အခန်း (၂၀၂၅-၂၀၂၆)
Vol. 143 Ch. 2025-2026
အခန်း(၂၀၂၅)
မပြည့်စုံသော ကျင့်စဥ်ကြောင့် ရှင်းထျန်းချီ၏ ကျင့်ကြံခြင်း အဆင့် ရပ်တန့်နေရခြင်း ဖြစ်သည် ဟူသော အချက်သည် ကျန်းချန်ကို အံ့အားသင့်စေခဲ့သည်။
မည်ကဲ့သို့သော ကျင့်စဉ်မျိုးသည် သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ကို ထိုးဖောက်တော့မည့် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးကို နှစ်ပေါင်းထောင်ချီ ကြာသည်အထိ ရပ်တန့်စေနိုင်ပါသနည်း။
"နန်းတော်သခင်ရှင်း.. ဒါဆို ကျွန်တော်တို့က မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမကို ဒီထာဝရမဟာပွဲတော်မှာ ထိပ်ဆုံး ဆယ်နေရာထဲ ဝင်အောင် ကူညီပေးရုံပဲပေါ့.. ဟုတ်လား"
ကျန်းချန်က ခဏမျှ စဉ်းစားပြီးမှ တစ်ခါတည်း မေးမြန်းလိုက်သည်။
"ဒီ ထာဝရ မဟာပွဲတော်ရဲ့ စည်းမျဉ်းတွေက ဘယ်လိုမျိုးလဲ"
ကျန်းချန်က အဆတစ်ရာ တစ်နစ်ကို အသုံးပြု၍ မပြည့်စုံသော မည်သည့် ကျင့်စဉ်ကို မဆို ဖြည့်စွက်ပေးနိုင်သော်လည်း ဤအချက်ကို ရှင်းထျန်းချီအား ပြောပြရန် အစီအစဉ် မရှိပေ။
အကြောင်းမှာ ရှင်းထျန်းချီ ရရှိထားသော အမည်မသိ ကျင့်စဉ်သည် နတ်ဘုရင် အဆင့် ထက်ပင် သာလွန်သော ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ကျင့်စဉ်တစ်ခု ဖြစ်နေသောကြောင့်ပင်။
သူတို့နှစ်ဦးက ယနေ့မှ စတင် တွေ့ဆုံခြင်း ဖြစ်ရာ ဤမျှ အရေးကြီးသော ကျင့်စဉ် အကြောင်းကို ရုတ်တရက် မေးမြန်းရန်မှာ မသင့်လျော်ပေ။
ထို့ပြင် ရှင်းထျန်းချီ ထံတွင် ကြယ်နှစ်ပွင့် ကောင်းကင်အရှင်အဆင့် ဆရာတစ်ဦး ရှိခဲ့ဖူးရာ ၎င်း၏ ဆရာက ထိုကျင့်စဉ်ကို ဖြည့်စွက်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ဖူးမည်မှာ သေချာသည်။
ကြယ်နှစ်ပွင့် ကောင်းကင်အရှင်ပင် မအောင်မြင်ခဲ့သောကိစ္စကို သူက ဖြည့်စွက်ပေးနိုင်သည်ဟု ပြောလျှင်ပင် ရှင်းထျန်းချီက ယုံကြည်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းချန်သည် မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမကို ထိပ်ဆုံး ဆယ်နေရာ စာရင်းဝင်အောင် ကူညီရန်သာ ဆုံးဖြတ်လိုက်သည်။
"ထာဝရ မဟာပွဲတော်ရဲ့ စည်းမျဉ်းတွေက ထာဝရဘုရားကျောင်းရဲ့ တိုက်ခိုက်ရေးကွင်းက စည်းမျဥ်းတွေနဲ့ အတော်လေး ဆင်တူပါတယ်"
ရှင်းထျန်းချီက ကျန်းချန်တို့ကို စည်းမျဉ်းများအကြောင်း ရှင်းပြခဲ့သည်။
ဤထာဝရမဟာပွဲတော်သည် ထာဝရဘုရားကျောင်း၏ ဌာနခွဲများစွာမှ ထိပ်သီး ပါရမီရှင်များ ယှဉ်ပြိုင်သည့် ပြိုင်ပွဲ တစ်ခု ဖြစ်သည်။
ထိုပြိုင်ပွဲကို နယ်မြေနတ်ဘုရား အဆင့် ပြိုင်ပွဲ နှင့် ကောင်းကင်နတ်ဘုရား အဆင့် ပြိုင်ပွဲ ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။
ဌာနခွဲခန်းမ တစ်ခုစီသည် ပြိုင်ပွဲ တစ်ခုစီတွင် အများဆုံး ငါးဦးအထိ ပါဝင် ယှဉ်ပြိုင်ခွင့် ရှိသည်။
ပြိုင်ပွဲဝင် တစ်ဦးက ပြိုင်ပွဲ တစ်ပွဲ နိုင်တိုင်းတွင် ၎င်းကိုယ်စားပြုသည့် ဌာနခွဲခန်းမက ရမှတ် ၁ မှတ် ရရှိမည် ဖြစ်ပြီး ရှုံးနိမ့်လျှင်မူ ပြိုင်ပွဲဝင်သည် ပြိုင်ပွဲမှ တစ်ခါတည်း ထွက်ရမည် ဖြစ်သည်။
ထူးခြားချက်မှာ ဆက်တိုက် အနိုင်ရရှိလျှင် ရရှိမည့် ရမှတ်က အဆမတန် တိုးပွားသွားမည် ဖြစ်သည်။
ဥပမာအားဖြင့် နိုင်ပွဲ တစ်ပွဲစီ တိုးလာတိုင်းတွင် ရမှတ်က နှစ်ဆတိုးသွားမည် ဖြစ်၏။
နောက်ဆုံးတွင် ဌာနခွဲခန်းမ အားလုံး၏ စုစုပေါင်းရမှတ်ကို ကြည့်၍ အဆင့်သတ်မှတ်မည် ဖြစ်သည်။
ဤအဆင့်သတ်မှတ်ချက်သည် ဂုဏ်သိက္ခာ အတွက် သာမက အနာဂတ်တွင် ခွဲဝေရရှိမည့် အရင်းအမြစ်များနှင့်လည်း တိုက်ရိုက် သက်ဆိုင်သဖြင့် အလွန် အရေးကြီးသည်။
"ဒီလိုဆိုရင်တော့ ပြဿနာမရှိပါဘူး"
ကျန်းချန်က ပြုံးလိုက်သည်။
သူ၏ လက်ရှိစွမ်းအားဖြင့် ဆိုလျှင် ကောင်းကင်နတ်ဘုရား အဆင့်တွင်ရော နယ်မြေနတ်ဘုရား အဆင့်တွင်ပါ ပြိုင်ဘက်မရှိသလောက်ပင်။
နောက်တစ်နေ့ နံနက်တွင် ကောင်းကင်ယံ၌ အလင်းရောင် ဖျော့ဖျော့ ပေါ်လာသည်နှင့် ကျန်းချန်တို့ အဖွဲ့သည် ရှင်းထျန်းချီနှင့် အတူ ထွက်ခွာလာခဲ့ကြသည်။
ရှင်းထျန်းချီ၏ အဖွဲ့တွင် ကျန်းချန်တို့ နှင့် ရှချန်း အပြင် အခြားသူ နှစ်ဦးလည်း ပါဝင်သည်။
တစ်ဦးမှာ ကျန်းချန်နှင့် ယခင်က ပြဿနာဖြစ်ခဲ့ဖူးသော ရန်ဖုန်း ဖြစ်ပြီး ယခုအခါ ရန်ဖုန်းသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။
အခြားတစ်ဦးမှာလည်း ရန်ဖုန်း ကဲ့သို့ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ဖြစ်၏။
ကျန်းချန်သာ မပါဝင်ခဲ့လျှင် ဤအင်အားဖြင့် မဟာကောင်းကင်နတ်ဘုရား များစွာကြားတွင် ထိပ်ဆုံး ဆယ်နေရာ စာရင်း ဝင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ရန်ဖုန်းသည် ကျန်းချန်ကို စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ယခင်က သူနှင့် ကျန်းချန်သည် အဆင့်တူများ ဖြစ်ခဲ့သော်လည်း ယခုအခါတွင် ကျန်းချန်သည် သူ တစ်သက်လုံး မော်ကြည့်ရမည့် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထာဝရမဟာပွဲတော်ကို တောင်ဘက်ပင်မ ခန်းမ၏ တိုက်ခိုက်ရေးကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ထိုတိုက်ခိုက်ရေးကွင်းသည် အလွန်ကြီးမားကာ လူပေါင်း တစ်သိန်းထက်မနည်း ဝင်ဆံ့၏။
"မဟာမြေရိုင်း ဌာနခွဲခန်းမက လူတွေ ရောက်လာပြီဟ"
"ကြားရသလောက်တော့ အဲဒီအဖွဲ့မှာ ကောင်းကင်ကိုတောင် ဆန့်ကျင်နေတဲ့ သူတော်စင် ကောင်းကင် နတ်ဘုရား တစ်ပါး ပါဝင်နေတယ်.. သူ့လက်ထဲမှာ ကြယ်နှစ်ပွင့် အရှင် ရှန်းဝူယိုတောင် ရှုံးနိမ့်သွားတယ် ဆိုပဲ"
ကျန်းချန်က ဘေးပတ်ဝန်းကျင်မှ လူများ၏ ပြောဆိုသံများကို ဂရုမစိုက်ဘဲ ရင်ပြင် အလယ်ရှိ တိုက်ခိုက်ရေးကွင်း နှစ်ခုဆီသို့သာ လှမ်းကြည့်လိုက်သည်။
ထိုတိုက်ခိုက်ရေးကွင်း နှစ်ခုသည် အပြင်ပန်းကြည့်လျှင် ပေတစ်ရာခန့်သာ ရှိသော်လည်း အတွင်း၌မူ ကျယ်ပြောလှသော ကမ္ဘာငယ်လေး တစ်ခု ရှိသည်။
ကျန်းချန်သည် ထိုတိုက်ခိုက်ရေးကွင်းများ ထံကနေ နတ်ဘုရင်အဆင့် စွမ်းအားကို ခံစားလိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။
"ဒီတိုက်ခိုက်ရေးကွင်းတွေက နတ်ဘုရင် တစ်ပါး ဖန်တီးထားတဲ့ ကမ္ဘာငယ်လေး ဖြစ်နေတာကိုး"
အခန်း(၂၀၂၅) ပြီး၏
အခန်း(၂၀၂၆)
"ဟုတ်တယ်.. ဒီတိုက်ခိုက်ရေးကွင်းက တကယ်ပဲ နတ်ဘုရင် တစ်ပါး ဖန်တီးထားတဲ့ ကမ္ဘာငယ်လေးပဲ"
"တိုက်ခိုက်ရေးကွင်းထဲက ပြိုင်ပွဲဝင်တွေက သီးခြား ကမ္ဘာငယ်လေးတစ်ခုမှာ တိုက်ခိုက်ကြရပေမဲ့ ကောင်းကင်နတ်ဘုရား အဆင့်ရော နယ်မြေနတ်ဘုရား အဆင့်ပါ ဘာကန့်သတ်ချက်မှမရှိဘဲ အစွမ်းကုန် တိုက်ခိုက်နိုင်ကြတယ်.. ဒီတော့ တိုက်ပွဲက ပိုကြည့်လို့ ကောင်းသွားတာပေါ့"
ရှင်းထျန်းချီက ပြုံး၍ ရှင်းပြလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်၏။
ဤနေရာသည် ထာဝရဘုရားကျောင်း၏ တောင်ဘက်ပင်မခန်းမ ဖြစ်ပြီး ထာဝရဟင်းလင်းပြင်၏ ဗဟိုချက်တွင် တည်ရှိသည်။
တိုက်ခိုက်ရေးကွင်းတွင် ယှဥ်ပြိုင်သူများသည် သာမန်လူများ မဟုတ်ကြပေ။
သူတို့၏ တိုက်ခိုက်ရေး စွမ်းအားသည် မိုင်ထောင်ချီအထိ သက်ရောက်နိုင်စွမ်း ရှိသော်လည်း ဤကဲ့သို့ ကမ္ဘာငယ်လေးကို ဖန်တီးထားခြင်းဖြင့် တိုက်ပွဲကို အနီးကပ် ကြည့်ရှုနိုင်မည် ဖြစ်သည်။
သို့သော် ဤကဲ့သို့သောအရာမှာ သာမန်လူများ လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပေ။
နယ်မြေနတ်ဘုရား အဆင့် ကျင့်ကြံသူများသည် ကမ္ဘာငယ်လေး တစ်ခုကို ဖန်တီးနိုင်စွမ်း ရှိကြသော်လည်း များသောအားဖြင့် ထိုကမ္ဘာငယ်လေးများသည် အခြား ဒိုင်မန်းရှင်း တစ်ခုတွင် တည်ရှိသဖြင့် အပြင်ဘက်ကနေ မြင်တွေ့ရန် ခက်ခဲသည်။
ဤတိုက်ခိုက်ရေးကွင်း နှစ်ခုကမူ ကမ္ဘာငယ်လေး အတွင်းရှိ အခြေအနေများကို လူတိုင်းက အထင်အရှား မြင်တွေ့နိုင်ရန် ဖန်တီးထားခြင်း ဖြစ်၍ အလွန်ပင် လက်ရာမြောက်လှပေသည်။
"ညီနောင် ကျန်းချန်.. အခမ်းအနားက မကြာခင် စတော့မယ်.. ငါကတော့ ကောင်းကင်နတ်ဘုရား အဆင့် ပြိုင်ပွဲမှာပဲ ပါဝင်ဖို့ စဉ်းစားထားတယ်.. မင်းရော ဘယ်လို စဥ်းစားထားလဲ"
ကျန်းချန် တွေးတောနေစဉ် ရှင်းထျန်းချီက မေးမြန်းလိုက်သည်။
ကျန်းချန်နှင့် မတွေ့ဆုံမီက ရှချန်းကို နယ်မြေနတ်ဘုရား အဆင့်တွင် ဝင်ပြိုင်ခိုင်းရန် သူ စဉ်းစားထားသော်လည်း ယခုအခါတွင် ထိုသို့ လုပ်ရန် မလိုတော့ပေ။
ရှချန်းက နယ်မြေနတ်ဘုရား အဆင့်သို့ ရောက်သည်မှာ မကြာသေးသဖြင့် နယ်မြေနတ်ဘုရား အဆင့် ပြိုင်ပွဲတွင် ရလဒ်ကောင်းရန် ခက်ခဲလိမ့်မည် ဖြစ်၏။
ကျန်းချန်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"နန်းတော်သခင်တို့က ကောင်းကင်နတ်ဘုရား အဆင့် ပြိုင်ပွဲ မှာပဲ ပြိုင်ကြပါ.. ကျွန်တော်ကတော့ နယ်မြေနတ်ဘုရား အဆင့် ပြိုင်ပွဲကိုပဲ ပြိုင်လိုက်မယ်.. မဟုတ်ရင် ကလေးတွေကို အနိုင်ကျင့်သလိုမျိုး ဖြစ်နေလိမ့်မယ်"
ဤပြိုင်ပွဲတွင် ပါရမီရှင်များစွာ စုဝေးနေသော်လည်း အများစုမှာ မဟာကောင်းကင်နတ်ဘုရား အဆင့်သာ ဖြစ်ပြီး အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်ပင် ရှားပါးကာ သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်မှာ လုံးဝ မရှိသလောက်ပင်။
သူ၏ လက်ရှိ စွမ်းအားဖြင့် ကောင်းကင်နတ်ဘုရား အဆင့် ပြိုင်ပွဲတွင် ဝင်ပြိုင်ခြင်းမှာ ကလေးကို လက်ဝါးနှင့် ရိုက်သကဲ့သို့ ဖြစ်နေမည် စိုး၍ ကျန်းချန်က ရှောင်လွှဲလိုခြင်းပင်။
ကျန်းချန်၏ စကားကိုကြားလျှင် ရှင်းထျန်းချီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ညီနောင် ကျန်းချန်က နယ်မြေနတ်ဘုရား အဆင့် ပြိုင်ပွဲမှာ ဝင်ပြိုင်မလို့လား"
ကျန်းချန်က ကောင်းကင်နတ်ဘုရား အဆင့် ပြိုင်ပွဲတွင်သာ ဝင်ပြိုင်လျှင် ရမှတ်များစွာကို အလွယ်တကူ ရယူပေးနိုင်မည် ဖြစ်သော်လည်း နယ်မြေနတ်ဘုရား အဆင့်တွင်မူ မသေချာသည့် အခြေအနေ များစွာ ရှိလာနိုင်၏။
ကျန်းချန်က ယုံကြည်မှု အပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့.. ကျွန်တော် ဘယ်ပြိုင်ပွဲမှာပဲ ပြိုင်ပြိုင် ဒီထာဝရမဟာပွဲတော်ရဲ့ ထိပ်ဆုံး ဆယ်နေရာ စာရင်းမှာ မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမ အတွက် နေရာတစ်ခု ရှိစေရမယ်"
ပြိုင်ပွဲ၏ စည်းမျဉ်းအရ ကောင်းကင်နတ်ဘုရား အဆင့် ပြိုင်ပွဲဝင်များသည် အသက် ၁၀၀၀၀ အောက် ဖြစ်ရမည် ဖြစ်ပြီး နယ်မြေနတ်ဘုရား အဆင့် ပြိုင်ပွဲဝင်ကမူ အသက် ၁၀၀၀၀၀ အောက် ဖြစ်သည်။
ထိုကဲ့သို့ အသက် ကန့်သတ်ချက် အခြေအနေကြောင့် နယ်မြေနတ်ဘုရား အဆင့် ပြိုင်ပွဲတွင် ရှေးဟောင်း မွန်းစတားအိုကြီးများ ပါဝင်လာနိုင်ခြေ မရှိပေ။
ရှန်းဝူယို ကဲ့သို့ ကြယ်နှစ်ပွင့် အရှင်များသည် ထိုအဆင့်တွင် ထိပ်တန်း တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။
ထို့ကြောင့် နယ်မြေနတ်ဘုရား အဆင့်တွင်ပင် သူ့ကို ခြိမ်းခြောက်နိုင်သူမှာ မရှိသလောက်ပင်။
ရှချန်းကလည်း ဝင်ရောက် ထောက်ခံလိုက်သည်။
"နန်းတော်သခင်..ညီနောင် ကျန်းချန်ရဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ ဆိုရင် နယ်မြေနတ်ဘုရား အဆင့်မှာ ပြိုင်တာက ပြဿနာ မရှိနိုင်ပါဘူး.. ဒါ့အပြင် ကျွန်တော်တို့ ဌာနခွဲခန်းမက နယ်မြေနတ်ဘုရား အဆင့်မှာ ဝင်မပြိုင်ဘဲ ထိပ်ဆုံး ဆယ်နေရာထဲ စာရင်းဝင်သွားရင် တခြားသူတွေ အသိအမှတ်မပြုဘဲ နေလိမ့်မယ်"
ရှချန်း၏ စကားကိုကြားလျှင် ရှင်းထျန်းချီက ကျန်းချန်ကို အတင်းအကျပ် ဖိအားမပေးဘဲ သဘောတူလိုက်သည်။
မကြာမီမှာပင် ထာဝရ မဟာပွဲတော်ကို တရားဝင် စတင်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။
တိုက်ခိုက်ရေးကွင်း နှစ်ခုလုံးတွင် ပြိုင်ပွဲဝင်များသည် တစ်ဦးပြီးတစ်ဦး တက်ရောက်လာကာ စတင် တိုက်ခိုက်ခဲ့ကြသည်။
သို့သော် အစပိုင်းတွင် ထူးချွန်သော ပါရမီရှင်များ မပါဝင်သေးပေ။
မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမဘက်မှ ရန်ဖုန်းနှင့် အခြားတစ်ဦးသည် ကောင်းကင်နတ်ဘုရား အဆင့် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော်လည်း သူတို့၏ ပြိုင်ဘက်များမှာ တိမ်တိုက်နက် ဌာနခွဲခန်းမမှ မဟာကောင်းကင် နတ်ဘုရားများ ဖြစ်နေခဲ့သည်။
ထို့ကြောင့် နှစ်ဦးလုံးသည် အလွယ်တကူပင် ရှုံးနိမ့်သွားခဲ့ရသည်။
"နန်းတော်သခင်.. တိမ်တိုက်နက် ဌာနခွဲခန်းမရဲ့ လူတွေက ကျွန်တော်တို့ကို တမင် သက်သက် ပစ်မှတ်ထားနေတယ်.. ရှန်းဝူယိုက ကျွန်တော်တို့ကို ပြဿနာရှာနေတာ ဖြစ်ရမယ်"
ရှချန်းက စိုးရိမ်တကြီး ပြောလိုက်သည်။
ထိုစကားကြောင့် ရှင်းထျန်းချီ မျက်နှာပျက်သွားခဲ့သည်။
သူ စေလွှတ်လိုက်သည့် ကောင်းကင် နတ်ဘုရား ဆဋ္ဌမအဆင့်များကို ရှန်းဝူယိုက မဟာကောင်းကင်နတ်ဘုရားများနှင့် တိုက်ခိုက်စေခြင်းသည် သူတို့ ဌာနခွဲခန်းမကို ရမှတ် မရစေရန် တားဆီးနေခြင်းပင် မဟုတ်ပါလား။
"နန်းတော်သခင်တို့ မပြိုင်နဲ့ဦး.. ကျွန်တော် အရင်သွားလိုက်မယ်"
ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။
"သူတို့ ကျွန်တော့်ကို ဘယ်လို ပစ်မှတ်ထားမလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
အေးစက်စက် ကြုံးဝါးပြီးသည်နှင့် ကျန်းချန်က နယ်မြေနတ်ဘုရား အဆင့် တိုက်ခိုက်ရေးကွင်း အတွင်းသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားခဲ့သည်။
တိုက်ခိုက်ရေးကွင်း အတွင်းရှိ ကမ္ဘာငယ်လေးထဲသို့ အရောက်တွင် သူ၏ ပြိုင်ဘက်ကို အနိုင်ယူထားသော ကြယ်တစ်ပွင့် အရှင်သည် သူ့ရှေ့မှ ကျန်းချန်ကို ကြည့်ကာ မှင်တက်သွားခဲ့သည်။
"ကောင်းကင်နတ်ဘုရား အဆင့်ပါလား.. ကောင်လေး.. မင်း နေရာမှားတက်လာပြီ ထင်တယ်"
ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူ တစ်ဦးက နယ်မြေနတ်ဘုရား အဆင့် တိုက်ခိုက်ရေးကွင်းဆီ ရောက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
"ပြိုင်ပွဲရဲ့ စည်းမျဉ်းမှာ ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူက နယ်မြေနတ်ဘုရား အဆင့် ပြိုင်ပွဲမှာ မပါဝင်ရဘူးလို့ ကန့်သတ်မထားဘူး မဟုတ်လား"
ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျုပ်က မဟာမြေရိုင်းနယ်မြေ ဌာနခွဲ ခန်းမက ကျန်းချန်ပဲ.. လာပါ.. ငါတို့ တိုက်ကြတာပေါ့"
အခန်း(၂၀၂၆) ပြီး၏