ရှေးဟောင်းသူတော်စင်အား ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်း (အပိုင်း ၂)
Vol. 24 Ch. 359
~ကောင်းကင်သတ် သိုင်းသူတော်စင်က အနားသို့ ရောက်နေလေ၏။
သူ စကားပြောဖို့ ပြင်လိုက်စဉ်မှာပင်...
ရုတ်တရက်...
အေးဆေးငြိမ်သက်နေသော မြူခိုးများ ပြောင်းလဲသွား၏။
လူတိုင်း၏ အံ့သြထိတ်လန့်နေသော အကြည့်များအောက်တွင်၊ မြူခိုးများသည် ဧရာမ သတ္တဝါကြီး တစ်ကောင် ပါးစပ်ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားပြီး ကောင်းကင်သတ် သိုင်းသူတော်စင်ကို ဝါးမြိုပစ်လိုက်လေတော့သည်။
နင်ချီ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။ တစ်စုံတစ်ခုကို သဘောပေါက်လိုက်သကဲ့သို့ အပြုံးရိပ်တစ်ခု ပေါ်လာ၏။
နေနီ သိုင်းသူတော်စင်၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွား၏။
နင်ချီက အချိန်ဖြုန်းမနေတော့။
ဒီ ခဏတာ အချိန်လေးအတွင်းမှာ သူ့ခန္ဓာကိုယ်ထဲက ချီအနှစ်သာရတွေ အတော်လေး ပြန်ပြည့်လာပြီ ဖြစ်လေ၏။ သူ လက်ကို ဝှေ့ယမ်းလိုက်ရာ လေဟာနယ်ထဲတွင် သိပ်သည်းသော ကောင်းကင်ဓားများ ထပ်မံ ပေါ်ထွက်လာပြန်သည်။ အရင်လောက် အရေအတွက် မများတော့သော်ငြား၊ နောက်ထပ် ဧရာမ ကောင်းကင်ဓားကြီး တစ်စင်း ဖွဲ့စည်းဖို့ လုံလောက်နေသေးသည်။
ထပ်မံ ဖိနှိပ်လာသော ဧရာမ ကောင်းကင်ဓားကြီးကို ကြည့်ရင်း၊ နေနီ သိုင်းသူတော်စင် အံကိုတင်းတင်းကြိတ်ကာ ဝိညာဉ်သွေး တစ်လုပ် ထပ်မံ ထွေးထုတ်လိုက်ရပြန်သည်။
မဟာနေမင်း၏ အလင်းရောင်များ ပြန်လည် တောက်ပလာပြီး၊ ရွှေရောင်ကျီးကန်းကြီးက နာကျင်စွာ အော်ဟစ်လိုက်သည်။
ကောင်းကင်ယံတွင် တုန်ခါသံများ ပဲ့တင်ထပ်သွားပြန်သည်။
သည်တစ်ခါတော့...
နင်ချီ မရပ်တန့်တော့။
သူ့မျက်လုံးများ ရွှေရောင် တောက်ပနေပြီး၊ အေးစက်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။ စောစောကတည်းက သူ နေနီ သိုင်းသူတော်စင်၏ အခြေအနေမှန်ကို တွက်ချက်ထားပြီးသား။
ပေါက်ကွဲအား အလုံအလောက် ရှိသော်ငြား၊၊ ဝိညာဉ်သွေးကို နှစ်ကြိမ်သုံးကြိမ်လောက်ပဲ ထုတ်သုံးရဲ၏။ ဒါ အခွင့်အရေးပင်။
နည်းဗျူဟာဟောင်းကို ဒုတိယအကြိမ် ပြန်သုံးမှာ မဟုတ်ချေ။
ထိုအချိန်တွင်...၊
မဟာနေမင်းနှင့် ကောင်းကင်ဓားကြီး ထိပ်တိုက် တွေ့နေချိန်၌...၊
နင်ချီသည် စိတ်နှင့် ခန္ဓာ တစ်သားတည်း ဖြစ်သွားပြီး၊ သူ့ခန္ဓာကိုယ်ထဲတွင် ကာလကြာရှည်စွာ ပြုစုပျိုးထောင်ထားခဲ့သော 'မူလနတ်ဘုရား ဓားချီ' ကို ရက်ရက်စက်စက် ထုတ်လွှတ်လိုက်လေတော့သည်။
'ဓားပေါင်းတစ်သောင်း မူလပြန်ခြင်း' ၏ အားသာချက်က အဆုံးအစမရှိ ဆက်တိုက် တိုက်ခိုက်နိုင်ပြီး အသက်စွမ်းအင် ပြည့်ဝခြင်းတည်း။ သို့သော်၊ 'မူလနတ်ဘုရား ဓားချီ' ၏ အားသာချက်ကတော့ အစွန်းရောက် ထက်ရှမှုနှင့် ပေါက်ကွဲအားပင်။ တစ်ချက်တည်း အသေအကြေ တိုက်ခိုက်တာမျိုးမှာ ဆိုရင်တော့ မူလနတ်ဘုရား ဓားချီက ဧရာမ ကောင်းကင်ဓားကြီးထက် အများကြီး သာလွန်ပေ၏။
လေဟာနယ်ထဲတွင် လက်ချောင်းတစ်ချောင်းစာခန့် ထူထဲသော အက်ကွဲကြောင်း တစ်ခု ပေပေါင်းရာချီ ရှည်ထွက်သွား၏။ ၎င်းက၊ ချက်ချင်း ပြန်မပိတ်သွားဘဲ ဟာလာဟင်းလင်း ဖြစ်ကျန်ရစ်ခဲ့သည်။
နေနီ သိုင်းသူတော်စင်၏ မျက်နှာထား ကြောက်လန့်တကြား ဖြစ်သွားပြီး၊ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွား၏။
သို့ရာတွင်၊ ယခုအချိန်မှာ သူက အားကုန်နေပြီး အားသစ် မမွေးနိုင်သေးသည့် အခြေအနေ ဖြစ်နေ၏။ ဝိညာဉ်သွေးက အသုံးဝင်သော်ငြား၊၊ စိတ်ရှိတိုင်း ထွေးထုတ်၍ မရချေ။
“ကောင်းကင်သတ် သိုင်းသူတော်စင်... ကယ်ပါဦး”
သူ့အော်သံထဲမှာ ကြောက်ရွံ့မှု အရိပ်အယောင်များ ပါဝင်နေ၏။
မြူခိုးများ လှုပ်ရှားနေသော်လည်း၊ မည်သူမှ ထွက်မလာချေ။
နေနီ သိုင်းသူတော်စင် မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရသည်။ အရေးကြီးသည့် အခိုက်အတန့်မှာ အံကြိတ်ပြီး မဟာနေမင်း သံလိုက်အိမ်မြှောင်ကို ပစ်လွှတ်လိုက်ရတော့သည်။
ရွှေရောင်ကျီးကန်းကြီးက ကြောက်မက်ဖွယ် ဓားချီ၏ ထိုးဖောက်မှုကို ခံလိုက်ရပြီး သနားစဖွယ် အော်မြည်လိုက်သည်။
မဟာနေမင်း သံလိုက်အိမ်မြှောင်က ဓားချီနှင့် ဝင်တိုက်မိပြီး တချွင်ချွင် မြည်သံနှင့်အတူ အလင်းရောင်များ ပိုမို မှေးမှိန်သွားရသည်။
ဓားချီ တစ်ချက် ဝင်းလက်သွားပြီး၊ နေနီ သိုင်းသူတော်စင်၏ ခန္ဓာကိုယ်မှ ထူးဆန်းသော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာကာ ထူးဆန်းစွာ အော်ဟစ်လိုက်သည်။ လက်မောင်းတစ်ဖက် လေထဲသို့ လွင့်စဉ်သွား၏။ ထို့နောက် အမှုန့်အဖြစ် ကြေမွသွားလေတော့သည်။
ဓားချီ၏ နောက်ဆက်တွဲ ဂယက်ကြောင့် မဟာနေမင်း သံလိုက်အိမ်မြှောင်လည်း လွင့်ထွက်သွားရသည်။
နင်ချီ မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
‘တကယ်ပဲ... ဒီ ရှေးဟောင်း သူတော်စင်က သတ်ရခက်သားပဲ။’
သို့သော်၊ သူ လက်မလျှော့ပါ။
ဒုတိယမြောက် မူလနတ်ဘုရား ဓားချီကို ဖိအားပေး၍ ပြုစုပျိုးထောင်ဖို့ ပြင်လိုက်သည်။
နင်ချီ ခြေတစ်လှမ်း တိုးလိုက်သည်။ တစ်ကိုယ်လုံးမှ အလင်းရောင်များ ဖြာထွက်လာသည်။ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ လေဟာနယ် တုန်ခါသွား၏။ သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုက ယုံနိုင်စရာ မရှိလောက်အောင် စွမ်းအားကြီးလှသည်။ ပါးရိုက်ချက် တစ်ချက်က နေနီ သိုင်းသူတော်စင်၏ ပါးစပ်ကို ထိမှန်သွားပြီး သွားအချို့ ကျွတ်ထွက်ကာ သွေးများ ပန်းထွက်လာသည်။
ထိုအခါ.. နင်ချီ သက်ပြင်းချလိုက်မိသည်။
‘ရှေးဟောင်း သူတော်စင် ဆိုတာ တကယ်ပဲ အသားမာပြီး အရေထူတာပဲ။’
တခြားလူသာ ဆိုလျှင် အခုလောက်ဆို သွေးမြူမှုန် ဖြစ်သွားလောက်ပြီ ဖြစ်လေ၏။
အစစ်အမှန်သိုင်းဂိုဏ်းသားများက အလွန်အမင်း စိတ်လှုပ်ရှားစွာ ကြည့်နေကြပြီး၊ သွေးများ ဆူပွက်နေကြသည်။
တာအိုဆရာ လုံရှန်း၏ နှုတ်ခမ်းထောင့်စွန်းများ ဘယ်အချိန်ကတည်းက ကွေးညွှတ်သွားမှန်း မသိ။
နင်ချီက ပါးအနည်းငယ် ထပ်ရိုက်လိုက်ပြီး၊ အခွင့်အရေးရတာနှင့်၊ နေနီ သိုင်းသူတော်စင်ကို ဘောလုံးကန်သလို ကန်ထုတ်ပစ်လိုက်သည်။
လူတိုင်း မှင်သက်နေကြသည်။
ပင်လယ်ပြင်ထက်တွင် လူငယ် တာအိုဆရာလေး၏ ကြမ်းတမ်းရက်စက်မှုက စိတ်ကူးလို့ မရနိုင်လောက်အောင်ပင်။
နေနီ သိုင်းသူတော်စင်သည် ပေရာချီ လွင့်စဉ်ထွက်သွားပြီး မျက်လုံးများ သွေးရောင် လွှမ်းနေ၏။
အရှက်တကွဲ အကျိုးနည်း ဖြစ်ရပြီ ဖြစ်လေ၏။
တကယ့်ကို အရှက်ကွဲရပြီ ဖြစ်၏။
နေနီ သိုင်းသူတော်စင်ဆီမှ ဒေါသအရှိန်အဝါများ ထိုးတက်လာပြီး၊ အရာအားလုံးကို စွန့်စားကာ အသေအလဲ တိုက်ခိုက်ရန် ပြင်လိုက်သည်။
တိုးညင်းသော သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာပြီး၊ နင်ချီ၏ လက်သီးသည် တွန်းလှန်၍ မရနိုင်သော စွမ်းအားတစ်ခုကြောင့် ရပ်တန့်သွားကာ နောက်သို့ ညင်သာစွာ ဆုတ်ခွာသွားရသည်။ သူ့အကြည့်များ လှုပ်ရှားသွားပြီး၊ ပြုတ်ကျနေသော မဟာနေမင်း သံလိုက်အိမ်မြှောင်ကို ဓားချီဖြင့် သိမ်းယူလိုက်ကာ နောက်ဆုတ်လိုက်၏။
အခြေအနေကောင်းတုန်း ရပ်တန့်လိုက်ခြင်းက ပိုကောင်းသည်။ သူ့ခန္ဓာကိုယ်ထဲတွင် အတင်းအကျပ် ပြုစုပျိုးထောင်ထားသော မူလနတ်ဘုရား ဓားချီလည်း တဖြည်းဖြည်း ငြိမ်သက်သွား၏။
ဘယ်အချိန်က ရောက်လာမှန်း မသိဘဲ၊ ကောင်းကင်သတ် သိုင်းသူတော်စင်က သူတို့နှစ်ယောက်ကြားတွင် ရောက်ရှိနေပြီ ဖြစ်၏။
“နေနီ... တော်လိုက်ပါတော့... မင်း ဝိညာဉ်သွေးတွေ ကုန်သွားရင် အစကနေ ပြန်စရလိမ့်မယ်”
အဘိုးအိုက ညင်သာစွာ သက်ပြင်းချလိုက်သည်။
နေနီ သိုင်းသူတော်စင်၏ ကြမ်းတမ်းသော အရှိန်အဝါများသည် စွမ်းအားကြီးသော အင်အားတစ်ခုကြောင့် ငြိမ်သက်သွားသော်လည်း၊ သူ့မျက်လုံးများကတော့ သွေးရောင် လွှမ်းနေဆဲ။ လူစားမည့် သားရဲ တစ်ကောင်လိုပင်။
သူ နင်ချီကို စားမတတ်ဝါးမတတ် စိုက်ကြည့်နေပြီး တစ်စစီ ဆွဲဆုတ်ပစ်ချင်နေ၏။
လက်မောင်းတစ်ဖက် ပြတ်သွားတာက သိုင်းသူတော်စင် တစ်ပါးရဲ့ စွမ်းရည်ကို မထိခိုက်စေသော်ငြား၊ လူအများကြီး ရှေ့မှာ ယခုလို အရိုက်ခံလိုက်ရတာက သူ့ကို ရူးသွပ်သွားစေ၏။
“တန်ဖိုး ပြန်ပေးဆပ်ရမယ်”
နေနီ သိုင်းသူတော်စင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
နင်ချီက တည်ငြိမ်စွာ ပြန်ကြည့်လိုက်သည်။
“ဆက်ချင်ရင် လာလေ... ကျုပ်က မကြောက်ဘူး”
ကောင်းကင်သတ် သိုင်းသူတော်စင် ခေါင်းကိုက်သွား၏။
သူ လူငယ် တာအိုဆရာလေးကို မသိမသာ တစ်ချက် ကြည့်လိုက်ရာ၊ ရင်ထဲတွင် လှုပ်ရှားသွားမိသည်။
ဒီကလေးက တကယ် မရိုးဘူးပဲ။
ထို့နောက် သူက နေနီ သိုင်းသူတော်စင်ကို ကြည့်ပြီး ပြောလိုက်သည်။
“ဒီနေ့ကိစ္စ ၊ ဒီမှာတင် ရပ်လိုက်ကြစို့”
နင်ချီက ဆက်သွား၍ မဖြစ်နိုင်တော့မှန်း သိသလို၊ သူကလည်း ဘာမှ မဆုံးရှုံးလိုက်ရဘူး ဆိုတော့ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
သို့သော်၊ နေနီ သိုင်းသူတော်စင်က ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။
ဒီနေ့ မိမိ အများကြီး ဆုံးရှုံးလိုက်ရ၏။
ဂုဏ်သိက္ခာတွေ ကြေမွသွားပြီ ဖြစ်လေ၏။
နောင်ဆိုရင် မိမိက လူတွေ၏ ရယ်စရာ ဖြစ်လာတော့မှာကို ကြောက်ရွံ့နေမိသည်။
“လုံးဝ မဖြစ်နိုင်ဘူး”
နေနီ သိုင်းသူတော်စင်၏ မျက်လုံးများ အေးစက်နေ၏။
မျက်ကန်း အဘိုးအို ရုတ်တရက် ခေါင်းလှည့်လိုက်သည်။
ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးအိမ်များက စိတ်ဝိညာဉ်ထဲအထိ အေးစိမ့်သွားစေ၏။ သူ နေနီ သိုင်းသူတော်စင်ကို စိုက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ..ပြောတယ်လေ... တော်တော့လို့”
နေနီ သိုင်းသူတော်စင်သည် ရေအေးပုံးနှင့် အလောင်းခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ မူလက ရှိနေသော ဒေါသနှင့် နာကျည်းမှုများ ချက်ချင်း ငြိမ်းသတ်ခံလိုက်ရသည်။ သူ့မျက်နှာထား အမျိုးမျိုး ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အံကြိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ... ကောင်းကင်သတ် သိုင်းသူတော်စင်ရဲ့ မျက်နှာကို ထောက်ပြီးတော့ပေါ့”
သို့သော်ငြားလည်း နေနီ သိုင်းသူတော်စင်၏ စိတ်ထဲတွင်မူ တွေးတောနေမိလေ၏။
ကောင်းကင်သတ်သိုင်းသူတော်စင် မရှိသည့် အချိန်ကာလကို အခွင့်ကောင်းယူ၍၊ ယနေ့ အရှက်ကွဲခဲ့ရသမျှကို အရင်းရော အတိုးပါ ပြန်လည် တောင်းဆိုယူမည်ဟူ၍ ဖြစ်၏။ ဝိညာဉ်နိုးထခြင်း ဖြစ်ပေါ်လာပြီး ကောင်းကင်သတ်သိုင်းသူတော်စင် အားလပ်ချိန်မရှိသော အချိန်ရောက်လာပါက၊ ၎င်းသည် သူ့အတွက် အကြီးမားဆုံးသော အခွင့်အရေး ဖြစ်လာပေလိမ့်မည်။
မိမိ၏ ရှေ့မှောက်ရှိ လူငယ်တာအိုဆရာလေး၏ ဇာစ်မြစ်အကြောင်းကို အကြမ်းဖျင်း ခန့်မှန်း၍ ရနေလေ၏။ သူသည် ရှေးဟောင်း သိုင်းသူတော်စင် တစ်ပါး မဟုတ်သည်မှာ သေချာပေ၏။ ကျင့်ကြံခြင်းအုတ်မြစ်က သာမန်ထက် ထူးကဲပြီး နည်းစနစ်များက ဆန်းကြယ်နေသော်လည်း၊ နောက်ခံသမိုင်းကမူ သူတို့ပမာ နက်ရှိုင်းမှု မရှိလှပေ။
ထိုသို့ တွေးမိလိုက်ပြီးနောက် နေနီ သိုင်းသူတော်စင်က နင်ချီကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီး ဒေါသများကို တဖြည်းဖြည်း လျှော့ချလိုက်သည်။
“ငါ့ရဲ့ မဟာနေမင်း သံလိုက်အိမ်မြှောင် ပြန်ပေး”
နင်ချီ၏ မျက်နှာထားက မပြောင်းလဲပေ။
“ဘာ သံလိုက်အိမ်မြှောင်လဲ... မမြင်ဖူးပါဘူး”
နေနီ သိုင်းသူတော်စင် ဒေါသထွက်လွန်း၍ ဆွေ့ဆွေ့ခုန်သွား၏။ သူ မထိန်းချုပ်နိုင်တော့သည့် အချိန်မှာ ဒီကောင်လေးက သံလိုက်အိမ်မြှောင်ကို ဆွဲယူပြီး ဖျောက်ထားလိုက်တာကို သူ့ မျက်စိနှင့် တပ်အပ် မြင်လိုက်တာလေ။
အခုကျမှ မျက်နှာပြောင်တိုက်ပြီး ဗြောင်လိမ်နေသည်... တကယ့်ကို အရှက်မရှိသည့် သောက်ကလေး။
“မင်း ပေါက်ကရတွေ လာပြောမနေနဲ့... ရှင်းရှင်းလင်းလင်းကြီး မင်း ယူထားတာကို”
သူ ကောင်းကင်သတ် သိုင်းသူတော်စင် ဘက်သို့ လှည့်ကြည့်လိုက်သည်။
နင်ချီက အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ရိုးရိုးသားသား ပြောရရင် မမြင်ဖူးပါဘူးဗျာ... အဲ့ဒီလောက် အရည်အသွေးညံ့တဲ့ ပစ္စည်းမျိုး ဆိုရင်တော့ စောစောက ကျွန်တော့် ဓားချီကြောင့် ကြေမွသွားပြီ ထင်တယ်”
နေနီ သိုင်းသူတော်စင် ပိုပြီး ဒေါသထွက်လာသည်။
ကောင်းကင်သတ် သိုင်းသူတော်စင်က မတတ်သာသော လေသံဖြင့် ပြောလိုက်သည်။
“ မိတ်ဆွေလေး...”
နင်ချီ နည်းနည်း နှမြောသွား၏။ မူလက မဟာနေမင်း သံလိုက်အိမ်မြှောင်ကို ယူပြီး လေ့လာချင်ခဲ့၏ ။ယွီဘုရင်ပုလဲနဲ့ ဘာကွာခြားသလဲ ဆိုတာ သိချင်၍ပင်။ ယခုတော့ ပြန်ပေးရမည့် ပုံ ပေါက်နေလေ၏။ ကောင်းကင်သတ် သိုင်းသူတော်စင်၏ စွမ်းအားကို ထောက်ထားပြီး သူ သိပ်လွန်လို့ မဖြစ်ပါ။
သို့သော် ထိုအချိန်တွင်...
ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ပဲ့တင်ထပ်သွား၏။
လူတိုင်း၏ အာရုံ ထိုနေရာသို့ ရောက်သွားကြသည်။
ပင်လယ်ပြင်ကို လွှမ်းခြုံထားသော မြူခိုးများသည် ရုတ်တရက် ပြင်းထန်စွာ လှုပ်ခတ်လာပြီး၊ လျင်မြန်စွာ ကျုံ့ဝင်သွားသည်ကို တွေ့လိုက်ရသည်။
မြူခိုးများဖြင့် လုံးဝ ဖုံးလွှမ်းနေသော ကျွန်းတစ်ကျွန်း လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာသည်။
အတွင်းပိုင်း ရှုခင်းများကို မမြင်ရသော်လည်း၊ အင်မော်တယ် ကြိုးကြာများ ပျံသန်းနေသည်ကို ဝိုးတဝါး မြင်နေရပြီး၊ လေပြေအေးလေး တိုက်ခတ်လိုက်တိုင်း နတ်နန်းဆောင်များကို သဲ့သဲ့ မြင်တွေ့နေရသည်။
သိုင်းပညာရှင် အများအပြား တုန်လှုပ်သွားကြသည်။
“ဒါက အစစ်အမှန်သိုင်း ခန်းမဆောင်ရဲ့ ပုံစံအမှန်လား... လူ့ပြည်ကို ကျဆင်းလာတဲ့ နတ်ဘုံနန်းတော်ကြီး မဟုတ်ဘူးလား”
ဒီမှာရှိတဲ့ လူအများစုက ကျွန်းပေါ် ခြေမချဖူးကြဘူး။ အခုအချိန်မှာ အားလုံး စိတ်လှုပ်ရှားနေကြပြီး၊ တချို့ဆိုရင် ကျွန်းဆီသို့ မသွားဘဲ မနေနိုင်အောင် ဖြစ်နေကြသည်။
သို့ရာတွင်၊ နောက်တစ်ခဏတွင်...၊
ထိုလူများ ကြောက်လန့်တကြား ရပ်တန့်သွားကြသည်။
“ဝုန်း...”
နောက်ထပ် မိုးခြိမ်းသံပမာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြန်၏။
ပင်လယ်ပြင်ကြီး ပြောင်းပြန်လှန်သွားပြီး၊ မိုးထိအောင် မြင့်မားသော ရေတိုင်ကြီးများ တိမ်တိုက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။
ထို့နောက်...၊
နတ်နန်းဆောင်များကို ဖုံးကွယ်ထားသော ကျွန်းကြီးသည် 'အသက်ဝင်' လာလေတော့သည်။ ရှေးဟောင်းဆန်သော ဟိန်းဟောက်သံကြီးနှင့် အတူ။ ကျွန်းကြီးသည် လေထဲတွင် ပျံဝဲလာပြီး၊ အဆုံးအစမရှိသော လှိုင်းတံပိုးများက ဘေးဘက်များမှ စီးကျလာသည်။ အဖြူရောင် မြူခိုးများ၏ အကာအကွယ်အောက်တွင်၊ ကောင်းကင်ဘုံ နန်းတော်မှ စီးကျလာသော နတ်ရေတံခွန်များအလား။
လူတိုင်း အံ့သြမှင်သက်သွားကြသည်။
ဒါက သာမန် ကျွန်းတစ်ကျွန်း မဟုတ်။
ဒါက ဧရာမ လိပ်သတ္တဝါကြီး တစ်ကောင်ပင်။
လိပ်ကြီးသည် ပေ (၁၀၀၀) ကျော် ကြီးမားပြီး၊ ယခုအခါ ခေါင်းကို မော့ကာ နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်သည်။ ၎င်း၏ ခြေလက်လေးချောင်း လှုပ်ရှားလိုက်သည်မှာ ကောင်းကင်တိုင်ကြီးများ ပင်လယ်ထဲသို့ နင်းချလိုက်သကဲ့သို့ ဖြစ်ပြီး၊ အမြီးကတော့ မြူခိုးများကြားတွင် ဝိညာဉ်မြွေ တစ်ကောင်အလား တွန့်လိမ်နေ၏။
နင်ချီ၏ စိတ်ဝိညာဉ် တုန်လှုပ်သွားပြီး အံ့သြမှင်သက်နေမိသည်။ လွန်ခဲ့သော နှစ်များဆီက အစစ်အမှန်သိုင်း မြေအောက်နန်းတော်ကို ရှာဖွေစဉ်က တွေ့ရှိခဲ့သော ခြေရာများက ဘာလဲဆိုတာ သူ နောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်လေ၏။ ဒီလိပ်ကြီးပါပဲလား။
သူနှင့် လိပ်ကြီး အကြည့်ချင်း ဆုံသွားကြသည်။ ရင်းနှီးနေသော လေးစားအားကျသည့် အမူအရာကို သတိထားမိလိုက်သဖြင့်၊ သူ့ယခင် ထင်ကြေးများ မှန်ကန်ကြောင်း ပိုမို သေချာသွား၏။
ကောင်းကင်သတ် သိုင်းသူတော်စင်ကို အကြောင်းမဲ့သက်သက် မြူခိုးတွေက ရစ်ပတ်သွားခဲ့သည် မဟုတ်ဘူးပဲ။ နင်ချီ၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွှတ်သွား၏။ မဟာနေမင်း သံလိုက်အိမ်မြှောင် ဘယ်ရောက်သွားပြီလဲ ဆိုတာ သူ ခန့်မှန်း၍ ရသွားပြီ ဖြစ်လေ၏။
နေနီ သိုင်းသူတော်စင်၏ မျက်နှာထားကတော့ တဖြည်းဖြည်း မည်းမှောင်လာလေသည်။
လိပ်ကြီးသည် အကြည့်လွှဲလိုက်ပြီး၊ နောက်ဆုံးတွင် ကောင်းကင်သတ် သိုင်းသူတော်စင် အပေါ်သို့ ကျရောက်သွား၏။
၎င်း၏ နက်ရှိုင်းသော အသံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားလေတော့သည်။
“မိတ်ဆွေဟောင်း... မတွေ့တာ ကြာပြီနော်”