လူငယ် တာအိုဆရာ
Vol. 24 Ch. 354
~လူမရောက်ခင်ကတည်းက ထူထဲသော ဖိနှိပ်မှု အရှိန်အဝါက ကြိုရောက်နေနှင့်ပြီ ဖြစ်လေ၏။
လူတိုင်း၏ မျက်နှာထား ပြောင်းလဲသွားကြသည်။
ထိုအချိန်တွင်...
ပင်လယ်ပြင်က ငြိမ်သက်နေပြီး၊ စစ်သင်္ဘောများသည် ရေပြင်ပေါ်တွင် အေးခဲသွားသကဲ့သို့ နည်းနည်းလေးမှ မလှုပ်ရှားကြတော့ပေ။ လူတိုင်းက အဝေးမှ မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းမျှော်ကြည့်နေကြပြီး နှလုံးခုန်သံများ အလိုလို မြန်ဆန်လာကြသည်။
စောစောက မောက်မာနေသော လော့ဖူ ဓားသခင်သည် လေးလေးနက်နက် အရိုအသေ ပြုလိုက်သည်။
“နေနီ သိုင်းသူတော်စင်ကို ကြိုဆိုပါတယ်”
ချက်ချင်းဆိုသလို ပရိသတ် တစ်ခုလုံး ပွက်လောရိုက်သွား၏။
လူတိုင်း၏ စိတ်အာရုံများ ပူနွေးလာပြီး သွေးများ ဆူပွက်လာကြသည်။ အသစ်ရောက်လာသူ၏ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်စကားကြောင့် တစ်စိတ်တစ်ပိုင်း ခန့်မှန်းမိပြီးသား ဖြစ်သော်လည်း၊ ယခု လော့ဖူ ဓားသခင်၏ အတည်ပြုချက်ကြောင့် သံသယ ဝင်စရာ မလိုတော့ပေ။
နေနီ သိုင်းသူတော်စင်။
မကြာသေးမီကမှ ပေါ်ထွက်လာသော သိုင်းသူတော်စင် တစ်ပါး။ ဒါ့အပြင် 'နေနီဂိုဏ်း' ကို တည်ထောင်ပြီး ကမ္ဘာလောကကြီးကို မွှေနှောက်နေသူ။ မဟာယန် သိုင်းသူတော်စင်ကြီး ကိုယ်တိုင်က နေနီဂိုဏ်းအတွက် နယ်မြေတစ်ခု ခွဲပေးပြီး လွတ်လပ်စွာ အုပ်ချုပ်ခွင့် ပေးထားခဲ့ရသည်။
ထိုအခါမှ လော့ဖူ ဓားသခင်သည် နေနီဂိုဏ်းသို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း လူတိုင်း သဘောပေါက်သွားကြသည်။ နေနီ သိုင်းသူတော်စင်က သူ့ကို တစ်ခုခု ကတိပေးထားတာ ဖြစ်လောက်၏။
တာအိုဆရာ လုံရှန်း စိတ်ဓာတ် ကျဆင်းသွား၏။
လော့ဖူ ဓားသခင် ရုတ်တရက် ပြန်ပေါ်လာပြီး လူတွေကို လောဘတက်အောင် လှုံ့ဆော်နေကတည်းက အခြေအနေ မကောင်းတော့တာ သိနေသော်ငြား၊ ယခု ရှေးဟောင်း သူတော်စင် တစ်ပါးပါ ရောက်လာတော့ အခြေအနေက အဆိုးရွားဆုံး ဖြစ်သွားပြီ ဖြစ်လေ၏။ သူ့မှာ ယုံကြည်မှု လုံးဝ မရှိတော့ပါ။
လူအများ၏ အကြည့်အောက်တွင်...
အလွန် ခမ်းနားထည်ဝါသော ရွှေရောင် ရထားလုံး တစ်စီး ပေါ်ထွက်လာသည်။ ရထားလုံး၏ ဘေးလေးဖက်တွင် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များ ဝန်းရံပြီး ထမ်းပိုးထားကြသည်။ ဒီမြင်ကွင်းကတင် အံ့မခန်း ဖြစ်နေလေ၏။ လူတိုင်း၏ အာရုံကို အဖမ်းစားဆုံးကတော့ ရထားလုံးထဲမှ အဘိုးအိုပင်။ ရွှေနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး နေမင်းအလား တောက်ပနေ၏။ ဆံပင်နှင့် မုတ်ဆိတ်မွေးများ အားလုံး အနီရောင် ဖြစ်နေပြီး၊ ထိပ်ပြောင်နေသော ဦးခေါင်းက ပြောင်လက်နေ၏။
ထို ထိပ်ပြောင် အဘိုးအိုသည် ရထားလုံးပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းနေပြီး၊ သူ့ဘေးတွင် ပြိုင်ဘက်ကင်း အလှပဂေးလေးများက ဝန်းရံပြုစုနေကြသည်။
ရထားလုံးသည် လေထဲတွင် ရပ်တန့်သွား၏။ ရထားလုံးကို ထမ်းပိုးထားသော ကောင်းကင်ဘုံလူသားများသည် ရင်ကိုကော့ထားကြပြီး၊ ရှက်ရွံ့ခြင်း အလျဉ်းမရှိဘဲ ဂုဏ်ယူဝင့်ကြွားနေကြသည်။
‘ကမ္ဘာလောကကြီးကို မေးကြည့်လိုက်စမ်းပါ... သိုင်းသူတော်စင် တစ်ပါးအတွက် ရထားလုံး ဆွဲပေးခွင့်ရသူ ဘယ်နှယောက် ရှိလို့လဲ။’
“နေနီ သိုင်းသူတော်စင်ကို ဂါရဝ ပြုပါတယ်”
ညီသာသော အသံများ တစ်ခဲနက် ထွက်ပေါ်လာပြီး၊ လူတိုင်း ခေါင်းငုံ့ အရိုအသေ ပြုလိုက်ကြသည်။
စွမ်းအားကြီးသူကို လေးစားရမည်။
ဒါက နေရာတိုင်းမှာ မှန်ကန်နေသော အမှန်တရားပင်။
သို့သော်လည်း အစစ်အမှန်သိုင်းဂိုဏ်းသားတွေကတော့ မလှုပ်ရှားကြပေ။
ဧည့်သည်၏ ရည်ရွယ်ချက် မကောင်းဘူး ဆိုတာ အရူးတောင် သိနိုင်သည်လေ။
လော့ဖူ ဓားသခင်က အေးစက်စွာ အော်ဟစ်လိုက်သည်။
“တာအိုဆရာ လုံရှန်း... သိုင်းသူတော်စင်က မင်းကို မေးနေတယ်လေ... ဘာလို့ ပြန်မဖြေတာလဲ... မင်းက သိုင်းသူတော်စင်ကို မလေးမစား လုပ်ရဲတာလား”
ဒီအချိန်မှာ သူ တော်တော်လေး တက်ကြွနေ၏။ ကြာရှည်စွာ မြိုသိပ်ထားခဲ့ရသော ဒေါသများကို ထုတ်ဖော်ခွင့် ရနေပြီကိုး။
'စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်' ပေါ်ထွက်လာကတည်းက သူ့ဘဝက ဆိုးရွားခဲ့ရပြီး၊ မကြာခဏ လှောင်ပြောင်ခံခဲ့ရသည်။
သို့သော်ငြားလည်း ယခုအချိန်တွင် နေနီသိုင်းသူတော်စင်က သူ့နောက်၌ ကျောထောက်နောက်ခံ ပြုပေးထားပြီ ဖြစ်ရာ၊ သူ မည်သို့မျှ ကြောက်ရွံ့နေမည် မဟုတ်တော့ချေ။
စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်သည် မည်မျှပင် စွမ်းအားကြီးမားသည် ဆိုစေကာမူ၊ သိုင်းသူတော်စင် အဆင့်ရှိ ပုဂ္ဂိုလ် တစ်ပါးကိုတော့ မည်သို့ ယှဉ်ပြိုင်ကျော်ဖြတ်နိုင်ပါမည်နည်း။
အစစ်အမှန်သိုင်းဂိုဏ်း ဒုက္ခရောက်နေတာကို မြင်ရတာ လော့ဖူ ဓားသခင်အတွက် ကျေနပ်စရာ အကောင်းဆုံးပင် ဖြစ်ရ၏။
တာအိုဆရာ လုံရှန်းက လော့ဖူ ဓားသခင်ကို စူးစူးရဲရဲ ကြည့်လိုက်ပြီး၊ ရထားလုံးပေါ်မှ အဘိုးအိုဘက်သို့ လှည့်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။
“နေနီ သိုင်းသူတော်စင်ကို ဂါရဝ ပြုပါတယ်... ကျွန်တော် မလိမ်ခဲ့ပါဘူး... အစစ်အမှန်သိုင်း ခန်းမဆောင်ထဲ ဝင်သွားတုန်းက ပထမအဆင့် ဉာဏ်ရည်စမ်းသပ်မှု ဖြစ်တဲ့ 'ယင်ယန် လက်သီးသိုင်း' ကို ကံကောင်းထောက်မစွာ အောင်မြင်ခဲ့ပါတယ်... ဒါပေမဲ့ ဒုတိယအဆင့် 'အရပ်လေးမျက်နှာ လက်ဝါးသိုင်း' မှာ ကျရှုံးခဲ့ပါတယ်... နောက်ပိုင်း တိုက်ပွဲစမ်းသပ်မှု တချို့ကိုတော့ အောင်မြင်ခဲ့ပြီး ဆုလာဘ်တချို့ ရရှိခဲ့ပါတယ်”
“ဒါပေမဲ့ အစစ်အမှန်သိုင်း အမွေအနှစ်ကိုတော့... တကယ်ကို မရရှိခဲ့ပါဘူး”
သူက ရိုးရိုးသားသား ရှင်းပြလိုက်သည်။ အတွင်းထဲက စမ်းသပ်မှု နာမည်တွေကိုပါ ထည့်ပြောလိုက်သေး၏။
လူတိုင်း တွေးတောသွားကြသည်။
‘ဒါဆို ထူးဆန်းတဲ့ အပြောင်းအလဲတွေက အစစ်အမှန်သိုင်းဂိုဏ်းနဲ့ တကယ် မဆိုင်ဘူးလား။’
နေနီ သိုင်းသူတော်စင် ရယ်မောလိုက်သည်။ ရောက်လာကတည်းက ပထမဆုံးအကြိမ် အနေဖြင့် တာအိုဆရာ လုံရှန်းကို တစ်ချက် ကြည့်လိုက်သည်။ သူ့ရယ်သံထဲတွင် လှောင်ပြောင်မှုများ ပါဝင်နေပြီး အထင်သေးမှုများနှင့် ရောထွေးနေ၏။
“ဟားဟားဟား၊ ငါ သိတယ်”
“အစစ်အမှန်သိုင်း ခန်းမဆောင်ရဲ့ စမ်းသပ်မှုက မွေးရာပါ ယုတ္တိမရှိတာ... ဉာဏ်ရည်စမ်းသပ်မှု (၉) ဆင့်က အရမ်း ခက်ခဲလွန်းတယ်... ဘယ်သူမှ အောင်မြင်ဖို့ မျှော်လင့်ချက် မရှိဘူး... ရှေးယခင်ကနေ ယနေ့အထိ ဘယ်ပါရမီရှင်မှ မအောင်မြင်နိုင်ခဲ့ကြဘူး... မင်းလို အသက်တစ်ရာ နားကပ်မှ ကောင်းကင်ဘုံ လူသား အဆင့်ကို ရောက်တဲ့ အမှိုက်ကောင်က ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ”
လူတိုင်း၏ မျက်နှာထား ပြောင်းလဲသွား၏။
အသက်တစ်ရာ ပြည့်လုနီးပါးမှ ကောင်းကင်ဘုံလူသားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် တာအိုဆရာ လုံရှန်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင်လျှင် ထိပ်တန်းပါရမီရှင် တစ်ဦးအဖြစ် သတ်မှတ်ထားကြလေ၏။
ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို 'အမှိုက်' ဟူ၍ ခေါ်ဆိုလိုက်မည် ဆိုပါက၊ သူတို့ကိုယ်တိုင်သည်ကား မည်သည့်အခြေအနေသို့ ရောက်ရှိသွားကြမည်နည်း။
အမှိုက်သရိုက်ထက်ပင် နိမ့်ကျသည့် အရာများ ဖြစ်သွားကြမည် မဟုတ်ပါလော။
အစစ်အမှန်သိုင်းဂိုဏ်းသားများ ဒေါသထွက်သွားကြသည်။
တာအိုဆရာ လုံရှန်း၏ မျက်နှာထားက တည်ငြိမ်နေဆဲ။
“သိုင်းသူတော်စင်ကြီးက ကျွန်တော်တို့ အစစ်အမှန်သိုင်းဂိုဏ်း အမွေအနှစ် မရခဲ့ဘူး ဆိုတာ သိနေမှတော့... ပြန်ခွင့်ပြုပါ”
နေနီ သိုင်းသူတော်စင် ခန္ဓာကိုယ်ကို အနည်းငယ် မတ်လိုက်ပြီး တာအိုဆရာ လုံရှန်းကို စိတ်ဝင်တစား ကြည့်လိုက်သည်။
“မရဘူး”
တာအိုဆရာ လုံရှန်း အသံနက်ဖြင့် မေးလိုက်သည်။
“ဘာကြောင့်လဲ ခင်ဗျာ”
နေနီ သိုင်းသူတော်စင်၏ မျက်လုံးများထဲမှ စူးရှသော အလင်းတန်း တစ်ခု ရုတ်တရက် ထိုးထွက်လာသည်။ မဟာနေမင်းအလား တောက်ပနေပြီး၊ သူ့စွမ်းအားများက ကြီးမားခမ်းနားလွန်းလှသည်။ သူ့အသံက ကျယ်ပြန့်ပြီး လွှမ်းမိုးမှု ရှိလှသည်။
“ဘာလို့လဲဆိုတော့... မင်းက ငါ့ကို မလေးမစား လုပ်လို့ပဲ”
တာအိုဆရာ လုံရှန်း၏ မျက်နှာထား ပြောင်းလဲသွား၏။ ထိုအခိုက်အတန့်မှာ၊ ကြီးမားလှသော ဖိအားများ သူ့အပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ ကောင်းကင်ပေါ်တွင် မဟာနေမင်း နှစ်စင်း ပေါ်လာသကဲ့သို့။ တစ်စင်းက ကောင်းကင်ယံ အမြင့်ကြီးမှာ... နောက်တစ်စင်းက သူ့ရှေ့တည့်တည့်မှာ။ ကြောက်မက်ဖွယ် ဖိအားကြောင့် နဖူးပေါ်တွင် ချွေးစေးများ ပြန်လာသည်။ သူ ကောင်းကင်နှင့်မြေကြီး စွမ်းအားကို အသုံးပြုပြီး ခုခံရန် ကြိုးစားသော်လည်း အချည်းနှီးသာ။ ယင်နှင့် ယန် အပြောင်းအလဲ ဆိုသည်မှာ ဤကဲ့သို့ ပြတ်သားသော စွမ်းအားကွာခြားမှု ရှေ့တွင် အသုံးမဝင်တော့ပေ။
“အ... ဝေါ့”
တာအိုဆရာ လုံရှန်း၏ မျက်နှာ နီရဲသွားပြီး သွေးများ အန်ထွက်ကာ နောက်သို့ ပစ်လွင့်သွားလေတော့သည်။
ယဲ့ချင်းဟယ်နှင့် အခြားသူများ သူ့ကို ဖမ်းထိန်းလိုက်ကြသော်လည်း၊ သူမတို့ပါ သွေးအန်ကုန်ကြသည်။ အနည်းငယ်မျှသော နောက်ဆက်တွဲ အားလှိုင်းကပင် သူမတို့အတွက် ခံနိုင်ရည် မရှိလောက်အောင် ပြင်းထန်လွန်းနေ၏။ သူမတို့ ဒေါသထွက်နေကြသော်လည်း ထုတ်ဖော်ပြသရဲခြင်း မရှိကြပါ။ လက်သီးများကိုသာ တင်းတင်းကျပ်ကျပ် ဆုပ်ထားမိကြသည်။
လူတိုင်း အသက်ရှူအောင့်ထားမိကြသည်။
တာအိုဆရာ လုံရှန်း၏ စွမ်းအားကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပြီးပြီ ဖြစ်လေ၏။
သို့သော် ယခုအချိန်တွင်မူ နေနီသိုင်းသူတော်စင်ကြီး၏ ရှေ့မှောက်၌ သူသည် မွေးကင်းစ ကလေးသူငယ်လေး တစ်ဦးပမာသာ ဖြစ်နေရရှာ၏။
ရှေးဟောင်းသိုင်းသူတော်စင်တစ်ပါး၏ အရှိန်အဝါသည် မည်မျှလောက်အထိ ကြီးမားခမ်းနားကြောင်းကို လူတိုင်း ပိုမို နားလည်သဘောပေါက်သွားကြလေတော့သည်။ ဤသည်မှာ နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီး တစ်ခုသဖွယ် ကွာခြားလွန်းလှသည့် စွမ်းအားကွာဟချက်ပင် ဖြစ်ပေ၏။
ကောလာဟလ သတင်းစကားများအရ ဆိုရလျှင်၊ ၎င်းက ရှေးဟောင်းသိုင်းသူတော်စင်ကြီးများ၏ အထွတ်အထိပ် စွမ်းအားအဆင့် မဟုတ်သေးကြောင်းကိုလည်း သိရှိရလေသည်။
တာအိုဆရာ လုံရှန်း ဟန်ချက်ပြန်ထိန်းလိုက်ပြီး နောက်ထပ် သွေးတစ်လုပ် အန်ချလိုက်ပြန်သည်။ သူ့အဆုတ်များ တုန်ခါနေပြီး အတွင်းဒဏ်ရာ ရသွားကြောင်း ထင်ရှားသည်။
သူ နားလည်လိုက်သည်။
ဤသည်မှာ နေနီသိုင်းသူတော်စင်ကြီးက သူ့အား အလေးအနက်ထား၍ တိုက်ခိုက်ခြင်းမျိုး မဟုတ်သေးချေ။ ပေါ့ပေါ့ပါးပါး လက်တစ်ဖက် ဝှေ့ယမ်းရိုက်ခတ်လိုက်ရုံမျှသာ ရှိသေး၏။ သို့မဟုတ်ပါက သူသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားလောက်ပေသည်။
တာအိုဆရာ လုံရှန်းရင်ထဲတွင် အားငယ်စိတ်များက တိုးဝင်လာရလေသည်။ ဘေးနားရှိ လော့ဖူဓားသခင်ကို လှမ်းကြည့်လိုက်မိသောအခါမှသာ သူ သဘောပေါက် နားလည်သွားလေတော့၏။
ဤနေနီသိုင်းသူတော်စင်ကြီးက အကြောင်းပြချက် သက်သက် ရှာဖွေနေခြင်းသာ ဖြစ်ပေသည်။
သူ၏ တကယ့်ရည်ရွယ်ချက် အစစ်အမှန်မှာ သူ၏ လက်အောက်ငယ်သား အသစ်စက်စက်အတွက် လက်စားချေပေးလိုရင်းသာ ဖြစ်တန်ရာ၏။