အခန်း (၂၀၂၉-၂၀၃၀)
Vol. 143 Ch. 2029-2030
အခန်း(၂၀၂၉)
အသက်ရှူချိန် အနည်းငယ်အတွင်း လူတိုင်းက သတိပြန်ဝင်လာကြပြီး အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ကြရသည်။
ကျန်းချန်၏ စွမ်းအားက ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။
ကြယ်နှစ်ပွင့် အရှင် လုယွမ်ချင်းတို့ သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်မှာပင် ကျန်းချန်သည် လက်တစ်ဖက်တည်းဖြင့် အသာအယာ ဖြိုခွဲနိုင်ခဲ့သည်။
ထို့အပြင် သူတို့ကို ပညာပေးရင်း မှတ်ချက်ပေးနေသည့် အမူအရာကို ကြည့်လျှင် သူ၏အစွမ်းကို အကုန်အစင် အသုံးမပြုရသေးသည်မှာ ထင်ရှားနေခဲ့၏။
ကောင်းကင် နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် ဤမျှ ကြီးမားသော စွမ်းအားမျိုးသည် မည်ကဲ့သို့ ရှိနေရပါသနည်း။
ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ်တိုင်တိုင် ချိုးဖျက်ထားသည့် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ပင်လျှင် ဤမျှအထိ ကောင်းကင်ကို ဆန့်ကျင်နေသည့် စွမ်းအားမျိုး မရှိနိုင်ပေ။
"တကယ်ကို သန်မာတာပဲ.. ဒါက ကျန်းချန်ရဲ့ တကယ့်စွမ်းအား အစစ်အမှန်လား"
ကမ္ဘာငယ်လေးအတွင်း ထာဝရဘုရားကျောင်း၏ ထိပ်သီးကျင့်ကြံသူ သုံးဦးကို ဖိနှိပ်ထားသော ကျန်းချန်ကို ကြည့်ကာ ရှင်းထျန်းချီ တို့သည်လည်း အလွန်ပင် မှင်တက်နေကြသည်။
အစပိုင်းတွင် ကျန်းချန်က သုံးယောက် တစ်ယောက် ရင်ဆိုင်ရမည် ဖြစ်၍ သူတို့ စိုးရိမ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ ကျန်းချန်ကို လျော့တွက်မိခဲ့မှန်း သိလိုက်ကြသည်။
ဟော်ထျန်းယန်က ပြုံး၍ ပြောလိုက်သည်။
"အဲဒီ သုံးယောက်က ညီနောင် ကျန်းချန်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ ကျွန်တော် ပြောသားပဲ.. အခုတော့ ယုံပြီ မဟုတ်လား"
ကျန်းချန်က သူတို့၏ တိုက်ခိုက်မှုကို အသာအယာ ချေဖျက်လိုက်သည်ကို မြင်လိုက်ရလျှင် လုယွမ်ချင်းတို့ သုံးဦး၏ မျက်နှာက ပို၍ လေးနက်သွားခဲ့သည်။
သူတို့ ကျန်းချန်ကို အထင်မသေးခဲ့သော်လည်း ကျန်းချန်၏ စွမ်းအားက ဤမျှအထိ ကြောက်စရာကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အထူးသဖြင့် ကျင့်ကြံခြင်း အဆင့် အနိမ့်ဆုံးဖြစ်သည့် ဟုန်နင်းသည် ကျန်းချန်၏ လက်ချက်ကြောင့် အနည်းငယ် ဒဏ်ရာရသွားခဲ့သည်။
"ကျန်းချန်.. မင်းက ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ ကန့်သတ်ချက် အားလုံးကို ချိုးဖျက်ပြီး အဆင့်သစ် တစ်ခုကို ရောက်နေပြီလို့ ငါ့ဆရာ ပြောတုန်းက ငါမယုံခဲ့ဘူး"
လုယွမ်ချင်းက ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"အခုတော့ မင်းက တကယ်ပဲ လမ်းစဥ်ဆယ်ပါးရဲ့ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ အထက်ကို ရောက်နေတဲ့သူ ဆိုတာ ငါယုံရတော့မယ်"
လုယွမ်ချင်း၏ စကားကိုကြားလျှင် ရင်ပြင်ပေါ်ရှိ လူတိုင်းသည် အံ့သြ တုန်လှုပ်သော အမူအရာများ ဖြစ်သွားခဲ့သည်။
လမ်းစဥ်ဆယ်ပါးရဲ့ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ အထက် အဆင့်။
ဤသည်မှာ ကျင့်ကြံခြင်းလောက၏ နှစ်ပေါင်းသန်းချီ သမိုင်း တစ်လျှောက်တွင် အပြောင်းအလဲ မရှိခဲ့သော အမြင့်ဆုံး ကန့်သတ်ချက်ကို ချိုးဖျက်လိုက်ခြင်းပင်။
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ငါ့မှာ လမ်းစဥ်ဆယ်ပါးရဲ့ ကမ္ဘာ့စွမ်အား ရှိတာကို မင်းသိပြီ ဆိုရင် ငါနဲ့ ဆက်တိုက်ချင်သေးလား"
"ဟားဟား.. ဘာလို့ မတိုက်ရမှာလဲ.. ဒဏ္ဍာရီလာ နံပါတ်တစ် ပါရမီရှင်နဲ့ တိုက်ခွင့်ရတာ ငါတို့ သုံးယောက် ရှုံးခဲ့ရင်တောင် ထိုက်တန်ပါတယ်"
လုယွမ်ချင်းက အားပါးတရ ရယ်မောလိုက်ပြီး သူ၏ ဓားစွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ၌ ဓားအလင်းများ ယှက်နွယ်သွားခဲ့ပြီး ကမ္ဘာငယ်လေး တစ်ခုလုံး လွှမ်းခြုံသွားခဲ့သည်။
လုယွမ်ချင်းနှင့်အတူ အခြားနှစ်ဦးကလည်း သူတို့၏ အစွမ်းထက်ဆုံး ပညာရပ်များကို ထုတ်ဖော်လိုက်ကြသည်။
ဟုန်နင်းက ဧရာမ မီးလျှံစစ်နတ်ဘုရား ၈ ပါးကို ဖန်တီးကာ ကျန်းချန်ကို ဝိုင်းရံလိုက်ပြီး ဝူရွှယ်ကမူ ခရမ်းရောင် လျှပ်စီးများဖြင့် ပြည့်နှက်နေသော ခရမ်းရောင်ငရဲကို ဖန်တီးကာ ကျန်းချန်ကို ဖိနှိပ်လိုက်သည်။
သို့သော်လည်း ကျန်းချန်၏ အမူအရာက မပြောင်းလဲဘဲ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပင်။
သူ၏ ခန္ဓာကိုယ်မှ မတူကွဲပြားသော ကမ္ဘာ့စွမ်းအား ၁၀မျိုး ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ဦးခေါင်းအထက်၌ ခုနစ်စဥ်ကြယ် ထွက်ပေါ်လာခဲ့ပြီး အတိုင်းအဆ မရှိသော ကြယ်တာရာ ဓားချီများ အဆက်မပြတ် ကျဆင်းလာခဲ့သည်။
လုယွမ်ချင်း၏ ဓားချက်၊ ဟုန်နင်း၏ မီးလျှံ နတ်ဘုရား ၈ ပါးနှင့် ဝူရွှယ်၏ ခရမ်းရောင်လျှပ်စီးငရဲများ အားလုံးသည် ကျန်းချန်၏ ကြယ်တာရာ ဓားချီများအောက်တွင် မည်သို့မျှ မတွန်းလှန်နိုင်ဘဲ ပျက်စီးသွားခဲ့သည်။
"ဖူး..."
ဟုန်နင်းက အရင်ဆုံး လွင့်ထွက်သွားပြီး သွေးများ အန်ထုတ်လိုက်ရသည်။
ဝူရွှယ်ကလည်း လျှပ်စီးငရဲ ပြိုကွဲသွားပြီးနောက် လွင့်စင်သွားခဲ့၏။
သူတို့ထဲတွင် အသန်မာဆုံးဖြစ်သည့် လုယွမ်ချင်းပင်လျှင် မျက်နှာဖြူဖျော့ကာ နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် ရင်ပြင်တစ်ခုလုံး တစ်စပြင်နှယ် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းသည် ကမ္ဘာငယ်လေး အတွင်းရှိ မြင်ကွင်းကို တစ္ဆေသရဲအား မြင်လိုက်ရသကဲ့သို့ မှင်တက်စွာ စိုက်ကြည့်နေခဲ့ကြသည်။
ထိပ်သီးကျင့်ကြံသူ သုံးဦး၏ အပြင်းထန်ဆုံး ပူးပေါင်းတိုက်ခိုက်မှုကို ကျန်းချန်က တစ်ကွက်တည်းဖြင့်ပင် အနိုင်ယူလိုက်သည် မဟုတ်ပါလား။
အခန်း(၂၀၂၉) ပြီး၏
အခန်း(၂၀၃၀)
"မင်းတို့ နောက်ထပ် တိုက်ချင်သေးလား"
တိုက်ခိုက်ရေးကွင်း အတွင်းရှိ ကမ္ဘာငယ်လေးထဲတွင် ကျန်းချန်သည် စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ ခန့်ညားစွာ ရပ်နေပြီး လုယွမ်ချင်းတို့ သုံးဦးကို မေးလိုက်သည်။
သူ၏ အသံက အေးဆေး တည်ငြိမ်သော်လည်း ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
"လမ်းစဥ်ဆယ်ပါးရဲ့ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ကောင်းကင် နတ်ဘုရားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်ပါတယ်.. ငါတို့ အရှုံးပေးပါတယ်"
လုယွမ်ချင်းက ခါးသီးစွာ ပြုံးလိုက်ပြီး ကျန်းချန်ကို ဂါရဝပြုကာ တိုက်ခိုက်ရေးကွင်းထဲမှ ထွက်ခွာသွားခဲ့သည်။
လမ်းစဥ်ဆယ်ပါး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်သူက အလွန်တရာ သန်မာမည်မှန်း သူ သိသော်လည်း ဤမျှအထိ ကြောက်မက်ဖွယ် အစွမ်းထက်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူတို့ သုံးဦး၏ အပြင်းထန်ဆုံး တိုက်ကွက်များသည်ပင် ကျန်းချန်၏ တိုက်ကွက် တစ်ကွက်အောက်တွင် ပျက်စီးသွားခဲ့ရသည် မဟုတ်ပါလား။
လုယွမ်ချင်းက အရှုံးပေးသွားပြီ ဖြစ်ရာ ဟုန်နင်း နှင့် ဝူရွှယ် တို့ကလည်း ဆက်လက် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ပေ။
သူတို့က စကားတစ်ခွန်းမှ ပြောမနေတော့ဘဲ တိုက်ခိုက်ရေးကွင်းထဲမှ ထွက်ခွာသွားကြသည်။
ထာဝရဘုရားကျောင်း၏ ဒိုင်လူကြီးက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီး ရလဒ်ကို ကြေညာလိုက်သည်။
လုယွမ်ချင်းတို့ ထွက်သွားသော်လည်း ကျန်းချန်က တိုက်ခိုက်ရေးကွင်း ထဲမှာပင် ဆက်လက် ရပ်နေခဲ့ပြီး နောက်ထပ် ပြိုင်ဘက်ကို စောင့်ဆိုင်းနေခဲ့သည်။
သို့သော်လည်း တောင်ဘက် ပင်မခန်းမ၏ အသန်မာဆုံး ကျင့်ကြံသူ သုံးဦးစလုံးပင် တစ်ကွက်တည်းဖြင့် အပြတ်အသတ် ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရပြီးနောက် မည်သူကမှ တိုက်ခိုက်ရေးကွင်း ထဲကို ထပ်မံ ဝင်ရောက် မလာရဲတော့ပေ။
ဌာနခွဲပေါင်း ရာချီမှ ကျင့်ကြံသူများ အားလုံးသည် ခေါင်းငုံ့ကာ ငြိမ်သက်နေခဲ့ကြသည်။
ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရားအဆင့် တိုက်ခိုက်ရေးကွင်းကို တက်လာပြီး ကြယ်နှစ်ပွင့် အရှင် သုံးပါးကို အနိုင်ယူကာ တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည့် ကျန်းချန်၏ လုပ်ရပ်သည် အားလုံးအတွက် ထိတ်လန့်စရာပင်။
မည်သူမှ ထပ်မံ မတက်လာသဖြင့် ဒိုင်လူကြီးကလည်း အကျပ်ရိုက်သွားခဲ့သည်။
စည်းမျဉ်းအရ ကျန်းချန်က ဆက်လက် တိုက်ခိုက်လိုလျှင် တိုက်ခိုက်ရေးကွင်းကနေ ဆင်းခိုင်းခွင့် မရှိပေ။
သို့သော်လည်း ကျန်းချန် တိုက်ခိုက်ရေးကွင်းတွင် ရှိနေသမျှ အခြားသူများ တက်လာရဲတော့မည် မဟုတ်ရာ ပြိုင်ပွဲမှာ ရှေ့ဆက်၍ ရတော့မည် မဟုတ်ချေ။
ထိုအချိန်မှာပင် ဒိုင်လူကြီး၏ စိတ်ထဲသို့ အိုမင်းပြီး သြဇာညောင်းသော အသံတစ်သံ ရောက်ရှိလာခဲ့သည်။
"သူ့ကို အောက်ဆင်းခိုင်းလိုက်ပါ.. ဒီနှစ်ရဲ့ ထာဝရ မဟာပွဲတော် ပထမဆု အတွက် မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမကို တစ်ခါတည်း ပေးလိုက်"
ထိုစကားကိုကြားလျှင် ဒိုင်လူကြီးက အံ့အားသင့်သွားခဲ့သည်။
ပြိုင်ပွဲက ယခုမှ အစသာ ရှိသေးသော်လည်း ပထမဆုကို ပြိုင်ပွဲ အစပိုင်းမှာတင် ကြေညာလိုက်ခြင်းမှာ ထာဝရဘုရားကျောင်း၏ သမိုင်းတွင် တစ်ခါမှ မရှိခဲ့ဖူးပေ။
သို့သော်လည်း အသံရှင်က တောင်ဘက်ပင်မခန်းမ၏ နန်းတော်သခင်ထက်ပင် ရာထူးမြင့်မားသော နတ်ဘုရင် အဆင့် ပုဂ္ဂိုလ်ကြီး ဖြစ်၍ ဒိုင်လူကြီး မငြင်းဆန်ရဲပေ။
ထို့ကြောင့် ဒိုင်လူကြီးက တရားဝင် ကြေညာလိုက်သည်။
"ကျန်းချန်.. မင်း နောက်ထပ် ပြိုင်ပွဲတွေမှာ ဝင်ပါစရာ မလိုတော့ဘူး.. မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမကို ဒီနှစ်ရဲ့ ထာဝရမဟာပွဲတော် ပထမဆု အတွက် တစ်ခါတည်း ပေးအပ်လိုက်ပြီ"
ထိုစကားကြောင့် ရင်ပြင်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကာ ဆူညံသွားခဲ့သည်။
"မဟာမြေရိုင်းနယ်မြေ ဌာနခွဲခန်းမက ပထမနေရာကို ရသွားပြီတဲ့.. ငါများ နားကြားမှားတာလား"
"ကျန်းချန်လို ကောင်းကင်ကို အလွန်အမင်း ဆန့်ကျင်နေတဲ့ ပါရမီရှင် ရှိနေမှတော့ ဒါက သာမန်ပဲ မဟုတ်လား"
"ဒီလို ပါရမီရှင်မျိုးနဲ့ မိတ်ဆွေ ဖြစ်ခွင့်ရတာ ရှင်းထျန်းချီ တကယ်ကို ကံကောင်းတာပဲ"
ရှင်းထျန်းချီ နှင့် ရှချန်း တို့က အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။
"နန်းတော်သခင်.. ကျွန်တော်တို့ ပထမနေရာ ရပြီ.. အရင်လို အထွတ်အထိပ် အခြေအနေကို ပြန်ရောက်ဖို့ အခွင့်အရေး ရပြီ"
ရှချန်းက ဝမ်းသာအားရ ပြောလိုက်သည်။
ရှင်းထျန်းချီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
"ဟုတ်တယ်.. ကျန်းချန်နဲ့ တွေ့ရတာ ငါ့ဘဝရဲ့ အကြီးမားဆုံး ကံကောင်းခြင်းပဲ"
ယခု ပထမနေရာ ရရှိပြီ ဖြစ်၍ ရှင်းထျန်းချီသည် သူ၏ ကျင့်စဉ် ပြဿနာများကို ဖြေရှင်းနိုင်တော့မည် ဖြစ်သည်။
--------------------
တစ်ချိန်တည်းမှာပင် ထာဝရဘုရားကျောင်း၏ ခန်းမတစ်ခုတွင် မြင့်မြတ်သော အရှိန်အဝါ ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးနှင့် အနက်ရောင် ဝတ်စုံဝတ် အဘိုးအိုတစ်ဦး စကားပြောဆိုနေကြသည်။
"အကြီးအကဲမိုက ရှင်းထျန်းချီကို အခွင့်အရေး ပေးချင်တာလား"
လူလတ်ပိုင်း အရွယ် အမျိုးသားက တလေးတစား မေးလိုက်သည်။
"အဲဒီကောင်လေး ရှိနေမှတော့ မဟာမြေရိုင်းနယ်မြေ ဌာနခွဲက ပထမနေရာကို ရမှာ သေချာသလောက်ပဲ.. ဒါက ရှင်းထျန်းချီ ရဲ့ ကံတရားပါပဲ"
အဘိုးအိုက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ဒါ့အပြင် ရှင်းထျန်းချီသာ သူ့ရဲ့ စွမ်းအားတွေကို ပြန်ရလာမယ်ဆိုရင် ဒါက တောင်ဘက်ပင်မခန်းမ နဲ့ ထာဝရဘုရားကျောင်း တစ်ခုလုံး အတွက်လည်း အကျိုးရှိလာလိမ့်မယ်"
အခန်း(၂၀၃၀) ပြီး၏