အမွေအနှစ် (အပိုင်း ၃)
Vol. 24 Ch. 348
~လှိုင်းတံပိုးများ ငြိမ်သက်သွား၏။
စောစောက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် မရှိခဲ့ဖူးသကဲ့သို့ တိတ်ဆိတ်သွား၏။
နင်ချီ အနည်းငယ် မှင်သက်နေမိသည်။
“ဒါ ဘာသဘောလဲ... ငါ စမ်းသပ်မှု အောင်မြင်သွားတာလား”
သူ အသက်ရှူမှန်အောင် ပြန်ထိန်းလိုက်ပြီး ရှေ့မှ လှုပ်ရှားမှုများကို အာရုံခံကြည့်လိုက်သော်လည်း မည်သည့် လိပ်ကြီးမှ ထပ်ထွက်မလာတော့ပေ။
သူ လေးနက်စွာ တွေးတောလိုက်မိသည်။
ဖြစ်နိုင်ချေရှိသည်မှာ... စောစောက လိပ်ကြီးအား ဒဏ်ရာရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းသည် သတ်မှတ်ထားသော စံချိန်တစ်ခုကို မီသွား၍ ဖြစ်တန်ရာ၏။
သို့မဟုတ်ပါကလည်း အမှောင်ရိပ်ထဲ၌ ပုန်းကွယ်နေသူ တစ်စုံတစ်ယောက်က သူနှင့် လိပ်ကြီးတို့ အသက်လုတိုက်ခိုက်ကြမည့် အဖြစ်ကို မလိုလားသည်လည်း ဖြစ်နိုင်ပေသည်။
သို့သော် အရာအားလုံးမှာ မရေရာသေးချေ။
သေချာသည်ကား လိပ်ကြီးနှင့် တိုက်ခိုက်ပြီးနောက်တွင် တာအိုဆရာ ပိုင်ရှန် ပြောကြားဖူးသည့် စကားတစ်ခွန်းကို နင်ချီ ပြန်လည်အမှတ်ရသွားမိလေသည်။
အစစ်အမှန်သိုင်းအမွေအနှစ်၏ မူလရင်းမြစ်ကို 'လိပ်အိုကြီး' ဟူ၍ ရည်ညွှန်းခေါ်ဆိုခဲ့သည် မဟုတ်ပါလော။
အစအဦး၌ နင်ချီက ဤအရာကို မိတ်ဆွေအချင်းချင်း နောက်ပြောင်ကျီစယ်ကာ ခေါ်ဝေါ်သည်ဟုသာ ထင်မှတ်ခဲ့မိ၏။
ဥပမာ ဆိုရသော် 'နတ်ဘုရားဓားသခင် အဘိုးကြီး' က တာအိုဆရာ လုံရှန်းအား 'ဝက်နှာခေါင်း' ဟု ခေါ်ဝေါ်သကဲ့သို့ပင် ဖြစ်သည်လေ။
သို့သော် ယခုအချိန်တွင်မူ နင်ချီ တစ်ယောက် ဤကိစ္စကို အလေးအနက်ထား၍ ပြန်လည်စဉ်းစားရန် လိုအပ်လာပြီ ဖြစ်ပေ၏။
တကယ်ကြီး လိပ်တစ်ကောင် ဖြစ်နေတာများလား။
အတွေးပေါင်းစုံက ခေါင်းထဲ ဝင်ရောက်လာသည်။
သူ နောက်ဆက်တွဲ ဘာဖြစ်လာမလဲ ဆိုတာကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
သိပ်မကြာခင်မှာပဲ... ပင်လယ်ပြင်ကြီး နောက်ထပ်တစ်ကြိမ် လှုပ်ခတ်လာပြန်သည်။
“ကောင်းကင်ဘုံလူသား ဉာဏ်အလင်းပွင့်ခြင်း (၉) ဆင့်နဲ့ ကောင်းကင်ဘုံလူသား တိုက်ပွဲ (၉) ပွဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက်... သိုင်းသူတော်စင်အဆင့် အစစ်အမှန်သိုင်း အမွေအနှစ်ကို ရယူနိုင်ပါပြီ”
ကြီးမားခမ်းနားသော အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။ ဒီတစ်ကြိမ်မှာတော့ မသိမသာ အံ့သြနေသော အရိပ်အမြွက်လေး ပါဝင်နေ၏။
နင်ချီ့ရင်ထဲမှာ ပျော်ရွှင်မှု အရိပ်အယောင်လေး ဖြတ်သန်းသွား၏။
သူ့ကြိုးစားမှုတွေ အလဟဿ မဖြစ်ခဲ့ပါပေ။
အထူးသဖြင့် နောက်ဆုံးတိုက်ပွဲဖြစ်သော သိုင်းသူတော်စင်လိပ်ကြီးနှင့် ယှဉ်ပြိုင်ရာတွင် သူ၏ ဝှက်ဖဲများ အကုန်နီးပါးကို ထုတ်သုံးခဲ့ရလေသည်။
စွမ်းအားသက်သက်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အစစ်အမှန်နက်ရှိုင်းတောင်ထိပ်၌ ပေါ်ထွက်ခဲ့ဖူးသော ရှေးဟောင်းသူတော်စင်များနှင့် သိပ်မကွာခြားလှသော်လည်း၊ ဤလိပ်ကြီးကို ယှဉ်ပြိုင်ရသည်မှာ ပိုမိုခက်ခဲ ကျပ်တည်းလှ၏။
နင်ချီ သေချာပေါက် သိလိုက်ရသည်မှာ သူ၏ 'ဓားပေါင်းတစ်သောင်း မူလပြန်ခြင်း' တိုက်ကွက်သည်ပင် လိပ်ကြီးကို ကြီးမားပြင်းထန်သော ထိခိုက်မှုမျိုး ဖြစ်စေခဲ့ခြင်း မရှိကြောင်းကိုပင် ဖြစ်လေသည်။
သူ့မြင်ကွင်းထဲမှာ...
အမည်းရောင် ဝဲကတော့ကြီး တစ်ခု တဖြည်းဖြည်း ပေါ်လာပြီး ပိုကြီးလာသည်။
နင်ချီ အသက်ကို ဝဝရှူသွင်းလိုက်ပြီး သတိထားလျက် အတွင်းသို့ ဝင်ရောက်သွားလိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင်...
ဝဲကတော့ကြီး ကျုံ့ဝင်သွားပြီး ကမ္ဘာလောကကြီး ပြောင်းလဲသွားလေတော့သည်။
နင်ချီ မျက်လုံးပြန်ဖွင့်လိုက်သောအခါ ကျယ်ပြောလှသော သိုင်းကျမ်းဆောင်ကြီး တစ်ခုအတွင်းသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ပုံမှန်အားဖြင့် သိုင်းကျမ်းဆောင်တစ်ခုကို 'ကျယ်ပြောလှသည်' ဟူ၍ သူ တင်စားခဲလှသော်လည်း၊ ယခု သူ၏ မျက်စိရှေ့မှောက်တွင် မြင်တွေ့နေရသော မြင်ကွင်းကမူ တကယ့်ကို အံ့မခန်း လှပခမ်းနားလွန်းလှပေ၏။
စာအုပ်စာပေတို့သည် ကျယ်ပြောလှသော မဟာသမုဒ္ဒရာကြီးအလား အဆုံးအစမရှိ များပြားလှပြီး၊ အစစ်အမှန်နက်ရှိုင်းဂိုဏ်း၏ သိုင်းကျမ်းဆောင်ဆိုသည်မှာ ဤနေရာနှင့် နှိုင်းယှဉ်လိုက်ပါက ကလေးကစားစရာ အဆင့်သာသာမျှသာ ရှိတော့လေသည်။
ခရုပတ်ပုံစံ စာအုပ်စင်ကြီးတွေက အဆုံးအစမရှိ မြင့်တက်နေတာကို မော့ကြည့်လိုက်မိပြီး အမြင်အာရုံကို ဖမ်းစားသွားစေ၏။
နင်ချီ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ရာ၊ အစစ်အမှန်သိုင်းဂိုဏ်း သိုင်းကျမ်းဆောင်မှာ သူ မြင်ဖူးခဲ့သော သိုင်းကွက်တစ်ခုကို တွေ့လိုက်ရသည်။
သူ အလိုလိုပင် အပေါ်သို့ ပျံတက်သွားလိုက်သည်။ ရှေးဟောင်း သိုင်းကျမ်းအုပ် တစ်အုပ်ပြီး တစ်အုပ် သူ့လက်ထဲ ရောက်လာလိုက်၊ ပြန်ပျံထွက်သွားလိုက်နှင့်။
သိုင်းပညာ သီအိုရီများ၊ လမ်းစဉ် ရှင်းလင်းချက်များ၊ သိုင်းကျမ်းသားများ... သိုင်းပညာ အခြေခံကနေ ကောင်းကင်ဘုံလူသား အဆင့်ထိ အကုန် ပါဝင်နေ၏။ ပြောရမည် ဆိုလျှင် ဒီစာအုပ်တွေကိုသာ ရလိုက်လျှင် ၊ အချိန်အတိုင်းအတာ တစ်ခုအထိ ပုန်းအောင်း လေ့ကျင့်ပြီးသည်နှင့်၊ အင်အားကြီး ဂိုဏ်းကြီးတစ်ခုကို အလွယ်တကူ တည်ထောင်နိုင်လောက်ဧ။်။
အရာအားလုံး ပြည့်စုံလွန်းနေတာက ထူးခြားချက်ပါပဲ။ နှိုင်းယှဉ်ကြည့်မယ် ဆိုလျှင် သူ့ဆရာ ရရှိခဲ့သည့် အမွေအနှစ် အပိုင်းအစလေးတွေက သည်အထဲက အစအနလေးလောက်ပဲ ရှိပါသည်။
ထိုအထဲမှာ... 'သိုင်းသူတော်စင်ကို တိုက်ခိုက်သော ကောင်းကင်ဘုံလူသား ကိုးယောက်' ဆိုသည့် လျှို့ဝှက်နည်းလမ်းကိုတောင် သူ တွေ့လိုက်ရသေး၏။ တကယ့်ကို ထူးခြားပြောင်မြောက်ပြီး 'အထွတ်အထိပ် လျှို့ဝှက်နည်းလမ်း' ဟူ၍ သတ်မှတ်ထိုက်ပါ၏။ အပေါ်ယံလေး ဖတ်ကြည့်လိုက်တာနှင့်တင် ဉာဏ်အလင်းသစ်တွေ ရနေလေ၏။
နင်ချီ၏ အကြည့်များက ထိပ်ဆုံးနေရာဆီသို့ ရောက်သွားပြီး ပြင်းပြသော ဆန္ဒများ တောက်လောင်လာသည်။
‘ သိုင်းသူတော်စင် ကျင့်စဉ်တွေက အဲ့ဒီမှာ ရှိနေလောက်တယ်။’
“ဒါက အစစ်အမှန်သိုင်း အမွေအနှစ် ဆိုတာလား”
နင်ချီ အံ့သြတကြီး ရေရွတ်လိုက်မိသည်။🎃
“တိတိကျကျ ပြောရရင်တော့... ဒါက သိုင်းသူတော်စင်အဆင့် အစစ်အမှန်သိုင်း အမွေအနှစ်ပဲ ရှိပါသေးတယ်”
အဘိုးအို တစ်ယောက်၏ ချောင်းဟန့်သံနှင့်အတူ စကားသံ တစ်သံ ထွက်ပေါ်လာသည်။
နင်ချီ လန့်ဖျပ်သွား၏။
သူ့အာရုံခံနိုင်စွမ်းထဲမှာ ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူးလေ။ ဒါက တကယ် ရှားပါးတဲ့ ကိစ္စပဲ။
လှည့်ကြည့်လိုက်သောအခါ ခရုပတ် လှေကားထစ်ပေါ်တွင် ဆံပင်ပါးပါး၊ ခါးကုန်းကုန်းနှင့် တောင်ဝှေးကိုင်ထားသော အဘိုးအို တစ်ယောက်ကို တွေ့လိုက်ရသည်။ သူက နင်ချီနှင့် တစ်တန်းတည်း ရောက်သောအခါ ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာ ပြုံးပြလိုက်သည်။
“လူငယ်လေး... မင်းက တော်တော် ထူးချွန်တာပဲ”
ချီးကျူးစကားကို ကြားလိုက်ရသဖြင့် အဘိုးအိုသည် စမ်းသပ်မှုတွင် သူ့စွမ်းဆောင်ရည်ကို ကျေနပ်နေကြောင်း နင်ချီ သိလိုက်သည်။ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အဘိုးအို၏ ဘေးနားသို့ သွားကာ အရိုအသေ ပြုလိုက်သည်။
“နင်ချီက စီနီယာကို ဂါရဝ ပြုပါတယ်... စီနီယာက အစစ်အမှန်သိုင်း အမွေအနှစ်ကို တည်ထောင်ခဲ့သူလား ခင်ဗျာ”
ခါးကုန်းကုန်း အဘိုးအိုက တခစ်ခစ် ရယ်မောလိုက်ပြီး ခေါင်းခါပြလိုက်သည်။
“ငါလား... ငါက အရည်အချင်း မမီပါဘူးကွာ”
နင်ချီ အနည်းငယ် တုန်လှုပ်သွားမိသည်။
သူ့ရှေ့က အဘိုးအိုဟာ 'တာအိုဆရာ ပိုင်ရှန်'တို့ထက်တောင် ပိုပြီး နက်ရှိုင်းခန့်မှန်းရခက်တဲ့ ပုံပေါက်နေတာတောင်မှ၊ အစစ်အမှန်သိုင်း အမွေအနှစ်ကို တည်ထောင်ဖို့ အရည်အချင်း မမီဘူးလို့ ပြောနေတာလား။ ဒါက သူ့ကို အံ့အားသင့်စေ၏။
ခါးကုန်းကုန်း အဘိုးအိုက အပေါ်သို့ ဖြည်းဖြည်းချင်း ဆက်လျှောက်သွား၏။ နင်ချီလည်း နောက်ကနေ ကပ်လိုက်သွားရင်း မေးလိုက်သည်။
“စီနီယာက စောစောက ပြောလိုက်တယ်... ဒါက သိုင်းသူတော်စင်အဆင့် အမွေအနှစ်ပဲ ရှိသေးတယ် ဆိုတော့...”
ခါးကုန်းကုန်း အဘိုးအို ပြုံးလိုက်သည်။
“ဟုတ်တယ်လေ... မင်းက ကောင်းကင်ဘုံလူသားအဆင့် စမ်းသပ်မှုကိုပဲ အောင်မြင်ခဲ့တာ ဆိုတော့၊ သဘာဝကျကျပဲ သိုင်းသူတော်စင်အဆင့် အမွေအနှစ်ကိုပဲ ရမှာပေါ့”
“ဒါဆို... သိုင်းသူတော်စင်အဆင့် စမ်းသပ်မှုကို အောင်မြင်ရင်ရော”
အဘိုးအိုက နင်ချီကို တစ်ချက် ကြည့်လိုက်သည်။
“လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး”
နင်ချီ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ စမ်းသပ်မှု အတွင်းမှာ သူ့စွမ်းဆောင်ရည်တွေကို ဒီအဘိုးအိုက စောင့်ကြည့်နေခဲ့ပုံရပြီး၊ သူ့အကန့်အသတ်ကို ရှင်းရှင်းလင်းလင်း သိနေပုံရသည်။ သို့သော် သူ့စိတ်ထဲတွင်တော့ သိုင်းသူတော်စင်အဆင့် စမ်းသပ်မှုကို တောင့်တနေမိသည်။
အကယ်၍ အောင်မြင်ခဲ့လျှင် သိုင်းသူတော်စင်အဆင့်ကို ကျော်လွန်သော အမွေအနှစ်ကို ရနိုင်မည်လား ။
“နဝမမြောက် ဂိတ်တံခါးမှာ... ကျွန်တော် ပြိုင်ဘက်ကို အနိုင်မရခဲ့ဘူး... ဘာလို့ စမ်းသပ်မှု အောင်မြင်တယ်လို့ သတ်မှတ်တာလဲ ခင်ဗျာ”
နင်ချီ ရုတ်တရက် မေးလိုက်သည်။
“အဟွတ်၊ အဟွတ်”
ခါးကုန်းကုန်း အဘိုးအို ရပ်တန့်သွားပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်။
“အဲ့ဒါက အမှားအယွင်းလေး တစ်ခု ဖြစ်သွားတာပါ... မင်းရဲ့ စွမ်းဆောင်ရည်က ထူးချွန်ပြီးသားပါ”
ပြောရင်းဆိုရင်း...
သူက ရှေ့ရှိ ရှေးဟောင်း သိုင်းကျမ်းအုပ် အနည်းငယ်ကို ညွှန်ပြလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
“ဒါတွေက မင်း မျှော်လင့်နေတဲ့ သိုင်းသူတော်စင် ကျင့်စဉ်တွေပဲ”
နင်ချီ၏ မျက်လုံးများ အရောင်တောက်သွား၏။
မိုင်ထောင်ချီဝေးတဲ့ ခရီးကို လာခဲ့ရသည်က ဤသိုင်းသူတော်စင် ကျင့်စဉ်တွေကို ကိုးကားဖို့အတွက််ပင်။ ယခုတော့ သူ့ရှေ့ကို ရောက်လာခဲ့ပြီ ဖြစ်၏။
“ကျေးဇူးပါ စီနီယာ”
နင်ချီ ပြောလိုက်ပြီး စာအုပ်များကို ဂရုတစိုက် ဖတ်ရှုလေတော့သည်။
“အစစ်အမှန်သိုင်း သိုင်းကျမ်း”
“တောင်တန်း ဖိနှိပ်ခြင်း သိုင်းကျမ်း”
...
သိုင်းသူတော်စင် ကျင့်စဉ် တစ်ခုပြီး တစ်ခု သူ့ရှေ့တွင် ရောက်ရှိလာသည်။ နင်ချီ ပထမဆုံး အာရုံစိုက်လိုက်သည်ကတော့ သဘာဝကျစွာပင် 'အစစ်အမှန်သိုင်း သိုင်းကျမ်း' ပင် ဖြစ်၏။
စာအုပ်ကို ဖွင့်လိုက်သည်။
ပထမဆုံး စာကြောင်းကို ဖတ်လိုက်ရသည်။
“သိုင်းသူတော်စင် ဆိုသည်မှာ... ဝိညာဉ်စွမ်းအင်ကို သန့်စင်၍၊ မှော်စွမ်းအား အဖြစ် ပြောင်းလဲကာ၊ ကိုယ်တွင်းကလီစာ (၅) ခု အတွင်းသို့ ဝင်ရောက်စေပြီး၊ ဓာတ်ကြီး (၅) ပါးကို စုစည်းလျက်၊ နှစ်ပေါင်း (၃၀၀၀) တိုင်တိုင် အသက်ရှင်သန်ခြင်း ဖြစ်သည်”