ ကြားထားလို့ပါ”
လီသဲ့ဟွိုက် အပြုံးကကျယ်လွန်းသဖြင့် မျက်လုံးတောင် မပေါ်တော့ပေ။
ငါ့ဆီကို ပို့ဆောင်ပေးတာဆိုတော့… ငါ့ အပိုင်ဆိုတဲ့ သဘောပေါ့!
တစ်နေရာတည်းမှာ ရွှေတွေဒီလောက်အများကြီး မြင်ဖူးတာ ကျန်းကျီမြောင်အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။
ရင်ထဲမှာလည်း ကြည်နူးသွားရသည်။
လစာတိုးတောင်းဖို့ သတ္တိတောင်မမွေးရသေးဘူး ဘော့စ်ယွဲ့က အလိုက်တသိနဲ့ပေးတာပါလား!
ဘယ်လောက် ပါးနပ်လိုက်တဲ့ ဘော့စ်လဲ!
ရွှေတုံးတွေကို တစ်တုံးပြီးတစ်တုံး ကျန်းကျီမြောင်ကိုင်ကြည့်ခဲ့သည်။ စိတ်ထဲမှာလည်း အလွန်ကျေနပ်အားရသွားခဲ့ပါသည်။
ထို့နောက် အနားမှာ ရပ်နေဆဲဖြစ်သည့် လီသဲ့ဟွိုက်ထံ ကျန်းကျီမြောင် လှမ်းကြည့်လိုက်သည်။ သူမ ခေတ္တရပ် တန့်သွားပြီး ငွေပြားအနည်းငယ်ထုတ်ကာ လက်ကမ်းပေးလိုက်လေသည်။
“ဒီအထိ ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ် မိန်းမစိုးကြီးလီ”
လီသဲ့ဟွိုက် မယူရဲခဲ့ပါ။
“အရှင်မင်းကြီးက လက်ဆောင်ပဏ္ဍာချီးမြှင့်ထားတာဆိုတော့ အရှင်မကလည်း သတင်းစကားတစ်ခုခုပြန်မပါး လိုက်သင့်ဘူးလား”
“ဒီနေ့ည နောက်မကျဘဲ ကြွမြန်းလာဖို့သာ မှာလိုက်ပါ”
ကျန်းကျီမြောင် ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
လီသဲ့ဟွိုက် နှုတ်ခမ်းများ တုန်ယင်သွား၏။ မိဖုရားကြီးရဲ့ စကားက အနည်းငယ်အတင့်ရဲလွန်းနေသော်လည်း အရှင် မင်းကြီးကို အမြန်ဆုံးသတင်းပါးဖို့ လီသဲ့ဟွိုက်ပြန်လှည့်ထွက်လာခဲ့တော့သည်။
ကျန်းကျီမြောင် စိတ်ရွှင်နေသည်။ အမှတ်တွေကို အသုံးပြုပြီး ဝယ်ယူဖို့စဉ်းစားနေတာ ကြာပြီဖြစ်သည့် ပစ္စည်းအား နှစ်ခါမတွေးဘဲ လဲလှယ်ဝယ်ယူလိုက်တော့သည်။
ဘော့စ်က ရက်ရောလွန်းသော်လည်း သူမဘက်က ဘာမှပြန်လုပ်မပေးရသေးတာကို ကျန်းကျီမြောင် လိပ်ပြာမလုံဖြစ်မိသည်။
သူမရဲ့ရှင်သန်မှုကလည်း ဘော့စ်လင်းအပေါ် မူတည်နေသေးသည် မဟုတ်ပါလား ?
--- --- ---
ညအချိန်…
ဖုန့်ယွီနန်းဆောင်သို့ ယွဲ့လင်း ကြွမြန်းလာသောအခါ မီးခွက်ကလေးများပင် ထွန်းထားပြီးနေပါပြီ။ အပေါ်ယံမှာ ပင်ပန်းနေပုံပေါက်သော်လည်း ယွဲ့လင်း တကယ်တမ်း စိတ်လက်တက်ကြွနေတာဖြစ်သည်။
“မိဖုရား....”
ယွဲ့လင်း ဘာမှ မမိန့်နိုင်ခင် ကျန်းကျီမြောင် အခြွေအရံများကို သွားခွင့်ပြုလိုက်ပြီး အခန်းတံခါးအားအမြန်ပိတ်လိုက်သည်။
ထို့နောက် သွားဖြူဖြူများပေါ်အောင် သူမ ပြုံးလိုက်လေသည်။
“အရှင်မင်းကြီး ချွတ်လိုက်တော့”