ကြယ်စင်မြစ် နဝမအဆင့် အထွတ်အထိပ်
Vol. 39 Ch. 446
ပါမောက္ခကုန်းမြေမှ စတင်၍ခရီးနှင်လာကာ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ပြီးနောက် ကျန်းရွှမ်သည် ယခုမှသာ ဆယ်ရက်ဆက်တိုက် အိပ်စက်ရလောက်အောင် ပြင်းထန်သော ဒဏ်ရာကို ပထမဆုံးအကြိမ် ခံစားရခြင်း ဖြစ်သည်။
"ငါ့ရဲ့ဒဏ်ရာတွေ..."
သူ နိုးလာပြီးနောက် သူ၏ခန္ဓာကိုယ်ကို အလျင်အမြန် စစ်ဆေးလိုက်သည်။
သူ၏ကြွက်သားများသည် ပြည့်ဝပြီး တင်းရင်းနေပေ၏။ သူ့ထံတွင် ပြီးပြည့်စုံသော လူသားခန္ဓာကိုယ်ကို ပန်းပုထုထားသည့်အလား လှပသော ကောက်ကြောင်းများ ရှိနေသည်။ အိမ်ရှေ့စံမင်းသားယွမ်ချင်းတို့လူစုနှင့် တိုက်ခိုက်ခဲ့စဉ်က သူ ရရှိခဲ့သော ဒဏ်ရာများသည် ယခုအချိန်၌ လုံးလုံးလျားလျား ပျောက်ကင်းသွားခဲ့သည်။ သူ၏ စိတ်ဝိညာဉ်နှင့်ရုပ်ခန္ဓာကိုယ် နှစ်ခုစလုံးသည် မကြုံစဖူး အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိပေ၏။
"ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်လား"
သူ စိတ်လှုပ်ရှားသွားပြီး သူ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထနေသော စွမ်းအင်များကို အာရုံခံလိုက်သည်။ ကျန်းရွှမ်သည် သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်၏။
သူ နိုးလာချိန်၌ ထာဝရနှလုံးသားသည် မမျှော်လင့်ဘဲ သူ၏ကျင့်ကြံဆင့်ကို နှစ်ဆင့်မြင့်တက်အောင် မြှင့်တင်ပေးခဲ့သည်။ ဤသည်မှာ သူ့ကို ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် အထွတ်အထိပ်မှ နဝမအဆင့် အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိစေခဲ့သည်။
ဤအဆင့်တက်မှုသည် ကောင်းကင်ကံကြမ္မာအပေါ် သူ၏နားလည်သဘောပေါက်ထားမှုအရ အကန့်အသတ်လားပင်။ သို့ရာတွင် သူသည် ယခုချိန်ထိ ကံကြမ္မာ ပဉ္စမအဆင့်သို့ မရောက်ရှိသေးချေ။ သူ ထိုအဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အသက်ပင်လယ်နယ်ပယ်သို့ အင်အားစိုက်ထုတ်မှုမရှိဘဲ လွယ်လင့်တကူ တက်လှမ်းနိုင်ပေမည်။
အသက်ပင်လယ်နယ်ပယ်သို့ ရောက်ရှိသောအခါ သူသည် ထာဝရနှလုံးသားမှတစ်ဆင့် ကံကြမ္မာမြစ်ကို အသုံးချနိုင်ပေမည်။ ထိုအချိန်ကျပါက သူ၏ကျင့်ကြံဆင့်စွမ်းအားသည် အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ အဆင့်နှင့် မယှဉ်ပြိုင်နိုင်သေးသည့်တိုင် သူ့ကိုယ်သူ ကာကွယ်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်လာပေလိမ့်မည်။
ထို့ပြင် သူသည် ကံကြမ္မာမြစ်ကို ထိန်းချုပ်နိုင်သည်နှင့် တပြိုင်နက် မရေမတွက်နိုင်သော နက်နဲသိမ်မွေ့သည့် စွမ်းရည်များကို ရရှိနိုင်ပေမည်။ ဤသည်မှာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် အသက်ရှင်သန်မှု နည်းစနစ်များကို သိသိသာသာ မြှင့်တင်ပေးနိုင်ပေမည်။
"ငါ့မှာ ထာဝရနှလုံးသား ရှိနေတာကြောင့် ငါ့ရဲ့ မရီဒါန်းတွေက အသက်ပင်လယ်နယ်ပယ် နဝမအဆင့်နဲ့ ကိုက်ညီသွားပြီ... ငါက ကျင့်ကြံဆင့်နယ်ပယ် မချိုးဖျက်ရသေးရင်တောင် ကံကြမ္မာကို ထိန်းချုပ်နိုင်မလားဆိုတာ စမ်းသပ်ကြည့်သင့်တယ် မဟုတ်လား...."
အတွေးတစ်ခုက သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။
သာမာန်အခြေအနေများတွင် ကျင့်ကြံသူတစ်ယောက်သည် အသက်ပင်လယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးမှသာ ကံကြမ္မာမြစ်ကို ထိန်းချုပ်နိုင်ပေမည်။ သို့ရာတွင် ကျန်းရွှမ်ကမူ ကွဲပြားခြားနားပေ၏။ သူသည် ကြယ်စင်မြစ်နယ်ပယ်၌ ရှိနေသည့်တိုင် အသက်ပင်လယ်နယ်ပယ် ကျင့်ကြံသူများပင်လျှင် မရရှိနိုင်သော ပြီးပြည့်စုံသည့် နှလုံးသားတစ်ခုကို ပိုင်ဆိုင်ထားသည်။ ထိုကြောင့် သူသည် တခြားလူများ မလုပ်ဆောင်နိုင်သောအရာကို လုပ်ဆောင်နိုင်ပေလိမ့်မည်။
ဤအတွေးနှင့်အတူ သူ၏စိတ် လှုပ်ရှားသွားပြီး သူ နားလည်သဘောပေါက်ထားသော ကောင်းကင်ဘုံသောကကံကြမ္မာနှင့် ချိတ်ဆက်လိုက်၏။
ကျဉ်းမြောင်းသော ကံကြမ္မာမြစ်တစ်စင်းသည် သူ၏အသိစိတ်ပင်လယ်အတွင်းမှ တဖြည်းဖြည်း ထွက်ပေါ်လာပြီး စိတ်ခံစားချက်ဆိုင်ရာချည်မျှင်များ ယှက်နွယ်နေကာ လေဟာနယ်အတွင်းသို့ ပျံ့နှံ့သွားသည်။
"ကံကြမ္မာမြစ်က တကယ်တော့ ရင်းမြစ်ကမ္ဘာထဲမှာ ရှိနေတာ...ကောင်းကင်ကံကြမ္မာကို ပထမဆုံး နားလည်သဘောပေါက်တဲ့ ကျင့်ကြံသူတစ်ဦးက အဲဒီကနေ ယိုစိမ့်ထွက်လာတဲ့ မြစ်လက်တက်တွေကိုပဲ ပိုင်ဆိုင်ထားတာ... ငါ့ရဲ့ ကောင်းကင်ဘုံသောကကံကြမ္မာက တကယ်တော့ စိတ်ခံစားချက်ကံကြမ္မာရဲ့ မြစ်လက်တက်တစ်ခုပဲ"
ကျန်းရွှမ်သည် ရုတ်တရက် နားလည်သဘောပေါက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ယခင်က ပုံရိပ်ယောင်လေဟာနယ်အတွင်းတွင် အစွမ်းထက်ပြီး အတိုင်းအဆမဲ့သော ကောင်းကင်ဘုံသောက ကံကြမ္မာမြစ်ကို မြင်တွေ့ခဲ့ရသည်။ ထိုအချိန်တွင် သူ နားလည်သဘောပေါက်ထားသည်မှာ စိတ်ခံစားချက်ကံကြမ္မာ ဖြစ်မည်ဟု သူ ယုံကြည်ခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ ထိုသို့မဟုတ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိလာရသည်။
သူ နားလည်သဘောပေါက်ခဲ့သည်မှာ မြစ်လက်တက်တစ်ခုသာ ဖြစ်ပြီး ထိုကံကြမ္မာတစ်ခုလုံးကို နားလည်သဘောပေါက်မှသာ လုံးလုံးလျားလျား သန့်စင်ပြီး ထိန်းချုပ်နိုင်ပေမည်။
သို့ရာတွင် သူ့ထံ၌ ထာဝရနှလုံးသား ရှိနေသဖြင့် သူ စမ်းသပ်ကြည့်နိုင်ပေမည်။
သူသည် သူ နားလည်သဘောပေါက်ထားသော ကံကြမ္မာမြစ်နှင့် ဆက်သွယ်ရန် အာရုံစိုက်လိုက်ပြီး ရုတ်တရက် ပြင်ပသို့ ဆွဲထုတ်လိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း ပုံရိပ်ယောင်လေဟာနယ်၏ နက်ရှိုင်းသောအပိုင်းတွင်ရှိနေသည့် ကြယ်မြစ်တစ်စင်းကဲ့သို့ တောက်ပနေပြီး အကန့်အသတ်မဲ့ကျယ်ပြန့်သော ကံကြမ္မာမြစ်သည် အနည်းငယ် တုန်ခါသွားပေ၏။
"ဒါကို တကယ်ကြီး ထိန်းချုပ်လို့ ရတာပဲ..."
ဤသည်မှာ အခွင့်အရေးတစ်ခုဖြစ်ကြောင်း နားလည်သဘောပေါက်သွားသဖြင့် ကျန်းရွှမ်၏ မျက်လုံးများ တောက်ပလာသည်။ အတွေးတစ်ချက်နှင့်အတူ သူ၏နှလုံးသား အထိန်းအကွပ်မဲ့စွာ စတင်၍ခုန်လာသည်။
ဒုတ်....ဒုတ်....ဒုတ်...ဒုတ်...
သူ၏အမိန့်အောက်တွင် ဒွာရကိုးပေါက် ထာဝရနှလုံးသားသည် ပထမဆုံးအကြိမ်အဖြစ် စွမ်းအားများ ပွင့်အံ့ထွက်လာသည်။ ရုတ်ချည်းဆိုသလိုပင် ကြယ်မြစ်တစ်စင်းကဲ့သို့ ကံကြမ္မာမြစ်ကြီးသည် သူ့ထံသို့ စတင်၍ရွေ့လျားလာပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများ မြည်ဟီးနေကာ လမ်းကြောင်းတလျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးလိုက်၏။
"အရမ်း အားကောင်းတာပဲ"
ကံကြမ္မာမြစ်၏ ရွေ့လျားလာမှုကို သူ ခံစားလိုက်ရသည်။ ကျန်းရွှမ်သည် ထိုအရာကို မထိန်းချုပ်နိုင်ပါက သူ၏ ကိုယ်ပိုင်ကံကြမ္မာမြစ်ဖြင့် သေကြေပျက်စီးသွားသော ကျင့်ကြံသူ ဖြစ်လာနိုင်ကြောင်း နားလည်သဘောပေါက်သွားသည်။ သူ၏မျက်နှာ နီမြန်းလာပြီး ချက်ချင်းဆိုသလိုပင် ထာဝရနှလုံးသားကို ထပ်မံ၍ အသက်သွင်းလိုက်သည်။
ဒုတ်...ဒုတ်...ဒုတ်....ဒုတ်...
ထာဝရနှလုံးသား၏ ကြီးမားသော စွမ်းအားဖြင့် လွှမ်းခြုံမှုအောက်တွင် ကံကြမ္မာမြစ်သည် ရပ်တန့်သွားပေ၏။
ဝှစ်...
သူ၏ပုံရိပ် လှုပ်ခတ်သွားပြီး ကံကြမ္မာမြစ်၏ အထက်တွင် ထွက်ပေါ်လာသည်။
သူ ဆွဲထုတ်လိုက်သော ကံကြမ္မာမြစ်သည် အာဏာစက်ကံကြမ္မာ သို့မဟုတ် အတ္တကင်းစင်ခြင်းကံကြမ္မာတို့ကဲ့သို့ သူ ယခင်က မြင်ခဲ့ဖူးသော မြစ်များနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသည်။ ဤမြစ်သည် အရာအားလုံးကို ချိတ်ဆက်ထားသော ချည်မျှင်များကဲ့သို့ ထွက်ပေါ်လာပြီး ပျော်ရွှင်မှု ဒေါသ ဝမ်းနည်းမှု စိုးရိမ်ပူပန်မှု ကြောက်ရွံ့မှု အံ့အားသင့်မှု အချစ်နှင့်အမုန်း... စသည့် စိတ်ခံစားမှုများ ပါဝင်နေသည်။
တစ်စုံတစ်ယောက်သည် ထိုကံကြမ္မာမြစ်ထဲသို့ ကျရောက်သွားသည်နှင့် တပြိုင်နက် မရေမတွက်နိုင်သော စိတ်ခံစားမှုများ၏နှောင့်ယှက်ခြင်းကို ချက်ချင်းခံလိုက်ရပြီး အထိန်းအကွပ်မဲ့သော စိတ်ရှုပ်ထွေးမှုထဲသို့ ကျရောက်သွားပေမည်။
"ဒါက ငါ နားလည်သဘောပေါက်ထားတဲ့ မြစ်ပဲ"
ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။
ဤသည်မှာ သူ၏ ကောင်းကင်ဘုံသောကကံကြမ္မာကို ရင်းမြစ်ကမ္ဘာ၏ စိတ်ခံစားချက် ကံကြမ္မာနှင့် ပထမဆုံးအကြိမ် အပြည့်အဝ ပေါင်းစည်းလိုက်ခြင်းပင်။ ထို့ပြင် သူသည် ဤကံကြမ္မာမြစ်ကို ပထမဆုံးအကြိမ် အသက်သွင်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
"ဒါက တကယ့်ကို ပထမတန်းစား ကံကြမ္မာပဲ"
ကံကြမ္မာမြစ်ထံမှ တရွေ့ရွေ့ တက်လာသော စိတ်ခံစားချက်လှိုင်းလုံးများကို ခံစားမိသဖြင့် ကျန်းရွှမ်က ပြုံးလိုက်သည်။
သူ၏နားလည်သဘောပေါက်မှုသည် ပထမတန်းစား ကံကြမ္မာ အမှန်တကယ် ဟုတ်မဟုတ် ယခင်က သူ တွေးတောခဲ့ဖူးသည်။ ထိုသို့မဟုတ်ပါက ထိုကံကြမ္မာ ဆူပူအုံကြွမှုမျိုးကို ဖြစ်ပေါ်လာစေမည် မဟုတ်ချေ။ ယခုအချိန်၌ သူ၏အတွေးများ အမှန်ဖြစ်နေပုံရသည်။
ပါမောက္ခကုန်းမြေတွင် သူ၏ကောင်းကင်ဘုံသောကကံကြမ္မာသည် သူ့အား ကိုယ်ပိုင်အတွေ့အကြုံများနှင့် ကိုယ်ပိုင်စွမ်းအားမြှင့်တင်မှုများအား နားလည်သဘောပေါက်စေသည်။ ဥပမာအနေဖြင့် ဆရာတပည့် သံယောဇဉ် မိဘမေတ္တာနှင့် ချစ်ခြင်းမေတ္တာကဲ့သို့ စိတ်ခံစားမှုများဖြစ်ပြီး ထိုအရာအားလုံးသည် သူ့အပေါ်တွင်သာ အဓိကထားသည်။
သို့ရာတွင် သူ၏ရှေ့မှ စိတ်ခံစားချက်ကံကြမ္မာသည် ပျော်ရွှင်မှု ဒေါသ ဝမ်းနည်းမှု စိုးရိမ်ပူပန်မှု ကြောက်ရွံ့မှု အံ့အားသင့်မှု အချစ်နှင့်အမုန်းစသဖြင့် ပို၍ကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသည်။
အကယ်၍ ကောင်းကင်ဘုံကံကြမ္မာကို ဟိနယာန(ထေရဝါဒ)ဗုဒ္ဓဘာသာနှင့် နှိုင်းယှဉ်ပါက စိတ်ခံစားချက်ကံကြမ္မာသည် မဟာယာနဗုဒ္ဓဘာသာနှင့် တူညီပေလိမ့်မည်။
တစ်စုံတစ်ရာသည် အသက်ရှင်သရွေ့ အသိစိတ်ရှိနေသရွေ့ အမျိုးမျိုးသော စိတ်ခံစားချက်များ ရှိနေမည်ဖြစ်ပြီး ထိုအရာအားလုံးသည် စိတ်ခံစားချက်ကံကြမ္မာ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေပေမည်။
တစ်စုံတစ်ယောက်သည် ခွန်အားမရှိပါက ကျင့်ကြံနိုင်မည် မဟုတ်ချေ။ သူ့ထံတွင် ဂုဏ်ကျက်သရေမရှိပါက အဆင့်အတန်း ရှိမည်မဟုတ်ကာ အာဏာမရှိပါက လွှမ်းမိုးချုပ်ကိုင်နိုင်မည် မဟုတ်ပေ။ သူသည် ချမ်းသာကြွယ်ဝမှု မရှိဘဲ ဆင်းရဲနွမ်းပါးမည်ဖြစ်ပြီး နာမည်ကျော်ကြားမှု မရှိပါက အညတရဘဝဖြင့် နေထိုင်ရပေမည်။ သူ့ထံတွင် ကြံ့ခိုင်သော ရုပ်ခန္ဓာကိုယ်မရှိပါက နာမကျန်းဖြစ်ခြင်း သို့မဟုတ် ဖျားနာခြင်းတို့ အစဥ်အမြဲဖြစ်နေကာ ကံကြမ္မာကိုပင် ကျင့်ကြံနိုင်ခြင်းမရှိဘဲ သာမန်ဘဝဖြင့်သာ နေထိုင်နိုင်ပေလိမ့်မည်။
သို့ရာတွင် တစ်စုံတစ်ယောက်သည် စိတ်ခံစားချက် မရှိဘဲ မနေနိုင်ချေ။
ဤစိတ်ခံစားချက် ကင်းမဲ့ခြင်းသည် သေခြင်းတရား လှပချောမောမှု သို့မဟုတ် ချမ်းသာကြွယ်ဝမှုတို့အပေါ် လျစ်လျူရှုထားနိုင်ခြင်းကို ရည်ညွှန်းခြင်း မဟုတ်ဘဲ စိတ်ခံစားချက် မလွဲမသွေ ရှိနေခြင်းနှင့် သက်ဆိုင်သည်။
သေခြင်းတရားနှင့်ရှင်သန်ခြင်းအကြား ကွာဟမှုသည် စိတ်ခံစားချက်ပင်။
ရရှိခြင်းနှင့်ဆုံးရှုံးခြင်းသည်လည်း စိတ်ခံစားချက်သာ ဖြစ်သည်။
တစ်စုံတစ်ယောက်သည် အချစ်အမုန်းနှင့် ရန်ငြိုးတို့ကို ရှောင်ရှားနိုင်သော်လည်း ပျော်ရွှင်ခြင်း ဒေါသ ဝမ်းနည်းခြင်းနှင့် စိုးရိမ်ပူပန်မှုတို့သည် မည်သူမျှ အမှန်တကယ် ဖယ်ရှား၍ မရနိုင်သော စိတ်ခံစားချက်များဖြစ်ပေ၏။
ဤသည်မှာ စိတ်ခံစားချက်ကံကြမ္မာ၏ ကြောက်မက်ဖွယ် စွမ်းအားပင်။
အသိစိတ်ရှိနေသရွေ့ စိတ်ခံစားချက်မှတဆင့် ထိုအရာများကို သူ ထိန်းချုပ်နိုင်ပေမည်။
သူ၏ရှေ့မှ ကျယ်ပြန့်သော ကံကြမ္မာမြစ်ကို ဂရုတစိုက် လေ့လာကြည့်ရှုရင်း ကျန်းရွှမ်သည် ရုတ်တရက် နားလည်သဘောပေါက်မှုတစ်ခုကို ခံစားမိလေ၏။ သူသည် စိတ်ခံစားချက်ကံကြမ္မာ၏ပဉ္စမအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် နီးကပ်နေပြီး တွန်းအားတစ်ခုသာ လိုအပ်တော့ကြောင်း ခံစားလိုက်ရသည်။
ဝုန်း....
အသက်ဆယ်ရှိုက်စာ ဆိုင်းငံ့နေပြီးနောက် စိတ်ခံစားချက် ကံကြမ္မာမြစ်သည် မှေးမှိန်သွားပေ၏။ ကျန်းရွှမ်သည် နေရာတွင် ကျန်ရစ်ခဲ့ပြီး အမောတကော အသက်ရှူရှိုက်နေကာ သူ၏ နဖူးမှ ချွေးများ ယိုစီးကျနေသည်။
ကံကြမ္မာမြစ်ကို ထုတ်ယူရန်အတွက် အသက်ပင်လယ်နယ်ပယ်သို့ ရောက်ရှိရန် လိုအပ်ရခြင်းမှာ အံ့အားသင့်စရာ မရှိတော့ချေ။ ထိုအရာအတွက် စွမ်းအင်ကုန်ဆုံးမှုသည် အလွန်အမင်း များပြားပေ၏။
သူသည် ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့်၏ ကျင့်ကြံဆင့်စွမ်းအားများကို အသုံးပြုခဲ့သည်တိုင် လုံးလုံးလျားလျား ကုန်ခမ်းသွားခြင်းမရှိမီ အသက်ဆယ်ရှိုက်စာခန့်သာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
တခြားသူတစ်ဦးအတွက် ဤမျှထိ ကြီးမားသော စွမ်းအားပမာဏကို ပြန်လည်ရရှိရန်အတွက် တစ်ရက်မှရက်ပေါင်းများစွာ သို့မဟုတ် ထို့ထက်ပို၍ပင် ကြာမြင့်ပေလိမ့်မည်။ သို့ရာတွင် သူ၏ထာဝရနှလုံးသားကြောင့် ကုန်ဆုံးခဲ့သော စွမ်းအားများကို ချက်ချင်း ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။
အမှန်အားဖြင့် သူ၏စွမ်းအားများကို ပြန်လည်၍ ရရှိခဲ့သော်လည်း စိတ်ခံစားချက်ကံကြမ္မာမြစ်ကို ထိန်းချုပ်ခြင်းသည် သူ၏စိတ်ဝိညာဉ်ကို သိသိသာသာ ထိခိုက်စေခဲ့သည်။ သူသည် အနည်းငယ် စဉ်းစားတွေးတောပြီးနောက် သူ ရပ်တန့်ရန်နှင့် ယခုလောလောဆယ်တွင် ထပ်မံ၍ မကြိုးစားရန် ဆုံးဖြတ်လိုက်၏။
"နောက်ထပ်တိုက်ပွဲတွေမှာ ငါက ပြိုင်ဘက်ရဲ့ စိတ်ခံစားချက်တွေကို လှုံ့ဆော်ဖို့ နည်းလမ်းရှာရမယ်... သူတို့ရဲ့စိတ်ခံစားချက်တွေ တိုးတက်လာသရွေ့ ငါက ကံကြမ္မာမြစ်ကို အသုံးချပြီးတော့ သူတို့ကို အမြစ်ပြတ် ချေမှုန်းနိုင်လိမ့်မယ်...ဒါဆိုရင် ငါမှာ ကျင့်ကြံဆင့်နယ်ပယ် အားနည်းချက်ရှိနေရင်တောင် အနိုင်ရအောင် လုပ်ဆောင်နိုင်လိမ့်မယ်"
အစောပိုင်းက သူ၏ထိုးထွင်းသိမြင်မှုများကို ပြန်လည်တွေးတောကာ ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။
အချစ်အမုန်းနှင့်ရန်ငြိုးတို့သည် စုဆောင်းရန်နှင့် နက်ရှိုင်းသော ခံစားချက်များအဖြစ် ပြောင်းလဲရန် အချိန်ယူရသည်။
သို့ရာတွင် ပျော်ရွှင်ခြင်း ဒေါသ ဝမ်းနည်းခြင်းနှင့် စိုးရိမ်ပူပန်မှုတို့သည် မကြာခဏဆိုသလို အချိန်တခဏအတွင်းတွင် ဖြစ်ပေါ်လာလေ့ရှိသည်။
အကယ်၍ သူသည် ပြိုင်ဘက်၏ စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုများကို ဆွဲထုတ်နိုင်ပါက သူ၏ တိုက်ခိုက်နိုင်စွမ်းသည် အဆမတန် မြင့်တက်လာမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
"အမ်... ကမ္ဘာသစ်နဲ့ ရွှမ်ကမ္ဘာက ပေါင်းစည်းသွားတာလား"
သူ၏စွမ်းအားနှင့် စိတ်ခံစားချက်ကံကြမ္မာကြား အပြန်အလှန်ဆက်ဆံမှုကို အကဲဖြတ်ပြီးနောက် ကျန်းရွှမ်သည် သူ အိပ်စက်နေစဉ် အတောအတွင်းတွင် သူ၏ခန္ဓာကိုယ်၌ နောက်ထပ် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သွားသည်ကို ရုတ်တရက် ခံစားမိလိုက်သည်။
ကောင်းကင်ဘုံနယ်မြေတွင် သူ ဖန်တီးခဲ့သော ကမ္ဘာသစ်သည် သူ အိပ်ပျော်နေစဉ်အတွင်း၌ သူ၏ "ရင်းမြစ်ရေအိုင်"ဖြစ်သော ရွှမ်ကမ္ဘာနှင့် ချောမွေ့စွာ ပေါင်းစပ်သွားခဲ့သည်။
ကြီးကျယ်ခမ်းနားသော ကမ္ဘာနှစ်ခုသည် ရင်းမြစ်စွမ်းအင်များမှတစ်ဆင့် ဆက်သွယ်ခဲ့ပြီး အကန့်အသတ်မဲ့သော ကမ္ဘာသစ်တစ်ခုကို ဖန်တီးခဲ့သည်။