အခန်း (၂၀၂၃-၂၀၂၄)
Vol. 143 Ch. 2023-2024
အခန်း(၂၀၂၃)
"မင်း.. မင်းက ကောင်းကင်နတ်ဘုရား အဆင့် လုံးဝ မဖြစ်နိုင်ဘူး.. မင်း.. မင်း တကယ်ပဲ ဘယ်သူလဲ"
ပါးစပ်ထဲမှ သွေးများ ဆက်တိုက် စီးကျနေဆဲ ဖြစ်သည့် ရှန်းဝူယို၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။
ဤအခိုက်အတန့်တွင် ရှန်းဝူယိုသည် သူ၏ ရှေ့မှလူငယ်ကို ကောင်းကင်နတ်ဘုရား အဆင့် ဟန်ဆောင်ထားသော ရှေးဟောင်း မွန်းစတား အိုကြီး တစ်ဦး ဟုပင် သံသယ ဝင်လာခဲ့၏။
သူက ကောင်းကင်အရှင်ကိုပင် ယှဥ်နိုင်သော ကြယ်နှစ်ပွင့် အရှင် တစ်ပါး ဖြစ်သည်။
သို့သော်လည်း သူ၏ ဝိညာဉ်စွမ်းအား နေရာလွတ်ကို အလွယ်တကူ ချိုးဖျက်နိုင်ပြီး သူ့ကို အသာအယာ အနိုင်ယူနိုင်သည့် ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူမျိုး ဤကမ္ဘာတွင် ရှိနေလိမ့်မည်ဟု ရှန်းဝူယို မယုံကြည်နိုင်ခဲ့ပေ။
"ငါ ဘယ်သူလဲဆိုတာ မင်း သိဖို့ မလိုဘူး.. မင်း သိထားဖို့ လိုတာကတော့ နောက်နောင် မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမကို ပြဿနာ မရှာဖို့ပဲ.. မဟုတ်ရင် မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး"
ကျန်းချန်က ရှန်းဝူယိုကို အေးစက်စက် တစ်ချက် ကြည့်ကာ ပြောကြားလိုက်သည်။
"ငါစိတ်မပြောင်းခင် အခုချက်ချင်း ငါ့ရှေ့က ထွက်သွားလိုက်တော့"
ရှန်းဝူယိုက အတော်လေး ရှက်ရွံ့ဒေါသ ထွက်နေခဲ့၏။
သို့ရာတွင် သူက ကျန်းချန်၏ ပြိုင်ဘက် မဟုတ်သည်ကို သိရှိသဖြင့် ဆက်လက် ရှိနေလျှင်လည်း အရှက်ရရုံသာ ရှိမည် ဖြစ်ရာ စကားတစ်ခွန်းမှ မပြောတော့ဘဲ ချာခနဲ လှည့်ထွက်ကာ ရင်ပြင်ကနေ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်က ရှန်းဝူယိုကို ဂရုမစိုက်ဘဲ လေထု တစ်နေရာကို တိုက်ရိုက် လှမ်းကြည့်လိုက်သည်။
သူ ရှန်းဝူယိုကို လွှတ်ပေးလိုက်ရခြင်းမှာ လေထု ထဲမှ အစွမ်းထက် ကျင့်ကြံသူ တစ်ဦးက စိတ်ချင်းဆက်သွယ်၍ သတိပေးလိုက်သောကြောင့်ပင်။
အကယ်၍ သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုလူသည် ထာဝရဘုရားကျောင်း၏ နတ်ဘုရင် ဖြစ်လောက်၏။
သူက ယခုအခါတွင် လမ်းစဥ် ဆယ်ပါး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် သာမန် နတ်ဘုရင် အဆင့် နှင့် အတိုင်းအတာ တစ်ခုအထိ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ကျန်းချန်သည် ထာဝရဘုရားကျောင်းနှင့် ရန်သူ မဖြစ်လိုပေ။
ထာဝရဘုရားကျောင်းတွင် အရှေ့၊ အနောက်၊ တောင်၊ မြောက် ဟူ၍ ပင်မခန်းမ လေးခု ရှိပြီး ခန်းမ တစ်ခုချင်းစီ၏ ခွန်အားမှာ နတ်ဘုရင် အဆင့် အင်အားစုများထက် မနိမ့်ကျပေ။
ထိုခန်းမလေးခု၏ စွမ်းအားကို ပေါင်းစပ်လိုက်မည် ဆိုလျှင် ထာဝရဘုရားကျောင်း၏ အင်အားသည် အတိုင်းအဆမရှိ နက်နဲလှ၏။
ထာဝရဘုရားကျောင်း၏ နတ်ဘုရင် တစ်ပါး ကိုယ်တိုင်က ရှန်းဝူယိုကို လွှတ်ပေးရန် တောင်းဆိုလာသည် ဖြစ်၍ ကျန်းချန်က တမင်တကာ မျက်နှာသာ ပေးလိုက်ခြင်းပင်။
ထို့အပြင် သူက ထာဝရဘုရားကျောင်း၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကိုလည်း အသုံးပြုလိုသေး၏။
အကယ်၍ ထာဝရဘုရားကျောင်းနှင့် ပြဿနာ အကြီးအကျယ် ဖြစ်မည် ဆိုလျှင် သူက နတ်ကုန်းမြေတိုက်ကို ခရီးဆက်ရန် ကိုယ့်ကိုယ်ကိုယ် အားကိုးရမည် ဖြစ်ရာ အချိန်များစွာကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
"ကျန်းချန်.. သွားကြစို့.. ငါ မင်းကို နန်းတော်သခင်ဆီ ခေါ်သွားပေးမယ်"
ဤအခိုက်အတန့်တွင် ရှချန်းသည် မှင်တက်ရာကနေ သတိပြန်ဝင်လာပြီး ကျန်းချန်ကို အလျင်အမြန် ပြောကြားလိုက်သည်။
သူ၏ အိုမင်းသော မျက်ဝန်းထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားသော အမူအရာများ ပြည့်နှက်နေခဲ့၏။
မဟာမြေရိုင်း နယ်မြေတွင် ရှိစဉ်ကတည်းကပင် ကျန်းချန်သည် ကြောက်မက်ဖွယ် ပါရမီကို ပြသခဲ့သော်လည်း ကျန်းချန် ထွက်ခွာသွားသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်။
ကျန်းချန်က ဤမျှ တိုတောင်းသော အချိန်အတွင်း ဤမျှလောက် အထိ သန်မာလာလိမ့်မည်ဟု ရှချန်း လုံးဝ မထင်မှတ်ထားခဲ့ပေ။
ဆိုရလျှင် ကြယ်နှစ်ပွင့် အရှင် ရှန်းဝူယို ပင်လျှင် ကျန်းချန်၏ လက်ထဲတွင် အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရသည် မဟုတ်ပါလား။
ဤ ထာဝရ မဟာပွဲတော်တွင် ကျန်းချန်၏ အကူအညီကို ရရှိမည် ဆိုလျှင် မဟာမြေရိုင်း နယ်မြေ ဌာနခွဲခန်းမသည် အလွန် ကောင်းမွန်သော ရလဒ်များကို ရရှိနိုင်မည်မှာ သေချာ၏။
သို့မှသာ သူတို့ နန်းတော်သခင် အနေဖြင့် ထာဝရဘုရားကျောင်း၏ ဆုလာဘ်ကို ရရှိကာ ခန္ဓာကိုယ် အတွင်းရှိ ပြဿနာကို ဖြေရှင်းနိုင်ပြီး လက်ရှိ အခက်အခဲမှ လွတ်မြောက်နိုင်မည် မဟုတ်ပါလား။
"ကောင်းပြီ"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ရင်ပြင်ရှိ မရေမတွက်နိုင်သော လူများ၏ အကြည့်အောက်မှာပင် ရှချန်း နှင့်အတူ ထွက်ခွာသွားခဲ့သည်။
"ဒီကောင်လေးက ဘယ်အင်အားစုကလဲ.. တကယ်ကို ကြောက်စရာကောင်းတဲ့ ပါရမီရှင်ပဲ"
"ဒီလို ပါရမီရှင်မျိုးက နတ်ကုန်းမြေတိုက်မှာတောင် လက်ချိုး ရေတွက်လို့ရတဲ့ အထိ ရှားပါးတယ်"
"ဒီကောင်လေးရဲ့ ခွန်အားနဲ့ ဆိုရင်တော့ ကောင်းကင် နတ်ဘုရား အဆင့်မှာ သူ့ကို ယှဉ်နိုင်မယ့်သူ ရှိမှာ မဟုတ်ဘူး..
"ဒီအတိုင်းဆို ထာဝရ မဟာပွဲတော်က တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလာပြီ"
ကျန်းချန်တို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း လူတိုင်း၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
ရှင်းထျန်းချီက ဤကဲ့သို့ ပါရမီရှင်မျိုးနှင့် ရင်းနှီးလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
ဤတစ်ကြိမ် ထာဝရ မဟာပွဲတော်သည် ကြည့်ကောင်းမည့် ပွဲကောင်း တစ်ပွဲ ဖြစ်လာနိုင်ပေသည်။
-----------------
ရှချန်း၏ လမ်းပြမှုဖြင့် ကျန်းချန်တို့သည် ထာဝရဘုရားကျောင်း၏ ဌာနခွဲ ခန်းမများ တည်းခိုရန် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာခဲ့သည်။
ထာဝရဘုရားကျောင်း၏ ဌာနခွဲ ခန်းမများစွာ ထဲတွင် မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမ၏ ခွန်အားသည် အောက်ဆုံး အဆင့်တွင်သာ ရှိသဖြင့် သူတို့ ရရှိသော ခြံဝင်းသည် အဆိုးရွားဆုံး ဖြစ်နေခဲ့၏။
"ကျန်းချန်.. ငါတို့ ရောက်ပြီ"
ရှချန်းက ကျန်းချန်ကို အားတုံ့အားနာ အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"တောင်းပန်ပါတယ်.. မင်း ဒီမှာ နေထိုင်တဲ့ အချိန်အတွင်း စိတ်အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်မိတယ်"
"ရပါတယ်.. နေလို့ရရင်ပဲ ဖြစ်ပါပြီ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး နေရာထိုင်ခင်း ကိစ္စကို စိတ်ထဲ မထားခဲ့ပေ။
မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမ၏ ခြံဝင်းသည် ဌာနခွဲခန်းမများ ထဲတွင် အဆိုးဆုံးဟု ဆိုနိုင်သော်လည်း တည်းခိုခန်းများထက်မူ များစွာ သာလွန်ပေသည်။
သူတို့က ခြံဝင်း အတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး မကြာမီမှာပင် ခန်းမဆောင် တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ကျန်းချန်၏ အကြည့်က ခန်းမတံခါးမှ တစ်ဆင့် ခန်းမအလယ်တွင် ထိုင်နေသော ငွေရောင် ဝတ်စုံဝတ် အမျိုးသား တစ်ဦး ထံသို့ ကျရောက်သွားခဲ့၏။
ငွေရောင် ဝတ်စုံဝတ် အမျိုးသားသည် ကိုယ်လုံးကိုယ်ပေါက် ပိန်ပါးပါး ရှိပြီး ခန့်ညားသော မျက်နှာထား ရှိကာ အလွန်ပင် တည်ငြိမ်သော အရှိန်အဝါများ ရှိနေခဲ့သည်။
ထိုသူ၏ လက်ထဲတွင် ရှေးဟောင်း ကျမ်းစာအုပ် တစ်အုပ်လည်း ရှိနေခဲ့၏။
ဤအခိုက်အတန့်တွင် ထိုလူသည် သူ၏ လက်ထဲမှ စာအုပ်ကို အာရုံစိုက် ဖတ်ရှုနေသဖြင့် ကျန်းချန်တို့ ရောက်ရှိလာသည်ကိုပင် သတိမထားမိသကဲ့သို့ ဖြစ်နေခဲ့သည်။
ထိုလူမှာ တခြားသူ မဟုတ်ပေ။
ထာဝရဘုရားကျောင်း၏ မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမ၏ နန်းတော်သခင် ရှင်းထျန်းချီ ဖြစ်သည်။
"နန်းတော်သခင်.. ကျွန်တော် ပြန်ရောက်ပါပြီ"
ရှချန်းက ရှေ့သို့ တက်လှမ်းကာ ရှင်းထျန်းချီကို အရိုအသေ ပေးလိုက်သည်။
"ရှချန်း.. မင်း ထူးထူးခြားခြား ရလဒ်တွေ ရလာမှာ မဟုတ်ဘူးလို့ ငါ သိပြီးသားပါ"
"ငါတို့ ဌာနခွဲခန်းမရဲ့ လက်ရှိ အနေအထားနဲ့ ပါရမီရှင်တွေကို ဆွဲဆောင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. မင်း ဘာလို့ ဒီလောက်တောင် ကြိုးစားနေတာလဲ"
"ထားလိုက်ပါ.. ငါတို့ မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမမှာပဲ အေးအေးဆေးဆေး နေရတာလည်း မဆိုးပါဘူး"
ရှင်းထျန်းချီက ခေါင်းမမော့ဘဲ ပြောကြားခဲ့သည်။
ရှချန်းက သူတို့ကို ကူညီမည့် ပါရမီရှင်များကို ရှာဖွေနိုင်လိမ့်မည်ဟု ရှင်းထျန်းချီက မျှော်လင့်ချက် လုံးဝ မထားရှိသည်မှာ သိသာလှ၏။
ရှင်းထျန်းချီ၏ စကားကို ကြားလျှင် ရှချန်းက ပြုံးလိုက်သည်။
"နန်းတော်သခင်.. ဒီတစ်ခေါက်တော့ နန်းတော်သခင် မှားသွားပြီ.. ကျွန်တော် ဘယ်သူ့ကို ခေါ်လာသလဲ ဆိုတာ ကြည့်လိုက်ပါဦး"
ရှင်းထျန်းချီ ခဏမျှ မှင်တက်သွားခဲ့၏။
ထို့နောက် တစ်စုံတစ်ခုကို ခံစားမိလိုက်သဖြင့် ချက်ချင်းပင် စာအုပ်ကို ပိတ်လိုက်ကာ မော့ကြည့်လိုက်သည်။
"ရှချန်း.. ဒါက..."
ကျန်းချန်၏ ရင်းနှီးနေသော ပုံရိပ်ကို မြင်လိုက်ရလျှင် ရှင်းထျန်းချီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ပေါ်ထွက်လာခဲ့သည်။
ကျန်းချန်သည် မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမသို့ ရောက်ရှိလာစဉ်ကတည်းကပင် အနှိုင်းမဲ့ ပါရမီနှင့် ခွန်အားကို ပြသခဲ့ဖူးသည်။
ရှင်းထျန်းချီသည် ကျန်းချန်အပေါ် အလွန်အမင်း မျှော်လင့်ချက် ထားရှိခဲ့သဖြင့် ရှချန်းမှ တဆင့် ကျန်းချန်ကို ရွှေရောင်ထာဝရ တံဆိပ်ပြား ပေးအပ်ခဲ့ခြင်း ဆိုလည်းမမှားပေ။
အမှန်စင်စစ် သူက ကျန်းချန်နှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ပြီး ဤထာဝရမဟာပွဲတော် အတွက် ကျန်းချန်ကို အကူအညီ တောင်းလိုခဲ့ခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် ပြီးခဲ့သည့် အခေါက်က ရှချန်းသည် ကျန်းချန်ကို ရှာဖွေရန် မဟာမြေရိုင်းနယ်မြေသို့ သွားခဲ့သော်လည်း ကျန်းချန်က ထိုနေရာကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။
ရှင်းထျန်းချီ အနေဖြင့် ကျန်းချန်နှင့် ဆုံဆည်းရန် ကံမပါတော့ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ ရှချန်းသည် ကျန်းချန်ကို သူ့ရှေ့သို့ ခေါ်ဆောင်လာခဲ့ပြီ ဖြစ်သည်။
"နန်းတော်သခင်.. သူက နန်းတော်သခင် ရှာခိုင်းလိုက်တဲ့ ကျန်းချန် အစစ်ပါပဲ"
ရှချန်းက ပြုံး၍ ပြောလိုက်ပြီးနောက် ကျန်းချန်ကို မိတ်ဆက်ပေးခဲ့သည်။
"ကျန်းချန်.. ငါ မင်းကို မိတ်ဆက်ပေးပါရစေ.. ဒါက ငါတို့ဌာနခွဲခန်းမရဲ့ နန်းတော်သခင် ရှင်းထျန်းချီပဲ.. တစ်ချိန်တုန်းကတော့ နန်းတော်သခင်က တောင်ဘက် ပင်မခန်းမရဲ့ နံပါတ်တစ် ပါရမီရှင်ပေါ့"
အခန်း(၂၀၂၃) ပြီး၏
အခန်း(၂၀၂၄)
[တောင်ဘက် ပင်မခန်းမရဲ့ နံပါတ်တစ် ပါရမီရှင်လား]
ရှချန်း၏ မိတ်ဆက်ပေးမှုကို ကြားလိုက်ရလျှင် ကျန်းချန် မှင်တက်သွားခဲ့သည်။
အစောပိုင်းက ရှချန်း နှင့် တွေ့ဆုံစဉ်ကတည်းကပင် ရှန်းဝူယို နှင့် အခြားသူများ၏ အမူအရာကို ကြည့်ပြီး ရှင်းထျန်းချီ၏ အဆင့်အတန်းက သာမန် မဟုတ်ကြောင်း ကျန်းချန် ခံစားမိခဲ့သော်လည်း တောင်ဘက် ပင်မနန်းတော်၏ နံပါတ်တစ် ပါရမီရှင် ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ကျန်းချန်သည် ရှင်းထျန်းချီ၏ ခန္ဓာကိုယ်ကို အသေအချာ အကဲခတ်လိုက်သည်။
သူ၏ အမြင်အာရုံဖြင့် ကြည့်မည်ဆိုလျှင် ရှင်းထျန်းချီ၏ ကျင့်ကြံခြင်း အဆင့်သည် ကောင်းကင်နတ်ဘုရား အဆင့်သာ ရှိသေးသည်ကို သိရှိရန် မခက်ခဲပေ။
သို့သော်လည်း ရှင်းထျန်းချီ၏ အရှိန်အဝါက ဟော်ထျန်းယန် ကဲ့သို့သော မဟာကောင်းကင်နတ်ဘုရား အဆင့်ထက် များစွာ သန်မာလှ၏။
ကျန်းချန် ယခင်က တွေ့ခဲ့ဖူးသော ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများပင် ရှင်းထျန်းချီကို ယှဉ်နိုင်မည် မဟုတ်ပေ။
ရှင်းထျန်းချီသည် သူတော်စင် ကောင်းကင် နတ်ဘုရား မဖြစ်သေးလျှင်ပင် ထိုအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်း အလိုသို့ ရောက်ရှိနေပြီမှာ ထင်ရှားလှ၏။
ဤကဲ့သို့ ပါရမီရှင်မျိုးသည် တောင်ဘက် ပင်မခန်းမ၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ထိုက်ပေသည်။
သို့သော် ရှင်းထျန်းချီ၏ အဆင့်အတန်းက ဤမျှ မြင့်မားပါလျက်နှင့် အဘယ်ကြောင့် ထာဝရဘုရားကျောင်းသည် မဟာမြေရိုင်းနယ်မြေ ကဲ့သို့ ဝေးလံခေါင်သီသည့် နေရာသို့ ပို့ဆောင်ထားခဲ့ပါသနည်း။
"နန်းတော်သခင်က တောင်ဘက် ပင်မခန်းမရဲ့ အထွန်းတောက်ဆုံး ပါရမီရှင် ဖြစ်ခဲ့တဲ့ ရှင်းထျန်းချီလား"
ကျန်းချန် သံသယဖြစ်နေစဉ်မှာပင် ဟော်ထျန်းယန်၏ အံ့အားသင့်နေသော အသံသည် ခန်းမအတွင်း၌ ဟိန်းခနဲ ထွက်ပေါ်လာခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟော်ထျန်းယန် ကောင်းကင်နတ်ဘုရား အဆင့်သို့ စတင် ထိုးဖောက်နိုင်စဉ်က တောင်ဘက် ပင်မ ခန်းမသို့ လေ့ကျင့်ရန် တစ်ကြိမ် ရောက်ရှိခဲ့ဖူးသည်။
ထို့ကြောင့် သူက တောင်ဘက် ပင်မခန်းမ၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည့် ရှင်းထျန်းချီ၏ အမည်ကို ကြားဖူးခဲ့ခြင်းပင်။
ထိုအချိန်က ရှင်းထျန်းချီသည် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်ကာ နဝမမြောက် လမ်းစဥ်၏ သဘောတရားကိုလည်း နားလည်ထား၍ သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်လာရန် အလွန် မျှော်လင့်ချက် ရှိသူဟု ဆိုကြသည်။
ဟော်ထျန်းယန်သည် ရှင်းထျန်းချီကို သူ၏ စံပြပုဂ္ဂိုလ် အဖြစ် သတ်မှတ်ခဲ့ဖူးရာ ယခုလို ဒဏ္ဍာရီလာ ပါရမီရှင်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရသဖြင့် အလွန်ပင် အံ့အားသင့်နေခဲ့၏။
"ဒီက ညီနောင်က ငါ့ရဲ့ နာမည်ကို သိနေလိမ့်မယ်လို့ မထင်ထားမိဘူး"
ရှင်းထျန်းချီက လက်ကို ဝှေ့ယမ်းလိုက်ကာ ခါးသီးစွာ ပြုံးလိုက်သည်။
"ဒါတွေက ဟိုးအရင်က ကိစ္စတွေပါ.. ထည့်ပြောမနေပါနဲ့တော့"
"လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ကျွန်တော် တောင်ဘက် ပင်မခန်းမကို ပထမဆုံးအကြိမ် ရောက်လာခဲ့ဖူးတယ်.. အဲဒီအချိန်ထဲက နန်းတော်သခင်ရှင်းက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ် ဖြစ်ခဲ့တာပါ.. ဘာပဲဖြစ်ဖြစ် ဒီနေ့ နန်းတော်သခင်ရှင်းကို တွေ့ရတာ ကျွန်တော့် အတွက် ဂုဏ်ယူစရာပါပဲ"
ဟော်ထျန်းယန်က စိတ်လှုပ်ရှားစွာ ပြောကြားခဲ့သည်။
ရှင်းထျန်းချီ အဘယ်ကြောင့် ဤကဲ့သို့ အခြေအနေကို ရောက်ရှိနေမှန်း သူ မသိသော်လည်း ယင်းက သူ၏ လေးစားမှုကို မထိခိုက်စေခဲ့ပေ။
ဟော်ထျန်းယန် နှင့် ရှင်းထျန်းချီ တို့၏ စကားကို ကြားလိုက်ရလျှင် ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။
ဟော်ထျန်းယန်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီကတည်းက ရှင်းထျန်းချီ၏ အမည်ကို ကြားဖူးခဲ့ခြင်း ဖြစ်သော်လည်း ယခုအချိန်အထိ ရှင်းထျန်းချီ၏ ကျင့်ကြံခြင်းအဆင့်က တိုးတက် ပြောင်းလဲခြင်း မရှိသေးပေ။
ရှင်းထျန်းချီ ၏ ပါရမီနှင့် ဆိုလျှင် တစ်စုံတစ်ရာ ပြဿနာ မရှိဘဲ ဤကဲ့သို့ ဖြစ်ရန်မှာ လုံးဝ မဖြစ်နိုင်သောကိစ္စပင်။
"နန်းတော်သခင် စိတ်မပူပါနဲ့.. ဒီတစ်ခေါက် ကျန်းချန်ရဲ့ အကူအညီနဲ့ ဆိုရင် မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမက ကောင်းမွန်တဲ့ အဆင့် တစ်ခုကို ရရှိမှာ သေချာပါတယ်.. အဲဒီအခါကျရင် နန်းတော်သခင်ရဲ့ ခန္ဓာကိုယ်ထဲက ပြဿနာကို ဖြေရှင်းနိုင်ပြီး အရင်လို အထွတ်အထိပ် အခြေအနေကို ပြန်ရောက်နိုင်မှာပါ"
ရှချန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောကြားလိုက်သည်။
"အဲဒီလောက်အထိ လွယ်ပါ့မလား"
ရှင်းထျန်းချီက ခေါင်းခါယမ်းလိုက်သည်။
"မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမက ထိပ်ဆုံး ဆယ်နေရာ စာရင်းထဲ ဝင်နိုင်မှပဲ ငါ့အတွက် မျှော်လင့်ချက် ရှိနိုင်လိမ့်မယ်"
မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမသည် ဝေးလံသီခေါင်သော နေရာတွင် ရှိသဖြင့် ခွန်အားရော အရင်းအမြစ်ပါ အခြားသော ဌာနခွဲ ခန်းမများထက် နိမ့်ကျလှသည်။
ရှင်းထျန်းချီသည် ထိုနေရာတွင် နှစ်ပေါင်းထောင်ချီ နေထိုင်ခဲ့သော်လည်း မဟာကောင်းကင်နတ်ဘုရား တစ်ပါးကိုပင် ပျိုးထောင်နိုင်ခြင်း မရှိခဲ့ပေ။
ယခုအခါတွင် ရှချန်းက ကျန်းချန်ကို ရှာတွေ့ခဲ့ပြီး ကျန်းချန် နှင့်အတူ မဟာ ကောင်းကင် နတ်ဘုရား တစ်ပါးကိုပါ ခေါ်ဆောင်လာနိုင်ခဲ့သည်။
သို့သော်လည်း ထိုနှစ်ဦးတည်းဖြင့် ထာဝရ မဟာပွဲတော်တွင် ထိပ်ဆုံး ဆယ်နေရာ စာရင်းဝင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
"နန်းတော်သခင်က ကျန်းချန်ရဲ့ စွမ်းအားကို လျော့တွက်မိနေပြီ ထင်တယ်"
ရှချန်းက ရယ်မော၍ ပြောလိုက်သည်။
"အစောပိုင်းကပဲ တိမ်တိုက်နက် ဌာနခွဲခန်းမက ရှန်းဝူယိုကို ကျန်းချန်က အလွယ်တကူ အနိုင်ယူလိုက်တယ်"
"ဘာ..."
ရှချန်း၏ စကားကို ကြားလိုက်ရလျှင် ရှင်းထျန်းချီ၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြ ထိတ်လန့်သည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
ရှန်းဝူယိုက မည်သူ ဖြစ်သည်ကို ရှင်းထျန်းချီ ကောင်းစွာ သိရှိထားသည်။
၎င်းက တောင်ဘက် ပင်မခန်းမ၏ နာမည်ကျော် ပါရမီရှင် တစ်ဦး ဖြစ်ပြီး သူ နှင့် တစ်ချိန်က ခေတ်ပြိုင် ဖြစ်သလို ပါရမီတွင်လည်း သူ့ထက် သိပ်မနိမ့်ကျပေ။
ရှန်းဝူယိုသည် ယခုအခါတွင် အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့် ဖြင့် ကြယ်နှစ်ပွင့် အရှင် အဆင့်ကို ထိုးဖောက်ထားသည် ဖြစ်ရာ တိုက်ခိုက်ရေး စွမ်းရည်တွင် ကောင်းကင်အရှင် များနှင့်ပင် ယှဉ်နိုင်သည်ဟု ဆို၍ရသည်။
သို့သော် ကျန်းချန်က ကောင်းကင်နတ်ဘုရားအဆင့် စွမ်းအားဖြင့် ကြယ်နှစ်ပွင့် အရှင် ရှန်းဝူယိုကို အနိုင်ယူလိုက်သည်။
[ကျန်းချန်က သူတော်စင် ကောင်းကင်နတ်ဘုရားများလား]
ကျန်းချန်က ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ်တိုင်တိုင် ချိုးဖျက်ထားသော သူတော်စင် ကောင်းကင် နတ်ဘုရား တစ်ပါး မဟုတ်သ၍ ကြယ်နှစ်ပွင့် အရှင် ရှန်းဝူယိုကို အနိုင်ယူရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ဤအချက်ကို စဉ်းစားမိလျှင် ရှင်းထျန်းချီ၏ တည်ငြိမ်သော မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
သူတော်စင် ကောင်းကင် နတ်ဘုရား တစ်ပါးသာ ကူညီမည် ဆိုလျှင် သူတို့ ဌာနခွဲ ခန်းမအနေဖြင့် ထိပ်ဆုံး ဆယ်နေရာ စာရင်းဝင်ရန်မှာ သေချာသလောက်ပင် ရှိနေပြီ ဖြစ်သည်။
ရှင်းထျန်းချီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် ကျန်းချန်ကို တရိုတသေ ဂါရဝပြု၍ ပြောလိုက်သည်။
"ညီနောင် ကျန်းချန်.. ဒီ ထာဝရ မဟာ ပွဲတော်မှာ ငါ့ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်"
"နန်းတော်သခင်ရှင်း ဘာမှ အားနာနေဖို့ မလိုပါဘူး.. ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တဲ့ အတွက်လည်း နန်းတော်သခင်ရှင်းကို ကျေးဇူးတင်ပါတယ်"
"ဒီနေ့ တောင်ဘက် ပင်မခန်းမမှာ ပြန်လည် ဆုံစည်းရတာက ကျွန်တော်တို့ရဲ့ ရေစက်ပါပဲ.. ကျွန်တော် ဒီကို ရောက်နေပြီ ဆိုမှတော့ အစွမ်းကုန် ကူညီပေးမှာပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး စူးစမ်းစွာ မေးမြန်းလိုက်သည်။
"နန်းတော်သခင်ရှင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လို ဖြစ်လို့ နှစ်ပေါင်းထောင်ချီ ကြာတဲ့အထိ တိုးတက်မှု မရှိဘဲ တန့်နေရသလဲ ဆိုတာ ကျွန်တော် သိလို့ရမလား"
"ဒါက ပြောရရင်တော့ အရှည်ကြီးပဲ"
ရှင်းထျန်းချီက ခါးသီးစွာ ပြုံးလိုက်ပြီး ကျန်းချန် တို့ကို ရှင်းပြလိုက်သည်။
ထိုအချိန်က ရှင်းထျန်းချီသည် ထာဝရဘုရားကျောင်း၏ ရှေးဟောင်း နယ်မြေတစ်ခု အတွင်းမှ မပြည့်စုံသော အမည်မသိ ကျင့်စဥ် စာအုပ် တစ်အုပ်ကို ရရှိခဲ့သည်။
ထိုကျင့်စဉ်က အလွန်အမင်း ကောင်းကင်ကို ဆန့်ကျင်နေခဲ့ပြီး နတ်ဘုရင် အဆင့် ကျင့်စဉ်ထက်ပင် သာလွန်နေခဲ့၏။
ပါရမီရှင် ရှင်းထျန်းချီသည် ထိုကျင့်စဉ်၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ဘဲ လေ့ကျင့်မိရာမှ တဆင့် အဆုံးသတ်တွင် သူ၏ ကျင့်ကြံခြင်း အဆင့်သည် ရပ်တန့်သွားခဲ့သည်။
ဤကိစ္စကြောင့် ရှင်းထျန်းချီက စိတ်ဓာတ်ကျသွားခဲ့ပြီး တောင်ဘက် ပင်မခန်းရှိ သူ၏ အဆင့်အတန်းကလည်း နိမ့်ကျသွားခဲ့ရ၏။
အထူးသဖြင့် ရှင်းထျန်းချီ၏ ဆရာဖြစ်သော ကြယ်နှစ်ပွင့် ကောင်းကင်အရှင် ကွယ်လွန်သွားပြီးနောက်တွင် ရှင်းထျန်းချီသည် တောင်ဘက် ပင်မခန်းမ၏ ဖယ်ကြဉ်ခြင်းကို ခံရကာအဆုံးသတ်တွင် ဝေးလံခေါင်သီသော မဟာမြေရိုင်းနယ်မြေ သို့ ပို့ဆောင်ခံခဲ့ရသည်။
နှစ်ပေါင်းထောင်ချီ တိုင်အောင် ရှင်းထျန်းချီသည် ထာဝရ မဟာပွဲတော်တွင် အဆင့်ကောင်းကောင်း ရရှိရန်နှင့် ထိုရှေးဟောင်း နယ်မြေသို့ ပြန်လည် သွားရောက်ကာ မပြည့်စုံသော ကျင့်စဉ်၏ ကျန်ရှိသော အစိတ်အပိုင်းများကို ရှာဖွေနိုင်ရန် ပါရမီရှင်များကို ရှာဖွေခဲ့သည်။
သို့သော် မဟာမြေရိုင်းနယ်မြေသည် အလွန် ဝေးလံခေါင်သီပြီး အရင်းအမြစ်များ ရှားပါးလှသဖြင့် ထူးချွန်သော ပါရမီရှင်များ ပေါ်ပေါက်ရန်မှာ အလွန် ခက်ခဲလှ၏။
ရှင်းထျန်းချီ မျှော်လင့်ချက် ကုန်ဆုံးနေစဉ်မှာပင် ကျန်းချန် သည် သူ၏ ရှေ့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ကျန်းချန်၏ တိုးတက်မှုနှုန်းသည် သူ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပြဿနာများကို ဖြေရှင်းပြီး ယခင်ကဲ့သို့ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်လိုလျှင် ကျန်းချန်သည် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဆိုလည်းမမှားပေ။
အခန်း(၂၀၂၄) ပြီး၏