← Chapters

ထီးကလေးအောက်က မိန်းမလှလေး ( ၂ )

Vol. 7 Ch. 101

ထီးကလေးအောက်က မိန်းမလှလေး ( ၂ )

Vol. 7 Ch. 101

အပြာရောင်ပိုးကောင်က ရက်စက်ကြမ်းကြုတ်သောအသွင်အပြင် ရှိသည်။ ၎င်း၏ ပါးစပ်က အလွန်ရှည်လျားပြီး ခြေထောက်လေးချောင်းရှိကာ ကျောတွင် တစ္ဆေမျက်နှာကြီးများပမာ သဘာဝရုပ်ပုံများပင် ရှိသည်။ သို့သော်လည်း ထိုတစ္ဆေမျက်နှာတစ်ခုချင်းစီက မတူညီကြပေ။ တချို့တစ္ဆေမျက်နှာများက ဟစ်ကြွေးနေကြဟန်တူပြီး တချို့က ရယ်မောနေသယောင်ရှိကာ တချို့က ဒေါသထွက်နေကြဟန်တူသည်။

၎င်းက လက်တစ်ဝါးအရွယ်သာရှိပါသော်လည်း တစ်ကိုယ်လုံး ဆူးချွန်များဖြင့် ပြည့်နှက်နေသည်။ အထူးသဖြင့် အမြီးနေရာတွင် ရှိနေသော ပါးစပ်ပင်။

ထိုပါးစပ်ထဲရှိ သွားသေးသေးလေးများက မယုံနိုင်စရာကောင်းလောက်အောင် စူးရှချွန်ထက်နေသည်။

ပိုးကောင်များက ခြောက်ကပ်နေပါသော်လည်း တစ်ချက်ကြည့်မိလိုက်သည်နှင့် ကြောက်မက်ဖွယ်အသွင်အပြင်ကြောင့် တုန်လှုပ်ချောက်ချားသွားရမည်သာ ဖြစ်သည်။

“ တစ္ဆေဆန္ဒ ”

ရွှီချင်း၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ ချက်ချင်း ရှေ့တိုးလာပြီး ပိုးကောင်အသေများကို ဂရုတစိုက် ကြည့်လိုက်သည်။ ယခင်က ထိုတစ္ဆေဆန္ဒအကောင်များအကြောင်း သမားတော်ကြီးပိုင် ပြောပြခဲ့သည်ကို သူ ကြားဖူးသည်။ထိုအကောင်များက နက်ရှိုင်းသော ပင်လယ်ထဲတွင်သာ နေထိုင်ကြပြီး ဈေးထဲတွင် မြင်ရရန်ခဲယဉ်းသည်။ ၎င်းတို့ကို အလွန်ရှားပါးသောအဆိပ် ပိုးကောင်များအဖြစ် သတ်မှတ်နိုင်သည်။

၎င်း၏သွေးက အပြာရောင်ရှိပြီး အလွန်အဆိပ်ပြင်းသည်။ သို့သော်လည်း ၎င်းကို တခြားဆေးပင်များနှင့် ပေါင်းစပ်ဖော်စပ်မည်ဆိုပါက ဒဏ်ရာများကို သက်သာပျောက်ကင်းနိုင်သည့် နတ်ဆေးတစ်မျိုးကို ဖော်စပ်နိုင်မည်ဖြစ်သည်။

ဆိုင်ထဲရှိ ဆေးလုံးများကို ကြည့်ရှုနေသော ကျိုးချင်ဖုန်းသည်လည်း ထိုစကားကြောင့် လှမ်းကြည့်လိုက်သည်။

“ ငါ ထင်ထားသလို မင်းက သိနေတာကိုး ”

ဆိုင်ရှင်က ပြုံးလိုက်သည်။ တချိန်တည်းမှာပင် ရွှီချင်းအပေါ် သူ၏အထင်ကြီးစိတ်များ တိုးပွားလာသည်။ ဒုတိယမြောက်တောင်ထိပ်၌ပင် ထိုကဲ့သို့ ရှားပါးအဆိပ်ပိုးကောင်များအကြောင်း သိထားသည့်ဂိုဏ်းသားများ မရှိကြောင်း သူ သိထားသည် မဟုတ်ပါလား။

ထို့ကြောင့် သူ၏ရှေ့၌ရပ်နေသော ချောမောခံ့ညားသည့်လူငယ်ကလေးက ထိုကဲ့သို့ ထူးချွန်ပြောင်မြောက်သော ဆေးပညာများအား မည်သည့်နေရာမှ သင်ယူခဲ့သည်ကို သူ ပို၍ သိချင်လာရသည်။

“ အဲဒီပိုးကောင်ကို ဘယ်လောက်နဲ့ ခင်ဗျား ရောင်းမှာလဲ ”

ရွှီချင်းက မနေနိုင်တော့ဘဲ ဆိုင်ရှင်ကို မေးမြန်းလိုက်သည်။

“ ဒါကို မရောင်းရဲပါဘူးကွာ ”

ဆိုင်ရှင်က ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်ပြီး အိတ်ကို သိမ်းလိုက်သည်။ ထို့နောက် ရွှီချင်း၏အကြည့်က အဆိပ်ပိုးကောင်ထည့်ထားသော သားရေအိတ်ရှုံ့လေးပေါ်တွင် ရှိနေဆဲဖြစ်သည်ကို သူ မြင်သောအခါ ပြုံး၍ ရှင်းပြလိုက်၏။

“ ငါ့သူဋ္ဌေးက ဒါကိုရဖို့ အများကြီး ကြိုးစားထားတာကွ။ ဒီနေ့မှ ဒါ ရောက်လာတာ။ ခဏနေရင် သူဋ္ဌေး လာယူလောက်မယ်။ ဒါကို ငါ မရောင်းဝံ့ဘူး။ မင်းကို သဘောကျလို့ ကြည့်ရအောင် ထုတ်ပြတာ။ ပြီးတော့ ဒါက ရှားပါးပစ္စည်းမဟုတ်လား ”

ရွှီချင်းက အနည်းငယ် နောင်တရနေဟန်ဖြင့် အကြည့်ကို ရုတ်သိမ်းလိုက်သည်။ သူက အဖြူရောင်ဆေးလုံးများကို ချက်ချင်းမထုတ်သေးဘဲ ကျိုးချင်ဖုန်း ကျသင့်ငွေရှင်းကာ ထွက်ခွာသွားသည့်အချိန်အထိ စောင့်နေလိုက်သည်။ ထို့နောက်မှသာ ရွှီချင်းက အဖြူရောင်ဆေးလုံးများ ထည့်ထားသော သားရေအိတ်ရှုံ့ကို ကောင်တာပေါ်တင်လိုက်သည်။

“ ဒီနေ့ ကျုပ် ဆေးပင်လာဝယ်တာမဟုတ်ဘူး။ ဆေးလုံးလာရောင်းတာ ”

“ အမ် ”

ဆိုင်ရှင်၏မျက်လုံးများ မှေးသွားသည်။ သားရေအိတ်ကို သူ ချက်ချင်း ဖွင့်ကြည့်လိုက်ရာ သူ၏မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။

“ အဖြူရောင်ဆေးလုံးတွေ အများကြီးပါလား ”

သူက အဖြူရောင်ဆေးလုံးများကို ချက်ချင်း မစစ်ဆေးကြည့်သေးဘဲ ဘေးတွင် လက်ကို ဂရုတစိုက် ဆေးကြောလိုက်သည်။ လက်ဆေးပြီးသည်နှင့် လက်အိတ်ကို စွပ်လိုက်ပြီး ထိုလက်အိတ်များတွင် အညစ်အကြေးများ မရှိကြောင်း ရွှီချင်းကို ပြလိုက်သည်။ ထို့နောက် သူက သားရေအိတ်ရှုံ့ကို ဖွင့်၍ အထဲမှ အဖြူရောင်ဆေးလုံးများကို ထုတ်လိုက်သည်။

ကောင်တာပေါ် ဆေးလုံးများ ရောက်လာသည်နှင့် သူ၏မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ဆေးလုံးပေါင်းငါးရာကျော်ရှိနေပြီး ဆေးလုံးတိုင်းက လုံးဝန်းနေကာ တစ်ဆိုင်လုံး ဆေးနံ့များ သင်းပျံ့သွားသည်။

ဆေးနံ့ကို ရှူရှိုက်မိသော ဈေးဝယ်အများစုက လှမ်းကြည့်လိုက်ကြသည်။ ရွှီချင်း အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူ၏ညာလက်က သံတုတ်ကလေး ထည့်ထားသော ဘေးရှိ သားရေအိတ်ရှုံ့ပေါ် အလိုလို ရောက်သွားသည်။

ထိုအချိန်တွင် ဆိုင်ရှင်သည် ဆေးလုံးများကို စစ်ဆေးပြီးသွားပြီဖြစ်ပြီး အလွန်အံ့သြနေတော့သည်။ ထို့နောက် သူ၏ရှေ့တွင်ရှိနေသော လူငယ်ကို သူ လေးနက်စွာ ကြည့်လိုက်သည်။ မူလက ထိုလူငယ်၏ ဆေးပညာဗဟုသုတက အလွန် ကျယ်ပြန့်ကြောင်း သူ ထင်ထားခဲ့ပါသော်လည်း ယခုအခါတွင် ထိုလူငယ်၏ ဆေးပညာက ပို၍ပင် ထူးချွန်ပြောင်မြောက်နေသည်ကို သူ သိလိုက်ရသည်။

ထိုဆေးလုံးများသည် သဘာဝကျစွာ ရှိနေပြီး တစ်ချက်ကြည့်ရုံဖြင့် ပထမအသုတ်တွင် အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သော ဆေးလုံးများဖြစ်ကြောင်း သိနိုင်သည်။ ထိုဆေးဖော်စပ်နေစဉ်အတောအတွင်း အမှားတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ခြင်း မရှိနိုင်ပေ။ ဆေးလုံးတစ်လုံးစီကလည်း ဖြူဆွတ်ကာ ဖောက်ထွင်းမြင်နေရပြီး ဆေးလုံးများထဲတွင် ဝက်သားဆီလိုမျိုး သဘာဝဆေးအဆီတစ်မျိုးပင် ရှိနေသည်။

ဒုတိယမြောက်တောင်ထိပ်ရှိ ဂိုဏ်းသားတိုင်း ထိုကဲ့သို့ အရည်အချင်းမျိုး မပိုင်ဆိုင်ထားနိုင်ပေ။ ထို့ကြောင့် ဆိုင်ရှင်က အတန်ငယ်စဥ်းစားကြည့်ပြီး စျေးပြောလိုက်သည်။

“ ဝိညာဉ်ကျောက်တုံးဆယ်တုံး ဆိုရင် ဘယ်လိုသဘောရလဲ ”

ပင်မမြို့ကြီးထဲတွင် ဈေးနှုန်းများကို ရွှီချင်း သိထားသည်။ အဖြူရောင်ဆေးလုံးများကို အများအားဖြင့် ဝိညာဉ်ကြေးပြားသုံးဆယ်ပတ်ခြာလည် ရောင်းချကြပြီး ဝိညာဉ်ကျောက်တုံးတစ်တုံး၏ တန်ဖိုးက ဝိညာဉ်ကြေးပြားတစ်ထောင်ပတ်ခြာလည် ရှိသည်။

ထို့ကြောင့် သူ အနည်းငယ် တွေးတောလိုက်ပြီး လက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဆိုင်ရှင်က ဝိညာဉ်ကျောက်တုံးများ မြန်မြန်ထုတ်၍ ရွှီချင်းကို ပေးလိုက်သည်။ ထို့နောက် ကောင်တာပေါ်ရှိ ဆေးလုံးများကို သိမ်းဆည်းလိုက်သည်။ ရွှီချင်းက ဈေးဝယ်များကို လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ထွက်ခွာသွားသည်။

သူ ဆိုင်ဝကို ရောက်သောအခါ အပြင်ဘက်မှ လာနေသော မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုမိန်းကလေး အနီးရောက်မလာခင် ဆေးနံ့က သူ့နှာခေါင်းဝကို တိုးဝင်လာ၏။

ထိုမိန်းကလေးက ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်ခန့်ရှိဟန်တူပြီး အဖြူရောင်ထီးတစ်လက်ကို ဆောင်းထားကာ လိမ္မော်ရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။

ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး၌ သာမန်ဂိုဏ်းသားများသာ မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ကြပြီး အဓိကဂိုဏ်းသားများက ရောင်စုံဝတ်ရုံများကို ဝတ်ဆင်ကြသည်။

ဥပမာအနေဖြင့် သတ္တမမြောက်တောင်ထိပ်၏ ခရမ်းရောင်တာအိုဝတ်ရုံက မြင့်မားသောပုံရိပ်ကိုကိုယ်စားပြုသည်။

ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး ဘေးကိုရှောင်ပေးကာ လှမ်းကြည့်လိုက်သည်။

အဖြူရောင်ထီးကလေးအောက်၌ မိန်းကလေး၏ ပိတုန်းရောင်ဆံပင်ရှည်များက ပခုံးနှစ်ဖက်ပေါ် ကျနေသည်။ နဖူးပေါ် ကျနေသော ဆံစလေးများက သူမ၏မျက်လုံးများပေါ် ဝေ့ဝဲနေသည်။

ရှည်လျားကော့ညွတ်သော မျက်တောင်များအောက်တွင် ကြည်လင်တောက်ပသော မျက်ဝန်းတစ်စုံရှိနေသည်။ သူမ၏လိမ္မော်ရောင်တာအိုဝတ်ရုံက သူမ၏ခန္ဓာကိုယ်ပေါ်တွင် ရှည်လျားနေဟန်တူသည်။

သူမတွင် သေးသွယ်သော ခါးကျဉ်ကျဉ်လေးရှိပြီး သူမ၏မျက်နှာသည်လည်း အပြစ်ဆိုစရာမရှိအောင် ချောမွေ့လှပနေပေရာ နတ်သက်ကြွေလာသည့်အလား ထင်မှတ်ရပေသည်။

ထိုအချိန်တွင် လေနှင့်မိုးက အဆက်မပြတ် ရွာသွန်းတိုက်ခတ်နေဆဲဖြစ်၍ မိန်းမပျို၏ ပါးပြင်ထက် ဝဲကျနေသော ဆံနွယ်နှစ်ချောင်းက ဘေးသို့ ယမ်းခါသွားလေရာ ကျောက်စိမ်းပမာ ဖြူဖွေးချောမွတ်သော အသားအရေ ပေါ်လာသည်။

ထိုမိန်းမပျိုသည်လည်း ရွှီချင်းကိုမြင်သွားသည်။ ရွှီချင်းကို ကြည့်လိုက်သည့်အခိုက် ထိုမိန်းမပျို၏ မျက်နှာပေါ်တွင် တပည့်ရင်းတစ်ယောက်ဆိုသည့် မာန်မာနမျိုး ရှိမနေဘဲ သိမ်မွေ့စွာသာ သူ့ကို ပြုံးပြလိုက်သည်။

ရွှီချင်းက ခေါင်းညိတ်ပြလိုက်ပြီး အကြည့်လွှဲကာ ထွက်ခွာသွားသည်။ သူ ထွက်သွားပြီးနောက် မိန်းမပျိုက ဆိုင်ထဲရောက်သွားပြီး မိန်းမပျို၏ မွှေးရနံ့က တစ်ဆိုင်လုံး သင်းပျံ့သွားကာ လူအားလုံး၏နှလုံးသားထဲကို တဖြည်းဖြည်း စိုးမိုးနေရာယူသွားသည်။

“ သူဋ္ဌေးကိုယ်တိုင် ရောက်လာပဲ။ ဒီလိုမျိုး ကိုယ်တိုင် လာဖို့မလိုပါဘူး။ ကျုပ် လူလွှတ်ပြီး ပို့ခိုင်းလိုက်မှာပါ ”

ဆိုင်ရှင်က လေးစားသောအမူအရာဖြင့် အမြန် လျှောက်လာသည်။

“ ဦးလေးဖုန်း … ဒီလောက် ယဉ်ကျေးဖို့မလိုပါဘူး။ ကျမလည်း တောင်ပေါ်မှာ ဆေးဖော်စပ်ရတာ ပင်ပန်းလာလို့ စိတ်ပြေလက်ပျောက် ထွက်လာတာပါ ”

မိန်းမပျိုက အပြုံးကလေးဖြင့် ကောင်တာဆီ သွားလိုက်သည်။

ဆိုင်ရှင်က ပုံမှန်အတိုင်း လေးစားသည့်အမူအရာဖြင့် နောက်မှခပ်သွက်သွက်လိုက်သွားသည်။ ထို့နောက် ကောင်တာပေါ်မှ တစ္ဆေဆန္ဒထည့်ထားသော မိန်းမပျိုအား ပေးလိုက်သည်။

မိန်းမပျိုက အလွန်ယဥ်ကျေးနေသေးသည့် ဆိုင်ရှင်ကိုကြည့်၍ ကူကယ်ရာမဲ့စွာ ပခုံးကိုသာ တွန့်လိုက်သည်။ သူမက ထွက်သွားမည်ပြုစဥ် ယခုအချိန်တိုင်အောင် မသိမ်းဆည်းရသေးသော အဖြူရောင်ဆေးလုံးများအပေါ် အကြည့်ရောက်သွားသည်။

သူမ၏နှုတ်မှ အံ့အားသင့်သွားသည့် အာမေဋိတ်သံလေး ထွက်သွားသည်။

သူမက ကျောက်စိမ်းပမာ ဖြူနုသော ညာလက်ကို မြှောက်၍ ဆေးလုံးတစ်လုံးကို သိမ်မွေ့စွာ ကောက်ယူလိုက်ပြီး ကြည်လင်ဝင်းပ၍ အပြစ်ဆိုရက်စရာမရှိသော မျက်နှာလေးရှေ့တွင် ထားကာ ဂရုတစိုက် လေ့လာလိုက်သည်။ သူမ၏မျက်လုံးများထဲ အံ့အားသင့်သွားသည့်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

“ သူဋ္ဌေး … အဲဒီဆေးလုံးက ဘာဖြစ်လို့လဲ ”

မိန်းမပျို၏ အမူအရာကို ဆိုင်ရှင်မြင်သောအခါ သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။

“ ဘာပြဿနာမှ မရှိပါဘူး ”

မိန်းမပျိုက ဆေးလုံးကို နမ်းရှုံ့ကြည့်လိုက်သည်။

“ ဒီဆေးလုံးက သိပ်အရည်အသွေးကောင်းပြီး မယုံနိုင်စရာကောင်းလောက်အောင် သန့်စင်တယ်။ ဒီလိုဆေးလုံးမျိုးက မြင်ရခဲတယ် ”

ထိုစကားကို ဆိုင်ရှင်ကြားသောအခါ ပို၍ပင် အံ့အားသင့်သွားရပြန်သည်။

“ သူဋ္ဌေး၊ သူဋ္ဌေးက ဒုတိယမြောက်တောင်ထိပ်ရဲ့ အဓိကတပည့်တစ်ယောက်ဖြစ်ပြီး ဆေးပညာရပ်မှာ ကောင်းချီးပေးခံရသူတစ်ယောက်ဖြစ်တာတောင် ဒီဆေးလုံးရဲ့ သန့်စင်မှုမျိုးက ရှားတယ်လို့ ထင်နေတာလား။ ဒါပေမဲ့ အဲဒီဆေးလုံးက မယုံနိုင်စရာကောင်းလောက်အောင် သန့်စင်နေလဲ အဖြူရောင်ဆေးလုံးပဲ မဟုတ်လား ”

မိန်းကလေးက တခစ်ခစ် ရယ်လိုက်သည်။

“ ဦးလေးဖုန်းပြောတာမှန်ပါတယ်။ အဖြူရောင်ဆေးလုံးက သာမန်ဆေးလုံးတစ်လုံးပါပဲ။ ပိုပြီး သန့်စင်ရင် ပိုကောင်းတယ်။ တူညီတဲ့ ဆေးစွမ်းရဖို့ ဆေးနည်းနည်းလောက်ပဲ သောက်ရတော့တာပေါ့ ”

“ ဒါပေမဲ့ သန့်ရှင်းစင်ကြယ်တာက ဆေးဖော်စပ်နည်းကို ကိုယ်စားပြုတယ်။ အဲဒါကို ကျမ စိတ်ဝင်စားတာ ”

မိန်းမပျိုက လက်ထဲက ဆေးလုံးကို တဖန်ပြန်ကြည့်ပြီး မျက်လုံးများ ဝင်းလက်တောက်ပလာသည်။

ထို့နောက် ဆိုင်ရှင်ကို အဖြူရောင်ဆေးလုံးများ ထုတ်ခိုင်းလိုက်ပြီး တစ်လုံးပြီးတစ်လုံး စစ်ဆေးကြည့်ကာ သူမ၏မျက်လုံးများထဲတွင် အံ့အားသင့်သည့်အရိပ်အယောင်များ လွှမ်းမိုးလာတော့သည်။

“ ဆေးလုံးတိုင်းက အရည်အသွေးအတူတူပဲ။ ဆေးအပူရှိန်နဲ့ ဆေးပမာဏကိုကြည့်ရတာ တစ်သုတ်ချင်း ဖော်စပ်ထားတဲ့ပုံပဲ။ အစောဆုံး ဖော်စပ်ထားတာက မနေ့က ဖြစ်လောက်မယ် ”

“ ဒီတော့ ဆေးဖော်တဲ့လူက ဆေးရည်ဖြစ်အောင် လုပ်ပြီးမှ ဖော်တာဖြစ်မယ်။ ဒါကြောင့် ဆေးလုံးတွေအားလုံးက ဆင်တူနေတာ ”

မိန်းမပျိုက တီးတိုးရေရွတ်လိုက်ပြီး ထိုဆေးလုံးများကို သေချာလေ့လာရန်အတွက် ဆိုင်ရှင်ထံမှ ဆေးလုံးများအားလုံး ယူသွားလိုက်သည်။

မိန်းမပျိုက မထွက်သွားခင် တစ်ခုခုကို တွေးမိပြီး မေးမြန်းလိုက်သည်။

“ ဦးလေးဖုန်း၊ အဲဒီအဖြူရောင်ဆေးလုံးတွေကို ဘယ်ကနေ ရတာလဲ ”

“ ဘယ်တောင်ထိပ်ကမှန်းမသိတဲ့ ဂိုဏ်းသားတစ်ယောက်ဆီကနေရတာ။ အဲဒီဂိုဏ်းသား အခုလေးတင် ထွက်သွားတယ်။ သူဋ္ဌေး ဆိုင်ထဲဝင်လာတုန်းက သူ့ကို တွေ့လောက်မယ် ”

ဆိုင်ရှင်က ပြောရင်း ဆေးဆိုင်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ ရွှီချင်း၏ပုံရိပ် ပျောက်သွားသည်မှာ အချိန်အတော်ကြာနေလေပြီ။

မိန်းမပျိုက ပြန်လည်တွေးတောလိုက်ပြီး မကြာသေးခင်က တွေ့ခဲ့သည့် ချောမောခံ့ညားသည့်လူငယ်၏ပုံရိပ် စိတ်ထဲ ပေါ်လာကာ ခေါင်းညိတ်ပြလိုက်သည်။

“ ဦးလေးဖုန်း၊ အဲဒီကောင်လေး နောက်ထပ် ဆေးလုံးတွေ လာရောင်းရင် ကျမကို ဆက်သွယ်ပေးပါဦး ”

ဆိုင်ရှင်သည် စိတ်ထဲတွင် တုန်လှုပ်နေလျက် ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်သည်။ တချိန်တည်းမှာပင် ရွှီချင်းအကြောင်းကို သူ ပို၍ သိချင်လာတော့သည်။

All Chapters