အခန်း (၂၀၂၁-၂၀၂၂)
Vol. 143 Ch. 2021-2022
အဆတစ်ရာစနစ် စာစဥ်(၁၄၃)
အခန်း(၂၀၂၁)
"ဝုန်း"
ကျန်းချန်၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ရင်ပြင်အထက် ကောင်းကင်ယံတွင် ပြင်းထန်သော နေရာလွတ် အတက်အကျ တစ်ခုက ရုတ်တရက် လှိုင်းထန်သွားခဲ့၏။
မကြာမီမှာပင် တည်ကြည်သော မျက်နှာထားနှင့် အနက်ရောင် ဝတ်စုံဝတ် အမျိုးသား တစ်ဦးသည် ရင်ပြင် အထက် ကောင်းကင်ယံတွင် တစ္ဆေတစ်ကောင် ကဲ့သို့ ရိပ်ခနဲ ပေါ်ထွက်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ဒေါသတကြီး ကြုံးဝါးသံ တစ်သံသည် ရင်ပြင်အနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။
"ဘယ်သူလဲ.. ဘယ်သူက ငါ ရှန်းဝူယိုရဲ့ လူကို သတ်လိုက်တာလဲ"
လေထုထဲမှ ပေါ်ထွက်လာသော အနက်ရောင် ဝတ်စုံဝတ် အမျိုးသားကို မြင်လျှင် အောက်ဘက်ရှိ လူများ၏ မျက်နှာ အမူအရာများသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အနက်ရောင် ဝတ်စုံဝတ် ရှန်းဝူယိုသည် တိမ်တိုက်နက် ဌာနခွဲခန်းမ၏ လက်ရှိ နန်းတော်သခင် ဖြစ်ပြီး ထာဝရဘုရားကျောင်း၏ ကျော်ကြားသော ပါရမီရှင် တစ်ဦး ဖြစ်၏။
အနာဂတ်တွင် ရှန်းဝူယိုသည် တောင်ဘက် ပင်မ ခန်းမ၏ အမွေဆက်ခံသူ ဖြစ်လာရန် အခွင့်အရေး ရှိနေသူ ဆိုလည်းမမှားပေ။
လက်ရှိတွင် ရှန်းဝူယိုသည် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သော ကြယ်နှစ်ပွင့် အရှင် တစ်ဦး ဖြစ်ရာ သူ၏ ခွန်အားသည် သာမန် ကောင်းကင်အရှင် တစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
ထိုကောင်လေး၏ ပါရမီက ရှန်းဝူယိုထက် မနိမ့်ကျဟု ဆိုနိုင်သော်လည်း ကျင့်စဉ် အဆင့်က အဆင့်ကြီး တစ်ဆင့်လုံး နိမ့်ကျနေသည် ဖြစ်ရာ ရှန်းဝူယိုကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါအံ့နည်း။
"ကောင်လေး.. ဝူတကို သတ်လိုက်တာ မင်းလား"
ရှန်းဝူယိုက သူ၏ အေးစက်သော အကြည့်များဖြင့် ရင်ပြင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ထို့နောက်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော သူ၏ စူးရှသော အကြည့်သည် ကျန်းချန် ဆီသို့ ကျရောက်သွားခဲ့၏။
ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"အကူအညီ ရှာဖွေနိုင်ရင် သူ့ခေါင်းကို လိမ်ဖြုတ်ပြီး ဘောလုံးလို ကန်ပစ်မယ်လို့ သူကိုယ်တိုင်ပဲ ပြောခဲ့တာလေ.. ငါက သူ့ကတိကို ဖြည့်ဆည်းပေးလိုက်ရုံပါပဲ"
"ကောင်းတယ်.. သိပ်ကောင်းတယ်"
"ကောင်လေး.. မင်း ဘာသာ ဘယ်သူပဲ ဖြစ်နေပါစေ.. တောင်ဘက် ပင်မခန်းမမှာ ငါ့လူကို သတ်ဝံ့မှတော့ မင်းကို ငါ လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး.. သေပေတော့"
ရှန်းဝူယိုက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများသည် တစ်ခဏအတွင်း ရင်ပြင် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။
ထိုမြင်ကွင်းကို မြင်လျှင် ရှချန်း၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန် ထရပ်ကာ ရှန်းဝူယိုကို အော်ဟစ် ပြောဆိုလိုက်သည်။
"ရှန်းဝူယို.. ကျန်းချန်မှာ ထာဝရဘုရားကျောင်းရဲ့ ရွှေရောင်ထာဝရ တံဆိပ်ပြား ရှိတယ်.. မင်းတို့ တိမ်တိုက်နက် ဌာနခွဲခန်းမဆီမှာ သူ့ကို အရေးယူဖို့ အခွင့်အာဏာ မရှိဘူး"
ရွှေရောင်ထာဝရ တံဆိပ်ပြား ကိုင်ဆောင်ထားသူများသည် ထာဝရဘုရားကျောင်း၏ အဆင့်မြင့် ဧည့်သည်တော်များ ဖြစ်ကြပြီး ထာဝရဘုရားကျောင်းတွင် အလွန် မြင့်မားသော အဆင့်အတန်းကို ရရှိထားကြသည်။
ထာဝရဘုရားကျောင်း၏ ဌာနခွဲ ခန်းမများ အားလုံးသည် ရွှေရောင် ထာဝရ တံဆိပ်ပြား ကိုင်ဆောင်ထားသူများကို စိတ်တိုင်းကျ အရေးယူနိုင်ခြင်း မရှိပေ။
"ရွှေရောင်ထာဝရ တံဆိပ်ပြားလား.. ရှင်းထျန်းချီက သူ့မှာရှိတဲ့ တစ်ခုတည်းသော ရွှေရောင်ထာဝရ တံဆိပ်ပြားကို မင်းဆီ ပေးလိုက်တာကိုး"
ရှန်းဝူယိုက ရှချန်းကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီး ချက်ချင်းပင် လှောင်ပြုံး ပြုံးလိုက်၏။
"ဒါပေမဲ့ သူ့မှာ ရွှေရောင်ထာဝရ တံဆိပ်ပြား ရှိနေရင်တောင် ငါ ရှန်းဝူယိုရဲ့ လူကို သတ်ဝံ့မှတော့ ငါ လုံးဝ အလွှတ်မပေးနိုင်ဘူး"
ဝူတသည် သူနှင့်အတူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး သူ့အပေါ် အမြဲတစေ သစ္စာရှိခဲ့သူ ဖြစ်သည်။
ယခုအခါတွင် ဝူတက ကျန်းချန်၏ လက်ချက်ဖြင့် ဤကဲ့သို့ အသတ်ခံလိုက်ရသည် ဖြစ်ရာ သူ့အနေဖြင့် လက်ပိုက်ကြည့်နေရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။
ထို့အပြင် ဝူတကို သတ်ခဲ့သော ထိုလူသည် မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမနှင့် နီးစပ်သော ဆက်ဆံရေး ရှိနေခဲ့၏။
ဝူတသည် မကြာသေးမီကမှ မြေကြီးအရှင် အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သူ ဖြစ်သည်။
ဤအနက်ရောင် ဝတ်စုံဝတ် လူငယ်သည် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် ဝူတကို သတ်နိုင်ခဲ့သည် ဖြစ်ရာ ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို အနည်းဆုံး နှစ်ကြိမ်ခန့် ချိုးဖျက်ထားသော အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နိုင်ခြေ များ၏။
အကယ်၍ ရှင်းထျန်းချီကသာ ထိုလူ၏ အကူအညီကို ရရှိခဲ့လျှင် ဤ ထာဝရ မဟာပွဲတော်တွင် ပြန်လည် ကျော်ကြားရန် အခွင့်အရေး ရရှိသွားနိုင်ပေသည်။
ထို့ကြောင့် မည်သို့ပင် ဖြစ်စေကာမူ ရှန်းဝူယိုသည် အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို ဖယ်ရှားပစ်ရန် လိုအပ်နေခဲ့၏။
ရွှေရောင်ထာဝရ တံဆိပ်ပြား ကိုင်ဆောင်ထားသူများကို ထိခိုက်ခြင်း မပြုရ ဟူသည့် စည်းမျဉ်းများကိုလည်း ရှန်းဝူယို လုံးဝ ဂရုမစိုက်အားတော့ပေ။
သူ၏ အမြင်တွင် စည်းမျဉ်း ဆိုသည်မှာ အားနည်းသော သူများ အတွက်သာ ဖြစ်သည်။
ထာဝရဘုရားကျောင်းရှိ သူ၏ အဆင့်အတန်း အရ ထာဝရဘုရားကျောင်းသည် ရွှေရောင်ထာဝရ တံဆိပ်ပြားကို ကိုင်ထားသော အပြင်လူ တစ်ဦးအတွက် သူ့ကို အပြစ်ပေးပါမည်လော။
ရှန်းဝူယို၏ အေးစက်စက် မျက်ဝန်းများထဲတွင် ထူးဆန်းသော အနက်ရောင် အလင်းတန်း တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး အနက်ရောင် ခရုပတ်ပုံစံ အလင်း တစ်ခုသည် ဆန့်ကျင်ဘက်တွင် ရှိသော ကျန်းချန် ထံသို့ ရုတ်တရက် သက်ရောက်သွားခဲ့သည်။
ထိုခဏတွင် ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိအားများသည် ရင်ပြင် တစ်လျှောက် ပျံ့နှံ့သွားခဲ့ပြီး လူတိုင်း၏ စိတ်ဝိညာဉ်များကို တုန်လှုပ်သွားစေခဲ့၏။
နောက်ထပ် တစ်ခဏတွင် ရှန်းဝူယို နှင့် ကျန်းချန်တို့ နှစ်ဦးစလုံးသည် ပြုစားခံလိုက်ရသလို နေရာမှာပင် ကျောက်ရုပ်လို ငြိမ်သက်သွားသည်ကို အားလုံးကို မြင်တွေ့လိုက်ရသည်။
"အမ်.. ဘာဖြစ်တာလဲဟ"
"ဘာလို့ သူတို့ နှစ်ယောက်လုံးက လှုပ်ရှားမှု မရှိတော့တာလဲ"
လူအများအပြားက နေရာမှာပင် လှုပ်ရှားမှု မရှိဘဲ ရပ်တန့်နေသည့် ကျန်းချန်တို့ နှစ်ဦးကို ကြည့်ကာ မျက်ဝန်းများထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ရှန်းဝူယိုက ဝိညာဉ်လမ်းစဥ်ကို အဓိက ကျင့်ကြံထားတဲ့အတွက် ဝိညာဉ်ချင်း တိုက်ခိုက်ဖို့ သူကိုယ်တိုင် ဖန်တီးထားသော ဝိညာဉ်စွမ်းအား နေရာလွတ်ဆီ ပြိုင်ဘက်ရဲ့ ဝိညာဉ်ကို ဆွဲခေါ်လိုက်တဲ့ပုံပဲ"
"ကြည့်ရတာ ကျန်းချန်တော့ ရှန်းဝူယို ဖန်တီးထားတဲ့ ဝိညာဉ်စွမ်းအား နေရာလွတ်ထဲကို ကျရောက်သွားလောက်ပြီ"
ရှန်းဝူယို အကြောင်းကို သိရှိထားသူ တစ်ဦးက လေးနက်စွာ ပြောကြားခဲ့သည်။
ထိုစကားကို ကြားလိုက်ရလျှင် လူတိုင်းသည် ကျန်းချန် အတွက် စိတ်မကောင်း ဖြစ်သွားကြ၏။
ရှန်းဝူယိုသည် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ထားသော ကြယ်နှစ်ပွင့် အရှင် တစ်ပါး ဖြစ်၍ ကောင်းကင် နတ်ဘုရား အဆင့်ရှိ ကျန်းချန်ထက် မူလကတည်းကပင် များစွာ ပိုမို အစွမ်းထက်သည်။
ထို့အပြင် ယခုအခါ ရှန်းဝူယိုသည် သူအားသာသော ဝိညာဥ်တိုက်ပွဲဖြင့် ရင်ဆိုင်နေရသည် ဖြစ်ရာ ပြောနေစရာပင် မလိုတော့ပေ။
ထိုကောင်လေး ကျန်းချန်သည် သေဆုံးရမည်မှာ သေချာသလောက် ဖြစ်နေခဲ့၏။
"ပြဿနာပဲ.. ရှန်းဝူယိုက ဝိညာဉ်လမ်းစဉ်မှာ အရမ်း ထူးချွန်လို့ ရှန်းဝူယိုနဲ့ ဝိညာဉ် တိုက်ပွဲ မဆင်နွှဲဖို့ ကျန်းချန်ကို သတိမပေးလိုက်ရဘူး"
သူ၏ ရှေ့မှ မြင်ကွင်းကို ကြည့်ရှုရင်း ရှချန်း၏ မျက်နှာ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
ရှန်းဝူယို၏ ဝိညာဉ်လမ်းစဉ်တွင် အောင်မြင်မှုများသည် အလွန်ပင် မြင့်မားလှသည် ဖြစ်ရာ ဝိညာဉ် တိုက်ပွဲသာ ဆင်နွှဲရမည် ဆိုလျှင် ရှန်းဝူယိုသည် အဆင့်တူ အတွင်း ပြိုင်ဘက်ကင်း ဟုပင် ဆို၍ရ၏။
တစ်ခါက ရှန်းဝူယိုသည် ဝိညာဥ်တိုက်ပွဲဖြင့် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်ခဲ့ဖူးသည်ဟု ကောလဟလ ထွက်ဖူး၍ ဝိညာဥ်တိုက်ပွဲတွင် အလွန်အမင်း အစွမ်းထက်မည်မှာ တွေးနေစရာပင် မလိုပေ။
ဆိုရလျှင် ကျန်းချန်၏ ဝိညာဉ်က ရှန်းဝူယို ဖန်တီးထားသော ဝိညာဉ်စွမ်းအား နေရာလွတ် ထဲသို့ တစ်ကြိမ် ကျရောက်သွားသည်နှင့် ထိုအထဲမှ ပြန်လည် ထွက်ခွာရန် ခက်ခဲပေလိမ့်မည်။
"အကြီးအကဲ ရှချန်းက ညီနောင်ကျန်းချန်ကို အထင်သေး လွန်းနေပြီ ထင်တယ်.. ကြယ်နှစ်ပွင့် အရှင်က အတော်လေး သန်မာတယ် ဆိုပေမဲ့ ကျန်းချန် ညီနောင်ကို ယှဉ်နိုင်ဖို့ကတော့ အဝေးကြီး လိုပါသေးတယ်"
ဟော်ထျန်းယန်က သူ၏ ရှေ့မှ အခြေအနေကို ဂရုမစိုက်သကဲ့သို့ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ကြယ်နှစ်ပွင့် အရှင်၏ တိုက်ခိုက်ရေး စွမ်းရည်သည် သာမန် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ တစ်ဦးနှင့် မကွာခြားပေ။
ကျန်းချန်သည် သူတော်စင်အဆင့် ကောင်းကင်နတ်ဘုရား အဆင့်တွင် ရှိနေစဉ်ကတည်းကပင် ကောင်းကင်အရှင် အဆင့်ကို သတ်ဖြတ်ရန် စွမ်းဆောင်နိုင်နေပြီ ဖြစ်၏။
ယခုအခါ ကျန်းချန်က လမ်းစဥ်ဆယ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ကာ သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ကိုပင် ကျော်လွန်သွားခဲ့ချေပြီ။
ထို့ကြောင့် ထာဝရဘုရားကျောင်း၏ နတ်ဘုရင် ကိုယ်တိုင် မကြွရောက် လာသရွေ့ ဤထာဝရဘုရားကျောင်းတွင် ကျန်းချန်ကို ခြိမ်းခြောက်နိုင်မည့်သူ တစ်ဦးမျှ ရှိမည် မဟုတ်ပေ။
ရှချန်းသည် ဟော်ထျန်းယန်၏ ယုံကြည်ချက်ရှိသော အမူအရာကို မြင်လျှင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ကျန်းချန်သည် အထွတ်အထိပ် ကောင်းကင် နတ်ဘုရား တစ်ပါး မဟုတ်ဘဲ ဒဏ္ဍာရီလာ သူတော်စင် ကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်နေပါသလော။
ရှချန်းသည် ရုတ်တရက် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်သည်။
အကယ်၍ ကျန်းချန်သာ သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ကို အမှန်တကယ် ရောက်ရှိနေခဲ့လျှင် ဤတိုက်ပွဲအတွက် မျှော်လင့်ချက် ရှိနိုင်ပေသည်။
ပြင်ပမှ လူများက ကျန်းချန်တို့၏ ဝိညာဉ်တိုက်ပွဲကြောင့် ထိတ်လန့် တုန်လှုပ်နေကြစဥ် ကျန်းချန် နှင့် ရှန်းဝူယို တို့၏ ဝိညာဉ်ပုံရိပ်များသည် မီးခိုးရောင်ကမ္ဘာ တစ်ခုထဲတွင် ပေါ်ပေါက်လာခဲ့၏။
"ဒါက ဝိညာဉ်စွမ်းအား နေရာလွတ်လား.. စိတ်ဝင်စားစရာပဲ"
ကျန်းချန်က ပတ်ဝန်းကျင်ကို အသာအယာ အကဲခတ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် စိတ်ဝင်စားသော အရိပ်အယောင်များ ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
"ဟုတ်တယ်.. ဒါက ငါဖန်တီးထားတဲ့ ဝိညာဉ်စွမ်းအား နေရာလွတ်ပဲ.. ဒီနေရာလွတ်ထဲမှာတော့ ငါက တစ်ဦးတည်းသော အရှင်သခင်ပဲ.. ငါ့ထက် ကျင့်စဉ်အဆင့် နိမ့်တဲ့သူ မှန်သမျှ ဒီနေရာလွတ်ထဲကို ကျရောက်လာတာနဲ့ သေဖို့တစ်လမ်းပဲ ရှိတယ်"
ရှန်းဝူယိုက ကျန်းချန်ကို အထက်စီးဆန်စွာ ကြည့်လိုက်သည်။
သူ၏ အေးစက်စက် အသံက ဤနေရာလွတ် တစ်ခုလုံးတွင် ဟိန်းထွက်သွားခဲ့၏။
"ထာဝရဘုရားကျောင်းရဲ့ ကြယ်နှစ်ပွင့် အရှင်က ဘယ်ဆိုးလို့လဲ.. တော်တော်လေး အရည်အချင်း ရှိသားပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
"ဒါပေမဲ့ ဒီလောက်လေးနဲ့ ငါ့ကို ကိုင်တွယ်ချင်တာ ဆိုရင်တော့ မလုံလောက်သေးဘူး"
အခန်း(၂၀၂၁) ပြီး၏
အခန်း(၂၀၂၂)
"ဟမ့်.. လေလုံးထွားလှချည်လား"
ရှန်းဝူယိုက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အထင်အမြင်သေးသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့၏။
သူဖန်တီးထားသော ဝိညာဉ်စွမ်းအား နေရာလွတ်ကို သူထက် ကျင့်ကြံခြင်း အဆင့် ပိုမိုမြင့်မားသူ မဟုတ်လျှင် မည်သူမျှ ချိုးဖျက်နိုင်စွမ်း မရှိပေ။
ကျင့်ကြံခြင်း အဆင့် နိမ့်ကျသူ တစ်ဦး အနေဖြင့် မည်သည့် နည်းလမ်းနှင့်မျှ အခွင့်အရေး ရှိနိုင်မည် မဟုတ်ချေ။
သူက ကြယ်နှစ်ပွင့် အရှင် တစ်ဦး ဖြစ်ရာ ကောင်းကင် နတ်ဘုရား အဆင့်တွင်သာ ရှိသော ကျန်းချန်ကို အကြွင်းမဲ့ ဖိနှိပ်ထားနိုင်၏။
ဆိုရလျှင် ကျန်းချန်က သူတော်စင် ကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်နေလျှင်ပင် သူ၏ ဝိညာဉ်စွမ်းအား နေရာလွတ်ကို ချိုးဖျက်ရန်မှာ လွယ်ကူသော အရာ မဟုတ်ပေ။
"ကျန်းချန်.. ဒီနေ့ ငါ့ရဲ့ ဝိညာဉ်စွမ်းအား နေရာလွတ်ထဲကနေ မင်း ဘယ်လို အသက်ရှင်လျက် ထွက်သွားနိုင်မလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်"
ရှန်းဝူယို၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းများ လင်းလက်သွားခဲ့သည်။
သူက ကျန်းချန်နှင့် အချိန်ဖြုန်းရန် အစီအစဉ် မရှိတော့ဘဲ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင် နေရာလွတ်သည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော ဝိညာဉ်စွမ်းအားများသည် အရပ်မျက်နှာ အနှံ့မှ စုစည်းလာခဲ့သည်။
မှောင်မိုက်သော တိမ်တိုက်များက တလိမ့်လိမ့် တက်လာခဲ့ပြီး ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော စစ်မှန်သည့် မိုးကြိုးမုန်တိုင်း တစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့၏။
ထိုဝိညာဥ်စွမ်းအား မိုးကြိုးမုန်တိုင်းသည် ကမ္ဘာမြေကိုပင် ဖျက်ဆီးနိုင်လောက်သော အင်အားများဖြင့် အောက်ဘက်ရှိ ကျန်းချန်ဆီသို့ လျင်မြန်စွာ ဆင်းသက်လာခဲ့သည်။
ထိုမြင်ကွင်းကို မြင်သော်လည်း ကျန်းချန်က တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့သည်။
သူက ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်ရာ လက်ဖဝါး အရွယ်အစားရှိ အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ် တစ်ခုက သူ၏ လက်ဖဝါးထက်တွင် ပေါ်ပေါက်လာခဲ့သည်။
"ဝိညာဉ်ဝါးမျို စည်းတံဆိပ်"
သူ့ကို ဝါးမျိုရန် ဆင်းသက်လာသော ဝိညာဉ်စွမ်းအား မိုးကြိုး မုန်တိုင်းကို ကြည့်ရင်း ကျန်းချန်က သူ၏ လက်ဖဝါးထက်ရှိ အနက်ရောင် စည်းတံဆိပ်ကို တိုက်ရိုက် ပို့လွှတ်လိုက်သည်။
"ဝုန်း"
အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်က လေထုထဲတွင် လျင်မြန်စွာ ကြီးမားလာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပေတစ်ထောင်ခန့် ကျယ်ဝန်းသော နေရာလွတ်ကို ဖုံးလွှမ်းသွားသည့် ဧရာမ အနက်ရောင် စည်းတံဆိပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော ဝိညာဉ်ဝါးမျို စွမ်းအားများသည် ထိုစည်းတံဆိပ်ကြီးထံမှ ချက်ချင်း ထွက်ပေါ်လာခဲ့၏။
"ဒီကောင်ရဲ့ စည်းတံဆိပ်က ဘယ်လိုလုပ် ဒီလောက်ထိ အားကောင်းနေရတာလဲ"
အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်ထဲတွင် ပါဝင်သော ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားကို ခံစားမိလျှင် ရှန်းဝူယို၏ မျက်ဝန်းထဲတွင် အံ့သြ ထိတ်လန့်သော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
ကျန်းချန် ထုတ်ဖော်လိုက်သော အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်ထံမှ ရှန်းဝူယိုသည် အလိုလိုနေရင်း အန္တရာယ်ရှိသော ခံစားချက်ကို ရရှိလိုက်၏။
သူက ဝိညာဉ်လမ်းစဉ်ကို အဓိက ကျင့်ကြံထားသော ကြယ်နှစ်ပွင့် အရှင် တစ်ဦး ဖြစ်ရာ သူ၏ ဝိညာဉ်စွမ်းအားသည် သာမန် ကြယ်နှစ်ပွင့် အရှင်များထက် များစွာ သန်မာသည်။
သို့သော် ကျန်းချန်ကမူ ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်၏။
သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်နေလျှင်ပင် သူ့ကို အန္တရာယ် ပေးနိုင်သည့် ဝိညာဉ်စွမ်းအားမျိုး ရှိမနေသင့်ပေ။
"ဝုန်း"
ရှန်းဝူယို ထိတ်လန့်နေစဉ်မှာပင် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်သည် ဝိညာဉ်စွမ်းအား မိုးကြိုးမုန်တိုင်းနှင့် ပြင်းထန်စွာ ထိပ်တိုက် ဆုံမိသွားခဲ့သည်။
မကြာမီမှာပင် ရှန်းဝူယိုသည် သူ၏ စွမ်းအား အပြည့်အဝဖြင့် ထုတ်ဖော်ထားသော ဝိညာဉ်စွမ်းအား မိုးကြိုးမုန်တိုင်းက ကျန်းချန်၏ အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်အား လုံးဝ မယှဥ်နိုင်သည်ကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်သည် သူ၏ ဝိညာဉ်စွမ်းအား မိုးကြိုးမုန်တိုင်းကို ဝါးမျိုပစ်လိုက်ပြီး သူ့ကို ဖိနှိပ်ရန် တန်းတန်းမတ်မတ် ရောက်ရှိလာခဲ့၏။
ရှန်းဝူယိုက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ချက်ချင်းဆိုသလို သူ၏ လက်ဖဝါး နှစ်ဖက်ကြားမှ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာကာ သူ၏ ရှေ့တွင် ဝိညာဉ်စွမ်းအား အကာအကွယ်အလွှာ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်၏ ဖိနှိပ်မှုကို ခုခံလိုက်သည်။
သို့သော်လည်း ရှန်းဝူယို၏ ဝိညာဉ်စွမ်းအား အကာအကွယ် အလွှာသည် ကျန်းချန်၏ အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်ကို လုံးဝ မတားဆီးနိုင်ခဲ့ပေ။
အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်က ဝိညာဉ်စွမ်းအား အကာအကွယ် အလွှာကို ရိုက်ခတ်သွားသည်နှင့် အကာအကွယ်အလွှာက မှန်တစ်ချပ် ကွဲကြေသွားသကဲ့သို့ အသံများ ထွက်ပေါ်လာပြီး လေထုထဲတွင် ပြိုပျက်သွားခဲ့သည်။
ရှန်းဝူယို၏ ဝိညာဉ်ပုံရိပ်သည်လည်း အနည်းငယ် တုန်ခါသွားခဲ့ကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ကောင်းကင်ယံကနေ နောက်သို့ လွင့်စဉ်သွားခဲ့ရ၏။
ရှန်းဝူယိုသည် လေထဲတွင် ပေရာဂဏန်းခန့် လွင့်စဉ်သွားပြီးနောက်မှသာ သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
သူက အောက်ဘက်ရှိ ကျန်းချန်ကို ကြည့်ရင်း ထိတ်လန့်တကြား ရေရွတ်လိုက်၏။
"မ.. မဖြစ်နိုင်ဘူး...မင်းမှာ ဘယ်လိုလုပ် ဒီလောက် သန်မာတဲ့ ဝိညာဉ်စွမ်းအား ရှိနေရတာလဲ"
သူက ဝိညာဉ်လမ်းစဉ်ကို ကျင့်ကြံသည့် ကြယ်နှစ်ပွင့် အရှင် တစ်ဦး ဖြစ်ပြီး ကျန်းချန်၏ အဆင့်ကမူ ကောင်းကင်နတ်ဘုရား.အဆင့်မျှသာ ရှိသေးသည်။
ယခုအခါတွင် သူက ကျန်းချန်ကို သူကိုယ်တိုင် ဖန်တီးထားသော ဝိညာဉ်စွမ်းအား နေရာလွတ်ထဲသို့ ဆွဲခေါ်ကာ ဝိညာဉ် တိုက်ပွဲ ဆင်နွှဲနေခြင်း ဖြစ်၏။
ကျန်းချန်သည် သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်နေလျှင်ပင် ဝိညာဉ်တိုက်ပွဲတွင် သူ့ကို အနိုင်ယူရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။
ကျန်းချန်သည် သူတော်စင် ကောင်းကင် နတ်ဘုရား တစ်ပါး မဟုတ်တော့ဘဲ ထိုအဆင့်ကို ကျော်လွန်နေသည့် ကောင်းကင်ကိုပင် ဆန့်ကျင်သော တည်ရှိမှုမျိုး ဖြစ်နေမည်ဟု ရှန်းဝူယိုက သိရှိနိုင်မည် မဟုတ်ပေ။
"ငါ့ရဲ့ စွမ်းအားကို မင်းက ဘယ်လိုလုပ်ပြီး မှန်းဆလို့ ရမှာလဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး လက်ဟန်တစ်ခုကို ထပ်မံ ထုတ်ဖော်လိုက်ရာ အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်က ထပ်မံ ထွက်ပေါ်လာခဲ့ပြီး ရှန်းဝူယိုကို တိုက်ရိုက် ဖိနှိပ်ရန် ရောက်ရှိလာခဲ့ပြန်သည်။
ထိုအခါ ရှန်းဝူယို၏ စိတ်နှလုံးထဲတွင် ပြောမပြတတ်လောက်အောင် အေးစိမ့်သွားသလို ခံစားလိုက်ရပြီး စွမ်းအားများကို အလျင်အမြန် ထုတ်ဖော်ကာ အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်ကို အစွမ်းကုန် တိုက်ခိုက်လိုက်သည်။
ကြောက်မက်ဖွယ်ရာကောင်းသော ဝိညာဉ်စွမ်းအား မုန်တိုင်းသည် တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားခဲ့ပြီး ဝိညာဉ်စွမ်းအား နေရာလွတ် တစ်ခုလုံးကို တုန်ခါသွားစေခဲ့၏။
"ဝုန်း"
အဆုံးသတ်တွင် ဝိညာဉ်စွမ်းအား နေရာလွတ် တစ်ခုလုံးသည် ကျယ်လောင်သော အသံနှင့်အတူ တိုက်ရိုက်ပင် ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။
----------------
ကျန်းချန်နှင့် ရှန်းဝူယိုတို့ ဝိညာဉ်ချင်း တိုက်ခိုက်နေကြစဉ် ရင်ပြင်ထက်တွင် ကျန်းချန်နှင့် ရှန်းဝူယို တို့၏ ခန္ဓာကိုယ်များက မလှုပ်မယှက် ရပ်နေခဲ့ကြသည်။
ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော လူအများ၏ အကြည့်များသည်လည်း ကျန်းချန်တို့ နှစ်ဦးထံသို့ စူးရှစွာ ကျရောက်နေခဲ့၏။
ကျန်းချန်က ရှုံးနိမ့်သွားခြင်း မရှိသေးသည်ကို မြင်လျှင် လူတိုင်း၏ မျက်ဝန်းများထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ရှန်းဝူယို၏ ခွန်အားဖြင့် ဝိညာဉ် တိုက်ပွဲ ဆင်နွှဲလျှင် သာမန် ကောင်းကင်အရှင် များပင် ရှန်းဝူယို၏ လက်ထဲ၌ အသာစီးရရန်မှာ မဖြစ်နိုင်ပေ။
ကျန်းချန်က ထူးခြားသော ပါရမီ ရှိနေသည့်တိုင် တကယ်တမ်းတွင် ကောင်းကင်နတ်ဘုရား အဆင့်တွင်သာ ရှိသေးသည်။
ကျန်းချန်က အလျင်အမြန် ရှုံးနိမ့်သွားလိမ့်မည်ဟု လူတိုင်းက ထင်မှတ်ထားခဲ့ကြသော်လည်း ရှန်းဝူယို၏ လက်ထဲတွင် ဤမျှကြာအောင် တောင့်ခံထားနိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် အချိန်များသည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။
အချိန်မည်မျှကြာသွားမှန်း မသိရသော်လည်း ရှန်းဝူယို၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားခဲ့ပြီး မျက်နှာက တစ်ခဏအတွင်း ဖြူဖျော့သွားခဲ့သည်။
အခြားတစ်ဖက်မှ ကျန်းချန်ကမူ ယခင်အတိုင်းပင် မားမားမတ်မတ် ရပ်နေဆဲ ဖြစ်ပြီး မည်သည့် အပြောင်းအလဲမျှ မရှိပေ။
"ရှန်းဝူယို ရှုံးတော့မယ့်ပုံပဲ"
"ဒါ.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လူတိုင်းက သူတို့ရှေ့ရှိ မယုံကြည်နိုင်ဖွယ်ရာ မြင်ကွင်းကို ကြည့်ရင်း အံ့သြထိတ်လန့်မှုကနေ အချိန်အတော်ကြာအောင် မလွတ်မြောက်နိုင် ဖြစ်နေကြသည်။
ကျန်းချန်နှင့် ရှန်းဝူယို တို့၏ တိုက်ပွဲတွင် ကျန်းချန်က ရှုံးနိမ့်ရန် ကံပါလာသည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသော်လည်း ရှန်းဝူယိုကသာ ရှုံးနိမ့်သွားရလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
ရှန်းဝူယို၏ အခြေအနေကို ကြည့်ရသည်မှာ ဝိညာဉ်တိုက်ပွဲ အတွင်း ကျန်းချန်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရခြင်း ဖြစ်မှန်း သိသာလှ၏။
လူတိုင်း ထိတ်လန့်နေစဉ်မှာပင် ရင်ပြင်ထက်၌ နောက်ထပ် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာခဲ့ပြန်သည်။
ရှန်းဝူယို၏ တုန်ယင်နေသော ခန္ဓာကိုယ်သည် ပြင်းထန်စွာ တိုက်ခိုက်ခံလိုက်ရသကဲ့သို့ ပေရာပေါင်းများစွာ အထိ လွင့်စဉ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျရောက်သွားခဲ့သည်။
သူ၏ ပါးစပ်ထဲမှလည်း သွေးများကို အန်ထုတ်လိုက်ရ၏။
ရှန်းဝူယို အမှန်တကယ် ရှုံးနိမ့်သွားခဲ့ချေပြီ။
ဤအခိုက်အတန့်တွင် ကြီးမားလှသော ရင်ပြင်သည် တစ်စပြင်နှယ် တိတ်ဆိတ်သွားခဲ့၏။
လူတိုင်းက ထိုမြင်ကွင်းကို ကြည့်ရင်း တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။
ဝိညာဉ်စွမ်းအားကို အထူးပြု ကျင့်ကြံသည့် ကြယ်နှစ်ပွင့် အရှင် ရှန်းဝူယိုသည် ကောင်းကင်နတ်ဘုရား အဆင့် ကျန်းချန်ကို ဝိညာဉ်တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ရသည်။
ယင်းက တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလှ၏။
အနက်ရောင် ဝတ်စုံဝတ် လူငယ် ကျန်းချန်သည် အမှန်တကယ်ပင် ကောင်းကင် နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ဦး ဟုတ်ပါသလော။
ဤကမ္ဘာတွင် ဤမျှလောက်အထိ ကောင်းကင်ကို ဆန့်ကျင်နေသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူမျိုး ရှိလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးမိကြပေ။
သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့် ပင်လျှင် ဤကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်သည့် စွမ်းရည်မျိုး ရှိရန်မှာ မဖြစ်နိုင်ဟု သူတို့ ယူဆထားကြ၏။
အခန်း(၂၀၂၂) ပြီး၏