← Chapters

ငါးတစ်ကောင်ကို အသုံးချနည်းများ

Vol. 39 Ch. 449

ငါးတစ်ကောင်ကို အသုံးချနည်းများ

Vol. 39 Ch. 449

ကျန်းရွှမ်က လှည့်ကြည့်လိုက်ရာ အနည်းငယ် ပိန်ပါးသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူ၏လက်ထဲတွင် ခေါက်ထားသော စာရွက်တစ်ရွက်ကို ကိုင်ဆောင်ထားပြီး သတိထား၍ ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်ရှုနေပြီး သူ၏လှုပ်ရှားမှုတိုင်းသည် အလွန်အမင်း သတိကြီးစွာထားနေကြောင်း ပြသနေပေ၏။

ကျန်းရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"စျေးနှုန်းက ဘယ်လောက်လဲ... ပြီးတော့ အကြမ်းဖျင်း အကြောင်းအရာက ဘာလဲ... ဒီသတင်းအချက်အလက်က အသုံးဝင်တယ်ဆိုတာကို မင်း သက်သေမပြနိုင်ရင် တခြားလူကို လိမ်ဖို့ ကြိုးစားတာက ပိုကောင်းလိမ့်မယ်"

"ဒါက တိကျတဲ့ သတင်းအချက်အလက်ပါ..ရာနှုန်းပြည့် မှန်ကန်တယ်"

လူလတ်ပိုင်းကြီးက သူ၏နှုတ်ခမ်းကိုမဲ့ပြီး ပြောဆိုသည်။

"အကြောင်းအရာကတော့ ကျန်းရွှမ်ရဲ့ အတွေ့အကြုံတွေ အလေ့အကျင့်တွေနဲ့ သက်ဆိုင်ပါတယ်... စျေးနှုန်းအတွက်ကတော့ အကျိုးပြုရမှတ်တစ်မှတ်ပဲ"

"ဒီလို အတည်မပြုနိုင်တဲ့ သတင်းအချက်အလက်အတွက် အကျိုးပြုရမှတ် တစ်မှတ်တောင်လား"

ကျန်းရွှမ် ဆွံ့အသွားသည်။

အကျိုးပြုရမှတ်တစ်မှတ် ရရှိရန်အတွက် ဆေးဝါးဆယ်မျိုးကို ဆက်တိုက် စမ်းသပ်ရန် လိုအပ်သည်။ ကျင့်ကြံသူအမြောက်အများသည် ထိုအရာအတွက် အသက်ပေးခဲ့ကြရသည်။ သို့ရာတွင် ဤနေရာ၌မူ လုပ်ကြံဖန်တီးထားပြီး ဖြစ်နိုင်ခြေမရှိသော သတင်းအချက်ပလက်လေးများကိုသာ ဝယ်ယူနိုင်ပေမည်။

လူလတ်ပိုင်းက ခေါင်းမော့ကြည့်ပြီး ပြောဆိုလိုက်၏။

"ငါ ရောင်းရဲမှတော့ ဒါက အတည်ပြုပြီးသား ဖြစ်နေလို့ပဲ... ဒီလိုလုပ်ပါလား...ငါက သတင်းအချက်အလက်တွေထဲက တစ်ခုကို အရင် ထုတ်ပြမယ်... မင်း အကဲဖြတ်ကြည့်လေ... တကယ်လို့ အသုံးမဝင်ဘူးလို့ မင်း ထင်ရင် မဝယ်နဲ့... မင်းက တန်ဖိုးရှိတယ်လို့ ထင်ရင် အကျိုးပြုရမှတ်တစ်မှတ် ငါ့ကိုပေးရမယ်... ဒါဆိုရင် ငါက သတင်းအချက်အလက်တွေအားလုံး မင်းကို ပေးမယ်"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ...."

မည်သို့ပင်ဆိုစေကာမူ သူ့အတွက် အရှုံးမရှိနိုင်ချေ။ အမှန်အားဖြင့် ထိုလူ ပြောဆိုမည့်အရာကို သူ နားထောင်ကြည့်လိုသည်။

လူလတ်ပိုင်းသည် ပတ်ဝန်းကျင်ကို ထပ်မံ၍ကြည့်ရှုလိုက်ပြီး မည်သူမျှ အာရုံစိုက်ခြင်း မရှိသည်ကို တွေ့လိုက်ရသဖြင့် အသံပေးပို့ခြင်းမှတစ်ဆင့် တီးတိုးပြောဆိုလိုက်၏။

"အဲ့ဒီကျန်းရွှမ်က အိမ်ရှေ့စံမင်းသားရဲ့ရတနာကို ခိုးယူခဲ့ပြီး မင်းသားက သူ့ကို လိုက်လံရှာဖွေဖို့ ပုံစံငါးမျိုးသူတော်စင်အရှင်တွေကို စေလွှတ်ခဲ့တယ်... ဒါပေမယ့် အဲ့ဒီအရှင်ငါးယောက်လုံး အချိန်တိုအတွင်း ပြန်ပြီးအသတ်ခံလိုက်ရတယ်... သူတို့က နန်းတော်ကိုးခု မြေအောက်လောကပင်လယ်မှာ သေဆုံးခဲ့ကြတယ်"

"ဒါကို လျှို့ဝှက်သတင်းအချက်အလက်တစ်ခုလို့ ပြောနိုင်လို့လား... ဒါက လူတွေအများကြီး သိထားတဲ့ကိစ္စ ဖြစ်နေတာ မဟုတ်လား"

ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။

အလုံးစုံသိမြင်ဂိုဏ်း၏ ထုတ်ပြန်ကြေညာချက်တွင် သူသည် ပုံစံငါးမျိုးသူတော်စင်အရှင်များကို သတ်ဖြတ်ခဲ့ခြင်းအကြောင်း အသေးစိတ် ပါဝင်သည်။ ဤလူသည် ထိုကြေညာချက်ကို ဝယ်ယူပြီး အတွင်းသတင်းအဖြစ် သတ်မှတ်ကာ တခြားလူများကို ပြန်လည်၍ရောင်းချနေသည်မှာ သိသာထင်ရှားပေ၏။

တခြားကမ္ဘာများတွင်ဖြစ်စေ သူ၏ အတိတ်ဘဝဖြစ်စေ သတင်းအချက်အလက် ကွာဟချက်များမှ အမြတ်ထုတ်သော ပွဲစားများသည် ကျင်လည်ကျက်စားရန်နေရာကို အစဥ်အမြဲရှာတွေ့ကြပုံရသည်။

"ကျန်းရွှမ် ရတနာတွေကို ခိုးယူတာနဲ့ ပုံစံငါးမျိုးသူတော်စင်အရှင်တွေကို သတ်ဖြတ်ခဲ့တာတွေက လူတော်တော်များများ သိထားကြပေမယ့် တိုက်ပွဲနေရာက နန်းတော်ကိုးခု မြေအောက်လောကပင်လယ်မှာ ဖြစ်ခဲ့တယ်ဆိုတာက အစစ်အမှန်လျှို့ဝှက်ချက်ပါ... မင်း အရင်ကတည်းက ဒါကို သိပြီးသားလို့တော့ မပြောနဲ့"

လူလတ်ပိုင်းကြီးက သူ့ကို မေးခွန်းထုတ်လိုသော အမူအယာဖြင့် စူးစိုက်၍ ကြည့်လိုက်သည်။

ကျန်းရွှမ်၏ခန္ဓာကိုယ် တောင့်တင်းသွားပေ၏။

ထိုလူ ပြောဆိုလိုက်မှသာ အလုံးစုံသိမြင်ဂိုဏ်း၏ ထုတ်ပြန်ကြေညာချက်သည် ရတနာခိုးယူခြင်းနှင့် ပုံစံငါးမျိုးသူတော်စင်အရှင်များ သတ်ဖြတ်ခံရခြင်းတို့ ပါဝင်နေသော်လည်း တိုက်ပွဲ၏အတိအကျတည်နေရာ သို့မဟုတ် သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည့်နေရာကို ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိကြောင်း သူ သတိရလိုက်သည်။

"ငါက အဲ့ဒါကို သိရုံသာမကဘူး... ပုံစံငါးမျိုးသူတော်စင်အရှင်တွေကို သတ်ဖြတ်ဖို့ သူအသုံးပြုခဲ့တဲ့ နည်းလမ်းတွေကိုလည်း ငါ သိတယ်... မင်းရဲ့ စာရွက်မှာ ဒီလို အခြေခံသတင်းအချက်အလက်တွေပဲ ပါမယ်ဆိုရင် ငါ မဝယ်ဘူး"

ကျန်းရွှမ်က တုံ့ပြန်အဖြေပေးလိုက်၏။

"ဒီစာရွက်မှာ တကယ့်ကို အရိုးရှင်းဆုံး သတင်းအချက်အလက်တွေပဲ ပါတယ်... မင်းက ပိုပြိးအသေးစိတ်တာကို လိုချင်ရင် ငါ့ဆီမှာ နောက်တစ်ခု ရှိတယ်... ဒါပေမယ့် ပိုစျေးကြီးတယ်... မင်း စိတ်ဝင်စားလား"

လူလတ်ပိုင်းသည် သူ၏အိတ်ကပ်ထဲသို့ လက်နှိုက်ပြီး နောက်ထပ်စာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။

ဤစာရွက်သည် ယခင်တစ်ခုနှင့် သိသိသာသာ ကွဲပြားခြားနားသည်။ ထိုအရာတွင် ထူထပ်သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နေပြီး အထူးသားရဲသားရေဖြင့် ဖုံးအုပ်ထားကာ ချိတ်ပိတ်ထားပုံရသည်။

"အော်... ဒီတစ်ခုမှာ ဘာသတင်းတွေပါလဲ... ပြီးတော့ စျေးနှုန်းက ဘယ်လောက်လဲ"

ကျန်းရွှမ်က မေးမြန်းလိုက်၏။

လူလတ်ပိုင်းကြီးက လေသံကိုနှိမ့်ပြီး ပြောဆိုသည်။

"တစ်စောင်ကို အကျိုးပြုမှတ် ဆယ်မှတ်ပါ... ဒီထဲမှာ ကျန်းရွှမ် ထွက်ပြေးခဲ့တဲ့ လမ်းကြာင်းအတိအကျတွေ သူ ကျင့်ကြံတဲ့ ကောင်းကင်ကံကြမ္မာတွေ သူ့ရဲ့စွမ်းအားအတိအကျနဲ့ ကျင့်ကြံဆင့် ပြီးတော့ ထျန်းလီမြို့မှာရှိတဲ့ သူ့ရဲ့ အိမ်တော်နေရာတောင် ပါဝင်တယ်..."

"ငါ အဲဒါကို ထိကြည့်လို့ ရမလား... ထိရုံပါပဲ...ဒါကဘာပစ္စည်းနဲ့လုပ်ထားလဲဆိုတာ ငါ ကြည့်ချင်လို့ပါ...ငါ ဒါကို ဖွင့်မကြည့်ပါဘူး"

ကျန်းရွှမ်က တောင်းဆိုလိုက်သည်။

"ရတာပေါ့"

လူလတ်ပိုင်းကြီးက ခေါင်းညိတ်ပြီး သူ၏လက်ကို ဆန့်တန်းလိုက်၏။

ဤအရာကို ထိတွေ့ကြည့်ရုံသက်သက်ဖြစ်သဖြင့် သတင်းအချက်အလက် ရောင်းချသူကို အနည်းငယ်မျှ ထိခိုက်စေမည် မဟုတ်ပေ။

ကျန်းရွှမ်သည် သူ၏လက်ချောင်းများ ထိုစာရွက်ကို ပွတ်သပ်လိုက်သည်နှင့် ကောင်းကင်ဘုံစာကြည့်တိုက် အနည်းငယ် တုန်ခါသွားပြီး စာသားများဖြင့် ပြည့်နှက်နေသော မိတ္ထူစာရွက်တစ်ရွက်က သူ၏ရှေ့တွင် ထွက်ပေါ်လာသည်။

သူ အံ့အားသင့်သွားသည်မှာ ထိုသတင်းအချက်အလက်များက အလွန်တိကျနေခြင်းပင်။

ထိုအရာ၌ မှတ်တမ်းတင်ထားသော သူ ထွက်ပြေးခဲ့သည့် တည်နေရာသည် အမှန်တရားနှင့် အနည်းငယ်နီးစပ်သည်။ ထို့ပြင် ဤသတင်းအချက် ဖော်ပြထားသော ကောင်းကင်ကံကြမ္မာများတွင် လေဟာနယ်ကံကြမ္မာလည်း ပါဝင်နေပေ၏။

သူ၏ကျင့်ကြံဆင့်ကို အသက်ပင်လယ် နဝမအဆင့် အထွတ်အထိပ်နှင့် ညီမျှသည်ဟု မှတ်တမ်းတင်ထားပြီး ထျန်းလီမြို့မှအိမ်သည် အလုံးစုံသိမြင်ဂိုဏ်းမှ သူ့ကို ပေးခဲ့သော အိမ်၏တည်နေရာအတိုင်း ဖြစ်နေသည်။

ထိုလူသည် အကျိုးပြုရမှတ်ဆယ်မှတ် တောင်းရဲသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။

အကယ်၍ တစ်စုံတစ်ဦးသည် ဤအသေးစိတ်အချက်အလက်များကို ရရှိထားပါက သူ့ကို အမှန်တကယ် ပို၍နားလည်နိုင်ပေလိမ့်မည်။ သို့ရာတွင် ထို့ထက်ပို၍တိကျသော အချက်အလက်များကို ထိန်းချုပ်ထားသည့် အလုံးစုံသိမြင်ဂိုဏ်း သို့မဟုတ် အိမ်ရှေ့စံမင်းသားယွမ်ချင်းပင်လျှင် တိုးတက်မှု မရရှိနိုင်ကြချေ။ ဤလေလွင့်ကျင့်ကြံသူများသည် ငွေကုန်ကြေးကျခံ၍ ဝယ်ယူလျှင်ပင် ရလဒ်ကောင်းများ ရရှိမည်ဟု မည်သို့ မျှော်လင့်နိုင်မည်နည်း။

ထိုသို့ဆိုသည့်တိုင် ကျင့်ကြံသူတိုင်းသည် သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံ၏ရွေးချယ်ခံရသူအဖြစ် မြင်ကြပြီး တခြားလူများ မလုပ်နိုင်သောအရာကို သူတို့ လုပ်နိုင်ကြသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ထိုအရာသည် စျေးကြီးသော်လည်း လူအမြောက်အများသည် ဆုလာဘ်များကိုမျှော်ကိုးပြီး လောင်းကြေးထပ်ရန် ဆန္ဒရှိကြ၏။ ထိုကြောင့် ဤသတင်းအချက်အလက်များကို ဝယ်ယူမည့်သူများ မရှားပါးချေ။

အမှန်စင်စစ် ရွှေတွင်းတူးရာတွင် ချမ်းသာသူများမှာ ရွှေရှာသူများ မဟုတ်ဘဲ တံတားဆောက်သူများသာ ဖြစ်သည်။

ဤအချက်ကို သေချာစွာ စဉ်းစားပြီးနောက် ကျန်းရွှမ်သည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ အလားတူ စာရွက်တစ်ရွက်က သူ၏လက်ထဲတွင် ထွက်ပေါ်လာပေ၏။

"ငါ့ဟာက အကျိုးပြုမှတ် ဆယ့်ငါးမှတ်ပဲ ကျသင့်တယ်... မင်းရဲ့ဟာထက် ပိုပြီးအသေးစိတ်တယ်လို့ ငါ အာမခံတယ်"

လူလတ်ပိုင်းကြီး ကြက်သေသေသွားသည်။

"မင်းလည်း သတင်းအချက်အလက် ရောင်းတာလား"

ကျန်းရွှမ်က ပြုံးလိုက်၏။

"ဘာလို့ ငါက မရောင်းဘဲ နေရမှာလဲ"

လူလတ်ပိုင်းကြီးက ခေါင်းညိတ်လိုက်သည်။

"ရတာပေါ့... ဒါပေမယ့် မင်းရဲ့ သတင်းအချက်အလက်က ဘယ်က ရတာလဲ...ငါ့ဆီမှာက လက်ရှိစျေးကွက်ထဲမှာ ကျန်းရွှမ်နဲ့ပတ်သက်တဲ့ အတိကျဆုံး သတင်းအချက်အလက် ရှိတယ်"

"ငါ့ရဲ့ သတင်းရင်းမြစ်ကို စိတ်မပူပါနဲ့... မင်းကို သတင်းအချက်အလက် ပေးတဲ့လူနဲ့ တွေ့ဖို့ ငါ့ကို ခေါ်သွားပေးနိုင်မလား... စျေးနှုန်း မျှတရင် ဒီအသေးစိတ်အချက်အလက်တွေကို မင်းတို့ဆီ ငါ ရောင်းပေးနိုင်တယ်... ဒါတွေက ပိုပြီးတိကျမယ်ဆိုတာ ငါ အာမခံတယ်... မတိကျရင် မင်းက ငါ့ကို ပိုက်ဆံပေးစရာ မလိုဘူး... ငါ့ကို ဖမ်းတောင် ဖမ်းနိုင်တယ်"

ကျန်းရွှမ်က အဆိုပြုလိုက်သည်။

"ဒါက..."

လူလတ်ပိုင်းကြီးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။

လွန်ခဲ့သော အချိန်တခဏက သူသည် သတင်းအချက်အလက် ရောင်းချသူ ဖြစ်ခဲ့ပြီး ယခုအချိန်၌ ပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။ ဤလူသည် သူ့ကို သတင်းရောင်းရန် ကြိုးစားနေသည်။

အချိန်တခဏကြာမျှ တွေဝေပြီးနောက် လူလတ်ပိုင်းကြီက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ...ငါက မင်းကို ခေါင်းဆောင်နဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်"

ကျန်းရွှမ်သည် လူလတ်ပိုင်းကြီး၏နောက်သို့ လိုက်ပါသွားပြီး သူတို့သည် လူအုပ်အကြားမှ ထွက်ခွာလာခဲ့သည်။ သူတို့သည် အလုံးစုံသိမြင်ဂိုဏ်းနှင့် ဝေးရာသို့ သွားပြီး အနီးအနားရှိ သာမန်အဆောက်အအုံတစ်လုံး၏ရှေ့တွင် ရပ်တန့်လိုက်၏။ လူလတ်ပိုင်းကြီးသည် ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာပြီးနောက် နံရံပေါ်ရှိ နေရာတစ်နေရာကို နှိပ်လိုက်သည်။

ကျယ်လောင်သော "ဝုန်း"ခနဲမြည်သံနှင့်အတူ နံရံကြီးပွင့်သွားပြီး ကျဉ်းမြောင်းသော လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။ သူတို့ ဝင်ရောက်သွားပြီး မကြာမီမှာပင် လင်းထိန်နေသော ခန်းမတစ်ခုသို့ ရောက်ရှိသွားပေ၏။

"ရှုဟယ်... မင်းက သတင်းအချက်အလက် ရောင်းဖို့ အပြင်ထွက်သွားတာ မဟုတ်လား... ဘာလို့ ပြန်ရောက်နေတာလဲ"

သူတို့ ခန်းမထဲသို့ ဝင်လိုက်သည်နှင့် အသံတစ်သံ ထွက်ပေါ်လာသည်။

"ငါက ခေါင်းဆောင်နဲ့ ဆွေးနွေးစရာ ရှိလို့ပါ"

ရှုဟယ်က တုံ့ပြန်အဖြေပေးလိုက်သည်။

ထိုစကားကိုပြောဆိုလိုက်သူသည် ရှုဟယ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းရွှမ်၏ ချောမောခန့်ညားသော မျက်နှာကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"ငါ့နောက်ကို လိုက်ခဲ့ကြ...."

သူတို့သုံးယောက်သား ဆက်လက်၍ လျှောက်လှမ်းသွားလိုက်ပြီး နောက်ဆုံးတွင် အသက်လေးဆယ်ကျော်အရွယ် လူလတ်ပိုင်းကြီးတစ်ယောက် ထိုင်နေသော အခန်းငယ်တစ်ခန်းထဲသို့ ရောက်ရှိသွားသည်။

ဤလူကို မြင်တွေ့မိချိန်၌ ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်၏။

ဤလူကို သူ မြင်တွေ့ဖူးသည်။ ထိုလူသည်လည်း သူ၏အိမ်တော်၌ ချီထျန်းမင်နှင့်အတူ အစောင့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

အစောပိုင်းက သူ၏ခန့်မှန်းချက် မှန်ကန်ပုံရသည်။ ဤမျှထိ အသေးစိတ်ကျသော သတင်းအချက်အလက်များကို ရောင်းချသူများသည် အလုံးစုံသိမြင်ဂိုဏ်း သို့မဟုတ် မင်းသားယွမ်ချင်း၏အင်အားစုနှင့် ဆက်နွယ်နေပေမည်။ ထိုသို့မဟုတ်ပါက သူတို့သည် ဤမျှထိ အသေးစိတ်ကျကျ သိရှိနိုင်မည် မဟုတ်ချေ။

ထိုထုတ်ပြန်ကြေညာချက်များကို သေချာထုတ်ပိုးပြီး အတွင်းသတင်းဟုဆိုကာ ပြန်လည်ရောင်းချခြင်းဖြင့် မရေမတွက်နိုင်သော ဝယ်ယူသူများကို ဆွဲဆောင်နိုင်ခဲ့သည်။ အလုံးစုံသိမြင်ဂိုဏ်းသည် အခွင့်အရေးတိုင်းကို အပြည့်အဝ အသုံးချခြင်းဖြင့် ရင်းမြစ်ကမ္ဘာ၏ထိပ်တန်း ကုန်သွယ်ရေးအင်အားစုဟူသော နာမည်ဂုဏ်သတင်းနှင့် အမှန်တကယ်ကို ကိုက်ညီပေ၏။

"ခေါင်းဆောင်..."

ရှုဟယ်သည် ရှေ့သို့တိုးပြီး ထိုကိစ္စကို တီးတိုးပြောဆိုလိုက်သည်။

ထိုအရာကို နားထောင်ပြီးနောက် လူလတ်ပိုင်းကြီးသည် သူ၏မျက်လုံးများကို မှေးစင်းလိုက်ပြီး စူးစမ်းလိုစိတ် အပြည့်ဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်သည်။

All Chapters