အခန်း (၂၀၂၇-၂၀၂၈)
Vol. 143 Ch. 2027-2028
အခန်း(၂၀၂၇)
"ဘာ.. ဘယ်လို"
"ဒီကောင်လေးက တကယ်ပဲ မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမက ကျန်းချန်လား"
ကျန်းချန်၏ စကားအဆုံးတွင် သူနှင့် ရင်ဆိုင်နေရသော ကြယ်တစ်ပွင့် အရှင်သည် မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
တိုက်ခိုက်ရေးကွင်း အထက်မှ အစီအစဉ်များကို ကြီးကြပ်နေသော ဒိုင်လူကြီးပင်လျှင် သူပြောထွက်ခါနီး စကားလုံးများကို ပြန်လည် မျိုသိပ်လိုက်ရ၏။
ယမန်နေ့တွင် မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမမှ ကျန်းချန် ဆိုသူက ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် ကြယ်နှစ်ပွင့် အရှင် ရှန်းဝူယိုကို အနိုင်ယူလိုက်သည် ဟူသော သတင်းမှာ ထာဝရဘုရားကျောင်း တောင်ဘက်ပင်မခန်းမ တစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။
တောင်ဘက်ပင်မခန်းမ တစ်ခုလုံးတွင် ကျန်းချန်ကို မမြင်ဖူးသူ ရှိချင်ရှိမည် ဖြစ်သော်လည်း သူ၏အမည်ကို မကြားဖူးသူ မရှိသလောက်ပင်။
သူတို့ရှေ့မှ ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူမှာ ထိုဒဏ္ဍာရီလာ ကျန်းချန် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
"ဟေး... မဟာမြေရိုင်းနယ်မြေ ဌာနခွဲက ကျန်းချန် တက်လာပြီဟေ့"
"ဒီကောင်က တကယ်ပဲ ကောင်းကင်နတ်ဘုရား အဆင့်နဲ့ နယ်မြေနတ်ဘုရားတွေရဲ့ တိုက်ခိုက်ရေးကွင်းထဲကို တက်လာရဲတယ်လား"
"ဒီကောင်က ကြယ်နှစ်ပွင့် အရှင်ကိုတောင် အနိုင်ချနိုင်တဲ့ စွမ်းအားရှိတာ ဆိုတော့ နယ်မြေနတ်ဘုရား အဆင့် တိုက်ခိုက်ရေးကွင်းမှာလည်း သူ့ကို ယှဉ်နိုင်တဲ့သူ ရှားလိမ့်မယ်.. သူ ဒီပြိုင်ပွဲမှာ မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမ အတွက် ရမှတ် ဘယ်လောက်တောင် ယူပေးမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီ"
ပတ်ဝန်းကျင်မှ လူအများအပြားသည် ကျန်းချန်ကို မှင်တက်စွာ ကြည့်နေကြ၏။
အားလုံး၏ အကြည့်သည် တိုက်ခိုက်ရေးကွင်း ဆီသို့ ကျရောက်နေခဲ့သည်။
"ကျန်းချန်... မင်း မနေ့က ရှန်းဝူယိုကို အနိုင်ယူခဲ့တယ်လို့ ကြားတယ်.. မင်းရဲ့ ခွန်အားက တကယ်ပဲ ကောလဟာလတွေလို ကြောက်စရာကောင်းသလား ဆိုတာ ငါ ကြည့်ရသေးတာပေါ့"
ကြယ်တစ်ပွင့် အရှင်က ကြုံးဝါးလိုက်ပြီး သူ၏ နယ်မြေနတ်ဘုရား မူလ အရင်းအမြစ် စွမ်းအားကို ဧရာမ ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ကို ခုတ်ချလိုက်သည်။
"ဝုန်း"
ကျန်းချန်၏ ဦးခေါင်းအထက်ရှိ မိုင်ပေါင်းများစွာသော နေရာလွတ်သည် ထိုဓားချက်ကြောင့် ပြိုကွဲပျက်စီးသွားခဲ့သည်။
သို့သော် ကျန်းချန်က တည်ငြိမ်စွာပင် ရှိနေခဲ့ပြီး သူ၏ လက်ဝါးကို အသာအယာ မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။
နယ်မြေနတ်ဘုရား မူလ အရင်းအမြစ် စွမ်းအားဖြင့် ဖန်တီးထားသော ထို ဧရာမဓားကြီးသည် စက္ကူစုတ် ကဲ့သို့ပင် ကျန်းချန်၏ လက်ဝါးရိုက်ချက်အောက်တွင် တစစီ ပျက်စီးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုကြယ်တစ်ပွင့် အရှင်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်ထွက်သွားခဲ့ပြီး သွေးများကို အန်ထုတ်လိုက်ရ၏။
သူ၏ မျက်ဝန်းထဲတွင် အံ့သြထိတ်လန့်သော အမူအရာများ အထင်အရှား ပေါ်လာခဲ့သည်။
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
ထို့နောက် သူက ကြယ်တစ်ပွင့်အရှင်ကို မေးလိုက်သည်။
"မင်း နောက်ထပ် တိုက်ချင်သေးလား"
"မင်းက တကယ်ပဲ ငါ့ထက် သာပါတယ်.. ငါ အရှုံးပေးပါတယ်"
ကြယ်တစ်ပွင့် အရှင်က ခါးသီးစွာ ပြုံး၍ ဝန်ခံလိုက်သည်။
"ကျန်းချန် အနိုင်ရရှိတဲ့အတွက် မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမက ၁ မှတ် ရရှိပါတယ်"
ဒိုင်လူကြီးက ကြေညာလိုက်သည်။
ထို့နောက်တွင် နယ်မြေနတ်ဘုရား တိုက်ခိုက်ရေးကွင်းသည် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။
ဌာနခွဲ ခန်းမများစွာမှ လူများသည် ကျန်းချန်ကို ကြည့်နေကြသော်လည်း မည်သူမျှ ရှေ့သို့ မတက်လာရဲကြပေ။
ရှန်းဝူယို ကဲ့သို့ ကြယ်နှစ်ပွင့် အရှင်ကိုပင် အနိုင်ယူထားသည့် ကျန်းချန်နှင့် မည်သူက ရင်ဆိုင်လိုပါမည်နည်း။
ကျန်းချန်က တိုက်ခိုက်ရေးကွင်းထဲတွင် အချိန်ကြာမြင့်စွာ ရပ်နေသော်လည်း မည်သူမျှ ဝင်မလာသဖြင့် စိတ်ပျက်သွားခဲ့၏။
"ငါနဲ့ တိုက်မယ့်သူ တစ်ယောက်မှ မရှိတော့ဘူးလား.. တောင်ဘက်ပင်မခန်းမမှာ ဌာနခွဲပေါင်း ရာချီ ရှိပြီး နယ်မြေနတ်ဘုရားတွေ အများအပြားရှိသားနဲ့ ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူဖြစ်တဲ့ ငါ့ကို တိုက်ရဲတဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလား"
ကျန်းချန်၏ စကားကြောင့် ရင်ပြင်ရှိ လူများက မှင်တက်ရာကနေ အသက်ရှူပင် မှားမတတ် ဖြစ်သွားကြသည်။
"ကျန်းချန်... မင်း သိပ်မောက်မာမနေနဲ့.. ကောင်းကင်နီ ဌာနခွဲက ဟုန်နင်း.. မင်းနဲ့ တိုက်မယ်"
အော်ဟစ်သံနှင့် အတူ လူရွယ်တစ်ဦးက တိုက်ခိုက်ရေးကွင်း ထဲသို့ ဝင်လာခဲ့သည်။
ဟုန်နင်းသည် ရှန်းဝူယို ထက်ပင် အနည်းငယ် ပိုသန်မာသော ပါရမီရှင် တစ်ဦး ဖြစ်သည်။
ကျန်းချန်က သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"မင်းရဲ့ ခွန်အားက ရှန်းဝူယိုထက် ပိုသန်မာတာ မှန်ပေမဲ့ ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့တော့ ဝေးပါသေးတယ်.. ငါ အချိန်မဖြုန်းချင်ဘူး.. ငါနဲ့ တိုက်ချင်တဲ့သူတွေ အကုန်လုံး အတူတူ တစ်ခါတည်း တက်လာခဲ့ကြပါ"
ရင်ပြင်တစ်ခုလုံး ဆူညံသွားခဲ့သည်။
ဤကောင်လေးက နယ်မြေနတ်ဘုရား အဆင့် ပါရမီရှင် အားလုံးကို တစ်ယောက်တည်း စိန်ခေါ်နေသည် မဟုတ်ပါလော။
"ကောင်းပြီလေ... တကယ့်ကို မောက်မာတဲ့ ကောင်လေးပဲ.. ရွှယ်လင်ဌာနခွဲက ဝူရွှယ်.. မင်းကို သင်ခန်းစာပေးဖို့ တက်လာပြီ"
နောက်ထပ် ပုံရိပ်တစ်ခုက တိုက်ခိုက်ရေးကွင်းထဲသို့ ရောက်ရှိလာသည်။
ထိုလူ၏ ငွေရောင်ဝတ်စုံပေါ်တွင် လျှပ်စီးများ လက်နေပြီး ခန္ဓာကိုယ်ကနေလည်း ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသည်။
ဝူရွှယ် သည်လည်း ကြယ်နှစ်ပွင့် အရှင် အဆင့် ပါရမီရှင် တစ်ဦး ဖြစ်၏။
"မင်းက ဟုန်နင်းထက်တောင် ပိုသန်မာတာပဲ.. ဒါပေမဲ့ မင်းတို့နှစ်ယောက်ပေါင်းရင်တောင် ငါ့ကို တိုက်ဖို့ မလုံလောက်သေးဘူး"
ကျန်းချန်က ခေါင်းခါယမ်းကာ ရေရွတ်လိုက်သည်။
"ငါ့ကိုပါ ထည့်တွက်လိုက်ရင်ရော.. ဘယ်လိုလဲ"
စကားသံနှင့်အတူ အစိမ်းရောင် ဝတ်စုံဝတ် အမျိုးသားတစ်ဦးက ကျန်းချန်၏ ရှေ့သို့ ရောက်လာခဲ့သည်။
"ချင်းဟုန်ဌာနခွဲက လုယွမ်ချင်းပါ.. မင်းဆီမှာ ပညာယူပါရစေ"
လုယွမ်ချင်းသည် ရှင်းထျန်းချီ ဖယ်ကြဥ်ခံရပြီးနောက်တွင် တောင်ဘက် ပင်မခန်းမ၏ နံပါတ်တစ် ပါရမီရှင်ဟု သတ်မှတ်ခံထားရသူ ဖြစ်သည်။
ယခုအခါ တောင်ဘက်ပင်မခန်းမ၏ ထိပ်သီး ပါရမီရှင် သုံးဦးစလုံးသည် ကျန်းချန်ကို ရင်ဆိုင်ရန် အတူတကွ လက်တွဲလိုက်ကြပြီ ဖြစ်သည်။
အခန်း(၂၀၂၇) ပြီး၏
အခန်း(၂၀၂၈)
ရင်ပြင်ပေါ်ရှိ လူတိုင်းသည် နယ်မြေနတ်ဘုရား တိုက်ခိုက်ရေးကွင်း အတွင်းရှိ အခြေအနေကို စိုက်ကြည့်နေကြပြီး ထိတ်လန့်တုန်လှုပ်မှုကနေ အချိန်အတော်ကြာအောင် ရုန်းမထွက်နိုင် ဖြစ်နေကြသည်။
ထာဝရဘုရားကျောင်း၏ တောင်ဘက်ပင်မခန်းမတွင် လက်ရှိ၌ ထိပ်သီး ကျင့်ကြံသူ လေးဦး ရှိသည်။
ထိုလေးဦးလုံးသည် အသက် တစ်သောင်း မပြည့်မီမှာပင် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်ခဲ့ကြသူများဖြစ်ပြီး အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ကနေ ကြယ်နှစ်ပွင့် အရှင် အဆင့်သို့ တက်လှမ်းထားနိုင်သူများလည်း ဖြစ်သည်။
ယခုအခါ ကျန်းချန်က ရှန်းဝူယိုကို အနိုင်ယူထားပြီ ဖြစ်ရာ ကျန်ရှိသော ပါရမီရှင် သုံးဦးစလုံးသည် ကျန်းချန်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့ကြသည်။
ဤကဲ့သို့သော ထိပ်သီး ကျင့်ကြံသူများသည် များသောအားဖြင့် မာနကြီးကြပြီး အခြားသူများနှင့် ပူးပေါင်းတိုက်ခိုက်လေ့ မရှိပေ။
သို့သော်လည်း ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော ကျန်းချန်သည် ထာဝရဘုရားကျောင်း၏ ကြယ်နှစ်ပွင့် အရှင် သုံးပါးကို လက်တွဲ တိုက်ခိုက်စေရန် ဖန်တီးနိုင်ခဲ့သည်။
ဤသည်မှာ တစ်ခါမှ မကြားဖူး၊ မမြင်ဖူးသော ဖြစ်ရပ်ဆန်းပင်။
"မင်းက ကြယ်နှစ်ပွင့် မြေကြီးအရှင် ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်.. မင်းရဲ့ ခွန်အားက တကယ်ကို မဆိုးဘူးပဲ"
ကျန်းချန်က လုယွမ်ချင်းကို အသာအယာ ကြည့်၍ ပြောလိုက်သည်။
"နှမြောစရာကောင်းတာက မင်းက ကြယ်နှစ်ပွင့် အရှင် အဆင့်မှာ ရှိသေးတာပဲ.. အကယ်၍ မင်းသာ ကြယ်နှစ်ပွင့် မြေကြီးအရှင် အဆင့်ကို ထိုးဖောက်နိုင်ပြီး သူတို့နှစ်ယောက်နဲ့ ငါ့ကို တိုက်ခိုက်မယ် ဆိုရင် အကွက် အနည်းငယ်တော့ ယှဥ်ချနိုင်မှာပဲ"
ဤစကားကြောင့် ထိုသုံးဦးစလုံးက မျက်နှာ တစ်ပြိုင်နက်တည်း ပျက်သွားခဲ့သည်။
ကျန်းချန်က အလွန်သန်မာကြောင်း သူတို့သိသော်လည်း သူတို့ သုံးဦးစလုံးသည်လည်း ထာဝရဘုရားကျောင်း၏ ထိပ်သီးကျင့်ကြံသူများ ဖြစ်ကြကာ သာမန် ကောင်းကင်အရှင်များနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိသူများ ဖြစ်သည်။
သူတို့ သုံးဦး ပူးပေါင်းလိုက်လျှင် သာမန် ကောင်းကင်အရှင် အထွတ်အထိပ် ကျင့်ကြံသူကိုပင် ကျော်လွန်သွားနိုင်ပြီး ကြယ်တစ်ပွင့် ကောင်းကင်အရှင် တစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိ၏။
ဤကောင်လေးက မည်မျှပင် သန်မာပါစေ၊ ကောင်းကင်နတ်ဘုရား အဆင့် စွမ်းအားဖြင့် သူတို့ သုံးဦးကို အနိုင်ယူရန်မှာ မဖြစ်နိုင်ဟု သူတို့ ယူဆထားကြသည်။
"မင်း အရမ်း မောက်မာမနေနဲ့...ဒီနေ့ ငါတို့ သုံးယောက်ကို မင်း ဘယ်လို အနိုင်ယူမလဲဆိုတာ ကြည့်ရသေးတာပေါ့"
လုယွမ်ချင်းက ကြုံးဝါးလိုက်သည်။
သူ၏ ကျောဘက်ရှိ ဓားအိမ်ထဲမှ စူးရှသော ဓားခတ်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
လုယွမ်ချင်းက သူ၏ ဓားကို ဆွဲထုတ်လိုက်ပြီး အရှိန်အဝါအားလုံးကို ကျန်းချန် အပေါ်တွင် ပစ်မှတ်ထားလိုက်ခြင်းပင်။
တစ်ချိန်တည်းမှာပင် ဟုန်နင်း နှင့် ဝူရွှယ် တို့ကလည်း သူတို့၏ ကြယ်နှစ်ပွင့် အရှင် အရှိန်အဝါများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြသည်။
ကြောက်မက်ဖွယ် စွမ်းအား သုံးခုသည် ကမ္ဘာငယ်လေး တစ်ခုလုံးကို တုန်ခါသွားစေခဲ့၏။
"ကျန်းချန်.. ငါတို့ သုံးယောက်လုံးကို အတူတူ တိုက်ခိုက်စေနိုင်တဲ့သူ မရှိခဲ့ဖူးဘူး.. ဒီနေ့ တိုက်ပွဲမှာ မင်းရှုံးနိမ့်ရင်တောင် မင်းကိုယ်မင်း ဂုဏ်ယူလို့ရပြီ"
"ဟုတ်လို့လား"
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာရပ်နေခဲ့သည်။
ထို့နောက် အေးအေးလူလူပင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အဆုံးမဲ့ အရှိန်အဝါသည် လုယွမ်ချင်းတို့ သုံးဦး၏ အရှိန်အဝါနှင့် ထိပ်တိုက် တိုးသွားခဲ့၏။
"မကောင်းတော့ဘူး"
ကျန်းချန်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားလိုက်ရလျှင် လုယွမ်ချင်းတို့ သုံးဦးစလုံး၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
သူတို့ သုံးဦး၏ အရှိန်အဝါသည် ကျန်းချန်၏ အရှိန်အဝါအောက်တွင် လုံးဝ ဖိနှိပ်ခံလိုက်ရချေပြီ။
"ဒီကောင်လေးရဲ့ ခွန်အားက ထင်ထားတာထက် ပိုအစွမ်းထက်နေတယ်.. အချိန်မဖြုန်းဘဲ အတူတူ တိုက်ခိုက်ကြစို့"
လုယွမ်ချင်းက အော်ဟစ်လိုက်သည်။
"ဝုန်း"
ဤအခိုက်အတန့်တွင် ဟုန်နင်းက အရင်ဆုံး စတင်တိုက်ခိုက်လိုက်သည်။
သူ၏ လက်ဝါးမှ တောက်ပသော မီးလျှံ လက်ဝါးရိပ် တစ်ခု ထွက်ပေါ်လာခဲ့၏။
ထိုလက်ဝါးရိပ်မှာ အစပိုင်းတွင် ပေအနည်းငယ်သာ ရှိသော်လည်း ဟုန်နင်း ရိုက်ထုတ်လိုက်ပြီးနောက်တွင် လေထုထဲ၌ ချက်ချင်း ကြီးမားလာခဲ့ကာ နေမင်းကြီးကဲ့သို့ ပြင်းထန်သော အပူရှိန်ဖြင့် ကောင်းကင်ကနေ ကျဆင်းလာခဲ့သည်။
"မဟာနေမင်း အဆုံးမဲ့ လက်ဝါး စည်းတံဆိပ်"
ထိုပညာရပ်ကို မှတ်မိသော ရင်ပြင်ရှိ လူတချို့ ထံမှ တအံတသြ ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။
ဤပညာရပ်သည် ထာဝရဘုရားကျောင်း၏ နတ်ဘုရင် အဆင့် လျှို့ဝှက် ပညာရပ်များထဲမှ တစ်ခု ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း ဝူရွှယ်က လှုပ်ရှားလိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စီးစွမ်းအားများသည် နဂါးနှင့် မြွေများကဲ့သို့ လှည့်ပတ်နေပြီး ဘေးပတ်ဝန်းကျင်မှ နေရာလွတ်များကိုပင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေခဲ့သည်။
ယင်းနောက်တွင် ထိုလျှပ်စီးများသည် ဝူရွှယ်၏ ဦးခေါင်းအထက်၌ ကောင်းကင် တစ်ခုလုံးကိုပင် လွှမ်းခြုံထားသော လျှပ်စီးနဂါးကြီး တစ်ကောင် အဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဆင်နဂါး လျှပ်စီး.. သွားစမ်း"
"ဂရား.. "
ဝူရွှယ်၏ စေခိုင်းမှုဖြင့် လျှပ်စီးနဂါးကြီးသည် ကျန်းချန်ဆီသို့ ဟိန်းဟောက်ကာ ပြေးဝင်သွားခဲ့သည်။
နောက်ဆုံး တိုက်ခိုက်သူမှာ လုယွမ်ချင်း ဖြစ်သည်။
သူက လက်ထဲမှ ရှေးဟောင်းဓားဖြင့် ဓားချက် တစ်ချက်ကို လျှပ်တစ်ပြက် ထုတ်ဖော်လိုက်၏။
တောက်ပသော ဓားအလင်းတစ်ခုသည် နေရာလွတ်ကို ထိုးဖောက်ကာ ကျန်းချန် ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ကျန်းချန် ကဲ့သို့ ထူးခြားသော ပါရမီရှင်နှင့် ရင်ဆိုင်ရချိန်တွင် ထာဝရဘုရားကျောင်း၏ ထိပ်သီး ပါရမီရှင် သုံးဦးစလုံးသည် လက်တွဲ၍ အစွမ်းကုန် တိုက်ခိုက်ခဲ့ကြသည်။
ကြယ်နှစ်ပွင့် အရှင် သုံးပါး၏ ပူးပေါင်းတိုက်ခိုက်မှုသည် ကမ္ဘာငယ်လေးကိုပင် ဖောက်ထွက်သွားနိုင်လောက်သည် အထိ စွမ်းအားကြီးမားလှ၏။
"ဟူး.. ဒါက ထာဝရဘုရားကျောင်းက ထိပ်သီးပါရမီရှင်တွေရဲ့ စွမ်းအားလား.. တကယ်ကို သန်မာတာပဲ"
လူအများက တီးတိုး ရေရွတ်နေခဲ့ကြသည်။
ဤတိုက်ခိုက်မှုကို သာမန် ကောင်းကင်အရှင် များပင်လျှင် အသေအလဲ ရင်ဆိုင်ရလိမ့်မည် ဖြစ်၏။
ကျန်းချန် မည်ကဲ့သို့ ပြန်လည် တိုက်ခိုက်လာမည်ကို လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ကြောက်မက်ဖွယ် တိုက်ခိုက်မှု သုံးခုနှင့် ရင်ဆိုင်နေရသော်လည်း ကျန်းချန်သည် အလွန်ပင် တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်။
သူက အရင်ဆုံး ရောက်နှင့်လာသော ဓားအလင်းကို ကြည့်ကာ လေထဲသို့ လက်သီးချက် တစ်ချက် ပစ်သွင်းလိုက်သည်။
"ဝုန်း"
အတိုင်းအဆ မရှိသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများသည် ရွှေရောင်လက်သီး အလင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဓားအလင်းကို ထိမှန်သွားခဲ့၏။
ကျန်းချန်၏ ထိုလက်သီးချက်သည် ရိုးရှင်းပုံရသော်လည်း ဓားအလင်း၏ အားနည်းဆုံး နေရာကို တိတိကျကျ ထိမှန်သွားခဲ့ရာ ချက်ချင်းပင် ဓားအလင်းက အားပျော့သွားခဲ့ပြီး လေထုထဲမှာပင် ပေါက်ကွဲသွားခဲ့သည်။
"ဓားပညာက လိုသေးတယ်.. အားနည်းချက်တွေ အများကြီးပဲ.. ပြန်သွားပြီး သေချာ လေ့ကျင့်လိုက်ဦး"
ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
လုယွမ်ချင်းက နောက်ပြန် လွင့်စင်သွားခဲ့ပြီး ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ မတည်မငြိမ်ဖြစ်ကာ သွေးအန်မတတ် ဖြစ်သွားခဲ့သည်။
လုယွမ်ချင်းကို လက်သီး တစ်ချက်တည်းဖြင့် နောက်ဆုတ်စေပြီးနောက်တွင် ကျန်းချန်က လေထဲတွင် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ကြောက်မက်ဖွယ် ဓားစွမ်းအင် ထွက်ပေါ်လာခဲ့ပြီး အချိန်နှင့် နေရာလွတ်ကို ဖြတ်ကျော်ကာ မဟာနေမင်း လက်ဝါး စည်းတံဆိပ်ကို ထိုးဖောက်သွားခဲ့သည်။
ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးအုပ်ထားသော ထိုလက်ဝါးကြီးမှာ စက္ကူစုတ်ကဲ့သို့ပင် မျက်စိတစ်မှိတ်အတွင်း နှစ်ခြမ်းကွဲထွက် သွားခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံး မီးပင်လယ် အဖြစ် ပြောင်းလဲသွားခဲ့သည်။
"အပြင်ပန်းပဲ ကြည့်ကောင်းပြီး ဘာမှ အသုံးမကျတဲ့ ပညာရပ်ပဲ"
ကျန်းချန်က မှတ်ချက်ပေးလိုက်ရာ ဟုန်နင်း၏ မျက်နှာက ဒေါသကြောင့် နီမြန်းနေခဲ့သည်။
ထို့နောက် ကျန်းချန်က နေရာလွတ်စွမ်းအားကို ထုတ်ဖော်ကာ ဟိန်းဟောက်နေသော လျှပ်စီးနဂါးကြီးကို တိုက်ခိုက်လိုက်သည်။
ထိုအခါ လျှပ်စီးနဂါးက ကျန်းချန်၏ ဦးခေါင်းအထက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး နေရာလွတ် စွမ်းအားဖြင့် တစစီ ပျက်စီးသွားခဲ့သည်။
"ဒီတစ်ကွက်က နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းတယ်.. ဒါပေမဲ့ သုံးတဲ့သူက အားနည်းနေတာ နှမြောစရာပဲ"
ကျန်းချန်၏ စကားအဆုံးတွင် ရင်ပြင်ပေါ်ရှိ လူတိုင်းသည် မှင်တက်သွားကြပြီး ထိုအခြေအနေကနေ အချိန်အတော်ကြာအောင် ရုန်းမထွက်နိုင် ဖြစ်နေကြတော့သည်။
အခန်း(၂၀၂၈) ပြီး၏