စွန်းချန်တို့လူစု၏ သတင်းကို သိရှိခြင်း
Vol. 39 Ch. 451
"ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ လူငယ်တစ်ယောက်ပါ... ဝမ်ရှန်းဂိုဏ်းက ကြားနေရေးကို ထိန်းသိမ်းဖို့ လိုအပ်တာကြောင့် ကျွန်တော်က သူ့ရဲ့ အထောက်အထားကို မမေးခဲ့ပါဘူး..."
လဲ့ချန်ယီက အလျင်အမြန် ရှင်းပြသည်။
ကြားနေရေးဝါဒကို အခိုင်အမာ ဆုပ်ကိုင်ထားသော အဖွဲ့အစည်းတစ်ခုအနေဖြင့် သတင်းအချက်အလက် လာရောက်ဝယ်ယူသူဖြစ်စေ ရောင်းချသူဖြစ်စေ သူတို့သည် ငွေပေးချေမှုများကို လက်ခံခြင်း သို့မဟုတ် တောင်းခံခြင်းတို့ကိုသာ ကိုင်တွယ်ကြသည်။ သတင်းအချက်အလက်၏အရင်းအမြစ် သို့မဟုတ် ဖောက်သည်၏အထောက်အထားကို စုံစမ်းစစ်ဆေးခြင်း မပြုချေ။ ဤသည်မှာ ရင်းမြစ်ကမ္ဘာတစ်ခုလုံး ကောင်းမွန်စွာ သိရှိထားသော အလုံးစုံသိမြင်ဂိုဏ်း၏ စည်းမျဉ်းတစ်ခု ဖြစ်ပြီး အပေးအယူများအတွင်း၌ လူများအားလုံးကို စိတ်လုံခြုံမှုအား ခံစားရစေသည်။
"မင်း ကောင်းကောင်း လုပ်ခဲ့တယ်"
အကြီးအကဲကူယိုက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"အဲ့ဒီလူအတွက် ငွေပိုပေးပြီးတော့ ဒီသတင်းအချက်အလက်ကို သီးသန့် ဝယ်ယူလိုက်ပါ... တခြားအင်အားစုတွေဆီကို ပေါက်ကြားမသွားစေနဲ့"
"ကျွန်တော် နားလည်ပါပြီ"
လဲ့ချန်ယီက သက်ပြင်းချလိုက်ပြီး ထွက်ခွာသွားရန်အတွက် နောက်သို့ချာခနဲလှည့်လိုက်သည်။
သူ၏အခန်းသို့ ပြန်လာပြီးနောက် ထိုလူငယ်သည် နေရာတွင်ပင် တိတ်တဆိတ် ထိုင်စောင့်နေသည်ကို မြင်တွေ့ချိန်၌ လဲ့ချန်ယီသည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။ သူသည် သူ၏ လက်ကောက်ဝတ်ကို လှုပ်ခတ်ပြီး သိုလှောင်လက်စွပ်တစ်ကွင်းကို လက်ကမ်းပေးလိုက်၏။
"ဒီထဲမှာ ကံကြမ္မာချပ်ပြား သန်းနှစ်ဆယ်ရှိတယ်... ဒါက မင်းရဲ့ သတင်းအချက်အလက် ပိုင်ဆိုင်ခွင့်ကို သီးသန့်ဝယ်ယူတာပဲ .. တစ်နည်းပြောရရင် မင်းရဲ့ ဒီသတင်းအချက်အလက်ကို တခြားဘယ်သူ့ကိုမှ မင်း ရောင်းလို့ မရဘူး"
ထိုသိုလှောင်လက်စွပ်ကို လက်ခံခြင်း မပြုဘဲ ကျန်းရွှမ်က အပြုံးနှင့် လဲ့ချန်ယီကို ကြည့်လိုက်သည်။
"သီးသန့်ဝယ်ယူမှုအတွက် သန်းငါးဆယ်...."
တစ်ဖက်လူ၏လုပ်ရပ်များမှတဆင့် ဤသတင်းအချက်အလက်၏တန်ဖိုးကို ယခင်က ကံကြမ္မာချပ်ပြားဆယ်သန်းစျေးနှုန်းဖြင့် လျှော့တွက်ထားကြောင်း သူ ခွဲခြားသိမြင်နိုင်သဖြင့် ချက်ချင်းဆိုသလိုပင် စျေးနှုန်းကို မြှင့်တင်လိုက်၏။
လဲ့ချန်ယီက များစွာတွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နောက်ထပ်သိုလှောင်လက်စွပ်တစ်ကွင်းကို လက်ကမ်းပေးလိုက်သည်။
ကံကြမ္မာချပ်ပြားသန်းငါးဆယ်...
ဤသည်မှာ အကြီးအကဲကူးယိုက အင်အားစုကြီးတစ်စုကို ဤသတင်းအချက်အလက်အား ရောင်းချရန်အတွက် ပြောဆိုခဲ့သော ပမာဏအတိုင်းပင်။ ထိုသို့ဆိုလျှင်ပင် ဤအရောင်းအဝယ်သည် သိသာထင်ရှားသော အမြတ်အစွန်းကို ရရှိနေဆဲ ဖြစ်သည်။
သိုလှောင်လက်စွပ်ထဲရှိ အရေအတွက်ကို အတည်ပြုပြီးနောက် ကျန်းရွှမ်သည် ထိုကံကြမ္မာချပ်ပြားများအားလုံးကို ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ ထည့်သွင်းလိုက်ပြီး နောက်ဆုံးတွင် စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်သည်။
ဤမျှထိများပြားသော ကောင်းကင်ကံကြမ္မာစွမ်းအားများဖြင့်ဆိုပါက သူသည် ယုဟိုင်၏စွမ်းအားများကို ပြန်လည်နိုးထစေနိုင်ပြီး သူ့ကို အသက်ပင်လယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်ကို ယာယီပေးအပ်နိုင်ပေမည်။ ဤသည်ကြောင့် အန္တရာယ်တစ်စုံတစ်ခု ထပ်မံ၍ပေါ်ပေါက်လာလျှင်ပင် သူ့ကိုယ်သူ ကာကွယ်နိုင်မည့် နည်းလမ်းများ ရှိလာပေမည်။
"နောက်တစ်ကြိမ် သတင်းအချက်အလက် ထပ်ရှိလာရင် ငါတို့ဆီကို ယူလာပေးဖို့ ငါ မျှော်လင့်မိတယ်... အလုံးစုံသိမြင်ဂိုဏ်းက မျှတတဲ့စျေးနှုန်းနဲ့ ဝယ်ယူမယ်ဆိုတာ ငါ အာမခံတယ်"
ကျန်းရွှမ်က ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်ကို မြင်လိုက်ရသဖြင့် လဲ့ချန်ယီက အလျင်အမြန် ပြောဆိုလိုက်သည်။
"သေချာတာပေါ့...."
ကျန်းရွှမ်က ခေါင်းညိတ်ပြကာ သူ အစောပိုင်းက ထိုင်နေခဲ့သော ကုလားထိုင်ကို ပွတ်သပ်လိုက်ပြီးနောက် အခန်းထဲမှ ထွက်ခွာသွားသည်။
ကျန်းရွှမ် ထွက်ခွာသွားချိန်၌ ချီထျန်းမင်က လဲ့ချန်ယီ၏အနီးသို့ ချဉ်းကပ်လာသည်။
"တစ်ယောက်ယောက်ကို သူ့ရဲ့နောက်ကို လိုက်ခိုင်းသင့်လား"
လဲ့ချန်ယီက ခေါင်းခါယမ်းလိုက်သည်။
"မလိုပါဘူး... သူ ဘယ်သူလဲဆိုတာ ငါ ခန့်မှန်းမိပြီးသားပါ... ဒါ့ပြင် ငါတို့အလုံးစုံသိမြင်ဂိုဏ်းက စိတ်ရင်းမှန်နဲ့ စီးပွားရေး လုပ်ဆောင်တာကြောင့် ငါတို့က ဒီလိုအပြုအမူမျိုးကို လုပ်ဆောင်လို့မရဘူး... ဒါနဲ့ ကျန်းရွှမ်ရဲ့ လက်အောက်ငယ်သားနဲ့ တပည့်တွေက အခြေအနေ ဘယ်လိုရှိလဲ"
ချီထျန်းမင်က ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုသည်။
"ကျွန်တော်က သူတို့ကို အနောက်ဖက်ခြံဝန်းမှာ နေထိုင်ဖို့ စီစဉ်ထားတယ်... အဲ့ဒီနေရာက အရမ်းလုံခြုံတယ်"
လဲ့ချန်ယီက ခေါင်းညိတ်လိုက်သည်။
"မင်း သူတို့ကို ခေါ်လာတုန်းက ဘယ်သူမှ မတွေ့လိုက်ဘူး မဟုတ်လား"
ချီထျန်းမင်က တုံ့ပြန်အဖြေပေးသည်။
"ဂိုဏ်းချုပ်က သူတို့ကို ကာကွယ်ဖို့ ကျွန်တော့်ကို ညွှန်ကြားထားတာကြောင့်...တစ်ယောက်ယောက်က သူတို့ကို တိုက်ခိုက်တော့မယ်ဆိုတာကို ကျွန်တော်က ကြိုပြီးစုံစမ်းနိုင်ခဲ့တယ်... ကျွန်တော်က သူတို့ကို ချက်ချင်းနေရာရွှေ့လိုက်တယ်... အခုလောလောဆယ်မှာ အိမ်ရှေ့စံမင်းသားက ကျွန်တော်တို့အပေါ် သံသယရှိနေနိုင်ပေမယ့် ခိုင်မာတဲ့ သက်သေအထောက်အထားတော့ မရှိသေးဘူး... ဒါပေမယ့် တပ်မှူးပိုင်က ဇွဲရှိရှိနဲ့ စုံစမ်းနေတယ်... သူ ဒီနေရာကို ရှာတွေ့သွားမှာ ကျွန်တော် စိုးရိမ်မိတယ်"
"မင်း ဘာမှစိတ်မပူပါနဲ့... ငါတို့ အခုမှ ရခဲ့တဲ့ သတင်းအချက်အလက်ကို ဖြန့်ဝေလိုက်တာနဲ့ သူတို့က ငါတို့ကို နောက်ယောင်ခံလိုက်ဖို့ အားထုတ်နိုင်တော့မှာ မဟုတ်ဘူး"
လဲ့ချန်ယီက ရယ်မောလိုက်သည်။
မင်းသားယွမ်ချင်းသည် ကြီးမားသော ဆုကြေးများကို ထုတ်ပြန်ခဲ့ပြီး ကုန်းမြေတခွင်လုံးမှ ကျင့်ကြံသူအမြောက်အများကို လှုံ့ဆော်နိုင်ခဲ့သည်။ ကျန်းရွှမ်၏ရုပ်ဖျက်စွမ်းရည် မည်မျှပင် ကျွမ်းကျင်ပါစေ နောက်ဆုံးတွင် ပုန်းအောင်းရန် နေရာကျန်ရှိတော့မည် မဟုတ်ချေ။ သူသည် အသာစီးရနေပုံရပြီး တစ်ဖက်လူအား ဖမ်းမိမည်ကို စိတ်အေးလက်အေး ထိုင်စောင့်နေပေမည်။ သို့ရာတွင် ဤသတင်းအချက်အလက် အသစ်သည် စားပွဲကို ပြောင်းပြန်လှန်လိုက်သည့်အလား အိမ်ရှေ့စံမင်းသားကို ခံစစ်အနေအထားသို့ ရောက်ရှိသွားစေနိုင်သည်။
ပြိုင်ဘက်ကင်းနတ်ဘုရားဆေးလုံးနှင့် ထာဝရနှလုံးသား...
ထိုအရာနှစ်ခုအနက် မည်သည့်တစ်ခုမဆို ကုန်းမြေတခွင်လုံးကို ချက်ချင်းဆိုသလိုပင် အုတ်အော်သောင်းတင်း ဖြစ်သွားစေပေလိမ့်မည်။
ထိုအရာများနှင့် နှိုင်းယှဉ်ပါက ကပ်ဘေးမျှဝေခြင်းဆေးလုံး ဗုဒ္ဓအထွတ်အထိတ်ရတနာ သို့မဟုတ် မြို့စားဘွဲ့ဟု ခေါ်ဆိုသောအရာများသည် လုံးလုံးလျားလျား မှိန်ဖျော့သွားပေလိမ့်မည်။
"ဘယ်လောက်တောင် ရင်ဆိုင်ရခက်တဲ့လူလဲ..."
လဲ့ချန်ယီသည် သူ၏လက်များကို နောက်ပစ်ထားရင်း ကျန်းရွှမ် ပျောက်ကွယ်သွားရာဘက်သို့ စူးစိုက်ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
ထိုလူသည် ကျန်းရွှမ်၏ရုပ်ရည် သို့မဟုတ် စိတ်ဝိညာဉ်အရှိန်အဝါနှင့် မတူညီသော်လည်း လဲ့ချန်ယီသည် ဆက်နွယ်ပတ်သက်မှုတစ်ခု ရှိနေမည်ကို ခန့်မှန်းနိုင်ဆဲပင်။
မည်သို့ပင်ဆိုစေကာမူ ထိုလူငယ် ပေးအပ်ခဲ့သော သတင်းအချက်အလက်များသည် ကျန်းရွှမ်၏ အားနည်းချက်ကို အိမ်ရှေ့စံမင်းသား၏ အားနည်းချက်အဖြစ် ချက်ချင်းပြောင်းလဲနိုင်သည်။ ထို့ပြင် သူတို့၏အရေးသာမှုနှင့်အရေးနိမ့်မှုများကိုလည်း ပြောင်းပြန်လှန်နိုင်ပေ၏။
မင်းသားယွမ်ချင်းကဲ့သို့သော တစ်စုံတစ်ဦးသည် ဤမျှထိဆုံးရှုံးမှုများကို ခံစားရသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ ဤလူငယ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
...
လက်ရှိတွင် လဲ့ချန်ယီကို အံ့အားသင့်စေခဲ့သော လူငယ်သည် အလုံးစုံသိမြင်ဂိုဏ်းသို့ တိတ်တဆိတ် ပြန်လာပြီး လူအုပ်အကြားတွင် ရောနှောနေသည်။ သူသည် အပျော်ရှာရန် တစ်စုံတစ်ခုကို ရှာဖွေနေပုံရ သော်လည်း သူ၏အာရုံစိုက်မှုမရှိသော အကြည့်က သူ၏စိတ်သည် ဤနေရာ၌ ရှိမနေသည်ကို ညွှန်ပြနေပေ၏။
သူ အခန်းထဲမှ ထွက်လာချိန်၌ ကုလားထိုင်များအနက်မှတစ်လုံးကို ပွတ်သပ်လိုက်ပြီး စိတ်ဝိညာဉ်ဖန်တီးခြင်းနည်းစနစ်ဖြင့် နိုးထစေခဲ့သည်။ ကုလားထိုင်၏စိတ်အာရုံမှတဆင့် ထိုအခန်းထဲတွင် ပြောဆိုခဲ့သော စကားလုံးတိုင်း သူ၏စိတ်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာခဲ့သည်။
သတင်းအချက်အလက်များကို ရောင်းချသူအား တွေ့ဆုံချိန်၌ ကျန်းရွှမ်သည် အလုံးစုံသိမြင်ဂိုဏ်းမှထုတ်ပြန်ကြေညာချက်ကို သတိရပြီး သူ အစီအစဉ်ကို စတင်ရေးဆွဲခဲ့သည်။
ပြိုင်ဘက်ကင်းဆေးလုံးနှင့် ထာဝရနှလုံးသားအကြောင်း သတင်းများပေါက်ကြားခြင်းသည် သူ့အတွက် အန္တရာယ်များ ဖြစ်လာစေနိုင်သည်။ သို့ရာတွင် သူသည် ယခင်ကတည်းက ကြီးမားသော အန္တရာယ်များဖြင့် ဝန်းရံခံထားရပြီးဖြစ်သောကြောင့် ကွဲပြားခြားနားမှု မရှိတော့ချေ။ အခြားတစ်ဖက်တွင်မူ မင်းသားယွမ်ချင်း၏ အခြေအနေသည် သိသိသာသာ ပြောင်းလဲသွားပေလိမ့်မည်။
မင်းသားယွမ်ချင်းသည် အရေးမသာသော အခြေအနေအတွင်းသို့ မလွဲမသွေ ကျရောက်သွားနိုင်ပြီး မရေမတွက်နိုင်သော အင်အားစုများ၏ အာရုံစူးစိုက်ရာဗဟိုချက် ဖြစ်လာပေလိမ့်မည်။
ကျန်းရွှမ်၏ ဒုတိယရည်မှန်းချက်မှာ စွန်းချန်တို့လူစုကို ရှာဖွေရန်ပင်။
အစပိုင်းတွင် သတင်းအချက်အလက် ရောင်းချသူသည် မင်းသားယွမ်ချင်း၏အင်အားစု သို့မဟုတ် အလုံးစုံသိမြင်ဂိုဏ်းမှလူဟု သူ ခွဲခြားမသိခဲ့သော်လည်း အရေးမကြီးချေ။ သူသည် အခြေအနေနှစ်ခုလုံးအတွက် အစီအစဥ်များကို ပြင်ဆင်ထားခဲ့ပေ၏။ အလုံးစုံသိမြင်ဂိုဏ်းသည် ကုန်သွယ်မှုဖြင့် အမြတ်အစွန်း ရှာဖွေရုံသာမက သတင်းအချက်အလက်များ စုဆောင်းခြင်းတွင်လည်း အထူးပြုသည်။
အမှန်အားဖြင့် ကုလားထိုင်၏ နိုးထလာသော စိတ်ဝိညာဉ်အသိစိတ်ကြောင့် ကျန်းရွှမ်သည် သူ လိုအပ်သော သတင်းများကို အတိအကျ ရရှိခဲ့သည်။
"သူ ပြောတဲ့ပုံအရဆိုရင် အနောက်ဘက်ခြံဝန်းက အနီးအနားမှာရှိပုံပဲ... ဒါပေမယ့် ငါ အဲဒီထဲကို ဝင်ဖို့က မလွယ်လောက်ဘူး"
စွန်းချန်တို့လူစုသည် ကယ်တင်ခြင်းခံခဲ့ရကြောင်း သိရှိရသဖြင့် ကျန်းရွှမ်သည် စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။ သို့ရာတွင် သူသည် သူတို့ကို ခေါ်ထုတ်သွားရန်မှာမူ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ချေ။
သူ အစောပိုင်းက ဝင်သွားခဲ့သော ခြံဝင်းကို ရှုပ်ထွေးသော ဝင်္ကပါများဖြင့် တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားသည်။ ယုဟိုင်၏စွမ်းအားကို ချေးငှားပါက ကျန်းရွှမ်သည် ထိုနေရာသို့ မသိမသာ ဝင်ထွက်နိုင်သော်လည်း ယခုလောလောဆယ်တွင် သူ၏ စွမ်းအားသည် သိသိသာသာ လိုအပ်နေဆဲပင်။
"ကုလားထိုင်ကို သွားကယ်ခိုင်းမယ်"
သူ၏မျက်လုံးများ တောက်ပသွားသည်။
ကုလားထိုင်၏ စိတ်ဝိညာဉ်အသိစိတ်အတွင်း၌ သူ၏စိတ်တန္ဒတချို့ ပါဝင်ပြီး သူနှင့် ချိတ်ဆက်ထားနိုင်သည်။ သူသည် အာရုံစိုက်ခံရမှုမရှိဘဲ ထိုနေရာသို့ ထိုးဖောက်ဝင်ရောက်၍ မရနိုင်သောကြောင့် ကုလားထိုင်ကို အစားထိုး၍ သူတို့ကို ရှာဖွေရန်နှင့် ကယ်တင်ရန် အသုံးပြုနိုင်ပေမည်။
အစီအစဉ်ဆွဲပြီးနောက် ကျန်းရွှမ်သည် တိတ်ဆိတ်သော ထောင့်တစ်နေရာကို ပေါ့ပေါ့ပါးပါး ရှာဖွေ၍ထိုင်လိုက်ပြီး သူ၏နတ်ဘုရားစိတ်အာရုံမှတဆင့် ခန်းမအတွင်းရှိ ကုလားထိုင်ထံသို့ အမိန့်များ ပေးပို့လိုက်၏။
...
ပင်မခန်းမ၌....
"ငါ့မှာ အခု လုပ်စရာကိစ္စတွေ ရှိနေတယ်... ကျန်းရွှမ်ရဲ့ လူတွေကို ဂရုတစိုက် စောင့်ကြည့်ပြီးတော့ သူတို့ ဘာမှ မဖြစ်အောင် ကာကွယ်ပေးရမယ်.."
လဲ့ချန်ယီက အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ချီထျန်းမင်က ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ ဂိုဏ်းချုပ်...."
လဲ့ချန်ယီက ထွက်ခွာသွားရန် နောက်သို့လှည့်လိုက်ချိန်မှာပင် အစောပိုင်းက သတင်းရောင်းချသူဖြစ်သည့် လူလတ်ပိုင်းကြီးက သူ့ထံသို့ အလျင်အမြန် ပြေးလာသည်။
"အကြီးအကဲချီ... ကျွန်တော်တို့ ဒုက္ခရောက်ပြီ"
ချီထျန်းမင်က မျက်မှောင်ကြုတ်လိုက်၏။
"ဘာဖြစ်တာလဲ...."
ထိုလူက ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုသည်။
"တပ်မှူးပိုင်နဲ့ သူ့ရဲ့လူတွေက ခြံဝန်းတစ်ခုလုံးကို ဝိုင်းထားပြီးတော့ ထွက်ပြေးလာသူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ ပြောတယ်... သူက ရှာဖွေဖို့ အိမ်ရှေ့စံမင်းသားရဲ့ တရားဝင်ဖမ်းဝရမ်းကိုလည်း ယူလာခဲ့တယ်"
"သူက... ဘယ်လိုလုပ်ပြီး ဒီနေရာကို ရှာတွေ့သွားတာလဲ"
ချီထျန်းမင်၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။
သူသည် ယခင်က သူတို့အပေါ် ခြိမ်းခြောက်ရဲခြင်းမှာ သူတို့ထံ၌ သက်သေအထောက်အထား မရှိသောကြောင့်ပင်။ ယခုချိန်တွင်မူ တိုက်ရိုက်ဝိုင်းရံခြင်းခံထားရသဖြင့် သူတို့ တစ်စုံတစ်ခုအား ရှာတွေ့သွားမည်ကို သူ စိုးရိမ်မိပေ၏။
ရန်သူများအထဲသို့ ဝင်ရောက်လာပါက စွန်းချန်နှင့် ကျန်းရွှမ်၏တပည့်သုံးဦးသည် ချက်ချင်းဖမ်းဆီးခံရနိုင်ခြေရှိသည်။
"အသေးစိတ်ကိုတော့ ကျွန်တော် မသိဘူး... အကြီးအကဲ... ခင်ဗျား ကိုယ်တိုင် လိုက်ကြည့်သင့်တယ်... ကျွန်တော့်ရဲ့လူတွေက သူတို့ကို ကြာကြာ ထိန်းမထားနိုင်မှာကို ကျွန်တော် စိုးရိမ်တယ်"
ထိုလူက ကူကယ်ရာမဲ့စွာ ပြောဆိုသည်။
"လမ်းပြစမ်း"
ချီထျန်းမင်က လက်ဝှေ့ယမ်းလိုက်ပြီး လျင်မြန်စွာ ထွက်ခွာသွားသည်။
သူတို့ ထွက်ခွာသွားပြီး မကြာမီမှာပင် အခန်းထဲရှိ ကုလားထိုင်တစ်လုံးသည် ခုန်ပေါက်ကာ သူတို့၏နောက်သို့ တိတ်တဆိတ် လိုက်ပါသွားပေ၏။