သတင်းပျံ့နှံ့ခြင်း
Vol. 39 Ch. 454
"ဘယ်လိုလုပ်ပြီး ရှုပ်ထွေးမှုဖြစ်မှာလဲ... ဒါက ကြီးမားတဲ့ ဘေးအန္တရာယ်တစ်ခုကို ဖြစ်လာစေနိုင်တယ်"
လဲ့ချန်ယီ၏မျက်နှာအမူအယာ တင်းမာခက်ထန်နေသည်။
"မင်း ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ"
ဖုန်းကူချန်က သူ့ကို ကြည့်လိုက်သည်။
လဲ့ချန်ယီက ခေါင်းညိတ်ပြလိုက်၏။
"ငါက မင်းရဲ့ အကူအညီကိုယူပြီးတော့ သတင်းတစ်ခုကို ဖြန့်ချင်တယ်... သူတို့ကို ငါ့မှာ အရမ်းတန်ဖိုးရှိတဲ့ သတင်းအချက်အလက်တစ်ခု ရှိတယ်လို့ ပြောလိုက်ပါ... ဒီသတင်းအတွက်က အကျိုးပြုရမှတ် တစ်သောင်းပဲ... ဒါကိုသိချင်တဲ့ ဘယ်သူမဆို လာဝယ်လို့ရတယ်"
"အကျိုးပြုရမှတ် တစ်သောင်း...."
ဖုန်းကူချန်၏လက်ထဲရှိ ဝိုင်အရက်အိုးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
"မင်း အတည်ပြောနေတာလား... ဒီသတင်းအချက်အလက်က ထာဝရနှလုံးသားနဲ့ ပတ်သက်နေရင်တောင် ဒီလောက်ထိ တန်ဖိုးရှိမှာ မဟုတ်ဘူး"
လဲ့ချန်ယီက ပြုံးလိုက်သည်။
"မင်းက အဲ့ဒါကို ထာဝရနှလုံးသားနဲ့ ပတ်သက်နေတယ်လို့ ပြောခဲ့ပြီးမှတော့ ....ဘယ်စျေးနှုန်းမှ မမြင့်မားဘူးဆိုတာ မင်း မသိဘူးလား"
ဖုန်းကူချန်၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။ သူသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးနောက် သက်ပြင်းချလိုက်၏။
"အမှန်ပဲ... ဒီလို ကိစ္စမျိုး ပါဝင်ပတ်သက်နေမှတော့ ဘယ်စျေးနှုန်းကမှ မြင့်မားတယ်လို့ မပြောနိုင်ဘူး... ကောင်းပြီလေ..... ငါ ကူညီပေးမယ်... မင်း စိတ်မပူပါနဲ့... သုံးရက်အတွင်း မင်း အမြတ်အစွန်းတွေ ရစေရမယ်"
"ငါ ဘယ်လောက်ပဲ ရရ နောက်ဆုံးကျရင် အလုံးစုံသိမြင်ဂိုဏ်းရဲ့အပိုင် ဖြစ်သွားမှာပါ... ဒါပေမယ့် ငါ့အတွက်တော့ ဒါက အခွင့်အရေးတစ်ခုပဲ"
လဲ့ချန်ယီ၏မျက်လုံးများတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
သူ အလုံးစုံသိမြင်ဂိုဏ်း၏ အကြီးအကဲအဆင့်သို့ ရောက်ရှိသွားသည်နှင့် နှစ်ပေါင်းများစွာကြာအောင် တစ်ဆို့နေသော သူ၏ကျင့်ကြံဆင့်သည် လျှင်မြန်စွာတိုးတက်လာရန် အခွင့်အရေး ရရှိလာပေလိမ့်မည်။
"မင်းရဲ့ဝိုင်အရက်ကို သောက်ခဲ့တာကြောင့် ငါ အခု မင်းရဲ့စကားကို နာခံပြီး အလုပ်အကျွေး ပြုရတော့မယ် ထင်တယ်"
လဲ့ချန်ယီ၏အပြုအမူကို မြင်တွေ့ပြီးနောက် ဤကိစ္စသည် သူ၏မိတ်ဆွေအတွက် များစွာ အထောက်အကူ ပြုလိမ့်မည်ကို သိသွားသောကြောင့် ဖုန်းကူချန်က ရယ်မောလိုက်သည်။ သူသည် ပျော်ရွှင်စွာ အော်ဟစ်ရယ်မောရင်း မိုးကောင်းကင်ယံသို့ ခုန်တက်လိုက်ပြီး ဓားချီတစ်လှိုင်းအဖြစ် ပြောင်းလဲကာ မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းသွားသည်။
"ဟေး... ငါ့ရဲ့ဝိုင်အရက်..."
လဲ့ချန်ယီ၏မျက်လုံးများ ပြူးကျယ်သွားသည်။
ဝိုင်အရက်တစ်ဝက်ခန့် ကြွင်းကျန်နေသော ဝိုင်အရက်အိုးကို ထိုလူက ပြောင်ပြောင်တင်းတင်း ယူဆောင်သွားပေ၏။
"ဒါကို မင်းခိုင်းတဲ့အလုပ်အတွက် အခကြေးငွေလို့ သဘောထားလိုက်တော့"
မိုးကောင်းကင်ယံမှနေ၍ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သံကြီး ပဲ့တင်ထပ်လာသည်။ ထို့နောက် ဓားချီစွမ်းအင်သည် မိုးကောင်းကင်ကို ထွင်းဖောက်ကာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"ဒီလူကတော့..."
လဲ့ချန်ယီက ခေါင်းခါယမ်းလိုက်ပြီး နောက်သို့ပြန်လှည့်ကာ သူ၏အခန်းအတွင်းသို့ ဝင်သွားတော့သည်။
...
ဖုန်းကူချန် ကတိပေးသည့်အတိုင်း သုံးရက်အတွင်းမှာပင် ရင်းမြစ်ကမ္ဘာတခွင်လုံး အုတ်အော်သောင်းတင်း ဖြစ်သွားသည်။
အဆင့်နိမ့်ကျင့်ကြံသူများသည် ဆုလာဘ်များ ရရှိရန် မျှော်လင့်ချက်ဖြင့် ကျန်းရွှမ်ကို အသည်းအသန် ရှာဖွေနေကြသည်။ တစ်ချိန်တည်းမှာပင် အဓိကအင်အားစုကြီးများသည် အသက်ရှူမှားဖွယ် သတင်းတစ်ခုကို ရရှိခဲ့ကြ၏။ ဤသည်မှာ မင်းသားယွမ်ချင်းသည် ထာဝရနှလုံးသားကို ဖွဲ့စည်းနိုင်သော ပြိုင်ဘက်ကင်းဆေးလုံးကို အမှန်တကယ် ဖန်တီးခဲ့သည်ဟူသော သတင်းပင်။
ရုတ်ချည်းဆိုသလိုပင် ထိုသတင်းကြောင့် အင်အားစုများအားလုံးတွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်စေခဲ့သည်။
ထာဝရနှလုံးသား၏အရေးပါပုံကို ကျင့်ကြံသူများအားလုံး သိရှိထားသည်။ အကယ်၍ တစ်စုံတစ်ဦးက ထိုအရာကို ပိုင်ဆိုင်နိုင်ပါက ထျန်းလီအင်ပါယာကို ရန်စခြင်းပင်လျှင် သာမန်ကိစ္စတစ်ရပ် ဖြစ်သွားပေလိမ့်မည်။
ထျန်းလီမြို့တော်...တော်ဝင်နန်းတော်...
"အရေးကြီးတဲ့ ကိစ္စတွေ ရှိရင် တင်ပြပါ... မရှိရင်ညီလာခံကို ရုတ်သိမ်းမယ်"
စူးရှသောအသံတစ်သံ မြည်ဟီးလာသည်။
"တင်ပြစရာကိစ္စ မရှိပါဘူး"
အချိန်တခဏကြာပြီးနောက် အမတ်ကြီးတစ်ယောက်က ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုသည်။
"ဒီလိုဆိုရင် ညီလာခံကို ရုတ်သိမ်းမယ်"
လူအုပ်ကြီး၏ရှေ့တွင် မတ်တတ်ရပ်နေသော အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် ဗလာဟင်းလင်းဖြစ်နေသော နဂါးပလ္လင်ကို မော့ကြည့်ပြီး သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။
သူ၏ဖခမည်းတော် ဧကရာဇ်ဖုရှန်းသည် ရက်အနည်းငယ်အကြာက ကောင်းကင်ကံကြမ္မာဆက်ခံသူကို ခေါ်ဆောင်သွားခဲ့ပြီးနောက် ထိုအချိန်မှစ၍ နန်းတော်ထဲတွင် ထွက်ပေါ်လာခြင်း မရှိသေးချေ။ မည်သို့ပင်ဆိုစေကာမူ နေ့စဥ်ညီလာခံကို ဆက်လက်၍ ကျင်းပနေပြီး အင်ပါယာ၏အရေးကိစ္စများအားလုံးကို ယွမ်ချင်းနှင့် အဓိကအမတ်ကြီးတချို့က ပူးတွဲစီမံခန့်ခွဲနေကြသည်။
မင်းသားယွမ်ချင်း၏စကားကြောင့် လူများအားလုံးသည် ထွက်ခွာသွားရန် နောက်သို့လှည့်လိုက်ကြသော်လည်း ထိုအချိန်မှပင် ဖျော့တော့တော့အသံတစ်သံက ခန်းမတလျှောက် ပဲ့တင်ထပ်လာသည်။
"ကျေးဇူးပြုပြီး ခဏနေပါအုံး"
ထိုအသံသည် ပြင်ပမှ ထွက်ပေါ်လာခြင်းပင်။ လူများအားလုံး တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြရာ ဘုန်းတော်ကြီးများဖြစ်ပုံရသော လူသုံးယောက် ခန်းမကြီးထဲသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။
ဤသည်မှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးပင်။ သူတို့ ရောက်ရှိလာသည်နှင့်အတူ ခန်းမထဲသို့ မဝင်မီကပင် ကြီးမားသော ဖိအားကို ခံစားရစေသည်။
"ဒါက နီဗားနားဗောဓိသတ္တ မဟာဆန္ဒငရဲဘုရင် ဗောဓိသတ္တနဲ့ မဟာဉာဏ်ပညာ မဉ္ဇူသီရိ ဗောဓိသတ္တတို့ မဟုတ်လား... ဗုဒ္ဓဂိုဏ်းက ဗောဓိသတ္တတွေကို ဘာလို့ ဒီနေရာကို စေလွှတ်လိုက်တာလဲ"
ခန်းမထဲတွင် ရှိနေသော ဝန်ကြီးများအားလုံး အသက်ရှူမှားသွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်မှု မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ဗုဒ္ဓဂိုဏ်း၏ဗောဓိသတ္တတစ်ပါးစီတိုင်းသည် အသက်ပင်လယ်နယ်ပယ်ထက် သာလွန်သော စွမ်းအားကို ပိုင်ဆိုင်ထားကြ၏။ ဗောဓိသတ္တသုံးပါး တပြိုင်နက်တည်း ရောက်ရှိလာခြင်းသည် ကြီးမားသော ဖြစ်ရပ်တစ်ခုပင်။
မင်းသားယွမ်ချင်းက မျက်မှောင်အနည်းငယ်ကြုတ်သည်။
"ဗောဓိသတ္တသုံးပါးက ဘာလို့ ကြိုတင်အကြောင်းမကြားဘဲနဲ့ ဒီနေရာကို ရောက်လာတာလဲ"
"အော် မီ တော ဖော... ငါတို့က အိမ်ရှေ့စံမင်းသားဆီကနေ အရာတစ်ခုကို ခဏငှားဖို့ ရောက်လာတာပါ"
နီဗားနားဗောဓိသတ္တသည် ရိုသေလေးစားသော အမူအယာဖြင့် သူ၏လက်ဝါးတစ်ဖက်ကို ထောင်ထားပြီး အပြုံးဖြင့် ပြောဆိုလိုက်၏။
"ဘာကို ငှားချင်တာလဲ မသိဘူး"
မင်းသားယွမ်ချင်းက မေးမြန်းလိုက်သည်။
"အိမ်ရှေ့စံမင်းသား ဖန်တီးခဲ့တဲ့ ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးပါပဲ... ကျေးဇူးပြုပြီး ဘာမှအထင်မလွဲပါနဲ့... ဒါက လေ့လာဖို့အတွက် ခဏငှားရုံပါပဲ... ဒါကို လေ့လာပြီးတာနဲ့ ပြန်ပေးပါ့မယ်"
နီဗားနားဗောဓိသတ္တက တုံ့ပြန်အဖြေပေးသည်။
"ဆေးလုံးကို ငှားချင်တာလား"
မင်သားယွမ်ချင်း၏မျက်နှာ သုန်မှုန်သွားသည်။
သူ့ထံ၌ ထိုဆေးလုံး မရှိတော့သည့်အချက်ကို ဘေးဖယ်ထားလျှင်ပင် အကယ်၍ ရှိခဲ့သည့်တိုင် ဤမျှ တန်ဖိုးမဖြတ်နိုင်သော ရတနာကို မည်သူ့ကိုမျှ ငှားယမ်းနိုင်မည် မဟုတ်ချေ။
"ဗောဓိသတ္တသုံးပါးက ပစ္စည်းငှားဖို့ လာတာ မဟုတ်ဘဲနဲ့ ထျန်းလီတော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်ဖို့ လာတာလို့ ငါ ထင်တယ်"
မင်းသားယွမ်ချင်းသည် သူ၏ လက်များကို နောက်ပစ်ထားပြီး သူ ရှေ့သို့တိုးလာချိန်တွင် ကြီးမားသော အရှိန်အဝါတစ်ရပ်က သူ့ထံမှ ထွက်ပေါ်လာသည်။
သူသည် သူ၏နှလုံးသားကို ဆုံးရှုံးခဲ့သော်လည်း ဆယ်ရက်တာ ကုသမှုနှင့် အင်ပါယာ၏ အဆုံးမဲ့ ရတနာများသည် သူ၏ကျင့်ကြံမှုနှင့် ခွန်အားကို အပြည့်အဝ ပြန်လည်ရရှိစေခဲ့သည်။
သို့ရာတွင် သူ့ထံ၌ ကိုယ်ပိုင်နှလုံးသားမရှိပါက အသက်ပင်လယ်နယ်ပယ်ကို ဖြတ်ကျော်နိုင်ရန်မှာ အလွန်ခက်ခဲပြီး မဖြစ်နိုင်သလောက်နီးပါးပင်။ ထိုကဲ့သို့ အဆင့်ချိုးဖျက်နိုင်မှု သို့မဟုတ် အကြွင်းမဲ့စွမ်းအားတို့ မရှိပါက အိမ်ရှေ့စံမင်းသားဟူသော သူ၏နေရာပင်လျှင် လွယ်လင့်တကူ အစားထိုးခံရနိုင်သည်။
သူ ထာဝရနှလုံးသားကို ပြန်လည်၍သိမ်းပိုက်နိုင်မှုမရှိပါက မည်သို့မျှ တက်နိုင်မည်မဟုတ်ချေ။
"အိမ်ရှေ့စံက အစိုးရိမ်လွန်နေတာပဲ...ငါတို့ရဲ့ ရည်ရွယ်ချက်က လေ့လာဖို့သက်သက်ပါ... ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးတွေက ရှားပါးပြီး တန်ဖိုးရှိတယ်ဆိုတာ အမှန်ပါပဲ... ဒါပေမယ့် ဗုဒ္ဓဂိုဏ်းကလည်း ဒါကို ဖန်တီးဖော်စပ်နိုင်စွမ်း ရှိပါတယ်... အဲ့ဒီဆေးလုံးထဲက စွမ်းအားတွေကို စစ်ဆေးပြီးရင် အောင်မြင်မှုကို ရရှိနိုင်မှာပါ"
နီဗားနားဗောဓိသတ္တက ရိုးသားသော အမူအယာဖြင့် ပြောဆိုလိုက်သည်။
"မင်းတို့က ဒါကို ကြည့်ရှုဖို့သက်သက်ဆိုရင် ဘာလို့ ငါတို့ကိုလည်းမကြည့်ခိုင်းတာလဲ... ဒီလိုဆေးလုံးမျိုးက သမိုင်းတလျှောက် ပြိုင်ဘက်ကင်းတာကြောင့် ငါတို့လည်း အရမ်း စိတ်ဝင်စားတယ်... အိမ်ရှေ့စံက သဘောထားကြီးလိမ့်မယ်လို့ ငါတို့ မျှော်လင့်တယ်"
ထိုအချိန်မှာပင် အသံနက်ကြီးတစ်သံ ပဲ့တင်ထပ်လာပြီး လူအိုကြီးတစ်ယောက် ဝင်ရောက်လာသည်။
ဤသည်မှာ ဓားတစ်သောင်းမဟာမိတ်အဖွဲ့၏ခေါင်းဆောင် စစ်တုကန်ဟိုင်ပင်။
"အရှင်စစ်တုက မြန်မြန်ဆန်ဆန် ရောက်လာတာပါလား... ငါက နောက်ကနေ အမီလိုက်ဖို့ အလျင်စလို လုပ်ခဲ့ပေမယ့် နောက်ကျနေတုန်းပဲ..."
နောက်ထပ်ရယ်မောသံတစ်သံနှင့်အတူ ဝိုင်အရက်ဘူးကို ကျောတွင်လွယ်ထားသော ဖုန်းကူချန်က ခန်းမထဲတွင် ထွက်ပေါ်လာသည်။ သူထံတွင် ဖိနှိပ်ချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုး ရှိမနေဘဲ အလွန်သိပ်သည်းကြွယ်ဝသော ဝိုင်ရနံ့သာ ရှိနေသည်။
"လူတွေအားလုံးက အမြင်ကျယ်စေဖို့အတွက် ဒီကို ရောက်လာကြတာ မဟုတ်လား...ငါလည်း နောက်ကျခံလို့ မဟုတ်ဘူးလေ... မဟုတ်ရင် အခွင့်ကောင်းကို လုံးဝလွဲချော်သွားလိမ့်မယ်"
လေဟာနယ်သည် အက်ကွဲသွားပြီး မူးဝေစေသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်နှင့်အတူ တခြားအသံတစ်သံက ပဲ့တင်ထပ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူတစ်ယောက်သည် ရုတ်တရက် ထွက်ပေါ်လာပေ၏။
အဆိပ်ကိုးပါးဂိုဏ်း၏ ဂိုဏ်းချုပ်မြောင်ဟန်ရှန်...
ထို့နောက် လေဟာနယ်အက်ကွဲမှုများ ပျံ့နှံ့လာသည်နှင့်အမျှ လူအများ ပို၍ပို၍ရောက်ရှိလာကြသည်။ နာရီဝက်မပြည့်မီမှာပင် ထိပ်သီးကျင့်ကြံသူ အယောက်နှစ်ဆယ်ကျော် ခန်းမအတွင်း၌ စုဝေးမိကြသည်။
သူတို့အနက် အားအနည်းဆုံးလူများသည် အသက်ပင်လယ် နဝမအဆင့် အထွတ်အထိပ်တွင် ရှိနေကြသည်။ သူတို့အားလုံး အတူတကွ ရှိနေခြင်းကြောင့် လေဟာနယ်ပင်လျှင် တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ တွန့်လိမ်ပုံပျက်နေပေ၏။
ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို မြင်တွေ့နိုင်ရန် ကြိုးပမ်းနေသော လူများကိုကြည့်ပြီး ယွမ်ချင်း၏မျက်နှာအမူအယာ ပို၍ပို၍တင်းမာခက်ထန်လာသည်။
"ဒီပြိုင်ဘက်ကင်းနတ်ဘုရားဆေးလုံးဆိုတာက ငါ့မှာ မရှိဘူး... အဲ့ဒီကောလဟာလတွေ အားလုံးက အမှန်မဟုတ်ဘူးလို့ ငါ ပြောရင် မင်းတို့ ဘယ်လိုလုပ်မလဲ"
"ဒါက ကောလဟာလတွေ မဟုတ်ဘူး... အိမ်ရှေ့စံမင်းသားက အလုံးစုံသိမြင်ဂိုဏ်းကို လိမ်လည်လှည့်ဖျားတယ်လို့ စွပ်စွဲနေတာလား"
တခြားအသံတစ်သံ ပဲ့တင်ထပ်လာပြီး အကြီးအကဲကူယိုက ယုံကြည်ချက်ရှိသော အမူအယာဖြင့် ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။
အကြီးအကဲကူယို၏ကျင့်ကြံဆင့်သည် အလွန်မြင့်မားခြင်းမရှိချေ။ သို့ရာတွင် အလုံးစုံသိမြင်ဂိုဏ်း၏အကြီးအကဲတစ်ဦးအနေဖြင့် သူ၏ စကားများနှင့် သူ ပြောဆိုသော သတင်းအချက်အလက်များကို မည်သူမျှ မငြင်းဆန်ရဲချေ။
"မင်း ဒီနေရာကို ရောက်လာတာ အရမ်းကောင်းတယ်"
ယွမ်ချင်း၏အသံသည် တည်ကြည်လေးနက်သွားပြီး ကူယိုကို ကြည့်လိုက်သည်။
"အလုံးစုံသိမြင်ဂိုဏ်းရဲ့ သတင်းအချက်အလက်က ဘယ်ကနေ ရလာတာလဲ... ငါ ပြိုင်ဘက်ကင်းနတ်ဘုရားဆေးလုံးကို ဖန်တီးခဲ့တယ်လို့ မင်းတို့ကို ဘယ်သူ ပြောတာလဲ"
"ဒါကို ပြောပြလို့မရတာကြောင့် ခွင့်လွှတ်ပါ"
အကြီးအကဲကူယိုက ခေါင်းခါယမ်းလိုက်၏။
"မင်း မပြောရင်တောင် ဒီကိစ္စကို ငါ သိထားပြီးပြီ"
ယွမ်ချင်း၏အကြည့်သည် ခိုင်မာပြတ်သားလာပြီး မောက်မာထောင်လွှားစွာ ပြောဆိုလိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"ငါ့ရဲ့ ခန့်မှန်းချက် မှန်တယ်ဆိုရင် ဒါက ကျန်းရွှမ်ပဲ ဖြစ်ရမယ်... သူက ထွက်ပြေးနေတဲ့ ရာဇဝတ်သားတစ်ယောက် ဖြစ်ပြီးတော့ ဝရမ်းထုတ်ခံထားရတဲ့ လူပဲ... သူ့ရဲ့စကားတွေကို မင်းတို့ အလုံးစုံသိမြင်ဂိုဏ်းက ယုံကြည်နေတာလား"