အသက်အဆိပ်
Vol. 24 Ch. 350
~ယွမ်ထျန်းရှန်း၏ သွေးမျိုးဆက် ပုံရိပ်ယောင်များထဲတွင် မြင်တွေ့ခဲ့ရသော ငွေရောင်မျောက်ဝံကြီး၏ အဖြစ်ဆိုးကို သိလိုက်ရကတည်းက နင်ချီသည် ဤ ကောင်းကင်နှင့်မြေကြီး ပြောင်းလဲခြင်း အကြောင်းကို အမြဲ သတိထားခဲ့သည်။ ထိုမြင်ကွင်းက သူ့ကို အမြဲတမ်း သတိပေးနေသကဲ့သို့ပင်။
နောက်ပိုင်းတွင် 'တာအိုဆရာ ပိုင်ရှန်'နှင့် တွေ့ဆုံခဲ့သည်။
'ထုတ်ပြောလို့ မရဘူး' ဆိုသော စကားတစ်ခွန်းက သူ့စိုးရိမ်စိတ်ကို ပိုမို နက်ရှိုင်းစေခဲ့သည်။
ထို့နောက် ဓားမမိစ္ဆာကြီးနှင့် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာတွင် ဝိညာဉ်စွမ်းအင်ထဲ၌ အဆိပ်အတောက်များ အမှန်တကယ် ပါဝင်နေကြောင်း သူ နားလည်ခဲ့သည်။ ထိုအဆိပ်အတောက်များသည် အမှန်တရားနှင့် ပုံရိပ်ယောင်ကြားတွင် တည်ရှိနေပြီး၊ အလွန် ထူးဆန်းလှ၏။ နင်ချီ နားမလည်နိုင်သော စွမ်းအားတစ်မျိုး ပါဝင်နေပြီး၊ ၎င်းက သူ့ကို တွက်ချက်မှု လမ်းဆုံးသို့ တွန်းပို့ခဲ့ဖူးသည်။ ယနေ့ အစစ်အမှန်သိုင်း အမွေအနှစ်ကို ရရှိလိုက်မှသာ ထိုပြဿနာ ပြေလည်သွားခဲ့ခြင်း ဖြစ်၏။
သို့သော်...
နင်ချီ၏ စိတ်ထဲတွင် မေးခွန်းများ ကျန်ရှိနေဆဲပင်။
‘ဒီအဆိပ်အတောက်တွေက ဘာတွေလဲ။ ဘယ်ကနေ လာတာလဲ။ ဘာကြောင့် ကမ္ဘာလောကကြီးနဲ့ ရုတ်တရက် ပေါင်းစပ်သွားရတာလဲ။’
သူ အဖြေကို တောင့်တနေမိသည်။
နင်ချီ၏ မေးခွန်းကို ကြားလိုက်ရသောအခါ ခါးကုန်းကုန်း အဘိုးအို တိတ်ဆိတ်သွား၏။ သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လာ၏။
“သူ ပြောတာ မမှားပါဘူး... တကယ်ကို 'ထုတ်ပြောလို့ မရတဲ့' အရာပါ... ဘာလို့လဲဆိုတော့ သူက ပြန်လည်တုံ့ပြန်မှု ဒဏ်ကို မခံနိုင်လို့လေ”
ရှေးဟောင်းဆန်သော အသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ အဘိုးအိုက နင်ချီကို စိုက်ကြည့်နေ၏။
“ဒါပေမဲ့.. ငါကတော့ ခံနိုင်တယ်”
နင်ချီ ချက်ချင်းပင် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
‘အမှန်တရားကို ထုတ်ပြောဖို့အတွက် ပြန်လည်တုံ့ပြန်မှု ဒဏ်ကို ခံရမယ်တဲ့။ ဒါကြောင့်လည်း သိုင်းသူတော်စင်တွေက ဒီအကြောင်းကို ရှောင်ဖယ်နေကြတာပဲ။ ဒီလောက် ကာလကြာရှည်တာတောင် မှတ်တမ်းမရှိခဲ့တာ မဆန်းပါဘူး။’
သူ တိတ်ဆိတ်သွားမိသည်။ ဆက်မေးသင့်၊ မမေးသင့် တွေးတောနေမိသည်။
ရှင်းနေသည်ကတော့...
ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားလွန်းပါ၏။
ထိုအခါ၊ ခါးကုန်းကုန်း အဘိုးအိုက နင်ချီ၏ ပခုံးကို ပုတ်လိုက်ပြီး၊ သက်ပြင်းချကာ ပြုံးလိုက်သည်။
“မင်းက အရမ်း ထူးချွန်လွန်းတယ်... ငါတောင် မယုံနိုင်လောက်အောင် ထူးချွန်လွန်းတယ်... ဒီကမ္ဘာလောကကြီးထဲမှာ မင်းလို 'နတ်ဘုရား ပန်းပွင့်' မျိုး ဘယ်လိုလုပ် မွေးဖွားလာနိုင်ရတာလဲ... ဖြစ်နိုင်တာက မင်းဟာ အပြောင်းအလဲ တစ်ခု ဖြစ်လိမ့်မယ်... အပြောင်းအလဲက ဟို အဘိုးကြီးတွေဆီမှာ ရှိနေတာ မဟုတ်ဘူး... မင်းဆီမှာ ရှိနေတာ... ဒါကြောင့်... ငါ ပေးဆပ်ရမယ့် တန်ဖိုးနဲ့ မင်းက ထိုက်တန်ပါတယ်”
သူက နင်ချီ၏ စိန်ခေါ်မှုများကို စောင့်ကြည့်ခဲ့သည်။
ဒီလို ဉာဏ်ရည်ဉာဏ်သွေးမျိုးက ယုတ္တိမရှိအောင် ကောင်းလွန်း၏။ သူ အံ့သြခဲ့ရသည်။ သူ့သက်တမ်း တလျှောက်လုံးမှာ သည်လို ပါရမီရှင်မျိုး တစ်ခါမှ မတွေ့ဖူးခဲ့ပါ။ 'နတ်ဘုရား မျိုးစေ့' ပေါင်းစုံ၊ မွေးရာပါ ခန္ဓာကိုယ်ပေါင်းစုံ သူ မြင်ဖူးခဲ့သော်ငြား၊ နင်ချီလောက် ဉာဏ်ရည်ထက်မြက်တဲ့သူ တစ်ခါမှ မကြုံဖူးခဲ့ပေ။
အဘိုးအိုက ခန်းမဆောင် အမိုးပေါ်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်ဘုံ အပြင်ဘက်သို့ လှမ်းမျှော်ကြည့်နေသကဲ့သို့။ သူ့အသံက တဖြည်းဖြည်း လေးလံလာသည်။
“ဒါက... အသက်အဆိပ် ပဲ”
'အသက်အဆိပ်'
ထိုနာမည်က နင်ချီ၏ စိတ်ဝိညာဉ်ကို ချက်ချင်း တုန်ခါသွားစေ၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူ သတိထားမိလိုက်သည်။ သူ့ဘေးနားမှ အဘိုးအို၏ အသက်ရှူသံများသည် ကြောက်ခမန်းလိလိ လျင်မြန်စွာ ကျဆင်းသွား၏။ ပါးလျနေပြီးသား ဆံပင်များထဲမှ နောက်ထပ် ဆံပင်အချို့ ကျွတ်ကျသွား၏။ မူလက ကုန်းနေသော ခါးက ပို၍ ကိုင်းညွှတ်သွားသည့်အသွင်။
သူ့ရင်ထဲ တင်းကျပ်သွား၏။ အဘိုးအိုကို အလျင်အမြန် တွဲကူလိုက်ပြီး တစ်ခုခု ပြောချင်သော်လည်း အဘိုးအိုက လက်ကာပြ၍ တားလိုက်သည်။
“အသက်အဆိပ် ဆိုတာ... သက်တမ်းကို တိုက်စားတဲ့ အဆိပ်ပဲ... ဝိညာဉ်စွမ်းအင်တွေနဲ့ ပေါင်းစပ်သွားပြီး တစ်သားတည်း ဖြစ်သွားတာ... ဖယ်ရှားလို့ မရနိုင်တော့ဘူး... ဒါက 'စည်းမျဉ်းအဆိပ်' ပဲ... သိုင်းသူတော်စင် အဆင့်လောက်နဲ့ ဖြေရှင်းလို့ ရတဲ့ အရာ မဟုတ်ဘူး... ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်ထဲ သန့်စင်လိုက်တဲ့ ဘယ်သူမဆို၊ အသက်အဆိပ် ဝင်ရောက်လာတာနဲ့ သက်တမ်းတွေ ခြောက်ခန်းပြီး စိတ်ဝိညာဉ်တွေ ပျောက်ကွယ်သွားရတာပဲ”
အဘိုးအို၏ စကားသံက တည်ငြိမ်သော်လည်း၊ နားထဲတွင် မိုးခြိမ်းသံပမာ ကျယ်လောင်နေ၏။
နင်ချီ၏ ရင်ထဲတွင် လှိုင်းတံပိုးများ ထန်နေ၏။
‘သက်တမ်းကို တိုက်စားတဲ့ အဆိပ်... ဒါက အသက်အဆိပ်ရဲ့ အကျိုးသက်ရောက်မှု။
စည်းမျဉ်းအဆိပ်... ဒါက အသက်အဆိပ်ရဲ့ အနှစ်သာရ စွမ်းအား။’
'စည်းမျဉ်း' ဆိုတာ နင်ချီ လောလောဆယ် လက်လှမ်းမမီနိုင်သေးသော နယ်ပယ်တစ်ခု။
ထိုစကားလုံး နှစ်လုံးတည်းကတင် သူ့ကို အသက်ရှူရပ်သွားစေဖို့ လုံလောက်နေလေ၏။
ခါးကုန်းကုန်း အဘိုးအို၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အသက်စွမ်းအင်များ ထွက်ပေါ်လာပြီး၊ မသိရသော အရပ်မျက်နှာမှ လာသော ပြန်လည်တုံ့ပြန်မှု ဒဏ်ကို ခုခံနေရသည်။ သူ့အရှိန်အဝါက မီးရထားလမ်းလို နိမ့်လိုက် မြင့်လိုက် ဖြစ်နေ၏။
နင်ချီ အလျင်အမြန် မေးလိုက်သည်။
“ဒါဆို... ရှေးဟောင်း သိုင်းသူတော်စင်တွေ အကုန်လုံးက အသက်အဆိပ်မိပြီး သက်တမ်းကုန်ဆုံးသွားကြတာပေါ့... နည်းလမ်းအမျိုးမျိုးနဲ့ ကမ္ဘာပေါ်မှာ ဆက်လက် ရှင်သန်နေကြတာပေါ့... အသက်အဆိပ် မိထားတဲ့ ဘယ်သူမဆို စည်းမျဉ်းတွေနဲ့ ချည်နှောင်ခံထားရလို့ တခြားသူတွေကို ထုတ်ပြောလို့ မရဘူး... ပြောလိုက်ရင် အသက်အဆိပ်ရဲ့ ပြန်လည်တုံ့ပြန်မှုကို ခံရမှာမို့လို့လားခင်ဗျ”
အဘိုးအို ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး ပြောသည်။
“အသက်အဆိပ် ပေါ်လာတုန်းက သူတော်စင်တွေ အကုန်လုံး ကျဆုံးခဲ့ရတယ်... ကမ္ဘာလောကကြီး တစ်ခုလုံး ငိုကြွေးခဲ့ရတယ်... ကံကောင်းတာက ပါရမီရှင်တချို့က သက်သာစေမယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ကြတယ်... အဲ့ဒါက အခု ငါ မင်းကို ပေးလိုက်တဲ့ လျှို့ဝှက်နည်းလမ်းပဲ... မျိုးဆက်ပေါင်းများစွာ ပြုပြင်မွမ်းမံလာခဲ့တာ... အသက်အဆိပ်ကို လုံးဝ မဖြိုဖျက်နိုင်ပေမဲ့၊ သူ့ရဲ့ သက်ရောက်မှုကို လျှော့ချပေးနိုင်တယ်... ဒါကြောင့် သိုင်းသူတော်စင် အဆင့် တက်တာနဲ့ သက်တမ်း ချက်ချင်း ကုန်မသွားတော့ဘူးပေါ့”
“ဒါပေမဲ့... အသက်အဆိပ်နဲ့ ဝိညာဉ်စွမ်းအင်က တစ်သားတည်း ဖြစ်နေတာ... တစ်ခုက ယင်၊ တစ်ခုက ယန်... မင်းရဲ့ ကျင့်ကြံခြင်း မြင့်မားလာလေလေ၊ မင်းရဲ့ သက်တမ်းက ပိုပြီး လျင်မြန်စွာ ခြောက်ခန်းလေလေပဲ... ကမ္ဘာပေါ်က ပါရမီရှင်တွေ အများကြီး နောင်တတွေနဲ့ ဇာတ်သိမ်းခဲ့ကြရတယ်... ရှေ့ဆက် မတက်နိုင်ကြတော့ဘူး”
နင်ချီ ရုတ်တရက်၊ နားလည်သွား၏။
သံသယများစွာ ပြေလည်သွား၏။
သို့တိုင်၊ မေးခွန်းသစ်တွေ မွေးဖွားလာပြန်သည်။
“ဒါပေမဲ့ အဲ့ဒီလိုသာဆိုရင်... ကမ္ဘာပေါ်က ဉာဏ်ပညာရှင်တွေ အကုန်လုံး စုပေါင်းပြီး အသက်အဆိပ်ကို ဖြေရှင်းမယ့် နည်းလမ်းကို ရှာဖွေသင့်တာ မဟုတ်ဘူးလား... ဘာလို့ သိုင်းသူတော်စင် လမ်းစဉ်ကို ဖြတ်တောက်ပြီး ကျင့်စဉ်တွေ အကုန်လုံးကို ဖျက်ဆီးပစ်လိုက်ရတာလဲခင်ဗျ”
“ပြီးတော့... ဒီ အသက်အဆိပ်က... တကယ်တမ်း ဘယ်က ရောက်လာတာလဲဗျ”
နင်ချီက မေးခွန်းတွေကို တစ်ခုပြီး တစ်ခု မေးလိုက်သည်။
သူ နားမလည်နိုင်ပါ။
သူ့စိတ်ထဲမှာ ထင်ကြေးတွေ အများကြီး ရှိနေသော်လည်း၊ ဒါတွေက ထင်ကြေးသက်သက်မျှသာ ရှိသေး၏။
ခါးကုန်းကုန်း အဘိုးအို၏ အရှိန်အဝါက အလွန်အမင်း အားနည်းနေပြီ ဖြစ်၏။ သူ ပြန်မဖြေတော့။ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။
နင်ချီ၏ နှလုံးသား ဖိစီးသွားရသည်။ သူ ချက်ချင်း နားလည်လိုက်သည်။ အသက်အဆိပ်၏ ပြန်လည်တုံ့ပြန်မှုက သာမန် မဟုတ်ချေ။ ဒီလောက် နက်ရှိုင်းသော အဘိုးအိုပင်လျှင် လျစ်လျူရှုထား၍ မရပါချေ။ အကယ်၍သာ 'တာအိုဆရာ ပိုင်ရှန်' ဖြစ်ခဲ့မည် ဆိုလျှင် ချက်ချင်း သေသွားလောက်ပေ၏။
သို့ပင်လျှင် ဤစကားတွေ ပြောခဲ့သည်က တော်တော်လေး တန်ဖိုးကြီးပေးဆပ်လိုက်ရပြီ ဖြစ်လေ၏။
ခဏအကြာတွင်..၊.
ခါးကုန်းကုန်း အဘိုးအို မျက်လုံးများကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည်။ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ကျန်ရှိနေသေး၏။ ထို့နောက် အားနည်းသော အသံဖြင့် ပြောလိုက်သည်။
“မင်းမှာ မေးခွန်းတွေ အများကြီး ရှိတယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ဒီအဘိုးကြီးက ဒီနေ့ ဒီလောက်ပဲ ပြောနိုင်တော့မယ်... ထပ်ပြောရင် မင်း ငါ့အလောင်း လာကောက်ရလိမ့်မယ်ကွ..”
နင်ချီ ..ရုတ်ချည်းပင်၊ တိတ်ဆိတ်သွားလေတော့သည်။