အမွေအနှစ် ရယူခြင်း (အပိုင်း ၂)
Vol. 24 Ch. 347
~သမုဒ္ဒရာ တစ်ခုလုံး မရပ်မနား တုန်ခါနေ၏။ ဧရာမလိပ်ကြီး၏ နှလုံးသားလည်း လှုပ်ရှားသွားလေသည်။
သူ့ရှေ့တွင် ရှိနေသော လူငယ်လေးက သာမန် မဟုတ်၊ သူ ထင်ထားသည်ထက် များစွာ ကျော်လွန်နေ၏။
သူ့မျက်လုံးထဲမှ အထင်သေးမှုများ ပျောက်ကွယ်သွားပြီ ဖြစ်လေ၏။ အစပိုင်းတွင်တော့ ဒီကောင်လေးကို ပညာနည်းနည်း ပေးလိုက်ရုံလောက်သာ ရည်ရွယ်ခဲ့သော်လည်း၊ ယခု ရင်းနှီးနေသော 'အစစ်အမှန်သိုင်း တံဆိပ်တော် အငယ်စား' ကို မြင်လိုက်ရသောအခါ နင်ချီသည် သာမန် မဟုတ်ကြောင်း ဧရာမလိပ်ကြီး သိလိုက်သည်။
ယခုအခါ သူသည် နင်ချီကို အလေးအနက်ထား၍ ရင်ဆိုင်ရမည့် ပြိုင်ဘက်ကောင်း တစ်ယောက် အနေဖြင့်ပင် သတ်မှတ်လိုက်ပြီ ဖြစ်၏။
*(ကောင်းကင်ဘုံလူသား အဆင့်လောက်နဲ့ ဒီလောက် အစွမ်းထက်နေတာ... တကယ် ရှားပါးတဲ့ကိစ္စပဲ)*
လိပ်ကြီးမှာလည်း သူ့ဂုဏ်နှင့်သူ ရှိသည်။
ရေနဂါးကြီးသည် ဓားချီကွန်ရက်ထဲတွင် အပိုင်းပိုင်း အစစ ဆွဲဆုတ်ခံလိုက်ရသည်ကို မြင်သောအခါ၊ သူ နောက်ဆုံးတော့ စတင် လှုပ်ရှားလေတော့သည်။
“ဝီ...”
ထူးခြားသော တုန်ခါမှု လှိုင်းဂယက်များ ဖြာထွက်လာသည်။
လိပ်ကြီး၏ ခြေလက်များ လှုပ်ရှားလိုက်သည်။ နှေးကွေးသလို ထင်ရသော်လည်း၊ တကယ်တမ်းတွင် အလွန် လျင်မြန်လှ၏။
တောင်ကြီးတစ်လုံး ဖိချလိုက်သကဲ့သို့၊ သူ့နည်းစနစ်များက ရိုးရှင်းပြီး ဟန်ဆောင်မှု ကင်းမဲ့သည်။
နင်ချီ၏ မျက်လုံးများ ရွှေရောင် တောက်ပသွားပြီး အားနည်းချက်ကို ရှာဖွေရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ရှေ့မှ လိပ်ကြီးသည် တစ်သားတည်း ဖြစ်နေပြီး၊ မြင်သာသော အားနည်းချက်ဟူ၍ လုံးဝ မရှိ။ ဖိနှိပ်မှု အရှိန်အဝါက ကြောက်ရွံ့ဖွယ် ကောင်းလှပြီး၊ ထိုအထဲတွင် 'အစစ်အမှန်သိုင်း တံဆိပ်တော် အငယ်စား' ၏ အရိပ်အယောင်များကို မြင်တွေ့လိုက်ရသည်။ သို့သော် ၎င်းသည် ပိုမို အဆင့်မြင့်နေ၏။
“မိုက်တယ်ဟေ့”
သူ စိတ်ထဲတွင် ချီးကျူးလိုက်သော်လည်း၊ လှုပ်ရှားမှုများကတော့ နှေးကွေးမသွားပေ။
ကောင်းကင်ဓားများ တောက်ပလာသည်။ ဒီတစ်ကြိမ်တွင်တော့ ဓားချီများအဖြစ် ကွဲထွက်မသွားဘဲ တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
နင်ချီသည် လက်ဖြင့် ဓားကွက်ဖော်လိုက်သည်။ သူ့ဝတ်ရုံများ လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး၊ အရှိန်အဝါများ မိုးထိအောင် မြင့်တက်လာသည်။
“ဓားပေါင်းတစ်သောင်း မူလပြန်ခြင်း”
သူ လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။
လေဟာနယ်၏ နေရာအနှံ့အပြားမှ ဓားစိတ်ဆန္ဒများ ထွက်ပေါ်လာပြီး ယှက်နွှယ်သွားကြသည်။
မရေမတွက်နိုင်သော ကောင်းကင်ဓားများသည် လိပ်ကြီးကို ဖိနှိပ်သတ်ဖြတ်ရန် တပြိုင်နက်တည်း ချိန်ရွယ်လိုက်ကြသည်။ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါကြောင့် သေးငယ်သော လေဟာနယ် အက်ကွဲကြောင်းများ ပေါ်လာပြီး၊ လေဟာနယ် တစ်ခုလုံး အပိုင်းပိုင်း ကွဲအက်သွားသကဲ့သို့ ထင်ရသည်။
“ဘုန်း...”
ကြောက်မက်ဖွယ် တုန်ခါသံကြီး ထွက်ပေါ်လာသည်။
နောက်ဆက်တွဲ ဂယက်ကြောင့် ရေအမြောက်အမြား အငွေ့ပျံသွားပြီး၊ ထွက်ပေါ်လာသော အဖြူရောင် မြူခိုးများလည်း ချက်ချင်း ပျောက်ကွယ်သွားရသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ...
ဤကဲ့သို့ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသော ပြိုင်ဘက်ကင်း တိုက်ပွဲကြီးကို ကြည့်ရှုသူ နည်းပါးလွန်းနေခြင်းပင်။
“ချွမ်း... ချွမ်း...”
ကောင်းကင်ဓား တစ်စင်းချင်းစီ လိပ်ခွံကြီးကို ဝင်ဆောင့်ကြရာ၊ လိပ်ကြီး၏ တိုးဝင်လာသော အရှိန်အဟုန်ကို များစွာ လျော့ကျသွားစေ၏။ သို့သော် ထက်ရှလှပါသည် ဆိုသော ကောင်းကင်ဓားများပင် ထူထဲသော လိပ်ခွံကြီးကို ဖောက်ထွင်းနိုင်ခြင်း မရှိ။ အစိမ်းရင့်ရောင် ဝိညာဉ်စွမ်းအား အလင်းတန်းများ လိပ်ခွံပေါ်တွင် စီးဆင်းနေပြီး၊ ခံစစ်စွမ်းအားမှာ ပြိုင်ဘက်ကင်း ဖြစ်နေ၏။
နင်ချီ၏ အကြည့် ပြောင်းလဲသွား၏။ ဒီဆန်းကြယ်သော အစွမ်းသတ္တိက သူ ဖန်တီးထားခဲ့တဲ့ 'နက်နဲသော အစိမ်းရောင် ကိုယ်ကာယ ကာကွယ်ခြင်း နည်းလမ်း' ထက်တောင် ပိုပြီး ထူးခြားနေသေးတယ်။ သူ လေ့လာကြည့်လိုက်ရာ ဉာဏ်အလင်း အနည်းငယ် ပွင့်သွားသလို ခံစားလိုက်ရသည်။ သို့သော် ယခုအချိန်က စဉ်းစားခန်းဝင်နေရမည့် အချိန်မဟုတ်။ သူ မှတ်သားထားလိုက်ပြီး နောက်မှ ဆက်လက် လေ့လာရန် ဆုံးဖြတ်လိုက်သည်။
လိပ်ကြီး၏ တိုက်ခိုက်မှုကို ဟန့်တားလိုက်ပြီးနောက်...
နင်ချီက အရှိန်အဟုန်မြှင့်ပြီး ဖိအားပေးလိုက်သည်။
ဓားကွက်ကို ပြောင်းလဲလိုက်သည်။ ကျန်ရှိနေသော ကောင်းကင်ဓားများ အားလုံး ချက်ချင်း စုစည်းသွားပြီး၊ ပိုမို ကြောက်မက်ဖွယ်ကောင်းသော ဧရာမ ကောင်းကင်ဓားကြီး တစ်စင်းအဖြစ် ပြောင်းလဲသွားလေတော့သည်။
ဒါက သူ့စိတ်စွမ်းအား ထိန်းချုပ်မှု၏ အကန့်အသတ်ပင်။
လိပ်ကြီး၏ မျက်လုံးများထဲတွင် အမူအရာ ပြောင်းလဲသွားပြီး၊ ခြိမ်းခြောက်မှု အရှိန်အဝါကို အာရုံခံမိလိုက်သည်။
နောက်တစ်ခဏတွင်...၊
၎င်း၏ ခေါင်း၊ ခြေလက်များနှင့် အမြီးတို့ အားလုံး လိပ်ခွံထဲသို့ ဝင်ရောက်သွားကြသည်။ လိပ်ခွံကြီး လုံခြုံစွာ ပိတ်သွားပြီး အစိမ်းရင့်ရောင် အလင်းတန်းများ လွှမ်းခြုံသွားလေတော့သည်။ အဝေးက ကြည့်လျှင် ဧရာမ ဥကြီးတစ်လုံးနှင့် တူနေသော်လည်း၊ ထုတ်လွှတ်နေသော လေးလံသည့် အရှိန်အဝါက နင်ချီ၏ မျက်ခွံများကို လှုပ်ခါသွားစေ၏။
ဧရာမ ကောင်းကင်ဓားကြီး ရိုက်ချလိုက်ပြီ ဖြစ်လေ၏။
“ဝုန်း...”
ကောင်းကင်နှင့်မြေကြီး တစ်ခုလုံး ပဲ့တင်ထပ်သွားအောင် ကြောက်မက်ဖွယ် တုန်ခါမှုကြီး ဖွဲ့တည်လာသည်။ သမုဒ္ဒရာ တစ်ခုလုံး ပြောင်းပြန်လှန်သွားသကဲ့သို့ ဖြစ်သွားပြီး၊ အစိမ်းရင့်ရောင် လိပ်ခွံကြီးမှာ ကောင်းကင်ပေါ်သို့ လွင့်စဉ်ထွက်သွားလေတော့သည်။
အစင်းရာ အဖြူတစ်ခုကလွဲပြီး ဘာမှမဖြစ်ဘဲ ကျန်ရစ်ခဲ့သော လိပ်ခွံကြီးကို ကြည့်ရင်း နင်ချီ တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
“အကျိုးနည်း... ဒီလိပ်ခွံက မာလိုက်တာကွာ”
နင်ချီ့အကြည့်များ စူးရှသွား၏။
သူ့ထံ၌ အစွမ်းထက်ဆုံးသော ဝှက်ဖဲတစ်ချပ် ကျန်ရှိနေသေး၏။
သို့သော်ငြားလည်း ဤလိပ်ကြီးအား အနိုင်ယူနိုင်ပါမည်လော ဆိုသည်ကိုမူ သူကိုယ်တိုင်ပင် မရေရာလှချေ။
အကြောင်းမှာ ၎င်း၏ ခံစစ်စွမ်းအားသည် သာမန်ထက် လွန်ကဲကာ ကြောက်ခမန်းလိလိ မာကျောလွန်းနေသောကြောင့် ဖြစ်လေသည်။
သိုင်းသူတော်စင် အဆင့်ရှိသူတိုင်း ဤမျှလောက် ခံစစ်ကောင်းမည်ဟု နင်ချီ မယုံကြည်ပါ။
ကောင်းကင်ယံ အဝေးဆီတွင်...၊
အစိမ်းရင့်ရောင် လိပ်ခွံကြီး နောက်ဆုံးတော့ ရပ်တန့်သွား၏။
နင်ချီ စောင့်ကြည့်နေစဉ်မှာပင် ၎င်းသည် ဆက်လက် တုန်ခါနေပြီး၊ ခဏအကြာမှ ငြိမ်သက်သွား၏။ ထို့နောက် လိပ်ကြီး ယိုင်နဲ့နဲ့ ဖြစ်နေလျက် ခေါင်းနှင့် ခြေလက်များကို ထုတ်လိုက်သည်။
ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ခါလိုက်ပြီးမှ သတိပြန်ဝင်လာပုံ ရသည်။ လိပ်ကြီး၏ ခြေလက်များမှ သွေးစက်များ စီးကျလာသည်ကို နင်ချီ ရှင်းလင်းစွာ မြင်လိုက်ရမှ စိတ်အေးသွားရသည်။
'ဓားပေါင်းတစ်သောင်း မူလပြန်ခြင်း' နှင့်တောင် ဒယဤလိပ်ခွံကို မဖောက်နိုင်လျှင် တကယ် ဒုက္ခရောက်ပြီ ဖြစ်လေ၏။
ကြည့်ရတာ လိပ်ကြီးလည်း သက်သာပုံ မရချေ။
လိပ်ကြီး၏ အကြည့်များ ကြည်လင်လာပြီးနောက် နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်ရာ လှိုင်းလုံးများ လိမ့်တက်လာသည်။ ၎င်း၏ မျက်လုံးများက ယခင်ကထက် ပိုမို လေးနက်လာ၏။ သိသာထင်ရှားသော တုန်လှုပ်မှုနှင့် ဒေါသ အနည်းငယ်ကို နင်ချီ မြင်တွေ့လိုက်ရသည်။ နင်ချီ၏ လက်ချက်ကြောင့် ဒဏ်ရာရသွားသည်ကို အံ့သြနေသလို၊ မကျေမနပ်လည်း ဖြစ်နေပုံရသည်။
မည်သို့ပင် ဖြစ်စေကာမူ.. သူက သိုင်းသူတော်စင်အဆင့် သားရဲဧကရာဇ် မဟုတ်ပါလော။
“ဝီ...”
အစိမ်းရင့်ရောင် ဝိညာဉ်စွမ်းအင်များ ဘေးနှစ်ဖက်တွင် ရစ်ပတ်လာပြီး အားလှိုင်းများ ဖြန့်ကျက်သွား၏။ ကြီးမားပြီးသား လိပ်ကြီး၏ ခန္ဓာကိုယ်သည် ပိုမို ကြီးထွားလာမည့် ပုံစံရှိနေ၏။
သို့သော် ဒါက ဒုတိယ အချက်သာ။ အံ့သြစရာ အကောင်းဆုံး အပြောင်းအလဲက ၎င်း၏ အမြီးတွင် ဖြစ်ပျက်နေ၏။
သာမန် အမြီးတစ်ခုသာ ဖြစ်ခဲ့သော်လည်း၊ ယခုအခါ အံ့သြဖွယ်ကောင်းလောက်အောင် ရှည်ထွက်လာပြီး တွန့်လိမ်လှုပ်ရှားနေ၏။ ထိုအထဲတွင် အံ့မခန်းဖွယ်ရာ အသက်စွမ်းအင်နှင့် အရှိန်အဝါများ စုစည်းနေသည်ကို နင်ချီ အာရုံခံမိလိုက်သည်။
ပြင်းထန်သော အန္တရာယ် အငွေ့အသက်က နင်ချီ၏ နှလုံးသားကို မွန်းကြပ်သွားစေ၏။
သူ အသက်ကို ဝဝရှူသွင်းလိုက်ပြီး ခန္ဓာကိုယ်ထဲမှ 'မူလနတ်ဘုရား ဓားချီ' ကို လည်ပတ်လိုက်သည်။ ကောင်းကင်ဘုံလူသား အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက်တွင်လည်း ဤအရာသည် သူ့၏ အသန်မာဆုံး တိုက်ကွက် ဖြစ်နေဆဲပင်။
လူရော လိပ်ပါ... မည်သူမှ အလျှော့မပေးကြ။
နှစ်ဖက်စလုံးက တစ်ဖက်လူကို အနိုင်ယူချင်နေကြသည်။ နင်ချီအတွက်တော့ နောက်ဆုံးအဆင့်ရောက်မှ ကျရှုံးရမည့် အကြောင်းပြချက် မရှိ။ မသိလိုက်မသိဘာသာနှင့် သူသည် ဆန်းကြယ်သော အခြေအနေ တစ်ခုသို့ ရောက်ရှိသွား၏။
'ထင်ယောင်ထင်မှား ချိုးဖျက် ရွှေရောင်မျက်လုံး' ၏ အကူအညီဖြင့် သူ့အာရုံစိုက်မှုသည် ယခင်က မရှိဖူးလောက်အောင် မြင့်မားလာခဲ့သည်။ မူလက အပြစ်အနာအဆာကင်းသော လိပ်ကြီးသည် သူ့ရွှေရောင်မျက်လုံးအောက်တွင် အားနည်းချက် အနည်းငယ်ကို နောက်ဆုံး၌ ထုတ်ပြလိုက်လေပြီ ဖြစ်လေ၏။
ကမ္ဘာမြေကို တုန်လှုပ်စေမည့် အခိုက်အတန့်သည် နောက်တစ်စက္ကန့်တွင် ရောက်ရှိလာတော့မည်။
လိပ်ကြီး၏ ဟိန်းဟောက်သံက ကောင်းကင်ကို တုန်ခါသွားစေ၏။
သို့သော်... ရုတ်တရက် ရပ်တန့်သွား၏။
၎င်းသည် တစ်စုံတစ်ခုသော အရပ်မျက်နှာသို့ မလိုလားအပ်သော ပုံစံဖြင့် ဟိန်းဟောက်လိုက်သည်။ ခဏမျှ ရပ်တန့်သွားပြီးနောက် ထပ်ခါတလဲလဲ ဟိန်းဟောက်လိုက်ပြန်သည်။ တစ်စုံတစ်ခုကို ရှင်းပြချင် နေသည်လော။
နောက်ဆုံးတွင် ၎င်း၏ မျက်လုံးများထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။
လိပ်ကြီးသည် နင်ချီကို မလိုလားအပ်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
ထို့နောက် လှည့်ထွက်သွားပြီး အမြီးကို ယမ်းကာ ပင်လယ်ထဲသို့ ပြန်ဆင်းသွားလေတော့သည်။