အခန်း (၄၀)
Vol. 4 Ch. 40
ယွဲ့လင်း နှုတ်ခမ်းပေါ် ခါးသက်သည့် အပြုံးတစ်ခုပေါ်လာခဲ့သည်။
သူ့တစ်ကိုယ်လုံး အဆိပ်တွေ ပြန့်နှံ့နေလောက်ပြီဖြစ်သဖြင့် ကြာကြာအသက်ရှင်ရတော့မည် မထင်ပါ။ ကလေးယူနိုင်စွမ်းကိုလည်း ငယ်စဉ်ကတည်းကဆုံးရှုံးခဲ့ရသည်။
ဒါ ကောင်းကင်ဘုံရဲ့ သားတော်တဲ့လား…
ခမည်းတော်က သူ့အားပလ္လင်ပေါ် ထိုင်ခိုင်းဖို့ ဘယ်တုန်းကမှ အစီအစဉ်မရှိခဲ့ပေ။ နှစ်အနည်းငယ်ကြာသည့်အခါ သူ့ထံ မျိုးဆက်မရှိသေးဘဲ ရုတ်တရက် နတ်ရွာစံသွားလျှင် ထီးနန်းဆက်ခံဖို့ အသင့်တော်ဆုံးလူ ဘယ်နှယောက်ရှိနိုင်မည်နည်း။
ယွဲ့ဟွာတစ်ယောက်တည်းသာ ရှိနိုင်ပါလိမ့်မည်။
ယွဲ့လင်း အံကြိတ်တာ အားပါလွန်းသဖြင့် ပါးစပ်ထဲသွေးထွက်လုနီးပါးတောင်ဖြစ်နေပါပြီ။
ဒါပေမယ့် ဘာလို့လဲ…
ယွဲ့ဟွာကို ခမည်းတော် အဲ့လောက် ချစ်မြတ်နိုးနေရင် ဘာလို့ သူ့ကိုပဲ ထီးနန်းတိုက်ရိုက်မပေးခဲ့တာလဲ။
ယွဲ့လင်းကိုယ်တိုင်က ထီးနန်းအားစွန့်လွှတ်ဖို့ စဉ်းစားခဲ့ဖူးသည်။ သို့သော် သူသာ ဧကရာဇ်ဖြစ်ရမည်ဟု ခမည်းတော် ခေါင်းမာစွာဆုံးဖြတ်ခဲ့ခြင်းပင်။
တစ်ချိန်ချိန်မှာ ယွဲ့ဟွာလက်ထဲ ထီးနန်းအပ်နှင်းဖို့အတွက်နဲ့ ဒီလောက်ရက်စက်တဲ့ နည်းလမ်းတွေကို ဘာလို့သုံးခဲ့ရတာလဲ! ဘာလို့လဲ!!
သူ့နှလုံးသားထဲ ဆိုးရွားလှသော နာကျင်မှုများဖြင့်ပြည့်နှက်သွားခဲ့သည်။ စိတ်သောကရောက်မှုများ ပြင်းထန်နေစဉ် ခေါင်းကိုက်ဝေဒနာလည်းပြန်ပေါ်လာခဲ့ပြန်သည်။
ယွဲ့လင်းမျက်လုံးများ သွေးချင်းနီသွား၏။ သူ့နှလုံးသားထဲ ရုန့်ရင်းကြမ်းတမ်းသော အမျက်ဒေါသများစုပြုံလာခဲ့သည်။ အောက်နှုတ်ခမ်းကို အားပြင်းစွာဖိကိုက်ထားပြီး လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသဖြင့် သူ့လက်ဖဝါးတွေထဲ လက်သည်းတွေတောင် စိုက်ဝင်နေပါပြီ။ ဒီလိုအသားနာကျင်မှုကိုခံစားရမှ သူ့စိတ်တွေ လွတ်မသွားနိုင်မှာဖြစ်သည်။
[အရှင်မင်းကြီးက တော်တော်သနားဖို့ကောင်းတာပဲ]
ကျန်းကျီမြောင် သက်ပြင်းချအတွေးသံကို သူကြားလိုက်ရသည်။ သူမ အတွေးသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင် နက် ယွဲ့လင်း၏နာကျင်မှုတွေ ချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့ပြန်သည်။
ယွဲ့လင်း တစ်ကိုယ်လုံးချွေးတွေစိုရွှဲနေပါပြီ။ ကုတင်ပေါ်မှာ ခြေကုန်လက်ပန်းကျစွာထိုင်ချလိုက်လိုက်ပြီး တုန်ယင်နေသောလက်များဖြင့် ရေတစ်ခွက်ငှဲ့လိုက်သည်။
ယွဲ့လင်းပုံစံ တစ်ခုခုမူမမှန်တာကို သတိထားမိသောအခါ ကျန်းကျီမြောင် မေးမြန်းလိုက်ပါသည်။
“အရှင်မင်းကြီး ဘာများဖြစ်လို့လဲ ? မျက်နှာလည်း မကောင်းပါလား”
“ဘာမှမဖြစ်ပါဘူး”
ယွဲ့လင်း တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
အရင်တစ်ခေါက် ခေါင်းကိုက်ခဲမှုခံစားခဲ့ရစဉ် လျှို့ဝှက်ချက်တစ်ခုကို ယွဲ့လင်းသိခဲ့ရသည်။ ကျန်းကျီမြောင်၏ စကားပြောသံကိုကြားရသည်ဖြစ်စေ အတွေးသံကို ကြားရသည်ဖြစ်စေ သူ့ခေါင်းကိုက်ဝေဒနာတွေ ချက်ချင်းသက် သာသွားတတ်သည်။
ကျန်းကျီမြောင် ခေတ္တစဉ်းစားကာမေးမြန်းလိုက်သည်။
“ဒီမိဖုရားကို အရှင်မင်းကြီး စိတ်ဆိုးနေတာလား”
[အင်းလေ… ငါက သူ့ကို ရုတ်တရက်ကြီး အဝတ်အစားတွေသွားချွတ်ပြီး… မဖွယ်မရာလည်း နည်းနည်းလုပ်ခဲ့မိတာကိုး… စိတ်ဆိုးလည်း ဆိုးချင်စရာပဲ၊ နေဦး ဘယ်လို ဆင်ခြေပေးပြီး လိမ်ရမလဲ စဉ်းစားလိုက်ဦးမယ်]
ကျန်းကျီမြောင် ဦးနှောက်ခြောက်ခံကာ အကြံထုတ်နေစဉ် ယွဲ့လင်း ခပ်တည်တည်မိန့်လိုက်သည်။
“ဒီနေ့ည အရှင်မ အံ့အားသင့်စရာတစ်ခု ပြစရာရှိတယ်လို့ လျှောက်တင်ခဲ့တာ မဟုတ်ဘူးလား၊ အဲ့တာ ဘာများလဲ”
ယွဲ့လင်း စကားလမ်းကြောင်းလွှဲလိုက်သဖြင့် ကျန်းကျီမြောင် မျက်လုံးများအရောင်တောက်သွားခဲ့သည်။
“အရှင်မင်းကြီး! ဒီအရှင်မရဲ့ခမည်းတော်က အမှုကိစ္စတစ်ခုကို စုံစမ်းစစ်ဆေးသိရှိထားတယ်၊ အဲ့ကိစ္စ အရှင်မင်းကြီးကို လျှောက်တင်သင့်တယ်ထင်မိလို့ပါ”
“လျှောက်တင်စေ” ယွဲ့လင်း ခေါင်းညိတ်လိုက်သည်။
“ဘာသာရေးဒုဝန်ကြီးရဲ့သား ကျန်းကျစ်ဖျင်ကထျန်းရွှေလက်ကြားလမ်းမှာ အပျော်မယားတစ်ယောက်လျှို့ဝှက် ထားရှိထားတယ်လို့ ဒီအရှင်မရဲ့ခမည်းတော် စုံစမ်းသိရှိထားပါတယ်၊ ပြီးတော့ အဲ့ဒီအပျော်မယားမှာ ကိုယ်ဝန်လည်း ရှိနေပါပြီတဲ့…”
ဝန်ကြီးချန်(ချန်ကျင်းမင်)သညခ ယွဲ့ဟွာဘက်တော်သား ဖြစ်တာကြောင့် ဘာသာရေးဝန်ကြီးဌာနရှိအရာရှိအများစုအား ယွဲ့ဟွာ၏လူများဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဒီအချိန်မှာ သူမတို့လှုပ်ရှားနိုင်ပါက ဒုဝန်ကြီးရာထူးကို ဖြုတ်ချပြီး ယွဲ့လင်းဘက်တော်သားတစ်ယောက်နှင့် အစား ထိုးနိုင်လိမ့်မည်။
ကျန်းကျီမြောင် ဆက်လက်လျှောက်တင်ခဲ့သည်။ အမှန်မှာ ထိုကိစ္စများအား ယွဲ့လင်း စုံစမ်းထားပြီးသားဖြစ်သည်။ ကျန်းကျီမြောင် လျှောက်တင်နေသည့် အကြောင်းအရာကို နားဆင်နေတာ မဟုတ်ဘဲ သူမအသံလေးကိုသာ နားဆင်နေခြင်းပင်။
ကျန်းကျီမြောင်အသံကလည်း ဆက်တိုက်ဆိုသလို ပြောင်း လဲနေပါသည်။ အတင်းအဖျင်းပြောသည့်အခါ ပျော်ရွှင်စိတ်ဖြင့် အသံကစူးစူးဝါးဝါးဖြစ်လာသည်။ မပျော်ရွှင်သည့်အခါမှတော့ အသံကပျင်းရိလေးပင်နေတတ်သည်။
ကျန်းကျီမြောင်ကို ကြည့်ရင်း ယွဲ့လင်း မျက်လုံးများနူးညံ့သိမ်မွေ့သွားရသည်။
သူ့အတွက် စိတ်ပူပေးနေတာပဲ…
“အဲ့တာကြောင့် အရှင်မင်းကြီးက ဒုတိယမင်းသမီးကို အဲ့လို လူမျိုးနဲ့လက်ဆက်ခွင့်ပေးလို့ လုံးဝမဖြစ်ဘူးနော်!” ကျန်းကျီမြောင် ခံပြင်းစွာ သတိပေးလိုက်ပါသည်။
“သူ ဘယ်လိုလူလဲ အခုသိလိုက်ရပြီဆိုတော့ ထိန်းမြှားမှုကို ဖျက်သိမ်းဖို့ ကျန် နည်းလမ်းရှာမှာပါ”ယွဲ့လင်း မိန့်ကြား လိုက်သည်။
“အဲ့တာဆို မင်းသမီးလည်း ကြမ္မာဆိုးကလွတ်မြောက်နိုင်တော့မှာပေါ့၊ အဲ့တော့… အံ့အားသင့်စရာ ကိစ္စပဲလေ ဟုတ်တယ်မလား”
ကျန်းကျီမြောင် မျက်တော်တဖျပ်ဖျပ် ခတ်ကာမေးလိုက်ပါသည်။
ယွဲ့လင်းလည်း စိတ်ညှို့ခံထားရသကဲ့သို့ ခပ်တောင့်တောင့် ခေါင်းညိတ်ပြလိုက်သည်။
“ဪ ပြီးတော့ ဒီနေ့ ဒီမိဖုရားကိုချီးမြှင့်ခဲ့တဲ့ လက်ဆောင်ပဏ္ဍာတွေအတွက် အရှင့်ကို ကျေးဇူးတင်စကားမပြောရသေးဘူးပဲ” ကျန်းကျီမြောင် လျှောက်တင်လိုက်သည်။
“ကိစ္စမရှိပါဘူး၊ မင်း နှစ်သက်ရင်ပြီးတာပါပဲ" ယွဲ့လင်း မိန့်ကြားလိုက်သည်။
“မနက်ဖြန်ကျရင်လည်း ဖုန့်ယီနန်းဆောင်ဆီကို ရွှေဖရဲစေ့တွေ ပို့ဆောင်ခိုင်းလိုက်ပါ့မယ်”
ကျန်းကျီမြောင် မျက်လုံးပြူးကာ အနည်းငယ်ရှက်ရွံ့မိသွားသည်။
[လစာတိုးပေးခံထားရတာတောင် မကြာသေးဘူး လက် ဆောင်နောက်တစ်ခု ထပ်ပေးဦးမှာတဲ့လား! ဘော့စ်က သဘောကောင်းလိုက်တာ၊ ငါ့မှာ အရင်ဘဝတုန်းကဆိုရင် 996 (မနက် ၉ မှ ည ၉ / တစ်ပတ် ၆ ရက်) ဘဝနဲ့ ကြိုးစားပန်းစား အလုပ်လုပ်ခဲ့ရတာတောင် ဘာဘောနပ်စ်မှ မရဘူး၊ ဘော့စ်ယွဲ့အတွက် အလုပ်လုပ်ရတာက တစ်ခါတလေ ကြက်သီးထစရာကောင်းပေမယ့် အနည်းဆုံးတော့ သူက ရက်ရောပါသေးတယ်! ဘော့စ်ယွဲ့ကို မသေအောင်တားဆီးဖို့ နည်းလမ်းတစ်ခုခုကျိန်းသေရှာမှဖြစ်မယ်။ ငါ့မှာ အမှတ်သာ လုံလုံလောက်လောက်ရှိရင် ငါ [^%$#%#$^$#%$^$]….?]
ယွဲ့လင်း မျက်နှာပျက်သွားသည်။ အဓိကကျသည့် နေရာကျမှ သူ ဘာမှမကြားရတော့ပါ။ သူ မကြားနိုင်အောင်ဖန် တီးထားသည့် အတားအဆီးတစ်ခုဟု ခံစားလိုက်ရသည်။ သို့သော်အကြောင်းအရာကို ယွဲ့လင်း ခန့်မှန်းနိုင်ပါသည်။
ခန္ဓာကိုယ်ထဲက အဆိပ်ကိုဖြေဖို့ မိဖုရားမှာဆေးဝါးတစ်ခုခုရှိနေတာလား…
သို့သော် မျက်မှောင်ကြုတ်နေသည့် ကျန်းကျီမြောင်၏ မျက်နှာကိုငေးကြည့်ရင်း အဖြေကထင်သလောက် ရိုးရှင်းနိုင်မည် မဟုတ်မှန်း ယွဲ့လင်းရိပ်မိသည်။ သူ့ရှင်သန်လိုစိတ် တစ်စက္ကန့်လောက် နိုးကြားလာခဲ့သော်လည်း ခပ်မြန်မြန်ပဲ ပြန်လည်ငြိမ်သက်သွားခဲ့သည်။
သူ့ဘဝက တိုတောင်းလှတာကို ဝမ်းမနည်းမိပါ။ မိဘအရင်းများကပင် မေတ္တာမရှိဘဲ အခွင့်သင့်တာနဲ့ ရင်ဝကို ဓားဖြင့်စိုက်မည့်လူတွေသာ ပြည့်နှက်နေသည့် ဘဝကြီးကို သူ စိတ်ကုန်လှပါပြီ။
တစ်ခုတော့ သေချာသည်။ ယွဲ့လင်း မျက်လုံးများရုတ်တ ရက် အေးစက်သွား၏။
သူ သေရမည်ဆိုလျှင်ပင် ယွဲ့ဟွာကိုပါ တစ်ပါတည်းခေါ်ဆောင်သွားရမည်။
အားလုံး ယွဲ့ဟွာ ထီးနန်းရရှိနိုင်အောင် အားကြိုးမာန်တက် ကူညီပေးနေကြသည်။ ၎င်းတို့၏ အဖိုးတန်သားတော်အရာရာဆုံးရှုံးသွားသည်အား မြင်သွားရစေမည်။
ကျန်းကျီမြောင် စနစ်စတိုးဆိုင်ထဲ ဝင်မွှေနေသဖြင့်အတွေး သံများလည်း တိတ်ဆိတ်သွားခဲ့ရသည်။ ထို့ကြောင့် ယွဲ့လင်းထံ ခေါင်းကိုက်ဝေဒနာပြန်လည်ရောက်ရှိလာခဲ့ပြန် သည်။
“မိဖုရား… ကျန်းကို စကားပြောပါ”
ယွဲ့လင်း တုန်ယင်နေသောအသံဖြင့် မိန့်ကြားလိုက်သည်။
“ဘာအကြောင်းပြောရမှာလဲ” ကျန်းကျီမြောင် အူတူတူဖြစ်သွားကာ မေးလိုက်သည်။
“ဘာအကြောင်းပဲ ဖြစ်ဖြစ်…”
သူ့အား ကျန်းကျီမြောင် စိုက်ကြည့်လိုက်သည်။
ကြုံရာကျပန်း စကားပြောရမည်ဆိုရင်တောင် အကြောင်း အရာတစ်ခုတော့ လိုအပ်တာသေချာသည်။ ထိုစဉ် သူမ အကြံတစ်ခု ရသွားလေသည်။
“ဒါဆို… အရှင်မင်းကြီးရဲ့ငယ်ဘဝအကြောင်း ပြောကြရအောင်လား”
[ဒီငနဲသား ဘာလို့ အဲ့လောက်ကံဆိုးရတာလဲ ? သိချင်လိုက်တာ၊ ဗိုက်ထဲမှာသန္ဓေသားအဖြစ် ရှိနေကတည်းက အဆိပ်ခတ်ခံရတယ်၊ မွေးလာပြန်တော့လည်း ဆေးရည်စိမ်ပြီး အဆိပ်ခတ်ခံရတယ်၊ အခုလည်း အသက်ရှင်ဖို့ သက်တမ်း ငါးနှစ်ပဲကျန်တော့တယ်၊ စာအုပ်ထဲက ကံကြမ္မာကိုရှောင်လွှဲနိုင်ရင်တောင် သူအလွန်ဆုံး နှစ်နှစ်ပဲ အသက် ဆက်ရှင်ရမှာပေါ့]
[ဧကရာဇ်မင်းကြီး ဖြစ်မလာခင်တုန်းကတောင် အိမ်ရှေ့ မင်းသားတစ်ပါးပဲလေ၊ အိမ်ရှေ့မင်းသားတစ်ပါးကို ဘယ်သူက အကြိမ်ကြိမ်ကြံစည်ခဲ့တာလဲ၊ ဧကန္တ…]
[မဟုတ်သေးပါဘူး၊ အဲ့လို မတွေးသင့်ဘူး၊ ကျားဆိုတဲ့တိရိစ္ဆာန်တောင် ကိုယ့်သားပေါက်ကို ကိုယ် ပြန်မစားဘူး၊ သူတို့တွေ သားသမီးအပေါ်မျက်နှာလိုက်တယ် ဆိုရင်တောင် အဲ့လောက်ကြီးတော့ မလုပ်လောက်ပါဘူး… ဟုတ်တယ်မလား]
ငယ်ဘဝတဲ့လား…
ယွဲ့လင်း အာရုံထဲ အတွေးပုံရိပ်များ ပေါ်လွင်လာခဲ့လေသည်။