← Chapters

အမွေအနှစ် ရယူခြင်း (အပိုင်း ၄)

Vol. 24 Ch. 349

အမွေအနှစ် ရယူခြင်း (အပိုင်း ၄)

Vol. 24 Ch. 349

~နင်ချီ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွား၏။

“မှော်စွမ်းအား ဟုတ်လား”

ထိုအခါ၊ ခါးကုန်းကုန်း အဘိုးအိုက လွမ်းဆွတ်သော ပုံစံဖြင့် တခစ်ခစ် ရယ်မောလိုက်သည်။

“အခု လူတိုင်း သိနေကြတဲ့ ဝိညာဉ်စွမ်းအား ဆိုတာနဲ့ အတူတူပါပဲ... အခေါ်အဝေါ် ကွဲပြားသွားရုံပါ”

နင်ချီ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

သူ့မျက်လုံးများ တောက်ပလာ၏။ ဓားမမိစ္ဆာကြီးနှင့် စမ်းသပ်မှုများ ပြုလုပ်စဉ်ကတည်းက၊ ဝိညာဉ်စွမ်းအားနှင့် အလိုက်ဖက်ဆုံး လူ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ကိုယ်တွင်းကလီစာ (၅) ခု ဖြစ်ကြောင်း သူ ရှာဖွေတွေ့ရှိခဲ့သည်။ ယခု ကြည့်ရသည်မှာ သူ့ကောက်ချက်ချမှု မှန်ကန်နေလေ၏။

ဒါက တကယ့် လမ်းကြောင်းမှန်ပင်။ မျိုးဆက်ပေါင်းများစွာ၏ ဉာဏ်ပညာဆိုသည်မှာ အလကား မဟုတ်။ သူတို့က စူးစမ်းရှာဖွေမှုတွေကနေတဆင့် အကောင်းဆုံး အဖြေကို ရှာတွေ့ထားပြီးသား ဖြစ်နေ၏။

သူ စာအုပ်ကို လျင်မြန်စွာ လှန်လှောကြည့်ရှုလိုက်ပြီး၊ အသိပညာများကို ရေငတ်နေသူတစ်ဦးအလား စုပ်ယူလိုက်လေသည်။

နင်ချီ့ စိတ်ထဲတွင် ဉာဏ်အလင်းရောင်များ တဖျပ်ဖျပ် ပေါ်ထွက်လာသည်။ ကာလရှည်ကြာ တစ်ကိုယ်တည်း စူးစမ်းရှာဖွေခဲ့ပြီးနောက်၊ နောက်ဆုံးတွင် သူ အဖြေရှာတွေ့ခဲ့ပြီ ဖြစ်၏။

အမှန်အတိုင်း ပြောရလျှင် နင်ချီ့ခေါင်းထဲတွင် အတွေးပေါင်းစုံနှင့် လမ်းကြောင်းပေါင်းစုံ ရှိပြီးသား ဖြစ်၏။ ယခု 'အစစ်အမှန်သိုင်း သိုင်းကျမ်း' ကို ဖတ်လိုက်ရသည်မှာ အသစ်သင်ယူနေရသည်နှင့် မတူဘဲ၊ သူ့အတွေးများကို အတည်ပြုနေရသည်နှင့် ပိုတူနေ၏။

“ဝိညာဉ်စွမ်းအားကို သန့်စင်တာက 'ပန်းပွင့်သုံးပွင့် ထိပ်မှာ စုဝေးခြင်း' နည်းလမ်းနဲ့ အမှန်တကယ် အကောင်အထည် ဖော်နိုင်တယ်... အဲ့ဒီကနေတဆင့် ခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအားကို ပုံဖော်ယူရတာပဲ”

“သိုင်းသူတော်စင် ဆိုတာ မှော်စွမ်းအားကို ကျင့်ကြံရတယ်... အဲ့ဒီစွမ်းအားက ကျယ်ပြောပြီး ဆန်းကြယ်တယ်... အံ့သြဖွယ်ရာ အစွမ်းသတ္တိတွေ အများကြီး ပါဝင်နေတယ်... ကိုယ်တွင်းကလီစာ (၅) ခုက မှော်စွမ်းအားကို သိုလှောင်ရာ ခွက်တွေပဲ”

“နှလုံး၊ အသည်း၊ ဘေလုံး၊ အဆုတ်၊ ကျောက်ကပ်... မီး၊ သစ်၊ မြေ၊ သတ္တု၊ ရေ ဆိုတဲ့ ဓာတ်ကြီး (၅) ပါးနဲ့ သက်ဆိုင်နေတယ်... ဒါကြောင့် ဓာတ်ကြီးငါးပါး မှော်စွမ်းအားကို သန့်စင်ဖို့ အသုံးပြုရတာပဲ... ဒီတော့ သိုင်းသူတော်စင် အဆင့်ကို (၅) ဆင့် ခွဲခြားထားတယ်... ကလီစာ တစ်ခုရဲ့ မှော်စွမ်းအား ပြည့်ဝသွားရင် ပထမအဆင့် သိုင်းသူတော်စင် ဖြစ်ပြီ... ကလီစာ နောက်တစ်ခုရဲ့ မှော်စွမ်းအား ပြည့်ဝသွားတိုင်း အရေအတွက်ရော အရည်အသွေးပါ ပြောင်းလဲသွားတယ်... နောက်ဆုံးမှာ ကလီစာ (၅) ခုစလုံးရဲ့ မှော်စွမ်းအား ပြည့်ဝသွားပြီး ဓာတ်ကြီးငါးပါး ပြီးပြည့်စုံသွားတဲ့အခါ... ပဉ္စမအဆင့် သိုင်းသူတော်စင် ဖြစ်လာတာပေါ့”

ပထမဆုံးအကြိမ်အဖြစ် လမ်းကြောင်းတစ်ခုလုံး နင်ချီ့မျက်စိရှေ့တွင် ဖြည်းဖြည်းချင်း ပွင့်လင်းလာသည်။

သိုင်းသူတော်စင် အဆင့်ကို ဘယ်လို တက်လှမ်းရမလဲ၊ အဆင့်ခွဲခြားမှုတွေက ဘာလဲ၊ ဘယ်လို အံ့သြစရာတွေ ပါဝင်နေသလဲ... အားလုံး အသေးစိတ် ပေါ်ထွက်လာသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် နင်ချီ၏ စိတ်ထဲ၌ ဉာဏ်အလင်းရောင်များ မရေမတွက်နိုင်အောင် ပေါ်ထွက်လာပြီး လျင်မြန်စွာ တွက်ချက်မှုများ ပြုလုပ်လိုက်ရာ ယခင်က ပဟေဠိဖြစ်နေသည်များကို ဖြေရှင်းနိုင်လိုက်လေတော့သည်။ အချိန်အနည်းငယ်သာ ရမည်ဆိုပါက သူနှင့် အကိုက်ညီဆုံး သိုင်းသူတော်စင် ကျင့်စဉ်တစ်ခုကို သေချာပေါက် ဖန်တီးနိုင်ပေလိမ့်မည်။

သို့သော်...၊

အကြီးမားဆုံး ပြဿနာက မဖြေရှင်းရသေးပေ။

နောက်ဆုံး စာမျက်နှာကို လှန်လိုက်သောအခါ လုံးဝ ဗလာကျင်းနေသည်ကို တွေ့လိုက်ရသဖြင့် နင်ချီ အနည်းငယ် စိတ်လှုပ်ရှားသွား၏။ အရေးကြီးသည့် အချိန်ကျမှ ရပ်တန့်သွားသလို ခံစားလိုက်ရပြီး၊ သွေးအန်ချင်လောက်အောင် နေရခက်သွားစေ၏။

ခါးကုန်းကုန်း အဘိုးအိုက သဘောပေါက်နားလည်စွာ ပြုံးလိုက်သည်။

နင်ချီ မေးလိုက်သည်။

“စီနီယာ... မေးခွင့်ပြုပါ... ဒီ သိုင်းသူတော်စင် ကျင့်စဉ်က ကမ္ဘာကြီး မပြောင်းလဲခင်က နည်းလမ်းလား ခင်ဗျာ”

သူ အဘိုးအိုကို သေချာသည့် ပုံစံဖြင့် စူးစိုက်ကြည့်လိုက်သည်။

ဤကျင့်စဉ်ထဲမှာ ဝိညာဉ်စွမ်းအင်ထဲက အဆိပ်အတောက် အနှစ်သာရ အကြောင်း လုံးဝ ဖော်ပြမထားပါ။ သည်အတိုင်းသာ ကျင့်ကြံရင် သေသည်အထိ သိုင်းသူတော်စင် ဖြစ်လာမှာ မဟုတ်ချေ။

ခါးကုန်းကုန်း အဘိုးအို အနည်းငယ် အံ့သြသွား၏။

“ကြည့်ရတာ မင်းက လုံးဝ ဘာမှ မသိတာတော့ မဟုတ်ဘူးပဲ”

ထို့နောက် သူ သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။ လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းများ စုစည်းလာပြီး လေဟာနယ်ထဲတွင် စာလုံးများ ပေါ်ထွက်လာလေတော့သည်။

“မင်း လိုချင်တာက ဒါ…မဟုတ်လား”

နင်ချီ အသက်ကို ဝဝရှူသွင်းလိုက်သည်။ အနည်းငယ် တုံ့ဆိုင်းနေမိပြီးမှ သေချာ စိုက်ကြည့်လိုက်သည်။ လေဟာနယ်ထဲတွင် ထွင်းထုထားသော စာလုံးများသည် 'အထွတ်အထိပ် လျှို့ဝှက်နည်းလမ်း' တစ်ခု ဖြစ်ကြောင်း သိလိုက်ရသောအခါ သူ့စိတ်ဝိညာဉ် တုန်လှုပ်သွားရသည်။ ဝိညာဉ်စွမ်းအင်ထဲရှိ အဆိပ်အတောက် အနှစ်သာရကို လျော့ပါးသက်သာစေမည့် နည်းလမ်းပင်။

*(ထင်တဲ့အတိုင်းပဲ... ရှေးဟောင်း သူတော်စင်တွေက အဆိပ်အတောက်တွေရဲ့ ဘေးထွက်ဆိုးကျိုးကို လျှော့ချမယ့် နည်းလမ်းတွေ ရှာတွေ့ထားခဲ့ကြတာပဲ)*

နင်ချီ စိတ်သက်သာရာ ရသွား၏။

တစ်ချက်ကြည့်လိုက်ရုံနှင့် ဤ လျှို့ဝှက်နည်းလမ်းသည် သူ့အတွက် အလွန် အကျိုးရှိမည်ကို သိလိုက်သည်။ လျော့ပါးသက်သာစေရုံ သက်သက် ဖြစ်သော်လည်း၊ ၎င်းကို အခြေခံပြီး ဆက်လက် တွက်ချက်ကာ စစ်ထုတ်မည့် နည်းလမ်းကို ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပေလိမ့်မည်။

တစ်ယောက်တည်း တွက်ချက်နေရလျှင် အချိန်ပိုကြာလိမ့်မည် ဖြစ်သော်လည်း၊ ဤ ကိုးကားစရာ ရှိလာသောအခါ လိုအပ်သော အချိန်ကို သိသိသာသာ လျှော့ချနိုင်ပေလိမ့်မည်။ ဝိညာဉ်နိုးထခြင်း မတိုင်မီ သူ့အုတ်မြစ်ကို အပြည့်အဝ မြှင့်တင်ထားနိုင်ပြီး၊ ထိုအချိန်ကျလျှင် မိုးထိအောင် ထိုးတက်သွားနိုင်ပေတော့မည်။

သို့သော်...၊

နင်ချီ၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ကျန်ရှိနေသေးသည်။

သူ ခါးကုန်းကုန်း အဘိုးအိုကို အနည်းငယ် ဦးညွှတ်လိုက်ပြီး လေးနက်စွာ မေးလိုက်သည်။

“ကျွန်တော် အရင်တုန်းက အစစ်အမှန်နက်ရှိုင်း စစ်မှန်သူ ဧကရာဇ်ကို မေးဖူးတယ်... ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ဆန်းက ဘာလဲလို့... သူက 'ထုတ်ပြောလို့ မရဘူး' လို့ပဲ ပြန်ဖြေခဲ့တယ်... ဒီနေ့ စီနီယာဆီကနေ လမ်းညွှန်မှုတွေ ရခဲ့သလို၊ ဒီ လျှို့ဝှက်နည်းလမ်းကြောင့်လည်း ဉာဏ်အလင်းပွင့်ခဲ့ရပါတယ်... ဒါကြောင့် ထပ်မေးခွင့်ပြုပါ... ဝိညာဉ်စွမ်းအင်ထဲက အဆိပ်အတောက် အနှစ်သာရ ဆိုတာ တကယ်တမ်း ဘာလဲ ခင်ဗျာ”

သိုင်းကျမ်းဆောင် အတွင်းတွင် လေထု ရုတ်တရက် ငြိမ်သက်သွား၏။

သို့သော် နင်ချီ ခံစားမိသည်မှာ သူ့ရှေ့မှ အဘိုးအိုသည် တခြားသူများနှင့် မတူကြောင်းပင်။ သူ အဖြေပေးနိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။

မသိလိုက်မသိဘာသာနှင့် နင်ချီ၏ နှလုံးခုန်သံများ အနည်းငယ် မြန်ဆန်လာလေတော့သည်။

All Chapters