← Chapters

အခန်း (၃၉)

Vol. 4 Ch. 39

အခန်း (၃၉)

Vol. 4 Ch. 39

ချွတ်… ချွတ်ရမယ် ဟုတ်လား!

ကျန်းကျီမြောင်၏တောက်တောက်ပပ မျက်ဝန်းများကို ကြည့်ရင်း ယွဲ့လင်း အသက်ရှူသံများပင် အနည်းငယ် ပြင်းထန်သွားခဲ့သည်။

ဒါ… မိဖုရားပြောတဲ့ အံ့အားသင့်သွားစေမယ် ဆိုတဲ့ကိစ္စလား…

“အရှင်မင်းကြီး မြန်မြန်ချွတ်စမ်းပါ အချိန်မဆွဲနဲ့!”

ကျန်းကျီမြောင် စိတ်မရှည်စွာ လျှောက်တင်လိုက်သည်။

[ယောက်ျားရင့်မာကြီးဖြစ်ပြီး ဘာလို့ အဲ့လောက်ရှက်နေရတာလဲ]

စိတ်မရှည်လက်မရှည်ဖြစ်နေသည့် ကျန်းကျီမြောင်၏ မျက်နှာကို ငေးကြည့်ရင်း ယွဲ့လင်းရင်ထဲထူးထူးဆန်းဆန်း ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

ယွဲ့လင်း နူးညံ့သိမ်မွေ့စွာ မေးလိုက်ပါသည်။

“မိဖုရား… သေချာစဉ်းစားပြီးပြီလား”

ကျန်းကျီမြောင် နာကျင်သွားပုံပေါ်သည်။

[ငါ့ရဲ့တန်ဖိုးရှိတဲ့ အမှတ်တွေသုံးပြီး အကုန်ပြင်ဆင်ထားပြီးသား ဟဲ့! ဘာ ထပ်စဉ်းစားစရာလိုသေးလို့လဲ!]

အကုန် ပြင်ဆင်ထားပြီးသားတဲ့…

ယွဲ့လင်း မျက်ခုံးများကွေးသွားသည်။ ဘာကြောင့်မှန်း မသိဘဲ သူ့ရင်ထဲ မျှော်လင့်ချက်ဆန္ဒတစ်ခုဖြစ်ပေါ်လာခဲ့သည်။

“ဒါဆို ကျန်း… ချွတ်လိုက်ရတော့မှာလား”

ယွဲ့လင်း အတည်ပြုရန် နောက်ဆုံးတစ်ခေါက်မေးမြန်းလိုက်သည်။

ယွဲ့လင်းကို အရူးတစ်ယောက်သဖွယ် ကျန်းကျီမြောင် ကြည့်နေခဲ့သည်။

ဒီတိုင်း ဝတ်ရုံချွတ်ရတာ ဘာများခက်ခဲနေလို့လဲ ?

ဧကရာဇ်ဖြစ်ပြီး ဘာလို့ အဲ့လောက်နှေးကွေးနေရတာလဲ ?

သို့သော် သူမ ရုတ်တရက် နားလည်သွားသည်။

[အရေးမပါတဲ့ ရှေးခေတ် တော်ဝင်ယဉ်ကျေးမှုတွေ၊ မွေးလာကတည်းက ကိုယ့်အဝတ်အစားကိုယ် တစ်ခါမှ မချွတ်ဖူးတာပဲဖြစ်မှာ၊ အလှထားပန်းအိုးကြီးတစ်လုံးလိုပဲ အလှကြည့်ရုံကလွဲပြီး ဘာမှ သုံးစားမရဘူး!]

ထို့နောက် ကျန်းကျီမြောင် ရှေ့တိုးလာပြီး ယွဲ့လင်း၏ ဝတ်ရုံခါးစည်းကို လှမ်းဆွဲလိုက်သည်။

[ဒီဧကရာဇ် အစုတ်ပလုတ်က ခါးစည်းတောင် ဖြည်တတ်မှာမဟုတ်ဘူးလို့ လောင်းရဲတယ်၊ စိတ်ပျက်စရာပဲ]

ကျန်းကျီမြောင်ရင်ထဲက ညည်းတွားသံများကိုကြားပြီး ယွဲ့လင်းတစ်ကိုယ်လုံး တောင့်တင်းသွားရသည်။

သူတစ်ခုခုပြောချင်သော်လည်း ကျန်းကျီမြောင်က အလွန်နီးကပ်နေပါသည်။ ထို့အပြင် သူမ လှုပ်ရှားမှုတွေကလည်း မသေသပ်လှပါ။ လက်တွေက ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ ခါးစည်းကိုဖြည်ဖို့ ခက်ခက်ခဲခဲကြိုးစားနေရသည်။

“နေဦး ကျွတ်တော့မယ်ထင်တယ်”

ကျန်းကျီမြောင် စိတ်ရှုပ်ထွေးလာပြီး တီးတိုး ရေရွတ်လိုက်သည်။

ထိုစဉ် သူမလက်ကို ယွဲ့လင်း ရုတ်တရက်ဆုပ်ကိုင်လိုက်သည်။ ထို့နောက် အသက်ဝဝရှူလျက် အသံအက်အက်ဖြင့် မိန့်ကြားလိုက်သည်။

“ကိုယ့်ဖာသာ ကိုယ် လုပ်မယ်!”

[ကိုယ့်ဖာသာ ကိုယ် လုပ်တတ်တယ်ဆိုလည်း အစောကြီးကတည်းကပြောပါတော့လား!]

ယွဲ့လင်း ခေါင်းတွေထူပူနေပါပြီ။ မိဖုရားကြီး ဒီလောက်… စိတ်အားထက်သန်လိမ့်မည်ဟု သူထင်မထားခဲ့ပါ။

ခါးစည်းနှင့် အပြင်ပိုင်းဝတ်ရုံတို့ကို ယွဲ့လင်း ဖြည်းညှင်းစွာ ဖယ်ရှားလိုက်သည်။

ကျန်းကျီမြောင်က မျက်တောင်ပင် မခတ်ဘဲ စူးစူးဝါးဝါး စိုက်ကြည့်နေသဖြင့် ယွဲ့လင်း ပိုလန့်သွားရသည်။

ပုံမှန်ဆို ဒီလိုကိစ္စတွေမှာ ယောက်ျားသားက ဦးဆောင်ရမှာ မဟုတ်ဘူးလား…

အခုတော့ တရားသူကြီးတစ်ယောက်ရှေ့မှာ အကဲခတ်ခံနေရသလိုမျိုး ဘာလို့ ခံစားနေရမိပါလိမ့်…

“အရှင်မင်းကြီး မြန်မြန် မြန်မြန်!”

ကျန်းကျီမြောင် ဘေးမှ ဖိအားပေးနေပါသည်။

ယွဲ့လင်း နှုတ်ခမ်းကိုက်လိုက်သည်။ ငယ်စဉ်ကတည်းက လူတိုင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့သဖြင့် ဘယ်သူ့ကိုမှ ယွဲ့လင်း မယုံကြည်နိုင်တော့ပါ။ သူ့ဘေးနားက အခြွေအရံတွေ၊ အစေခံတွေများပင် သူလျှိုတွေဖြစ်နေခဲ့ဖူးသည်။

ထို့ကြောင့် မိန်းမတွေအပေါ် ယွဲ့လင်း စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်မှာ နှစ်အတော်ကြာခဲ့ပါပြီ။ လင်းချင် ချင်နှင့် ဟန်ဆောင်ပန်ဆောင် ပတ်သတ်ပြတာကလွဲပြီး ယခုလိုအခြေအနေမျိုး ပထမဆုံးအကြိမ်ကြုံဖူးခြင်းဖြစ် သည်။

“ထားလိုက်တော့ ဒီမိဖုရားပဲ လုပ်ပေးတော့မယ်!”

တွန့်ဆုတ်နေသည့် ယွဲ့လင်းအား ကျန်းကျီမြောင်သည်းမခံနိုင်တော့ပေ။ သူ့နား အမြန်ပြေးကပ်ကာ ကျန်ရှိနေသေးသည့် အဝတ်အစားများကို အကုန်ချွတ်ပေးလိုက်သည်။

ယွဲ့လင်းခမျာ ခိုကိုးရာမဲ့ကာ အပေါ်ပိုင်းဗလာဖြင့် သနားစရာကောင်းစွာ မတ်တပ်ရပ်နေရသည်။ ထို့နောက် သူ့အား ကျန်းကျီမြောင် ကုတင်ပေါ် တွန်းချလိုက်ပြီး ကျကျနန ထိုင်ခိုင်းလိုက်သည်။

ထို့နောက် သူ့ဝမ်းဗိုက်ကြွက်သားပေါ်ကို ကျန်းကျီမြောင် လက်တင်ထားလိုက်ပါသည်။

ယွဲ့လင်း ကြက်သေသေသွားခဲ့သည်။ ကြွက်သားတစ်မျှင်တောင် မလှုပ်ရှားရဲတော့ဘဲ ရင်တွေလည်း တဒိတ်ဒိတ်ခုန်နေလေသည်။

ယွဲ့လင်း ဝမ်းဗိုက်ကို ထိလိုက်တာနဲ့ တစ်ပြိုင်နက် ကျန်းကျီမြောင်၏ကျန်းမာရေးစစ်ဆေးမှု အဆောင်ပွင့်သွားခဲ့သည်။

ကျန်းမာရေး စစ်ဆေးမှုအဆောင် (၅ မှတ်) : လူနာ၏ခန္ဓာ ကိုယ်ကို ကျန်းမာရေး စစ်ဆေးပေးနိုင်သည်။

လိုအပ်ချက်: လူနာ၏ဝမ်းဗိုက်ကို အနည်းဆုံးစက္ကန့် ၃၀ ခန့် ထိတွေ့ထားရမည်။

တစ်စက္ကန့်… နှစ်စက္ကန့်…

ကျန်းကျီမြောင် ပျင်းရိပျင်းတွဲဖြင့် စတင်ရေတွက်လိုက်သည်။

ယွဲ့လင်း အသံအစ်အစ်ဖြင့် မေးလိုက်လေသည်။

“မိဖုရား… ဘာလုပ်နေတာလဲ”

“ဘာလုပ်နေတာလဲ ဆိုတော့…”

ကျန်းကျီမြောင် ရုတ်တရက် နားလည်သွားလေသည်။ ယွဲ့လင်း၏ဝမ်းဗိုက်ကြွက်သားပေါ်တင်ထားသည့် သူမလက်တွေကို သူ ပြန်ကြည့်လိုက်ပြီး ယွဲ့လင်း မျက်နှာကိုလည်း မော့ကြည့်လိုက်သည်။ မျက်နှာချင်း နီးကပ်လွန်းသဖြင့် ယွဲ့လင်းမျက်တောင်တွေ တဖျပ်ဖျပ်လှုပ်ခါနေတာကိုပင် ကျန်းကျီမြောင် အတိုင်းသားမြင်နေရပါသည်။

[လခွမ်း… ငါ့ပုံစံက တဏှာရူးနဲ့တူနေပြီ၊ ဒါပေမယ့် အချိန်မှမပြည့်သေးတာ! ခဏလေးပဲ ထပ်စောင့်!]

စက္ကန့် ၃၀ က တစ်သက်တာလောက် ကြာမြင့်နေသည်။

ကျန်းကျီမြောင်ကို ယွဲ့လင်းစိုက်ကြည့်နေသည်။ သူမရဲ့ ကြည်လင်တောက်ပနေသော မျက်ဝန်းတွေထဲ သူ့ပုံရိပ်ထင်ဟပ်နေသည်ကိုမြင်နေရသည်။ သူ့ပုံစံက တောင့်တောင့်တင်းတင်းကြီးဖြစ်နေပြီး ရယ်ချင်စရာကောင်းလှသည်။

ယွဲ့လင်း လှောင်ပြုံးပြုံးကာ ကိုယ့်ကို ကိုယ် သရော်လိုက်ပါသည်။

ငါက ဧကရာဇ် မဟုတ်ဘူးလား ဘာလို့စိတ်တွေလှုပ်ရှားနေတာလဲ…

ကျန်းကျီမြောင် ရှက်ရွံ့နေတာဟု ယွဲ့လင်းထင်သွားသည်။ ယောက်ျားတစ်ယောက် ဖြစ်သည့်အတွက် သူ့ဘက်မှ အရာရာ ဦးဆောင်သင့်သည်။ ထို့ကြောင့် ကျန်းကျီမြောင် လက်ကိုဆုပ်ကိုင်ဖို့ရာ ယွဲ့လင်း ပြင်လိုက်သည်။

[ပြီးသွားပြီကွ! ရေး!!!]

ချက်ချင်းဆိုသလို သူ့ဝမ်းဗိုက်ပေါ်တင်ထားသည့် လက်ကို ကျန်းကျီမြောင် ပြန်ရုတ်သိမ်းလိုက်သည်။ ယွဲ့လင်းလက်တစ်ဖက် လေထဲမှာတန်းလန်းဖြစ်သွားပြီး မျက်နှာလည်း ကြောင်စီစီဖြစ်သွားရလေသည်။

ပြီးသွားပြီဟုတ်လား ?

ဘာကို ပြီးတာလဲ ?

ယွဲ့လင်း အူကြောင်ကြောင်ဖြစ်နေသည်ကို ကျန်းကျီမြောင် ဂရုမစိုက်အားဘဲ မုန့်တချို့ယူကာ ဆေးစစ်ချက် ရလဒ်တွေကို ဖတ်ကြည့်ဖို့ပြင်လိုက်သည်။

“ဪ အရှင်မင်းကြီး အဝတ်အစားပြန်ဝတ်လို့ရပြီနော်၊ အအေးမပတ်စေနဲ့ဦး”

ဒါပေမယ့် နွေခေါင်ခေါင်ကြီးလေ…

နွေရာသီမှာ အအေးပတ်နိုင်သည်ဟု ယွဲ့လင်းမထင်မိပါ၊ မုန့်စားနေသည့် ကျန်းကျီမြောင်ကို စိုက်ကြည့်ရင်း ယွဲ့လင်း မယုံကြည်နိုင်ဖြစ်သွားလေသည်။

ဒါပဲလား…

ယွဲ့လင်း အဝတ်အစားများ ပြန်ဝတ်လျက် ကျန်းကျီမြောင်ထံ လျှောက်လာခဲ့သည်။

“မိဖုရား---”

[ရလဒ်တွေ ထွက်လာပြီ!]

ကျန်းကျီမြောင်၏အတွေးသံ ရုတ်တရက် ထွက်ပေါ်လာသည်။

ယွဲ့လင်းလည်း ရပ်တန့်သွားခဲ့၏။

ရလဒ်ဟုတ်လား ဘာရလဒ်လဲ ?

ဆေးစစ်ချက် ရလဒ်များကို ကျန်းကျီမြောင် စိတ်ဖြင့် ဖတ်ရှုလိုက်သည်။

[ ယွဲ့လင်း (အသက် ၂၀ ) ကျန်ရှိနေသော သက်တမ်း: ၅ နှစ်

အခြေအနေရပ် ၁ : နာတာရှည် အာရုံကြောပြဿနာကြောင့် ခေါင်းတခြမ်းကိုက်ခဲ ဝေဒနာကို မကြာခဏခံစားရမည်၊ ခေါင်းကိုက်ခဲနေစဉ် စဉ်းစားဆင်ခြင်နိုင်စွမ်းလျော့ နည်းသွားမည်။

အခြေအနေရပ် ၂ : ငယ်စဉ်ကတည်းက အချိန်ကြာမြင့်စွာ ဆေးရည်စိမ်ခဲ့သဖြင့် မျိုးမပွားနိုင်ခြင်း ပြဿနာကြုံတွေ့နေရသည်။

အခြေအနေရပ် ၃ : မိခင်ဝမ်းဗိုက်အတွင်း အဆိပ်ခတ်ခံရမှုကြောင့် မွေးရာပါချွတ်ယွင်းချက်များရှိနေသည်။ ]

ကျန်းကျီမြောင် တိတ်ဆိတ်သွားသည်။ ထိုအတွေးတွေကို ကြားနေရသော ယွဲ့လင်းက ပိုလို့တောင်တိတ်ဆိတ်သွားခဲ့ရသည်။

[ယွဲ့လင်းက ကျိန်စာများသင့်နေတာလား… မမွေးခင်က တည်းက အဆိပ်ခတ်ခံခဲ့ရတာတဲ့၊ တော်တော် ကံဆိုးတာပဲ!]

[ဆေးစစ်ချက်ထဲမှာ လက်ကျန်သက်တမ်း ငါးနှစ်လို့ပြောပေမယ့်… စာအုပ်ထဲမှာကျတော့ သုံးနှစ်အကြာမှာ နတ်ရွာ စံရမှာတဲ့၊ တစ်ယောက်ယောက်က စောစောစီးစီးဇီဝိန်ခြွေပေးလိုက်တာများလား ? သနားစရာကောင်းလိုက်တဲ့ အရှင်မင်းကြီး!]

ယွဲ့လင်း လက်သီးများ ကျစ်ကျစ်ပါအောင်ဆုပ်ထားမိ သည်။

ခေါင်းကိုက်ခဲမှုတွေက ဆန်းကြယ်သည့် ရောဂါဝေဒနာ မဟုတ်ပါ။ အဆိပ်ခတ်ခံခဲ့ရခြင်းကြောင့်သာ။

သူ့ကို ဒီလို တစ်သက်လုံး ဒုက္ခရောက်အောင် ဘယ်သူ အဆိပ်ခတ်ခဲ့တာလဲ ?

ဒီလိုလုပ်ရပ်မျိုး လုပ်နိုင်စွမ်းရှိသူဆိုလို့ နှစ်ယောက်တည်းသာရှိသည်။ ယခင် ဧကရာဇ်မင်းကြီးနှင့် မယ်တော်ကြီးတို့သာဖြစ်နိုင်သည်။

ယွဲ့လင်းငယ်ငယ်က အားနည်းချူချာသဖြင့် ဆေးရည်စိမ်ခိုင်းဖို့အတွက် ခမည်းတော် ဧကရာဇ်မင်းကြီးက “အထူး” သမားတော်တွေကိုရှာဖွေပေးခဲ့သည်။ ထိုဆေးရည်တွေကြောင့်ပဲ သူ အခုလို မျိုးဆက်မပြန့်ပွားနိုင်တော့တာဖြစ်နိုင်သည်။

မယ်တော်ကြီး သူ့အားမုန်းတီးခြင်းမှာ ပေါ်ပေါ်ထင်ထင် မုန်းတီးခြင်းမျိုးဖြစ်သည်။ သို့သော် နှောင်းဧကရာဇ်ကမူသူ့အား ထီးနန်းပင်အပ်နှင်းခဲ့သေးသည်။။ ထို့ကြောင့် သူ့အပေါ် ခမည်းတော်ကတော့ ဂရုစိုက်ကြင်နာလိမ့်မည်ဟု ယွဲ့လင်း အမြဲတမ်းယူဆခဲ့သည်။

သို့သော် အမှန်တရားက မချိုမြိန်ခဲ့ပါ။ ထီးနန်းကို မပိုင် ဆိုင်ရသေးခင် အချိန်ကပင် သူသေဆုံးစေဖို့နှင့်မျိုးဆက်ပြတ်စေဖို့ ခမည်းတော်အားလုံး စီစဉ်ထားပြီးသားဖြစ်နေသည်။

All Chapters