မြင့်မားသော စျေးနှုန်း
Vol. 39 Ch. 450
"မင်းဆီမှာ ပိုပြီးအသေးစိတ်ကျတဲ့ သတင်းအချက်အလက် ရှိလား"
လူလတ်ပိုင်းကြီးက မေးမြန်းသည်။
"သေချာတာပေါ့"
ကျန်းရွှမ်က သူ၏လက်ထဲမှ စာရွက်ကို မြှောက်ပြလိုက်သည်။
"ငါ အာမခံတယ်... ဒါက မင်းတို့ရဲ့သတင်းအချက်အလက်ထက် ပိုပြီးအသေးစိတ်ကျတယ်... မင်းတို့က ဒါကို ဝယ်ယူဖို့ ဆန္ဒရှိသရွေ့ နောက်ပိုင်းမှာ ဘာပဲ လုပ်လုပ် မင်းတို့ရဲ့သဘောပါ... ဒါက မင်းတို့အတွက် ကြီးမားတဲ့ အကျိုးအမြတ်တွေ ရနိုင်လိမ့်မယ်လို့ ငါ အာမခံတယ်"
"စိတ်ဝင်စားစရာပဲ"
တစ်ဖက်လူသည် ဤကဲ့သို့စီးပွားရေးမျိုးကို ဤနေရာတွင် လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်မထားမိသောကြောင့် လူလတ်ပိုင်းကြီး၏မျက်လုံးများ စူးစမ်းလိုစိတ်ဖြင့် တောက်ပလာသည်။
"ဒါကို ငါ အရင်ကြည့်လို့ ရမလား... မင်း မလိမ်ဘူးဆိုတာကို ငါ အတည်ပြုဖို့ လိုအပ်တယ်"
"သဘာဝကျပါတယ်"
ကျန်းရွှမ်သည် တွန့်ဆုတ်ခြင်းမရှိဘဲ ထိုစာရွက်ကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။
လူလတ်ပိုင်းကြီးက ထိုစာရွက်ကို ဖမ်းယူပြီး ပြောဆိုလိုက်၏။
"သတ္တိကောင်းလိုက်တာ"
သူသည် စကားပြောဆိုရင်း စာရွက်ကို တစ်ချက်ဖွင့်ကာ ကြည့်ပြီးနောက် သူ၏မျက်နှာအမူအယာ ချက်ချင်းတည်ကြည်လေးနက်သွားသည်။
ထိုစာရွက်တွင် သူတို့ ရောင်းချနေသော သတင်းအချက်အလက်များအားလုံးအပြင် သူတို့ ယခင်က မသိခဲ့သော နောက်ထပ်အသေးစိတ်အချက်အလက်များလည်း ပါဝင်သည်။
ဥပမာအနေဖြင့် ဆေးဝါးဂိုဏ်းမှ အကြီးအကဲကျန်းလီ၏ ရုပ်ခန္ဓာကိုယ် ပျက်စီးသွားပြီး စိတ်ဝိညာဉ်သာ ကျန်ရှိတော့သည့်ကိစ္စပင်။ ထို့ပြင် အကြီးအကဲယောင်ယွမ်နှင့်ယောင်ချန်တို့ကို မင်းသားယွမ်ချင်းက သတ်ဖြတ်ပြီး ဆေးလုံးအတွက် စွမ်းအားများအဖြစ် ပြောင်းလဲပစ်ခဲ့သည့် အကြောင်းအရာလည်း ပါဝင်ပေ၏။
သူ့ကို အံ့အားသင့်စေဆုံးမှာ ကျန်းရွှမ်သည် မင်းသားယွမ်ချင်းထံမှ ကောင်းကင်ဘုံရတနာကို ခိုးယူခဲ့သောကြောင့် လိုက်လံဖမ်းဆီခံရခြင်း မဟုတ်သောကိစ္စပင်။ အကြောင်းအရင်းမှာ ထိုအချိန်က မင်းသားယွမ်ချင်းသည် ထာဝရနှလုံးသားကို ဖွဲ့စည်းနိုင်သော ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို ဖန်တီးခဲ့ခြင်းကြောင့်ပင်။ မင်းသားယွမ်ချင်းသည် သတင်းအချက်အလက်များ ပေါက်ကြားမှု မဖြစ်အောင် ထိုနေရာတွင် ရှိနေသော သက်သေများအားလုံးကို ဖယ်ရှားပစ်ရန် ရည်ရွယ်ခဲ့ပေ၏။
"ထာဝရနှလုံးသား..."
လူလတ်ပိုင်းကြီးက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။
အလုံးစုံသိမြင်ဂိုဏ်းမှ အကြီးအကဲတစ်ဦးအနေဖြင့် သူသည် အတွင်းရေးသတင်းများကို အနည်းငယ်သိရှိထားသည်။ သူ ယခင်က သိထားသော အချက်များကို အခြေခံကြည့်ပါက မင်းသားယွမ်ချင်းသည် ကျန်းရွှမ်ကဲ့သို့ အညတရလူတစ်ဦးကို သတ်ဖြတ်ရန် ဤမျှထိ အစွန်းရောက်သော နည်းလမ်းများကို အသုံးပြုရခြင်းအတွက် ယုတ္တိရှိသော အကြောင်းပြချက် မရှိချေ။
ယခုချိန်တွင်မူ အရာအားလုံး အဓိပ္ပာယ်ရှိသွားလေပြီ။
ဤသတင်းအချက်အလက်သည် လုံးလုံးလျားလျား မှန်ကန်ကြောင်း သူ အတပ်ပြောနိုင်သော်လည်း ခွဲခြမ်းစိတ်ဖြာကြည့်ခြင်းဖြင့် ကိုးဆယ်ရာခိုင်နှုန်းခန့် မှန်ကန်နိုင်ခြေ ရှိကြောင်း တွေ့ရှိရသည်။
"ဒီသတင်းအချက်အလက်တွေကို မင်း ဘယ်လို ထင်လဲ... မင်း ဝယ်ယူဖို့ စိတ်ဝင်စားလား"
ကျန်းရွှမ်က မေးမြန်းလိုက်သည်။
"ဒါက အခုလောလောဆယ်မှာ ငါတစ်ယောက်တည်းနဲ့ ဆုံးဖြတ်လို့ မရသေးဘူး... တခြားလူတွေနဲ့ ဆွေးနွေးဖို့ လိုတယ်... ခဏလောက် စောင့်ပေးပါအုံး"
လူလတ်ပိုင်းကြီးက ခေါင်းညိတ်ပြပြီး အနောက်ဘက်တံခါးမှ ထွက်ခွာသွားသည်။
ကျန်းရွှမ်သည် အလျင်လိုခြင်းမရှိဘဲ အခန်းအတွင်း၌ တည်ငြိမ်စွာ ထိုင်စောင့်လိုက်၏။
မကြာမီမှာပင် အခန်းထဲသို့ လူအမြောက်အများ အလျင်အမြန် ဝင်ရောက်လာသည်။ ဤတစ်ကြိမ်တွင် လူလတ်ပိုင်းကြီးသာမက ဝမ်ရှန်းဂိုဏ်းခွဲ၏ခေါင်းဆောင် လဲ့ချန်ယီနှင့် သူ အစောပိုင်းက မြင်တွေ့ခဲ့ရသော ချီထျန်းမင်တို့လည်း ပါဝင်သည်။
ထိုလူနှစ်ယောက်သည် ချက်ချင်းပင် ကျန်းရွှမ်ကို အာရုံစိုက်လိုက်ပြီး သူတို့၏မျက်ခုံးများ တွန့်ကွေ့သွားသည်။
"မင်း ဒီသတင်းအချက်အလက်တွေကို ဘယ်က ရတာလဲ... ဒီသတင်းတွေရဲ့မှန်ကန်မှုကို မင်း အတည်ပြုနိုင်လား"
"သတင်းရင်းမြစ်အတွက်ကတော့ မေးမနေတာ အကောင်းဆုံးပါ... ငါက အဖြေပေးမှာ မဟုတ်ဘူး...မင်းတို့ ငါ့ကို သတ်မယ်ဆိုရင်တောင် ငါ ထုတ်ပြောမှာ မဟုတ်ဘူး...ဒီသတင်းရဲ့မှန်ကန်မှုအတွက်ကတော့ ငါ အာမခံနိုင်တယ်... ဘာအမှားအယွင်းမှ ရှိမှာ မဟုတ်ဘူး"
ကျန်းရွှမ်က တည်ငြိမ်အေးဆေးစွာ တုံ့ပြန်အဖြေပေးသည်။
"ကောင်းပြီလေ... ငါတို့က ဒီသတင်းအချက်အလက်ကို ဝယ်မယ်... မင်း စျေးနှုန်းကို ပြောပါ"
လဲ့ချန်ယီက သူ၏လက်ကိုဝှေ့ယမ်းပြီး မေးမြန်းလိုက်သည်။
"အကျိုးပြုရမှတ် ၁၀၀၀ ဆိုရင် မင်း ဘယ်လိုသဘောရလဲ"
ကျန်းရွှမ် ကြက်သေသေသွားသည်။
အကျိုးပြုရမှတ်တစ်ထောင်သည် တစ်စုံတစ်ဦးကို အဆင့်နှစ်မြို့သားအဆင့်သို့ မြှင့်တင်ပေးရန် လုံလောက်ပေ၏။
ဤမြို့သားအဆင့်သည် မြို့စားတစ်ယောက် မဟုတ်လျှင်ပင် များစွာအလှမ်းကွာဟခြင်း မရှိတော့ချေ။ ထိုကဲ့သို့ အဆင့်အတန်းမျိုးရှိပါက ထျန်းလီမြို့၏ အပြင်မြို့တော်တွင်သာမက အတွင်းမြို့တော်တွင်လည်း အတားအဆီးမရှိ လွတ်လပ်စွာ သွားလာနိုင်ပေမည်။
သတင်းအချက်အလက်သက်သက်အတွက် ဤမျှထိ မြင့်မားသောစျေးနှုန်းကို ပေးနေသလော....
သူသည် ဆေးလုံးများဖြင့် မရေမတွက်နိုင်သော စမ်းသပ်မှုများကို ပြုလုပ်ခဲ့သော်လည်း စုစုပေါင်းအနေဖြင့် အကျိုးပြုရမှတ် ဆယ်ဂဏန်းသာ ရရှိခဲ့သည်။
အမှန်အားဖြင့် ဤစျေးနှုန်းသည် အလွန်မြင့်မားသော်လည်း ဤသတင်းအချက်အလက်သည် တန်ဖိုးရှိကြောင်း သူ သိရှိထားသည်။ သူသည် ချက်ချင်းတုံ့ပြန်အဖြေပေးလိုက်၏။
"နှစ်ထောင်...."
"သဘောတူတယ်"
လဲ့ချန်ယီက များစွာတွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။
"ငွေပေးချေမှုကို ဘယ်လို ပေးချေစေချင်လဲ"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"အဲ့ဒါတွေအားလုံးကို ကောင်းကင်ကံကြမ္မာစွမ်းအားတွေအဖြစ် ပြောင်းပေးပါ... များလေ ပိုကောင်းလေပဲ"
အကယ်၍ အကျိုးပြုရမှတ်များဖြင့် ပေးချေပါက လက်ခံရန်အတွက် သူ၏မြို့သားတံဆိပ်ပြားကို လိုအပ်ပေမည်။ တစ်ဖက်လူများသည် ထိုအရာကို စစ်ဆေးပြီးသည်နှင့် သူ၏အယောင်ဆောင်မှု ချက်ချင်းဖော်ထုတ်ခံရမည် ဖြစ်သည်။ ထို့ကြောင့် သူသည် ကောင်းကင်ကံကြမ္မာ အသက်စွမ်းအားများကိုသာ ရရှိလိုပေ၏။
အပြာရောင်တိမ်တိုက်အရှင် မင်းသားယွမ်ချင်းတို့နှင့် ချိတ်ဆက်မှု ပြတ်တောက်သွားစဥ်ကတည်းက သူသည် ကောင်းကင်ကံကြမ္မာစွမ်းအားကို မရနိုင်တော့သဖြင့် သူ့အတွက် အလွန်အဖိုးတန်လာသည်။
"ကောင်းပြီလေ"
လဲ့ချန်ယီက သဘောတူလိုက်သည်။
"အကျိုးပြုရမှတ်တွေနဲ့ ကံကြမ္မာပြားတွေကြားမှာ သတ်မှတ်ထားတဲ့ ပြောင်းလဲမှုနှုန်း မရှိပေမယ့် အကျိုးပြုရမှတ်တစ်မှတ်အတွက် ကံကြမ္မာချပ်ပြားငါးထောင်နဲ့ လဲလှယ်နိုင်တယ်လို့ လူအများက လက်ခံထားကြတယ်... အကျိုးပြုမှတ်နှစ်ထောင်အတွက်ဆိုရင် ကံကြမ္မာချပ်ပြားဆယ်သန်းရမယ်..."
"ဒါက မျှတပါတယ်"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။
မှောင်ခိုစျေးကွက်တွင် အကျိုးပြုမှတ်တစ်မှတ်ဖြင့် ကံကြမ္မာချပ်ပြားငါးထောင် သို့မဟုတ် ခြောက်ထောင်မှ ခုနစ်ထောင်အထိပင် ဝယ်ယူနိုင်သော်လည်း အရေအတွက် အနည်းငယ်သာ ဖြစ်သည်။ ရမှတ်နှစ်ထောင်ဆိုပါက စျေးနှုန်းသည် ကျဆင်းသွားပေလိမ့်မည်။
အကြောင်းအရင်းမှာ မည်သူတစ်ဦးတစ်ယောက်မျှ ဤမျှထိမြင့်မားသော ကောင်းကင်ကံကြမ္မာစွမ်းအားပမာဏကို အချိန်တိုအတွင်းတွင် စုဆောင်းနိုင်မည် မဟုတ်သောကြောင့်ပင်။ ထိုပမာဏသည် ကျယ်ပြန့်သော ကံကြမ္မာမြစ်တစ်စင်းနှင့် ညီမျှပေ၏။
ဤသည်မှာ ရာစုနှစ်များစွာ ကျင့်ကြံခဲ့သော ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခြင်းဖြင့် စုဆောင်းရန် လိုအပ်သည်။
"ငါတို့ဂိုဏ်းက ဒီလောက်ထိများတဲ့ ကံကြမ္မာချပ်ပြားတွေကို ပြင်ဆင်ဖို့အတွက် အချိန်ယူရလိမ့်မယ်...မင်း ခဏလောက်စောင့်ပါအုံး"
သဘောတူညီချက်ရရှိပြီးနောက် လဲ့ချန်ယီက ကိစ္စများကို စီမံဆောင်ရွက်ရန်အတွက် အခန်းအတွင်းမှ ထွက်ခွာသွားတော့သည်။
မင်းသားယွမ်ချင်းသည် ထာဝရနှလုံးသားကို ဖွဲ့စည်းနိုင်သော ပြိုင်ဘက်ကင်းနတ်ဘုရားဆေးလုံးကို ပိုင်ဆိုင်ထားသည်ဟူသော သတင်းသည် ကြီးမားပေ၏။ သူသည် ဤအကြောင်းကို ဌာနချုပ်သို့ အလျင်အမြန် အစီရင်ခံရပေမည်။ ထိုကဲ့သို့ ဆုံးဖြတ်ချက်များကို သူ၏ဂိုဏ်းခွဲခေါင်းဆောင်အဆင့်ဖြင့် မချမှတ်နိုင်ချေ။
သူသည် လျင်မြန်စွာ လှုပ်ရှားခဲ့ပြီး မကြာမီမှာပင် တဒင်္ဂပင်လယ်သို့ ရောက်ရှိလာကာ အကြီးအကဲကူယိုနှင့် တွေ့ဆုံခဲ့သည်။
"ငါ အခု နားလည်သွားပြီ"
ပြိုင်ဘက်ကင်းဆေးလုံးနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ကြားပြီးနောက် အကြီးအကဲကူယို၏မျက်နှာ တောက်ပသွားပြီး ချက်ချင်းမတ်တတ်ထရပ်လိုက်သည်။
"မင်း ဒီနေရာမှာ စောင့်နေအုံး... ငါက ငါ့ရဲ့ဆရာဆီ ဒီသတင်းကို အကြောင်းကြားပြီး သူ့ရဲ့ သဘောထားကို မေးလိုက်မယ်"
လဲ့ချန်ယီသည် ရိုသေစွာ ဦးညွှတ်အရိုအသေပြုလိုက်ပြီး လှုပ်ရှားဝံ့ခြင်း မရှိပေ။ အကြီးအကဲကူယိုက အလျင်အမြန် ထွက်ခွာသွားပေ၏။
လက်ဖက်ရည်တစ်ခွက်သောက်ချိန်ခန့် ကြာမြင့်ပြီးနောက် အကြီးအကဲကူယိုက အလျင်စလို ပြန်ရောက်လာသည်။
"ငါ့ရဲ့ဆရာက ဒီသတင်းကို ခွဲခြမ်းစိတ်ဖြာပြီးတော့ ကိုးဆယ့်ကိုးရာခိုင်နှုန်း မှန်ကန်တယ်လို့ ယုံကြည်တယ်"
အကြီးအကဲကူယိုက ခေါင်းညိတ်လိုက်သည်။
"ကိုးဆယ့်ကိုးရာခိုင်နှုန်း... ဒီလောက်တောင် မြင့်တာလား"
လဲ့ချန်ယီ အံ့အားသင့်သွားသည်။
သူသည်လည်း ဤသတင်းအချက်အလက် မှန်ကန်နိုင်သည်ဟု ခံစားရသော်လည်း ထိုအရာ၏တိကျမှုကို အာမခံရဲခြင်း မရှိပေ။ အကြီးအကဲအိုးယန်ဟိုင်က ဤသတင်းသည် ကိုးဆယ့်ကိုးရာခိုင်နှုန်း မှန်ကန်နိုင်ခြေရှိသည်ဟု အတည်ပြုခြင်းသည် ထိုသတင်း အမှန်ဖြစ်သည်ဟု သတ်မှတ်ရန် လုံလောက်ပေ၏။
အကြီးအကဲကူယိုက ရှင်းပြသည်။
"ရှားပါးဆေးပင်တွေကို စုဆောင်းဖို့အတွက် မင်းသားယွမ်ချင်းနဲ့ ဆေးပညာဂိုဏ်းတို့ကြားမှာ လျှို့ဝှက်ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေခဲ့တာကို ငါတို့ သံသယဝင်ခဲ့တာ အချိန်တော်တော်ကြာနေပြီ... သူတို့က ဒါကိုစမ်းသပ်ခဲ့တာ နှစ်တွေအများကြီး ကြာနေပြီ... သူတို့ကပြိုင်ဘက်ကင်းနတ်ဘုရားဆေးလုံးကို ဖန်တီးမယ့် ရည်ရွယ်ချက်ကို ငါတို့ ကြိုတင်ခန့်မှန်းထားပြီးသားပဲ... ဒီသတင်းက အဲ့ဒါကို အတည်ပြုလိုက်တာပဲ"
လဲ့ချန်ယီက ဤသတင်း၏အရေးပါပုံကို နားလည်သဘောပေါက်သွားသည်။
ကုန်းမြေတစ်ခုလုံး၏ အကြီးမားဆုံး သတင်းအချက်အလက် ဗဟိုဌာနအနေဖြင့် မင်းသားယွမ်ချင်းသည် တခြားလူများကို လှည့်စားနိုင်သော်လည်း သူတို့၏စုံစမ်းမှုအောက်မှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ ပြိုင်ဘက်ကင်းနတ်ဆေးလုံးကို ဖော်စပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများသည် အလွန်ရှားပါးပြီး ရှာဖွေရန် ခက်ခဲသောကြောင့် ခြေရာလက်ရာမကျန်ဘဲ လျှို့ဝှက်ထားရန်မှာ မဖြစ်နိုင်ပေ။
"ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ"
လဲ့ချန်ယီက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
အကြီးအကဲကူယို၏အကြည့်သည် ပို၍ခိုင်မာပြတ်သားလာပေ၏။
"ဒါက ရိုးရှင်းပါတယ်... ငါတို့က ဒါကို ရောင်းဝယ်လို့ရတဲ့ သတင်းအချက်အလက်အဖြစ် ပြောင်းလဲလိုက်ရုံပဲ... အစုရှယ်ယာတစ်ခုစီကို အကျိုးပြုရမှတ်တစ်သောင်းနဲ့ ရောင်းပြီးတော့ ထိပ်သီးအင်အားစုတွေကိုပဲ ကမ်းလှမ်းရမယ်... သူတို့ ဝယ်ချင်ရင်ဝယ် မဝယ်ချင်ရင် ဘာမှထပ်ပြောဖို့ မလိုဘူး"
"အကျိုးပြုရမှတ်တစ်သောင်းလား..."
လဲ့ချန်ယီ ကြက်သေသေသွားသည်။
အစပထမတွင် သူသည် ဤသတင်းအချက်အလက်အတွက် အကျိုးပြုမှတ်နှစ်ထောင်ပေးခြင်းသည် ဖြုန်းတီးရာရောက်သည်ဟု တွေးထင်ခဲ့လေ၏။ သို့ရာတွင် ယခုအချိန်၌ အကြီးအကဲအိုးယန်ဟိုင်သည် သူ့ထက် ပို၍ပင် ရက်စက်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။
"ဟုတ်တယ်... ငါ့ရဲ့ဆရာက မင်း အရာအားလုံးကို ကိုင်တွယ်လိမ့်မယ်လို့ ပြောထားတယ်...မင်း ကောင်းကောင်းလုပ်ဆောင်ရင် နှစ်ကုန် အကဲဖြတ်ချိန်မှာ အကြီးအကဲအဖွဲ့ဝင်ရာထူးနဲ့ ဆုချခံရလိမ့်မယ်"
အကြီးအကဲကူယိုက တည်ငြိမ်စွာ ပြောဆိုသည်။
"ကျွန်တော်ကို ပံ့ပိုးပေးတဲ့အတွက် အကြီးအကဲအိုးယန်နဲ့အကြီးအကဲကူးယိုတို့ကို ကျေးဇူးတင်ပါတယ်"
လဲ့ချန်ယီသည် စိတ်လှုပ်ရှားမှုဖြင့် သူ၏မျက်နှာ နီမြန်းသွားသည်။
လက်ရှိတွင် ဂိုဏ်းခွဲခေါင်းဆောင်နှင့် ညီမျှသော်လည်း အကြီးအကဲအဖွဲ့ဝင်ရာထူးသို့ တက်လှမ်းနိုင်ခြင်းသည် ဌာနချုပ်မှအဖွဲ့ဝင်တစ်ယောက် ဖြစ်လာခြင်းနှင့် တူညီသည်။ ဤသည်မှာ ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်သည့်အလားပင်။ ယခုအချိန်မှစ၍ သူ ရရှိသော အရင်းအမြစ်များမှ ကျင့်ကြံနည်းစနစ်များအထိ သိသိသာသာ ပြောင်းလဲသွားပြီး ယခင်နှင့် တူညီတော့မည် မဟုတ်ချေ။
သူ ပျော်ရွှင်နေသော အချိန်အခိုက်အတန့်မှာပင် အကြီးအကဲကူယိုက မေးမြန်းလေ၏။
"ဒီသတင်းအချက်အလက်ကို ပေးတဲ့သူက ဘယ်သူလဲ"