← Chapters

အသက်အဆိပ် (အပိုင်း ၂)

Vol. 24 Ch. 351

အသက်အဆိပ် (အပိုင်း ၂)

Vol. 24 Ch. 351

~နင်ချီက အဘိုးအိုကို လေးလေးနက်နက် အရိုအသေ ပြုလိုက်သည်။

အဘိုးအိုက လက်ကို ယမ်းပြလိုက်ပြီး ပြောသည်။

“မင်း သိုင်းသူတော်စင် အဆင့် ရောက်သွားတဲ့အခါမှ ငါ့ဆီကို ပြန်လာခဲ့... အဲ့ဒီအချိန်ကျရင် အရာအားလုံး ငါ ပြောပြမယ်”

နင်ချီ နားလည်လိုက်သည်။

ယခုအချိန်တွင် သူသည် အသက်အဆိပ်၏ အရှိန်အဝါနှင့် ထိတွေ့ဆက်ဆံဖူးခြင်း အလျဉ်းမရှိသေးချေ။ ထို့ကြောင့် ယင်းမှ တန်ပြန်သက်ရောက်လာမည့် ဒဏ်ကို ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။

ဤအကြောင်းရင်းကြောင့်ပင် အဘိုးအိုက သူ့အား လေးလေးနက်နက် သတိပေးနေခြင်း ဖြစ်လေသည်။

အကယ်၍သာ သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့မည် ဆိုပါက၊ ဤအခြေအနေအားလုံး အဆင်ပြေသွားပေလိမ့်မည်။

“ကျေးဇူးတင်ပါတယ် စီနီယာ”

နင်ချီ နောက်ထပ်တစ်ကြိမ် အရိုအသေ ပြုလိုက်သည်။

ဒီနေ့ အစစ်အမှန်သိုင်း ခန်းမဆောင်ကို လာခဲ့ရတာ...

တကယ့်ကို အကျိုးရှိလှပါသည်။

သိုင်းသူတော်စင် ကျင့်စဉ်နှင့် အသက်အဆိပ်ကို လျော့ပါးစေမည့် လျှို့ဝှက်နည်းလမ်းကို ရခဲ့ရုံသာ မက အသက်အဆိပ်အကြောင်းကိုလည်း ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်ခဲ့ရပြီ ဖြစ်လေ၏။

အနည်းဆုံးတော့ ခေါင်းပြတ်နေသော ယင်ကောင်လို လမ်းပျောက်မနေတော့ပါ။

“စည်းမျဉ်းအဆိပ် ဆိုတာ... အမှန်တရားနဲ့ ပုံရိပ်ယောင်ကြားမှာ တည်ရှိနေတယ်... အဆိပ်နဲ့ ကမ္ဘာလောကကြီးကို ပြုစုပျိုးထောင်ထားတာ... တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ လက်ရာပဲ”

သူ တီးတိုး ရေရွတ်လိုက်မိသည်။

“ကျင့်စဉ်လည်း ရပြီဆိုတော့... မင်းရဲ့ ပါရမီနဲ့ ဉာဏ်ရည်ဉာဏ်သွေးအရ ဝိညာဉ်နိုးထလာမယ့် နေ့ကျရင် သေချာပေါက် သိုင်းသူတော်စင် အဆင့်ကို ရောက်နိုင်မှာပါ... အဲ့ဒီအချိန်ကျမှ ပြန်လာခဲ့ပါကွာ”

အဘိုးအို တိုးတိုးလေး သက်ပြင်းချလိုက်သည်။

“သိပ်ပြီး အတွေးလွန်မနေနဲ့... အချိန်တန်ရင် အရာအားလုံး ရှင်းသွားလိမ့်မယ်... ကြိုးစားပါ”

သူ နင်ချီကို ကြည့်လိုက်သည်။ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ ပါဝင်နေ၏။

နင်ချီ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့ပါ”

“ဒီ ရှားပါးတဲ့ စာအုပ်တွေကိုတော့ မင်း အကုန် ယူသွားလို့ ရတယ်... မင်းရဲ့ ပုလဲလုံးထဲမှာ သိမ်းထားလိုက်ပေါ့”

ပြောရင်းဆိုရင်း... အဘိုးအိုက လက်ညှိုးထိုးပြလိုက်ရာ ဝိညာဉ်စွမ်းအား တစ်ခု ယွီဘုရင်ပုလဲထဲသို့ တိုးဝင်သွားလေတော့သည်။

နင်ချီ အံ့သြသွား၏။

ပုလဲလုံးထဲက နေရာလွတ်က အဆပေါင်း တစ်ရာလောက် ကျယ်ပြန့်သွားပြီး၊ တောင်ငယ်လေး တစ်လုံးစာလောက် ဆံ့သွားသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

အဘိုးအိုက ပြုံးလိုက်သည်။

“ငါ့မှာ အဲ့ဒီလောက် စွမ်းရည် မရှိပါဘူးကွာ... ပုလဲလုံးရဲ့ မူလစွမ်းရည်ကို ပြန်လည် နိုးထလာအောင် ကူညီပေးလိုက်ရုံပါ... ဒီပုလဲလုံးရဲ့ ကုန်ကြမ်းပစ္စည်းက တော်တော်လေး ထူးခြားတာကိုး”

နင်ချီ သဘောပေါက်သွား၏။

စောစောပိုင်းက အဖြစ်အပျက်ကြောင့် သူ အမှန်တကယ်ပင် တုန်လှုပ်သွားခဲ့ရလေ၏။

လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ဤမျှ အံ့မခန်းဖွယ်ရာကို ဖန်တီးနိုင်စွမ်း ရှိသည်ဆိုရာ၊ ဤအဘိုးအို၏ စွမ်းအား အတိမ်အနက်မှာ မှန်းဆကြည့်ရန်ပင် မဖြစ်နိုင်လောက်အောင် နက်ရှိုင်းလွန်းလှပေသည်။

“ကျေးဇူးပါ စီနီယာ”

နင်ချီ ကျေးဇူးတင်စကား ပြောလိုက်ပြီး၊ ယွီဘုရင်ပုလဲကို အသက်သွင်းလိုက်သည်။ များပြားလှသော စာအုပ်များသည် နှင်းပွင့်လေးများအလား သူ့ဆီသို့ ပျံဝဲလာကြသည်။

ကြည့်လို့ ကောင်းလိုက်သည့် မြင်ကွင်းပင်။

သူ့နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွှတ်သွား၏။

ဤအကျိုးအမြတ်ကား အမှန်တကယ်ပင် ကြီးမားလွန်းလှပေ၏။ အစစ်အမှန်သိုင်းဂိုဏ်း၏ အုတ်မြစ်ကို အကြီးအကျယ် ခိုင်မာတောင့်တင်းသွားစေမည်မှာ အသေအချာပင် ဖြစ်သည်။

ဤမျှ ပြည့်စုံကြွယ်ဝလှသော အမွေအနှစ်များနှင့်သာဆိုလျှင်၊ ဤကမ္ဘာလောက တစ်ခုလုံး၌ မည်သည့်ဂိုဏ်းကမျှ အစစ်အမှန်သိုင်းဂိုဏ်းကို ယှဉ်ပြိုင်နိုင်စွမ်း ရှိကြမည် မဟုတ်ချေ။

ထိုအထဲတွင် နင်ချီအတွက် များစွာ အထောက်အကူပြုစေမည့် ရှားပါးစာအုပ်များလည်း အမြောက်အမြား ပါဝင်နေလေသည်။

ခဏအကြာတွင်...

သိုင်းကျမ်းဆောင်ကြီး ဗလာကျင်းသွားလေတော့သည်။

ခါးကုန်းကုန်း အဘိုးအို တစ်ချက် ရယ်မောလိုက်သည်။

“ဟေ့ကောင်လေး... မင်းက တကယ် စေ့စပ်တာပဲ”

နင်ချီ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောတော့ပါ။

‘ကိုယ့်အရည်အချင်းနဲ့ကိုယ် စမ်းသပ်မှုကို အောင်မြင်ခဲ့တာပဲလေ။ အကုန် ယူသွားရမှာပေါ့။’

အဘိုးအို ပြုံးရင်း ခေါင်းခါလိုက်သည်။

“သွားတော့”

လေဟာနယ်ထဲတွင် ဝဲကတော့ တစ်ခု ပေါ်လာသည်။

နင်ချီ ခေါင်းညိတ်လိုက်သည်။ အဘိုးအိုကို နောက်ဆုံးတစ်ခေါက် ထပ်ကြည့်လိုက်ရာ၊ မျက်လုံးထဲတွင် မျှော်လင့်ချက်နှင့် အားပေးမှုများကို မြင်တွေ့လိုက်ရသဖြင့် ရင်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရ၏။ ထို့နောက် ရှေ့သို့ လှမ်းဝင်သွားလိုက်သည်။

နင်ချီ၏ ကျောပြင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း...

ခါးကုန်းကုန်း အဘိုးအို၏ မျက်လုံးများ လေးနက်တည်ငြိမ်သွားလေတော့သည်။

“ဒီမှာ နေလာတာ နှစ်တွေ အကြာကြီး ရှိနေပြီ... စိတ်ဝင်စားစရာ ကောင်းတဲ့ လူတွေ အများကြီးကိုလည်း မြင်ဖူးခဲ့ပြီ... တကယ်ပဲ ယဉ်ပါးနေပါပြီကွာ... ဖြစ်နိုင်ရင်တော့ ငါ နေရာမရွှေ့ချင်တော့ဘူး... ဒီ နင်ချီ ဆိုတဲ့ ကောင်လေး လုပ်နိုင်ပါ့မလား ဆိုတာပဲ သိချင်မိတယ်”

“အစစ်အမှန်သိုင်း... အစစ်အမှန်သိုင်း...”

...

သဲမည်းပင်လယ်…၊

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ စွမ်းအားကြီး သိုင်းပညာရှင်များ ပိုမို ရောက်ရှိလာကြပြီး၊ ဤနေရာသည် ပို၍ စည်ကားသိုက်မြိုက်လာသည်။

ယခုအချိန်မှာတော့...

လေထုက အနည်းငယ် ဆူညံပွက်လောရိုက်နေ၏။

သိုင်းပညာရှင်များသည် ရှေ့မှ မြူခိုးများ ဖုံးလွှမ်းနေသော နေရာကို အံ့သြတကြီး ကြည့်နေကြသည်။ စောစောက မြူခိုးများ ရုတ်တရက် ပွက်ပွက်ဆူလာသကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်လာပြီး၊ ဝင်ရောက်သွားသော သူများကို အကုန် ပြန်ကန်ထုတ်ပစ်လိုက်သည်။ ပင်လယ်ထဲသို့ အရှက်တကွဲ ပြုတ်ကျကုန်ကြ၏။

လူတိုင်း နားမလည်နိုင် ဖြစ်နေကြသည်။

ယခင်ကာလများဆီက ဤမြူခိုးများအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းသူများသည် လမ်းပျောက်ရုံသာ ရှိပြီး၊ အခြားတစ်ဖက်မှ ပြန်လည်ထွက်ပေါ်လာတတ်ကြစမြဲ ဖြစ်သည်။ ယခုကဲ့သို့သော ဖြစ်ရပ်မျိုးကား တစ်ကြိမ်တစ်ခါမျှ မကြုံစဖူးပေ။

ထိုအခြေအနေကို မယုံကြည်နိုင်သူ တစ်ဦးက ထပ်မံ၍ ဝင်ရောက်ရန် စမ်းသပ်ကြည့်လိုက်၏။

သို့သော် သူ တွေ့ရှိလိုက်ရသည်ကာ...

ရှေ့၌ ရှိနေသော မြူခိုးများသည် ကြေးနံရံ သံတံတိုင်းပမာ ပြောင်းလဲသွားပြီး၊ လုံးဝ ဝင်ရောက်၍ မရနိုင်တော့ချေ။

ပင်လယ်ပြင်ထက်တွင်သာမက ရေအောက်ပိုင်းအထိပါ ပတ်ပတ်လည် နေရာတိုင်း၌ တစ်ဆက်တည်း ပိတ်ဆို့သွားကာ၊ ဝင်ပေါက်ဟူ၍ ရှာဖွေမတွေ့ရှိနိုင်တော့ပေ။

ဤကဲ့သို့ ရုတ်ချည်း ပြောင်းလဲသွားမှုကြီးက လူတိုင်းကို ပွက်လောရိုက်သွားစေခဲ့လေ၏။

“ဘာလို့ ရုတ်တရက်ကြီး ဒီလို ဖြစ်သွားတာလဲ... အစစ်အမှန်သိုင်း ခန်းမဆောင်က ပုန်းရှောင်သွားတော့မလို့လား”

လူတိုင်း စိတ်လှုပ်ရှားလာကြသည်။ ရှေးဟောင်း အမွေအနှစ်နေရာတစ်ခု အခုလေးတင် ပေါ်လာတာလေ။ အခွင့်အရေးတွေက မျက်စိရှေ့မှောက်မှာ ရောက်နေလေ၏။ သို့ရာတွင်၊ ဘာမှ မရလိုက်ခင် ပြန်ပုန်းသွားတော့မည် ဆိုတော့ မည်သို့ ကျေနပ်နိုင်ကြမည်လဲ။

“ပုန်းသွားတာ မဟုတ်လောက်ဘူး... တခြား အကြောင်းရင်း ရှိလိမ့်မယ်”

လူတစ်ယောက်၏ မျက်လုံးများ လှုပ်ရှားသွား၏။

“ဖြစ်နိုင်တာက... တစ်ယောက်ယောက် အစစ်အမှန်သိုင်း ခန်းမဆောင်ရဲ့ အမွေအနှစ်ကို ရသွားလို့များလား”

ဒီစကားက လူတိုင်းကို သတိဝင်သွားစေ၏။

အကြည့်အမျိုးမျိုးက ထူးဆန်းလာကြသည်။ လူအုပ်ထဲမှ ဘယ်ကမှန်းမသိသော တီးတိုးသံများ ထွက်ပေါ်လာပြီး လူတိုင်း၏ အတွေးကို ဖွင့်ချလိုက်သကဲ့သို့။

“ကျွန်တော် မှတ်မိသလောက် ဆိုရင်... အစစ်အမှန်သိုင်းဂိုဏ်းက ဝင်သွားတဲ့ သူတွေ ပြန်ထွက်မလာသေးဘူး”

မည်သူမည်ဝါဟူ၍ အမည်တပ် ပြောဆိုလိုက်ခြင်းတော့ မဟုတ်ပေ။

သို့သော်ငြားလည်း အစစ်အမှန်သိုင်းဂိုဏ်းက အမွေအနှစ်ကို သိမ်းပိုက်ရရှိသွားသောကြောင့် ဤသို့ ဖြစ်ပျက်သွားရလေသလောဟူ၍ လူတိုင်းကို တွေးတောမိစေရန် လှုံ့ဆော်လိုက်သကဲ့သို့ ဖြစ်သွားစေ၏။

ဉာဏ်ရည်ထက်မြက်သူများကမူ ချက်ချင်းပင် ရိပ်မိလိုက်ကြသည်။ စကားဆိုလိုက်သူတွင် ရည်ရွယ်ချက်ကောင်း မရှိဘဲ၊ ရေနောက်အောင် လုပ်လိုရင်းသာ ဖြစ်ကြောင်းကို နားလည်လိုက်ကြလေ၏။

ထင်ရှားနေသည်မှာ...

လူအများစုကမူ လက်ဗလာဖြင့် ပြန်လှည့်မသွားလိုကြခြင်းပင် ဖြစ်သည်။

ထို့ကြောင့်ပင် အကြည့်များက လှုပ်ရှားသက်ဝင်လာကြကာ၊ ရှေ့မှ မြူခိုးထုကြီးကို စူးစိုက်ကြည့်ရှုနေလိုက်ကြတော့၏။

စွမ်းအားကြီးမားသော သိုင်းပညာရှင် တစ်ဦးချင်းစီက ပတ်ဝန်းကျင်တစ်ခုလုံးကို အပြည့်အဝ အာရုံခံ ဖြန့်ကျက်ထားလိုက်ကြသည်။ ငါးတစ်ကောင်မျှ ပိုက်ကွန်မှ လွတ်မသွားစေရန် ရည်ရွယ်ထားသကဲ့သို့ပင်။

အသက်ရှူကြပ်လောက်အောင် တင်းမာနေသော လေထုထဲတွင်…

မြူခိုးများ ရုတ်တရက် ရပ်တန့်သွား၏။ ဧရာမ သတ္တဝါကြီး တစ်ကောင် ပါးစပ်ဟလိုက်သကဲ့သို့၊ ပြင်ပအရာဝတ္ထု တစ်ခုကို ရုတ်တရက် ထွေးထုတ်လိုက်သည်။

လူရိပ်တစ်ခု လွင့်စဉ်ထွက်လာ၏။

“အစစ်အမှန်သိုင်းဂိုဏ်းက လူပဲ... ကျွန်တော် မှတ်မိတယ်”

လူတစ်ယောက်က အော်ပြောလိုက်သည်။

ထိုသူကား အစစ်အမှန်သိုင်းဂိုဏ်းမှ တတိယမျိုးဆက် လူငယ် တပည့်တစ်ဦးပင် ဖြစ်လေသည်။

စမ်းသပ်မှုတွင် ကျရှုံးခဲ့ရသဖြင့် စိတ်ပျက်အားငယ်နေခိုက်၊ ရုတ်ချည်းဆိုသလို သူ၏ ရင်ထဲတွင် တင်းကျပ်သွားရ၏။ အလိုအလျောက် ဘေးဘီဝဲယာသို့ ဝေ့ဝဲကြည့်လိုက်မိရာ၊ ပင်လယ်ပြင်ကျယ်ကြီး တစ်ခုလုံး၌ စစ်သင်္ဘောများဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်လိုက်ရချေသည်။

ရေလုံအောင် ပိတ်ဆို့ထားသကဲ့သို့ပင် ရှိလှသည်။ ထို့ပြင် ထိုမျှမကသေးချေ။ မိုးကုပ်စက်ဝိုင်း အထက်၌လည်း စွမ်းအားကြီးမားလှသော ပုဂ္ဂိုလ်ကျော်များစွာသည် ဝေဟင်ထက်တွင် ပျံဝဲနေကြလေသည်။

မီးဝင်းဝင်းတောက်နေသော ထိုအကြည့်များတွင်ကား ရန်လိုမှုများ၊ မလိုမုန်းထားမှုများဖြင့် အပြည့်အသိပ် လွှမ်းခြုံထားလေတော့သည်။

“ဂလု”

သူ တံတွေး တစ်ချက် မျိုချလိုက်မိလေသည်။

All Chapters