← Chapters

လူငယ်တာအိုဆရာ (အပိုင်း ၄)

Vol. 24 Ch. 357

လူငယ်တာအိုဆရာ (အပိုင်း ၄)

Vol. 24 Ch. 357

~အစပိုင်းကတော့ လျစ်လျူရှုခံရ၍ ဒေါသထွက်ခဲ့တာ ဖြစ်သော်ငြား ၊ ယခုတော့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲ ဖြစ်သွားပြီ ဖြစ်လေ၏။

ကောင်းကင်ယံတွင် မဟာနေမင်းတစ်စင်း ပျံဝဲနေ၏။ ရွှေရောင်ကျီးကန်းကြီးက အတောင်ပံများကို ဖြန့်ကျက်လိုက်ရာ ပိုမို ကြမ်းတမ်းခက်ထန်လာပြီး၊ ကြောက်မက်ဖွယ် အပူရှိန်ကြောင့် ကောင်းကင်ဘုံလူသား အဆင့်များပင် ချွေးတလုံးလုံး ဖြစ်ကုန်ကြသည်။ အခြား သိုင်းပညာရှင်များ ဆိုလျှင် လည်ချောင်းများ ခြောက်ကပ်လာပြီး၊ နောက်တစ်စက္ကန့်တွင် အသက်ပါ ပါသွားတော့မလို ခံစားလိုက်ကြရသည်။ သူတို့သာ အဝေးသို့ ရောက်မနေလျှင်၊ ချက်ချင်းဆိုသလို ခြောက်သွေ့သော အလောင်းကောင်များ၊ သို့မဟုတ် ပြာမှုန့်များ ဖြစ်သွားလောက်သည်။

ပင်လယ်ရေများ အငွေ့ပျံသွားပြီး အဖြူရောင် မြူခိုးများ ဖြစ်လာသော်လည်း၊ ထိုမြူခိုးများပါ ထပ်မံ လောင်ကျွမ်းသွားပြန်၏။ ပင်လယ်ပြင်ကြီး နိမ့်ဆင်းသွားပြီး ဘေးပတ်ဝန်းကျင်မှ ရေများက ဝင်ရောက်ဖြည့်ဆည်းပေးချိန် မရလိုက်။ သူတို့နှစ်ဦး ရပ်နေသော နေရာတွင် ကြောက်မက်ဖွယ်ကောင်းသော ပင်လယ်တွင်းနက်ကြီး တစ်ခု ဖွဲ့တည်လာလေတော့သည်။

ဤမြင်ကွင်းသည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပြီး၊ ရှေးဟောင်း သူတော်စင်၏ စွမ်းအားကို လူတိုင်း အံ့သြမှင်သက်သွားကြရသည်။

သို့သော် နင်ချီကတော့ အလွန် တည်ငြိမ်နေဆဲ။

“ငါ့ဆရာကို စော်ကားတဲ့သူ... သေရမယ်”

တိုးတိုးလေး ပြောလိုက်သော စကားသံထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။ စောစောက သုံးကောင်က အမြည်းပဲ ရှိသေးသည်။ နေနီ သိုင်းသူတော်စင်ကမှ အဓိက တရားခံ။

သူ့ရှေ့က နေနီ သိုင်းသူတော်စင်သည် 'တာအိုဆရာ ပိုင်ရှန်'တို့၊ လူရိုင်းဧကရာဇ်တို့နှင့် ယှဉ်လျှင် အများကြီး နိမ့်ပါး၏။ အလွန်ဆုံးရှိမှ ဗုဒ္ဓပေါင်ရှုလောက်ပဲ ရှိမည်။ အရင်တုန်းက အစစ်အမှန်နက်ရှိုင်းတောင်ပေါ်မှာ ဗုဒ္ဓပေါင်ရှုကိုတောင် သူ မကြောက်ခဲ့၊ အခု ဓားမမိစ္ဆာကြီးနှင့် စမ်းသပ်မှုတွေ လုပ်ရင်း ဝိညာဉ်စွမ်းအားကို ပိုမို ကျွမ်းကျင်လာခဲ့ပြီ ဖြစ်ရာ၊ နေနီ သိုင်းသူတော်စင်လောက်ကို နင်ချီ အဘယ်သို့ ကြောက်ပါ့မည်နည်း။

ယွီဘုရင်ပုလဲ တုန်ခါသွားပြီး အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။ နဂါးဖြူကြီး၏ အကြေးခွံများ တောက်ပလာပြီး၊ နဂါးလက်သည်းများသည် နှင်းခဲများ ရိုက်ခတ်ထားသကဲ့သို့ အေးစက်နေကာ လေဟာနယ်ကို ဆုတ်ဖြဲပစ်ရန် အသင့် ဖြစ်နေ၏။

နောက်တစ်ခဏတွင်...၊

နဂါးဖြူနှင့် ရွှေရောင်ကျီးကန်းတို့ ပြင်းထန်စွာ ထိပ်တိုက် တွေ့ကြလေတော့သည်။

ဝိညာဉ်သားရဲနှစ်ကောင် တိုက်ခိုက်သော နေရာတွင် အမည်းရောင် အက်ကွဲကြောင်းများ ပေါ်လာလိုက်၊ ပြန်ပျောက်သွားလိုက်နှင့်။ ကောင်းကင်ယံတွင် လှိုင်းဂယက်များ ထနေပြီး၊ ပတ်ဝန်းကျင်မှ ကောင်းကင်နှင့်မြေကြီး စွမ်းအားများ ကစဉ့်ကလျား ဖြစ်ကုန်ကြသည်။

“ဒါ အစစ်အမှန်နက်ရှိုင်းတောင်ပေါ်မှာ ပေါ်လာဖူးတဲ့ ရှေးဟောင်း သူတော်စင်ပဲ... သူက အစစ်အမှန်သိုင်းဂိုဏ်းက ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ... အစစ်အမှန်သိုင်းဂိုဏ်း ဒီလောက် မြန်မြန်ဆန်ဆန် တက်လာတာ မဆန်းပါဘူး... သူတို့နောက်မှာ ရှေးဟောင်း သူတော်စင် ရှိနေတာကိုး”

လူတစ်ယောက်က နင်ချီကို မှတ်မိသွားပြီး အာမေဋိတ် သံဖြင့် အော်ပြောလိုက်သည်။

သူတို့ မြင်လိုက်ရသည်။

နဂါးဖြူကြီးက သိသိသာသာကို အသာစီး ရနေပြီး၊ ရွှေရောင်ကျီးကန်းကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားသည်။ မဟာနေမင်း သံလိုက်အိမ်မြှောင်ကသာ ဝိညာဉ်စွမ်းအားတွေကို မရပ်မနား ဖြည့်ဆည်းပေးမနေလျှင်၊ ရွှေရောင်ကျီးကန်းက အခုလောက်ဆို ကျရှုံးနေလောက်ပြီ ဖြစ်လေ၏။

ဒါတောင်မှ စွမ်းအား ကွာခြားချက်က တစ်ချက်ကြည့်လိုက်ရုံနှင့် သိသာလွန်းနေ၏။

နေနီ သိုင်းသူတော်စင်၏ မျက်နှာထား ရုပ်ဆိုးသွား၏။ ရုတ်တရက် တစ်ခုခုကို သတိရသွားပုံဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“မင်း... မင်း ဘယ်သူလဲ... မင်းသာ ရှေးဟောင်း သူတော်စင် ဆိုရင် အစစ်အမှန်သိုင်း ခန်းမဆောင်ထဲကို ဝင်လို့ရမှာ မဟုတ်ဘူး... မင်း တကယ်တမ်း ဘယ်သူလဲ”

သူ့စိတ်ထဲတွင် ကြောက်မက်ဖွယ် သံသယတစ်ခု ဝင်ရောက်လာသော်လည်း ယုံရခက်နေ၏။

နင်ချီ တည်ငြိမ်စွာ ပြုံးလိုက်သည်။

“တွင်းအောင်းဖား”

ထို လှောင်ပြောင်မှုကြောင့် နေနီ သိုင်းသူတော်စင်၏ မျက်နှာ နီရဲသွား၏။ အလွန်အမင်း နေရခက်သွားပြီး၊ သူ မသိသေးသော လျှို့ဝှက်ချက်များ ရှိနေသေးသလားဟု တွေးတောမိသွား၏။

ဖယထိုစဉ်၊ နင်ချီက လက်ဟန်အမူအရာ ပြောင်းလဲလိုက်သည်။

ဝိညာဉ်စွမ်းအားများ ခန့်မှန်းရခက်စွာ ပြောင်းလဲသွား၏။

နဂါးဖြူတို့၊ ရွှေရောင်ကျီးကန်းတို့ ဆိုတာ အပေါ်ယံ ပုံပန်းသဏ္ဍာန်တွေသာ ရှိသေးသည်။ အနက်ရှိုင်းဆုံး ယှဉ်ပြိုင်မှုက ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းမှာ ရှိလေ၏။

နေနီ သိုင်းသူတော်စင်၏ အကြောင်းကို သိသွားပြီ ဖြစ်ရာ၊ နင်ချီ လက်ညှာမနေတော့ပေ။

သူ့မျက်လုံးများ အေးစက်နေ၏။ နေနီ သိုင်းသူတော်စင်က သူ့ဆရာကို စော်ကားခဲ့သည်။ သေကို သေရမည်။

ယခုချက်ချင်း မသတ်နိုင်လျှင်တောင်မှ၊ ဒီအကြွေးကို မှတ်ထားပြီး အဆပေါင်းများစွာ ပြန်ပေးဆပ်ခိုင်းရမည်။

ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ လှိုင်းထန်လာ၏။

နင်ချီ၏ စွမ်းအားက ယွီဘုရင်ပုလဲ တစ်ခုတည်းမှ လာတာ မဟုတ်‌ချေ။

သိုင်းသူတော်စင် ရတနာတွေကို ဖယ်လိုက်လျှင်တောင်မှ၊ သူ့ကိုယ်ပိုင် စွမ်းအားက လက်ရှိ ရှေးဟောင်း သူတော်စင်တွေထက် အများကြီး ပိုကြောက်စရာ ကောင်းနေလေ၏။

'ကောင်းကင်ဘုံလူသား တံတား' ပွင့်သွား၏။ 'ပန်းပွင့်သုံးပွင့် ထိပ်မှာ စုဝေး' လိုက်သည်။

ပတ်ဝန်းကျင်မှ ကောင်းကင်နှင့်မြေကြီး စွမ်းအား အမျှင်တန်းများ စုစည်းလာသည်။ ကစဉ့်ကလျား ဖြစ်နေသော အခြေအနေကိုပင် ဂရုမစိုက်တော့။

ထို့နောက်... အားလုံး၏ အံ့သြထိတ်လန့်နေသော အကြည့်အောက်တွင်...၊

ကောင်းကင်ဓား တစ်စင်းပြီး တစ်စင်း ဖွဲ့တည်လာသည်။ ယခု မြင်ကွင်းက ယခင်ကထက် အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းလှ၏။ ကောင်းကင်ဓားများသည် ကြယ်တာရာများအလား များပြားလွန်းလှပြီး လေဟာနယ် တစ်ခုလုံး ပြည့်နှက်သွား၏။

အဆုံးအစမရှိသော ထက်ရှသည့် အရှိန်အဝါကြောင့် နေနီ သိုင်းသူတော်စင်၏ မျက်လုံးများထဲတွင်ပင် မယုံကြည်နိုင်မှုများ ယှက်သန်းလာသည်။

သေချာသည်။

‘ဒါက သိုင်းသူတော်စင် စွမ်းအား မဟုတ်ဘူး။ ကောင်းကင်နှင့်မြေကြီး စွမ်းအား သက်သက်ကနေ ပေါက်ကွဲထွက်လာတဲ့ စွမ်းအားပဲ။’

ထိုအခိုက်အတန့်၌၊ နင်ချီ၏ အကြည့်က တည်ငြိမ်ပြီး အေးစက်နေ၏။

“ဓားပေါင်းတစ်သောင်း မူလပြန်ခြင်း”

All Chapters