ရှေးဟောင်းသူတော်စင်အား ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်း
Vol. 24 Ch. 358
~ကောင်းကင်ယံတွင် ပြည့်နှက်နေသော 'ကောင်းကင်ဓား' များကို ကြည့်ပြီး နေနီ သိုင်းသူတော်စင် တုန်လှုပ်သွားရသည်။ သူ့မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ အထင်းသား။
“လူတစ်ယောက်တည်းက ဒီလောက်များပြားတဲ့ ကောင်းကင်နှင့်မြေကြီး စွမ်းအားတွေကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်ရတာလဲ... ဒါ အထူးပြုလုပ်ထားတဲ့ လျှို့ဝှက်ရတနာ တစ်ခုခုများလား”
သူ့ရင်ထဲတွင် မုန်တိုင်းထန်နေ၏။
သူ ယခုလို တွေးမိတာ မဆန်းပါ။
တကယ်ကို မယုံနိုင်စရာ ကောင်းလွန်း၍ပင်။ ကောင်းကင်ဓား တစ်စင်းတည်းနှင့်တင် အလွန် အစွမ်းထက်နေပြီ၊ ယခု သောင်းချီသော ကောင်းကင်ဓားတွေတဲ့လား။
ဒါက ရှေးဟောင်း သူတော်စင်တွေတောင် ကြောက်ရွံ့လေးစားရမည့် အင်အားစုကြီးပင်။ ခေတ်အဆက်ဆက်က ပါရမီရှင်တွေဟာ သာမန် ကောင်းကင်ဘုံလူသားတွေထက် အဆပေါင်းများစွာ သာလွန်သည့် အုတ်မြစ်ကို တည်ဆောက်ခဲ့ကြပြီး၊ ကောင်းကင်ဘုံလူသား အဆင့်မှာ ပြိုင်ဘက်ကင်း ဖြစ်ခဲ့ကြသည်။
သို့တိုင်၊ သူ့ရှေ့က လူငယ် တာအိုဆရာလေး၏ အုတ်မြစ်က ထို ပါရမီရှင်တွေထက်တောင် ပိုပြီး ကြံ့ခိုင်နေသေး၏။
ဒါက သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေ၏။
“ဒီလူရဲ့ တကယ့် ဇာစ်မြစ်က ဘာလဲ”
နေနီ သိုင်းသူတော်စင် ၏ ခေါင်းထဲတွင် အတွေးပေါင်းစုံ လည်ပတ်နေပြီး၊ လူရိပ်ပေါင်းများစွာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေ၏။
သို့သော် သူ့မှာ တွေးတောနေချိန် မရှိတော့။
သောင်းချီသော ကောင်းကင်ဓားများ တိုက်ခိုက်လာကြပြီ ဖြစ်လေ၏။
သမုဒ္ဒရာ တစ်ခုလုံး ဖိနှိပ်ခံလိုက်ရသည်။
ကြည့်ရှုနေသူ အပေါင်းတို့ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ တိုက်ပွဲစကတည်းက နောက်ဆုတ်ခဲ့ကြသော်လည်း၊ ယခုအခါ ပို၍ ဝေးဝေးသို့ ထပ်မံ ဆုတ်ခွာနေကြရသည်။ တိုက်ခိုက်နေသူ နှစ်ဦး၏ အရိပ်အယောင်ကိုပင် မမြင်ရတော့။ ကျင့်ကြံခြင်းအဆင့် နိမ့်သူများ ဆိုလျှင် အရှိန်အဝါ အပြောင်းအလဲကို ကြည့်ပြီးမှသာ တိုက်ပွဲအခြေအနေကို ခန့်မှန်းနေကြရသည်။
ယဲ့ချင်းဟယ် ပါးစပ်အဟောင်းသား ဖြစ်သွား၏။
“ကိုးလေး အစွမ်းကုန် ထုတ်သုံးလိုက်ရင် ဒီလောက် ကြောက်စရာကောင်းတာလား... တကယ် မိုက်တာပဲ”
သူမ ရင်ထဲတွင် အံ့သြမှုများနှင့် အတူ ကြီးမားသော စိတ်သက်သာရာရမှုများ ပြည့်နှက်သွား၏။
တစ်ချိန်က သူမနောက် တကောက်ကောက် လိုက်နေတတ်သော ကောင်လေးက မသိလိုက်မသိဘာသာနှင့် ဒီလောက်အထိ စွမ်းအားကြီးလာခဲ့ပြီ ဖြစ်၏။ ယခုဆို အစစ်အမှန်သိုင်းဂိုဏ်း၏ မိုးထိတိုင်ကြီး တစ်တိုင် ဖြစ်နေလေ၏။
အစစ်အမှန်သိုင်းဂိုဏ်းသားများ တစ်ယောက်ပြီး တစ်ယောက် စိတ်လှုပ်ရှားလွန်း၍ တုန်ယင်နေကြသည်။
သူတို့ကတော့ နင်ချီဟာ ရှေးဟောင်း သူတော်စင် တစ်ပါး ဝင်စားသည်ဟု ယုံကြည်နေကြပြီ ဖြစ်လေ၏။
အားကျလေးစားသော အကြည့်ပေါင်းများစွာအောက်တွင်...၊
ကောင်းကင်ဓားများသည် ကြယ်တာရာများ ကြွေကျလာသကဲ့သို့ သက်ဆင်းလာကြသည်။ လေဟာနယ်တွင် သေးငယ်သော အက်ကွဲကြောင်းများ ပေါ်လာသည်အထိ ထက်ရှလွန်းလှသည်။
နင်ချီသည် မိမိ၏ ဓားချီစွမ်းအင်များကို ချင့်ချိန်စမ်းသပ်သည့် သဘောမျိုးဖြင့် တိုက်ခိုက်နေခြင်း မဟုတ်ချေ။
အစအဦးကတည်းကပင် သူ၏ ရှိသမျှ အစွမ်းအစ အားလုံးကို ထုတ်ဖော်၍ တိုက်ခိုက်ချေမှုန်းလိုက်ခြင်းသာ ဖြစ်လေသည်။
နေနီ သိုင်းသူတော်စင် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည့်အခါ၊ ကောင်းကင်ကို မော့ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ့နောက်ကျောဘက်မှ မဟာနေမင်း ပေါက်ကွဲထွက်ပေါ်လာပြီး၊ ရွှေနီရောင် အလင်းတန်းများ ဖြာထွက်လာသည်။ သံလိုက်အိမ်မြှောင်ကြီး လျင်မြန်စွာ လည်ပတ်နေပြီး၊ ခမ်းနားထည်ဝါသော မီးခြင်္သေ့ကြီး တစ်ကောင် ပြေးထွက်လာသည်။ ထို့နောက် မရေမတွက်နိုင်သော မီးကျီးကန်းများ နောက်မှ လိုက်ပါလာကြသည်။
နှစ်ဖက်စလုံး အစွမ်းကုန် ထုတ်သုံးနေကြပြီ ဖြစ်လေ၏။
မီးကျီးကန်းများက ပင်လယ်ကို လောင်ကျွမ်းစေပြီး၊ ကောင်းကင်ဓားများက နေမင်းကို ဖိနှိပ်ထားသည်။
ဤမြင်ကွင်းသည် လူတိုင်း၏ မျက်လုံးထဲတွင် စွဲထင်ကျန်ရစ်ခဲ့ပြီး၊ တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ပေ။
“ဝုန်း... ဝုန်း...”
ကြောက်မက်ဖွယ် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။
ကောင်းကင်ဓားများသည် မီးကျီးကန်း တစ်ကောင်ချင်းစီကို ထိုးဖောက်သွား၏။ တားဆီး၍ မရနိုင်။ ရွှေရောင်ကျီးကန်းနှင့် မီးခြင်္သေ့ကြီးတို့ ရှေ့သို့ တိုးဝင်လာကြသော်လည်း၊ ကောင်းကင်ဓားများ၏ ဝိုင်းရံပိတ်ဆို့မှုကို ခံလိုက်ရသည်။ ကြောက်ခမန်းလိလိ အရေအတွက်က အရည်အသွေးကို လွှမ်းမိုးသွားပြီး၊ ကောင်းကင်တစ်ခုလုံး သွေးရောင် လွှမ်းသွားစေ၏။ နှစ်ဖက်စလုံး တင်းခံထားကြသော်လည်း၊ ကောင်းကင်ဓားများ၏ ထက်ရှမှုက လျော့ပါးမသွားကြောင်း သိသာထင်ရှားနေ၏။
နင်ချီ ဓားကွက် ပြောင်းလိုက်သည်။
ကျန်ရှိနေသော ကောင်းကင်ဓားများ ထပ်မံ ပြောင်းလဲသွားကြပြန်သည်။
နောက်တစ်ခဏတွင် ဧရာမ ကောင်းကင်ဓားကြီး တစ်စင်းအဖြစ် စုစည်းသွား၏။ ဓားပုံသဏ္ဍာန် ရှေးဟောင်း တောင်ကြီးတစ်လုံးနှင့် တူနေပြီး၊ ပိုမို ထက်ရှလာရုံသာမက၊ အလွန်အမင်း လေးလံသော အရှိန်အဝါများကိုပါ ထုတ်လွှတ်နေ၏။ ခမ်းနားကြီးကျယ်သော အရှိန်အဟုန်ဖြင့် နေနီ သိုင်းသူတော်စင်ကို ထပ်မံ ဖိနှိပ်လိုက်လေသည်။
နေနီ သိုင်းသူတော်စင်၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွား၏။ ထူထဲသော ခြိမ်းခြောက်မှု အငွေ့အသက်များကြောင့် တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထသွားရသည်။
တုံ့ဆိုင်းမနေဘဲ သူ ဝိညာဉ်သွေး တစ်လုပ် ထွေးထုတ်လိုက်သည်။ ရင်ထဲတွင် နာကျင်သွားပြီး နှလုံးသွေး ယိုစီးသွားသလို ခံစားလိုက်ရသော်လည်း၊ မတတ်နိုင်တော့ပေ။
မှေးမှိန်နေသော မဟာနေမင်းသည် ဝိညာဉ်သွေးများဖြင့် အားဖြည့်ခံလိုက်ရပြီး၊ တောက်ပသော အလင်းရောင်များဖြင့် ထပ်မံ ပေါက်ကွဲထွက်ပေါ်လာလေသည်။
ဧရာမ ကောင်းကင်ဓားကြီးနှင့် ရဲရဲတောက် မဟာနေမင်းတို့ ထိပ်တိုက် တွေ့ကြပြီ ဖြစ်လေ၏။
ကြောက်မက်ဖွယ် ပေါက်ကွဲသံကြောင့် ကောင်းကင်နှင့်မြေကြီး ခေတ္တမျှ တိတ်ဆိတ်သွား၏။
လူတိုင်း ထိုမြင်ကွင်းကို ထံထိုင်းစွာ ငေးကြည့်နေမိကြသည်။ ထို့နောက် အသံလှိုင်းကြီး ပေါက်ကွဲထွက်လာပြီး၊ လူတိုင်း နားကို လက်ဖြင့် အုပ်ကာ နေရခက်စွာ ညည်းညူလိုက်ကြသည်။
အချို့ဆိုလျှင် မျက်နှာပေါက် (၇) ပေါက်လုံးမှ သွေးများ စီးကျလာသဖြင့် အသက်ကယ်ဆေးလုံးများကို အလျင်အမြန် စားသုံးလိုက်ကြရသည်။ ဤတိုက်ပွဲသည် သေရေးရှင်ရေး တိုက်ပွဲများထက်ပင် ပို၍ အန္တရာယ်များလှသော်လည်း၊ လူအများအပြားက မကြည့်ဘဲ မနေနိုင်ကြပေ။
အလင်းရောင်များ ငြိမ်သက်သွား၏။
ယခုအခါ၊လူငယ် တာအိုဆရာလေးသည် နဂါးဖြူကြီး အပေါ်တွင် ကျက်သရေရှိစွာ ရပ်နေပြီး၊ ရှေ့ကို တည်ငြိမ်စွာ ကြည့်နေ၏။
နေနီ သိုင်းသူတော်စင်ကတော့ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပြီး၊ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ ဒေါသ အကြီးအကျယ် ထွက်နေပြီး မျက်လုံးများထဲတွင် ယုတ်မာသော အရောင်အဝါများ တောက်လောင်နေ၏။
“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... ဒီနေ့ ငါတို့ သေချာပေါက် အသေအကြေ တိုက်ရတော့မှာပဲ”
နေနီ သိုင်းသူတော်စင် အံကြိတ်လိုက်သည်။
“မင်းက မလျှော့ပေးချင်မှတော့... ဒီနေ့ တစ်ပွဲတစ်လမ်း ကောင်းကောင်း တိုက်ကြတာပေါ့... နှစ်ပေါင်း တစ်သောင်း စီမံကိန်းကြီး ပျက်စီးသွားမယ် ဆိုရင်တောင်မှလေ”
နင်ချီ ဘာမှ ပြန်မပြော။ အေးစက်စွာ နှာမှုတ်လိုက်ရုံသာ။
တစ်ဖက်လူ၏ ဟန်ဆောင်ပြောဆိုမှုအား သူ ရှင်းလင်းစွာ မြင်နေရလေ၏။
"နှစ်ပေါင်းတစ်သောင်း စီမံကိန်းကြီး ပျက်စီးသွားမည်" ဟူသော စကားမှာ သူ့အား ခြိမ်းခြောက်လိုသော ရည်ရွယ်ချက်သက်သက်ဖြင့် ပြောကြားနေခြင်းသာ ဖြစ်သည်။
နှမြောတသ ဖြစ်ဖွယ်ကောင်းလှ၏။ မိမိသည် ရှေးဟောင်း သိုင်းသူတော်စင် တစ်ပါး မဟုတ်သည်ကိုး။
ယနေ့တွင် ဤပြိုင်ဘက်အား သတ်ဖြတ်နိုင်ခြင်း မရှိသေးလျှင်ပင်၊ လုံလောက်သော တန်ဖိုးတစ်ခုကိုတော့ ပေးဆပ်စေရမည်။ ဝိညာဉ်သွေး တစ်လုပ်စာမျှဖြင့် လုံလောက်မှု မရှိနိုင်သေးချေ။
သူ့ဆရာ သွေးအန်ခဲ့ရတာကို ပြန်တွေးမိပြီး နင်ချီ၏ မျက်လုံးများ ရေခဲတမျှ အေးစက်သွားပြန်သည်။
ကောင်းကင်နှင့်မြေကြီး စွမ်းအားများ စုစည်းလာပြီး၊ သူ့ခန္ဓာကိုယ်တွင်းမှ အရှိန်အဝါများကို လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ငြိမ်သက်သွားစေ၏။ ခြေရင်းမှ နဂါးဖြူကြီးက ခေါင်းထောင်လာပြီး ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်သည်။ နေနီ သိုင်းသူတော်စင် စိတ်ထဲတွင် ကျိန်ဆဲလိုက်သော်လည်း အသေအလဲ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ရသည်။ သည်လောက် အရှက်တကွဲနှင့် ထွက်သွားရလျှင် သူ့ဂုဏ်သိက္ခာတွေ အကုန် ရေစုန်မျောကုန်မည်ပင်။
သို့သော်ငြားလည်း ရုတ်ချည်းဆိုသလို…၊
နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း အရပ်မျက်နှာ တစ်ခုဆီသို့ လှည့်ကြည့်လိုက်ကြသည်။
ပင်လယ်ပြင် အဝေးဆီတွင် မျက်ကန်း အဘိုးအိုတစ်ဦး တောင်ဝှေးကို ထောက်လျက် လျှောက်လှမ်းလာနေ၏။ သူ့မျက်နှာပေါ်တွင် မတတ်သာသော သက်ပြင်းချမှုများ ပါဝင်နေ၏။
အစစ်အမှန်နက်ရှိုင်းတောင်ပေါ်က အဘိုးအို၏ လုပ်ရပ်တွေကို ပြန်တွေးမိပြီး နင်ချီ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွား၏။ နေနီ သိုင်းသူတော်စင်ကတော့ ရင်ထဲတွင် ပျော်ရွှင်သွားပြီး အေးစက်စွာ ရယ်မောလိုက်သည်။
“ဒီနေ့ ဘယ်သူက အထက်စီး ရမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့”
ကောင်းကင်သတ် သိုင်းသူတော်စင် ဝင်ပါလိမ့်မည်ဟု နေနီ သိုင်းသူတော်စင် ယုံကြည်နေ၏။ ထို့ကြောင့် စိုးရိမ်စိတ် မရှိတော့။ သူ့ဂုဏ်သိက္ခာ ကျဆင်းမှာကို မလိုလားတော့ပေ။
နင်ချီက တစ်ဖက်လူ၏ မောက်မာမှုကို မြင်တော့ ဘာမှ မပြောချေ။
နဂါးဖြူကြီးသာ ပိုမို ကြမ်းတမ်းခက်ထန်စွာ တိုးဝင်သွား၏။
ကောင်းကင်သတ်သိုင်းသူတော်စင် ဝင်ရောက်ပါဝင်လာခဲ့လျှင်မူ သူသည် ခဏတာ ရပ်တန့်သွားရမည်မှာ မလွဲပေ။
သို့သော် ၎င်းသိုင်းသူတော်စင် ဝင်ရောက်ပါဝင်ခြင်း မပြုသေးသရွေ့တော့ မမြင်ချင်ယောင်ဆောင်ကာ မိမိ၏ လုပ်ဆောင်ချက်ကို ဆက်လက် လုပ်ဆောင်နေဦးမည်သာ ဖြစ်လေသည်။
ဝိညာဉ်စွမ်းအား အမျှင်တန်းများကြောင့် လေဟာနယ် တုန်ခါသွား၏။
နဂါးဖြူကြီးသည် မှေးမှိန်နေသော ရွှေရောင်ကျီးကန်းကို အဆက်မပြတ် ရိုက်နှက်နေ၏။ နေနီ သိုင်းသူတော်စင်က ဝိညာဉ်သွေး အားဖြည့်မှုကို မသုံးဘဲ ခုခံနေရသည်။
မဟာနေမင်း သံလိုက်အိမ်မြှောင်သည် သူ့လက်ထဲသို့ ဘယ်အချိန်က ရောက်နေမှန်း မသိဘဲ၊ ဝိညာဉ်စွမ်းအားများကို အစွမ်းကုန် ဖြည့်ဆည်းပေးနေလေတော့သည်။