ကောင်းကင်ဓား သိုင်းသူတော်စင်
Vol. 24 Ch. 360
~အစစ်အမှန်သိုင်း ခန်းမဆောင်ကို ဧရာမလိပ်ကြီးက ကျောကုန်းပေါ်တွင် ထမ်းတင်ထားသည်။
၎င်း၏ တစ်ကိုယ်လုံးကို အဖြူရောင် မြူခိုးများ ဖုံးလွှမ်းထားပြီး၊ ရှေးဟောင်း သမိုင်းဝင် ဒဏ္ဍာရီလာ သားရဲတစ်ကောင်အလား နက်နဲဆန်းကြယ်လွန်းနေ၏။ လူတိုင်း အသက်ရှူအောင့်ထားမိကြသည်။ မြင်ရုံမျှဖြင့် မမြင်နိုင်သော ဖိအားတစ်ခုက သူတို့ကို မောက်မာရိုင်းစိုင်းခြင်း မပြုမိစေရန် တားဆီးထားသည်။ အထူးသဖြင့် စောစောပိုင်းက မြူခိုးကျွန်းကို ဖောက်ခွဲပစ်ရန် အကြံပေးခဲ့သူများ ဆိုလျှင် ယခုအခါ ပို၍ပင် တုန်လှုပ်နေကြရသည်။
ကောင်းကင်သတ် သိုင်းသူတော်စင်၏ အကြည့်က ဧရာမလိပ်ကြီးအပေါ် ကျရောက်နေ၏။ မကျေနပ်သည့် ပုံစံမျိုး။ လိပ်ကြီးသာ သူ့ကို မြူခိုးများထဲ ရုတ်တရက် ဆွဲမခေါ်သွားခဲ့လျှင်၊ ယခုလောက်ဆို ဤပဋိပက္ခက ပြီးဆုံးနေလောက်ပြီ ဖြစ်လေ၏။
သို့သော်...၊
လိပ်ကြီးက နင်ချီကို ကာကွယ်ချင်နေတာကို သူ ရိပ်မိလိုက်တော့၊ တစ်စုံတစ်ခုကို သဘောပေါက်သွား၏။
“မတွေ့တာ ကြာပြီနော်... မင်း အခြေအနေ သိပ်မကောင်းဘူးနဲ့ တူတယ်”
ရှေးဟောင်းဆန်သော အသံ ထွက်ပေါ်လာသည်။ မျက်ကန်း အဘိုးအိုက မျက်မှောင်ကြုတ်လိုက်သည်။
လိပ်ကြီး၏ အသက်စွမ်းအင်များက ယခင်ကလို သန်စွမ်းတက်ကြွမနေတော့တာကို သူ အာရုံခံမိနေ၏။ ဒါ ပုံမှန်မဟုတ်ပေ။
ထိုစဉ်၊ သူက နင်ချီကို တွေးဆဆ ကြည့်လိုက်သည်။
လိပ်ကြီး ခေါင်းထောင်လာသည်။
“ငါ အဆင်ပြေပါတယ်... မသေသေးရုံပါပဲ”
နင်ချီ တိတ်ဆိတ်နေ၏။
အကြီးအကဲနှစ်ဦး စကားပြောနေချိန် ဘယ်သူမှ ဝင်မပြောရဲကြ။ နေနီ သိုင်းသူတော်စင်က စကားပြောဖို့ အကြိမ်ကြိမ် ပြင်လိုက်သော်လည်း ပြန်ထိန်းထားလိုက်ရ၏။
လိပ်ကြီးက သူ့ကို လှည့်မကြည့်ပေ။
သူ ထွက်လာတာက နင်ချီကို ထောက်ခံပေးဖို့ သက်သက်ပင်။ ကောင်းကင်သတ် သိုင်းသူတော်စင် နားလည်လျှင် ရလေပြီ။
လိပ်ကြီးက စကားအနည်းငယ် ပြောပြီးနောက်၊ ကြီးမားသော မျက်လုံးအိမ်များ အိပ်စက်တော့မည့်ဟန် တဖြည်းဖြည်း မှိတ်ကျသွား၏။
“ငါ ခဏလောက် အိပ်လိုက်ဦးမယ်... အရေးကြီးရင် လှမ်းခေါ်လိုက်”
၎င်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော အဖြူရောင် မြူခိုးများ တောက်ပလာပြီး၊ ကျောပေါ်ရှိ နတ်နန်းဆောင်နှင့် ဝိညာဉ်သားရဲများမှာ ပိုမို ဝေဝါးသွားကာ အိပ်မက်ဆန်သော အလှတရား တစ်ခုအဖြစ် ပြောင်းလဲသွား၏။
ဧရာမ ကိုယ်ခန္ဓာကြီး ပြန်လည် နစ်မြုပ်သွားရာ မုန်တိုင်းထန်သော လှိုင်းလုံးများ ဖွဲ့တည်လာသည်။
ဝင်သက်ထွက်သက် အနည်းငယ် အတွင်းမှာပင်...
ကြီးမားသော ကိုယ်ခန္ဓာကြီးသည် ပင်လယ်ပြင်ထက်မှ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။ တချိန်က အံ့ဖွယ်ရာ အဖြူရောင် မြူခိုးများဖြင့် ဖုံးလွှမ်းခဲ့သော သဲမည်းပင်လယ်သည် ယခုအခါ သာမန် ပင်လယ်ပြင်ကြီး အဖြစ် ပြန်လည် ရောက်ရှိသွားပြန်သည်။ လူများက နားမလည်နိုင်စွာ ကြည့်နေကြပြီးနောက်၊ အစစ်အမှန်သိုင်း ခန်းမဆောင်ကို ဧရာမလိပ်ကြီး တစ်ကောင်က ထမ်းထားသည် ဆိုတာကို နောက်ဆုံးတော့ အတည်ပြုလိုက်နိုင်ကြသည်။
မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရလျှင် ဘယ်သူမှ ယုံမှာ မဟုတ်ပါချေ။
နင်ချီ့ရင်ထဲတွင် ကျေးဇူးတင်စိတ်များ ပြည့်နှက်နေသော်လည်း မျက်နှာထားကတော့ မပြောင်းလဲ။ လိပ်ကြီး ထွက်ခွာသွားချိန်တွင် သူ့ကို လှမ်းကြည့်လိုက်သော အကြည့်ထဲတွင် နောက်ပြောင်ချင်သော အပြုံးရိပ်လေး တစ်ခု ပါဝင်နေသည်ကို သတိထားမိလိုက်သည်။
နေနီ သိုင်းသူတော်စင် စကားပြောရန် ပြင်လိုက်၏။
သို့သော် ကောင်းကင်သတ် သိုင်းသူတော်စင်က ဦးအောင် ပြောလိုက်သည်။
“တော်ပြီ... ဒီကိစ္စ ဒီမှာတင်.. ရပ်လိုက်ကြစို့”
စကားလုံးများက တည်ငြိမ်ပြီး အားပါလှသည်။ ငြင်းဆန်ရန် အခွင့်အရေး မပေး။
နင်ချီ အနည်းငယ် ဦးညွှတ်လိုက်သည်။ ပြိုင်ဘက်ကင်း စွမ်းအားရှင် တစ်ဦးကို လေးစားကြောင်း ပြသခြင်း ဖြစ်၏။
နေနီ သိုင်းသူတော်စင်၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွား၏။ မျက်နှာထားက စိမ်းလိုက် ဖြူလိုက် ဖြစ်နေပြီး၊ နောက်ဆုံးတွင် အေးစက်စွာ နှာမှုတ်လိုက်သည်။ သူက နင်ချီကို အဆိပ်ပြင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“တချို့အရာတွေကို အတင်းအကျပ် လုယူရင်... လက်ကျိုးတတ်တယ် ဆိုတာ သတိထား”
ဤအရာကား ရှေးဟောင်းသိုင်းသူတော်စင်တစ်ပါး၏ အသက်ဝိညာဉ်နှင့် ဆက်နွှယ်ထားသော လျှို့ဝှက်ရတနာပင် ဖြစ်လေ၏။
၎င်းအပေါ်တွင် တားဆီးပိတ်ပင်သည့် အမှတ်အသားများကို များစွာ ခတ်နှိပ်ထားသည်ကို တွေ့ရ၏။
အကယ်၍ အတင်းအကျပ် အသုံးပြုရန် ကြိုးစားခဲ့ပါမူ၊ ပြင်းထန်သော တန်ပြန်သက်ရောက်မှု ဒဏ်ကို ခံစားရနိုင်ပေသည်။
နင်ချီ ဂရုမစိုက်။ ပြန်ပြောဖို့တောင် ဝန်လေးနေပုံ ရသည်။
ကောင်းကင်သတ် သိုင်းသူတော်စင် ခေါင်းအနည်းငယ် ခါလိုက်ပြီး ထွက်ခွာသွား၏။
နေနီ သိုင်းသူတော်စင်လည်း အေးစက်စွာ နှာမှုတ်ပြီး ကောင်းကင်ယံထဲသို့ ပျောက်ကွယ်သွား၏။ ရွှေရောင် ရထားလုံးကို ထမ်းပိုးထားသော ကောင်းကင်ဘုံလူသားများလည်း အပြေးအလွှား လိုက်ပါသွားကြသည်။
နှောင့်နှေးနေလျှင် တာအိုဆရာလေး၏ ဓားချက်အောက်တွင် အသက်ပါသွားမည်ကို စိုးရိမ်နေကြပုံရသည်။ ရှေးဟောင်း သူတော်စင်ပင် အထိနာသွားသေးတာ၊ သူတို့က မည်သို့ နေရဲတော့မည်နည်း။
ကြောက်ရွံ့ လေးစားသော မျက်လုံးပေါင်းများစွာ နင်ချီဆီသို့ ရောက်ရှိလာကြသည်။
ယနေ့ တိုက်ပွဲက ပြိုင်ဘက်ကင်းပင်။
ရှေးဟောင်း သူတော်စင် နှစ်ပါး၏ တိုက်ပွဲက ပင်လယ်ကိုတောင် ဆူပွက်စေခဲ့၏။ စိတ်ကူးယဉ်ဖို့တောင် ခက်ခဲလွန်းလေသည်။
အထူးသဖြင့် နင်ချီ၏ နောက်ခံအထောက်အထားက သူတို့အား အံ့အားသင့်မှင်သက်စေခဲ့လေ၏။
နာမည်ကျော်ကြားလှသော 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ဆိုသည်မှာ တကယ်တမ်းကျတော့ ရှေးဟောင်းသိုင်းသူတော်စင် တစ်ပါး ဖြစ်နေခြင်းကိုး။
ထိုမျှ မကသေးဘဲ ယခုကဲ့သို့ ငယ်ရွယ်နုနယ်သည့် ပုံပန်းသဏ္ဌာန်ဖြင့် ရှိနေသေးခြင်းက လူတိုင်း၏ အသိအမြင်များကို ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ ဖြစ်ခဲ့ရချေ၏။
ထို့အပြင် အစစ်အမှန်သိုင်းခန်းမဆောင်၏ အမွေအနှစ်ကျွန်း ပေါ်ထွက်လာခြင်းသည်လည်း အလွန်တရာ အံ့မခန်းဖွယ်ရာ ကောင်းလွန်းလှပေ၏။
ဖြစ်ရပ်တိုင်းက လူတိုင်းကို ရင်ခုန်စိတ်လှုပ်ရှားစေခဲ့သည်။
နင်ချီ ထိုအကြည့်များကို လျစ်လျူရှုလိုက်သည်။
သူ တာအိုဆရာ လုံရှန်း၏ ဘေးနားသို့ ဆင်းသက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ဆရာ... တပည့်က အရည်အချင်းညံ့လို့ အဲ့ဒီ နေနီကောင်ကို မသတ်နိုင်ခဲ့ဘူး... နောက်နောင် အခွင့်အရေးရရင် ဒီနေ့အတွက် ဆရာ့ကို သေချာပေါက် လက်စားချေပေးပါ့မယ်”
တာအိုဆရာ လုံရှန်းက ပြုံးပြီး လက်ကာပြလိုက်သည်။
သေချာစဉ်းစားကြည့်လျှင် နေနီ သိုင်းသူတော်စင်က ပိုပြီး သနားစရာ ကောင်းနေသည်။ ရှေးဟောင်း သူတော်စင် တစ်ပါးနှင့် လက်ရည် ယှဉ်ပြိုင်ရသည်က ရှုံးသည်ဟု မခေါ်နိုင်ပါ။
“စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့... မင်းရဲ့ အနာဂတ်က အကန့်အသတ် မရှိဘူး... သည်းခံနိုင်စွမ်း မရှိရင် စီမံကိန်းကြီးတွေ ပျက်စီးတတ်တယ်... မင်း အကောင်းဆုံး လုပ်ခဲ့ပြီးပါပြီ... ဆရာ အရမ်း ကျေနပ်ပါတယ်ကွာ…”
နင်ချီ တိတ်ဆိတ်နေ၏။
သူ့စိတ်ထဲမှာတော့ နေနီ သိုင်းသူတော်စင်ကို သေဒဏ် ချမှတ်ပြီးသားပင်။
တာအိုဆရာ လုံရှန်းက နင်ချီ၏ တိတ်ဆိတ်မှုကို မြင်တော့ သူ ဘာတွေးနေလဲ ဆိုတာ သိလိုက်သည်။ ခေါင်းခါပြီး ဘာမှ ဆက်မပြောတော့။ ဘေးပတ်ဝန်းကျင်မှ လေးစားအားကျသော အကြည့်များကို မြင်သောအခါ ဤနေရာသည် ကြာကြာနေသင့်သော နေရာမဟုတ်ကြောင်း သူ သိလိုက်သည်။
“ပြန်ကြစို့”
နင်ချီ ခေါင်းညိတ်လိုက်၏။ လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသော ကောင်းကင်နှင့်မြေကြီး စွမ်းအားများက လူတိုင်းကို လွှမ်းခြုံသွားပြီး၊ လျင်မြန်သော အရှိန်အဟုန်ဖြင့် ပျံသန်းထွက်ခွာသွားကြလေတော့သည်။ သဲမည်းပင်လယ်ထက်မှ ပျောက်ကွယ်သွားကြ၏။
တိတ်ဆိတ်နေသော လေထုသည် တဖြည်းဖြည်း ပြန်လည် စည်ကားလာသည်။
စိတ်လှုပ်ရှားဖွယ် ဆွေးနွေးသံများ ပင်လယ်ပြင်အနှံ့ ပဲ့တင်ထပ်နေ၏။ လူတိုင်းက လတ်တလော ဖြစ်ပျက်ခဲ့သည်များကို ဝေဖန်သုံးသပ်နေကြသည်။ တချို့ဆိုရင် ပင်လယ်ထဲ ငုပ်ပြီး အမွေအနှစ်ကျွန်းက ကျန်ခဲ့မည့် ပစ္စည်းအပိုင်းအစလေးတွေများ ရမလားဆိုပြီး ရှာဖွေနေကြသေးသည်။
ဤသတင်းတွေ ပျံ့နှံ့သွားသည်နှင့်...၊
ကမ္ဘာလောကကြီး တစ်ခုလုံး နောက်ထပ်တစ်ကြိမ် တုန်လှုပ်သွားပြန်သည်။
သည်တစ်ခါတော့...
ရှေးဟောင်း သူတော်စင် နှစ်ပါး၏ တိုက်ပွဲက အဓိက ရေပန်းစားဆုံး အကြောင်းအရာ ဖြစ်လာသည်။ တစ်ဖက်သတ် တိုက်ပွဲ ဖြစ်ခဲ့သော်လည်း၊ နေနီ သိုင်းသူတော်စင်က နောက်ခံဇာတ်ပို့ ဖြစ်သွားပြီး၊ နင်ချီ၏ ဂုဏ်သတင်းကတော့ မိုးထိအောင် မြင့်တက်သွားလေတော့သည်။
တချို့က သူ့ကို 'ကောင်းကင်ဓား ရှေးဟောင်း သူတော်စင်' ဟူ၍ ခေါ်ကြသလို၊ တချို့ကတော့ 'နဂါးဖြူ ရှေးဟောင်း သူတော်စင်' ဟု ခေါ်ကြပါသည်။
ဘယ်လိုပင် ခေါ်ခေါ်...
အစစ်အမှန်သိုင်းဂိုဏ်း ၏ ဂုဏ်သတင်းကတော့ တစ်ဖန် ပြန်လည် မြင့်မားလာခဲ့ပြီ ဖြစ်၏။ ရှေးဟောင်း သူတော်စင်တွေ ပြန်ရောက်လာသော ခေတ်ကြီးမှာ အစစ်အမှန်သိုင်းဂိုဏ်း၏ အရှိန်အဝါ မှေးမှိန်သွားခဲ့သော်ငြား၊ ယခုတော့ သူတို့ဂိုဏ်းက နောက်ထပ် ရှေးဟောင်း သူတော်စင် တစ်ပါး မွေးထုတ်ပေးလိုက်ပြန်ပြီ ဆိုတော့ လူတိုင်း အံ့သြကုန်ကြသည်။
အစစ်အမှန်သိုင်း ခန်းမဆောင်၏ အမွေအနှစ် ကိစ္စကိုလည်း ပြောဆိုနေကြသည်။
တချို့ကတော့ ဧရာမလိပ်ကြီး စိတ်အနှောင့်အယှက် ဖြစ်ပြီး ထွက်သွားသည်ဟု ထင်ကြသည်။ တချို့ကတော့ အမွေအနှစ်ကို တစ်ယောက်ယောက် ယူသွားပြီးပြီဟု ယုံကြည်ကြသည်။
လိပ်ကြီးက နင်ချီကို မသိမသာ ကူညီပေးခဲ့သည်ကို သတိထားမိသော အကဲခတ်သမား တချို့ကတော့၊ အစစ်အမှန်သိုင်းဂိုဏ်းက အမွေအနှစ်ကို ရသွားသည်မှာ သေချာသည်ဟု ကောက်ချက်ချကြလေ၏။
သို့တိုင်၊ ဘာသက်သေမှ မရှိပါချေ။
သီအိုရီပေါင်းစုံ ထွက်ပေါ်နေသော်ငြား၊ မည်သူမှ သွားပြီး အတည်မပြုရဲကြပေ။
...
ယခုအခါသမယ၌၊ တောက်ပအလင်း သိုင်းခန်းမဆောင်ဝယ်…
အစစ်အမှန်သိုင်းဂိုဏ်းမှ အမာခံ အဖွဲ့ဝင်များ စုဝေးနေကြသည်။ သူတို့ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား။
နင်ချီက နေနီ သိုင်းသူတော်စင်ကို အသေအလဲ ရိုက်နှက်ခဲ့သည့် သတင်းကို ကြားပြီး ဖြစ်ရာ၊ အားလုံး သွေးတွေ ဆူပွက်နေကြလေသည်။