← Chapters

မင်း ယုံလား

Vol. 39 Ch. 452

မင်း ယုံလား

Vol. 39 Ch. 452

ချီထျန်းမင်သည် အနောက်ဖက်ခြံဝန်းသို့ လျှောက်လှမ်းလာစဉ် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရပြီး သူသည် နောက်သို့ လက်ညှိုးညွှန်ပြလိုက်၏။

"ဒီ ကုလားထိုင်က... အရင်က ဒီနေရာမှာ ရှိနေခဲ့တာလား"

"ဘယ်ကုလားထိုင်လဲ..."

လူလတ်ပိုင်းကြီးသည် ဇဝေဇဝါသွားပြီး ဂရုတစိုက် ကြည့်လိုက်သည်။

"ဒါက ဧည့်ခန်းမက ထိုင်ခုံ ဖြစ်တဲ့ပုံပဲ.... ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ... အကြီးအကဲချီ ငါတို့က စွန်းချန်တို့ကိစ္စကိုပဲ အရင်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ အာရုံစိုက်သင့်တယ် မဟုတ်လား... အပြင်က အစောင့်တွေက သူတို့ကို မနည်းထိန်းထားရတာ... ဒါက ကုလားထိုင်လေးတစ်လုံးပဲလေ... ကျွန်တော် နောက်မှ လူရှာပြီး ရွှေ့ခိုင်းလိုက်မယ်"

"ကောင်းပြီလေ"

ချီထျန်းမင်သည်လည်း ယခုအချိန်သည် ထိုကဲ့သို့ အသေးအမွှားကိစ္စများတွင် အချိန်ဖြုန်းနေရန် အချိန်မဟုတ်ကြောင်း နားလည်သဘောပေါက်သည်။ ထိုကြောင့် သူသည် တံခါးကို အလျင်အမြန် တွန်းဖွင့်လိုက်၏။

ထိုအချိန်တွင် စွန်းချန် ယုရှောင်ယွီနှင့် တခြားလူများ ဤှနေရာ၌ ကျင့်ကြံနေကြသည်။ တစ်စုံတစ်ယောက် ဝင်လာသည်ကို မြင်တွေ့ချိန်၌ သူတို့သည် တပြိုင်နက်တည်း မတ်တတ်ထရပ်လိုက်ကြသည်။

အစောင့်များသည် သူတို့ကို ဤနေရာသို့ ခေါ်ဆောင်လာပြီး ရက်ပေါင်းများစွာကြာအောင် အိမ်ထဲတွင် ထားရှိကာ ထွက်ခွာခြင်းအား တားမြစ်ထားသဖြင့် သူတို့အားလုံး အနည်းငယ် စိတ်ရှုပ်ထွေးနေကြသည်။

"အကြီးအကဲချီ... သခင်လေးနဲ့ ခုန်းရှီတို့အကြောင်း သတင်း ရပြီလား"

စွန်းချန်က ရှေ့သို့တိုးလာသည်။

ရက်ပေါင်းများစွာကြာအောင် အပြန်အလှန် ဆက်ဆံပြီးနောက် ချီထျန်းမင်၏သရုပ်မှန်ကို သူ သိရှိခဲ့ရသည်။

"လောလောဆယ်တော့ မရသေးဘူး... ဒါပေမယ့် အိမ်ရှေ့စံမင်းသား စေလွှတ်တဲ့ လူတွေ ဒီကိုရောက်လာပြီ... မင်းတို့က ဒီနေရာကနေ ချက်ချင်း ထွက်သွားရမယ်..."

ချီထျန်းမင်သည် ရှင်းပြလိုက်ပြီးနောက် ရုတ်တရက် သူ ထပ်မံ၍ အံ့အားသင့်သွားသည်။

"မင်း အဲ့ဒီ ကုလားထိုင်ကို ခန်းမကို ရွှေ့မယ်လို့ မပြောခဲ့ဘူးလား... ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ"

အစောပိုင်းက ကုလားထိုင်သည် ယခုအချိန်၌ သူနှင့်မလှမ်းမကမ်းတွင် တိတ်ဆိတ်စွာ ရှိနေသည်။ ထိုအရာသည် လှုပ်ရှားခြင်းမရှိဘဲ အစောပိုင်းကမှ ရွှေ့လိုက်သည့်အလားပင်။

"ကျွန်တော်က ဘယ်သူ့ကိုမှ မညွှန်ကြားရသေးဘူး..."

လူလတ်ပိုင်းကြီးသည်လည်း ထပ်တူထပ်မျှ ကြက်သေသေသွားသည်။

အစောပိုင်းက သူတို့ ဝင်လာချိန်၌ အခန်းထဲတွင် လူအနည်းငယ်သာ ရှိသည်။ ထိုအရာသည် မည်သည့်အချိန်က ရောက်လာခဲ့သနည်း။

သူ အံ့အားသင့်နေပြီး သူ၏စကားမဆုံးသေးမီမှာပင် ကုလားထိုင်သည် ခြေထောက်လေးချောင်းကို ဆန့်ထုတ်လိုက်ပြီး ခြေလှမ်းနှစ်လှမ်းစာခန့် လျှောက်လှမ်းကာ စွန်းချန်၏ရှေ့တွင် ရပ်၍ သူ၏ဘောင်းဘီကို ချစ်ခင်ရင်းနှီးစွာ ပွတ်သပ်လိုက်သည်။

"ဒါ..."

ချီထျန်းမင်နှင့် လူလတ်ပိုင်းကြီးတို့သည် အကြည့်ချင်းဆုံသွားကြပြီး တစ်ချိန်တည်းမှာပင် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

လမ်းလျှောက်နိုင်သော ကုလားထိုင်တစ်လုံး ဖြစ်သလော...

ထို့ပြင် တစ်စုံတစ်ယောက်၏ခြေထောက်ကို ပွတ်သပ်နေသလော....

သူတို့ မယုံကြည်နိုင် ဖြစ်နေစဉ်မှာပင် စွန်းချန်၏ မျက်လုံးများ တောက်ပသွားသည်။

ကျန်းရွှမ်၏နောက်သို့ နှစ်ပေါင်းများစွာကြာအောင် လိုက်ခဲ့သောကြောင့် သခင်လေး၏ ထူးခြားသော စိတ်ဝိညာဉ်ဖန်တီးမှုစွမ်းရည်ကို သူ သိရှိထားသည်။ သခင်လေးသည် ဘေးကင်းရုံသာမက သူ့ကို ရှာတွေ့ခဲ့ပုံလည်း ရပေ၏။

"အကြီးအကဲချီ... ခြံဝန်းထဲက ဝင်္ကပါကို ခဏလောက် ပိတ်ထားပေးနိုင်မလား"

စွန်းချန်သည် အချိန်တခဏကြာ စဉ်းစားလိုက်ကာ သခင်လေး၏ရည်ရွယ်ချက်များကို ကောက်ချက်ချပြီးနောက် စွန်းချန်က ရိုသေလေးစားသော အမူအယာဖြင့် သူ၏လက်ကို ပူးဆုပ်လိုက်သည်။

ကုလားထိုင်သည် ခြေထောက်တစ်ချောင်းကို မြှောက်လိုက်ပြီး လက်မထောင်ပြနေသည့်အလားပင်။

ချီထျန်းမင်သည် သူ၏မျက်နှာပေါ်ရှိ ထူးဆန်းသော အမူအယာကို ထိန်းချုပ်ထားရင်း သူ၏စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုလိုက်၏။

"အိမ်ရှေ့စံမင်းသားရဲ့ လူတွေက အပြင်မှာ ရှိနေတယ်... ဝင်္ကပါ ပိတ်ထားရင် မင်းတို့ ရှိနေတာကို ချက်ချင်းရှာတွေ့သွားနိုင်တယ်..."

ခြံဝန်း၏ဝင်္ကပါသည် စုံစမ်းထောက်လှမ်းခြင်းကို တားဆီးပိတ်ဆို့နိုင်သောကြောင့် တပ်မှူးပိုင်နှင့်သူ၏လူများသည် ရက်ပေါင်းများစွာကြာအောင် ရှာဖွေခဲ့သော်လည်း မည်သည့်အရာကိုမျှ မတွေ့ခဲ့ခြင်းပင်။ ထိုအရာကို ပိတ်ထားလိုက်ပါက သူတို့ကို ထုတ်ဖော်ပြသလိုက်သကဲ့သို့ ဖြစ်သွားပေမည်။

အလုံးစုံသိမြင်ဂိုဏ်း၏ အကြီးအကဲတစ်ဦးအနေဖြင့် ချီထျန်းမင်သည် သူ၏အဆင့်အတန်းကြောင့် တပ်မှူးပိုင်က သူ့အပေါ် လက်လွတ်စပယ် လုပ်ဆောင်ရဲမည် မဟုတ်ကြောင်း သိရှိထားသည်။ သို့ရာတွင် ဤလူများကို ချက်ချင်းဖမ်းဆီးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းတို့ပင် ပြုလုပ်နိုင်ပေ၏။

"ဒါက ပြဿနာမရှိပါဘူး"

စွန်းချန်က အလျင်အမြန် ပြောဆိုလိုက်သည်။

"အကြီးအကဲချီ... မင်းမှာ ဒီအိမ်တစ်လုံး ရှိနေတယ်ဆိုတာကို ငါ မသိခဲ့ဘူး..."

ထိုအချိန်မှာပင် တည်ငြိမ်သောအသံတစ်သံ ပဲ့တင်ထပ်လာသည်။ ထိုအသံ၏ အရင်းအမြစ်သည် အနောက်ဖက်ခြံဝင်းမှ ဆယ်မီတာခန့်သာ ကွာဝေးသည်။

အိမ်ရှေ့စံမင်းသား၏ အစောင့်ခေါင်းဆောင်သည် အတင်းအကြပ်

ရှာဖွေမှုကို စတင်ခဲ့သည်မှာ ရှင်းလင်းနေပေ၏။ သူသည် အကောင်းဆုံး ကြိုးစား၍ နှောင့်နှေးစေသော်လည်း နောက်ကျသွားလေခဲ့ပြီ။

တဖြည်းဖြည်း ချဉ်းကပ်လာသော ခြေသံများကို ကြားလိုက်ရချိန်၌ ချီထျန်းမင်သည် သူတို့ ထွက်ပြေးရန် နောက်ကျသွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူသည် သူ၏လက်ဝါးကို လှုပ်ခတ်လိုက်ပြီး အကြီးအကဲတံဆိပ်ပြားကို ထုတ်ဖော်လိုက်ရာ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ဤခြံဝန်းကို ပိတ်ဆို့ဟန့်တားထားသော ဝင်္ကပါသည် ချက်ချင်း ရပ်တန့်သွားပေ၏။

ထိုအချိန်တွင် အနောက်ဖက်ခြံဝင်းတံခါးသည် "ဝုန်း" ခနဲ မြည်သံနှင့်အတူ ကျိုးပဲ့သွားပြီး အတင်းအကြပ် ကန်ဖွင့်ခြင်း ခံလိုက်ရသည်။ ထို့နောက် တပ်မှူးပိုင်က တံခါးဝတွင် ထွက်ပေါ်လာသည်။

သူ၏ မျက်နှာသည် သုန်မှုန်နေပြီး အကြီးအကဲချီသည် သူတို့၏လမ်းကြောင်းတွင် ပိတ်ဆို့ဟန့်တားထားသည်ကို တွေ့လိုက်ရချိန်၌ မကျေမနပ် ဖြစ်သွားပုံရသည်။

"တပ်မှူးပိုင်... အလုံးစုံသိမြင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးအနေနဲ့ ငါမှာ အိမ်ရာတွေအများကြီး ပိုင်ဆိုင်တာက ဥပဒေနဲ့ ဆန့်ကျင်နေတာလား... ဒီနေရာကို အတင်းအကြပ်ဝင်လာတာက မင်းမှာ ဘာရည်ရွယ်ချက်ရှိလို့လဲ"

"မင်း ခဏနေကျရင် ဒီလိုမျိုး အသံကောင်းဟစ်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့... ဒီနေရာကို ရှာကြစမ်း..."

သူ၏နောက်မှ လူများသည် တစ်ပြိုင်နက်တည်း ရှေ့သို့တိုးလာချိန်၌ တပ်မှူးပိုင်၏မျက်လုံးများသည် လှောင်ပြောင်သရော်မှုများဖြင့် တောက်ပနေပေ၏။

တစ်ဖက်လူသည် သူ၏အဆင့်အတန်းကို ဂရုမစိုက်ဘဲ တိုက်ရိုက်ဝင်ရောက်လာသည်ကို သိလိုက်ရသဖြင့် အကြီးအကဲချီ၏မျက်နှာအမူအယာ ခက်ထန်တင်းမာသွားသည်။ သူသည် အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်နေစဉ်မှာပင် အထဲသို့ အလျင်အမြန် ပြေးဝင်လာသော အစောင့်များအနက်မှတစ်ဦးက အော်ဟစ်လိုက်သည်။

"တပ်မှူး... အခန်းထဲမှာ တစ်ယောက်မှ မရှိဘူး"

အကြီးအကဲချီသည် မယုံကြည်နိုင်ဖြစ်သွားကာ သူ၏ခန္ဓာကိုယ် တောင့်တင်းသွားပေ၏။ သူ အလျင်အမြန် လှည့်ကြည့်လိုက်ရာ လွန်ခဲ့သောအချိန်တခဏက စွန်းချန်တို့လူစု မတ်တတ်ရပ်နေခဲ့သော နေရာသည် ဗလာဟင်းလင်းဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုနေရာ၌ လူတစ်ယောက်မျှ မကျန်တော့ချေ။ သူတို့လေးယောက်လုံးသည် ယခင်ကတည်းက မရှိခဲ့သည့်အလား ပျောက်ကွယ်သွားခဲ့သည်။ အခန်း၏ အလယ်ဗဟိုတွင် ကုလားထိုင်တစ်လုံးသာ တိတ်ဆိတ်စွာ ကျန်ရှိနေခဲ့ပြီး ယခုအချိန်၌ အလွန်သိသာထင်ရှားနေသည်။

"ဘယ်သူမှ မရှိတာလား"

အကြီးအကဲချီသာမက တပ်မှူးပိုင်၏မျက်လုံးများလည်း ကျဉ်းမြောင်းသွားသည်။

သူသည် စွန်းချန်တို့လူစုကို ရှာမတွေ့နိုင်သဖြင့် ထိပ်သီးကျင့်ကြံသူများကို ချီထျန်းမင်၏နောက်သို့ လျှို့ဝှက်၍ လိုက်စေခဲ့ပြီး နောက်ဆုံးတွင် ဤနေရာသို့ ရောက်လာခဲ့သည်။

သူ ဂရုတစိုက် စစ်ဆေးပြီးနောက် ကျန်းရွှမ်၏ လက်အောက်ငယ်သားနှင့်တပည့်များသည် ဤအိမ်တွင် ပုန်းအောင်းနေကြောင်း သူ သေချာသိခဲ့ရသည်။ သို့ရာတွင် ယခု၌မူ သူတို့သည် မည်သည့်အရာကိုမျှ မတွေ့ရတော့ချေ။

"မဖြစ်နိုင်ဘူး... ဖုံးကွယ်ထားတဲ့ တံခါးတွေ ဝင်္ကပါတွေ ဒါမှမဟုတ် သက်ရှိတွေ နေထိုင်နိုင်တဲ့ လေဟာနယ်တွေ ရှိမရှိ သေချာရှာကြစမ်း"

တပ်မှူးပိုင်က အော်ငေါက်လိုက်၏။

"တပ်မှူးကို အစီရင်ခံပါတယ်... ဘာမှ မရှိပါဘူး"

အချိန်တခဏအကြာတွင် စစ်သားတစ်ဦး ရောက်ရှိလာပြီး တုံ့ပြန်အဖြေပေးသည်။

"တပ်မှူးပိုင်... ငါ့အိမ်ထဲကို အတင်းဝင်လာပြီး ခွင့်ပြုချက်မရှိဘဲ ရှာဖွေတာက... အိမ်ရှေ့စံမင်းသားရဲ့အမိန့်နဲ့ဆိုရင်တောင်...ငါက အလုံးစုံသိမြင်ဂိုဏ်းကို အစီရင်ခံပြီးတော့ တရားမျှတမှုကို တောင်းဆိုမယ်"

ချီထျန်းမင်၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

စွန်းချန်တို့လူစု ပျောက်ကွယ်သွားပုံကို သူ နားမလည်သော်လည်း ဤသည်မှာ ကုလားထိုင်နှင့် ဝင်္ကပါကိုပိတ်လိုက်ခြင်းတို့ဖြင့် သက်ဆိုင်ကြောင်း သူ အတပ်သိထားသည်။

တပ်မှူးပိုင်၏မျက်နှာအမူအယာ တင်းမာခက်ထန်သွားသည်။

ထျန်းလီမြို့တွင် တော်ဝင်မိသားစု၏အာဏာဖြင့်ပင်လျှင် ကန့်သတ်ချက်များ ရှိသည်။ ဤသည်မှာ သင့်လျော်သော အကြောင်းပြချက်မရှိဘဲ အလုံးစုံသိမြင်ဂိုဏ်းမှ အကြီးအကဲတစ်ဦး၏အိမ်တော်သို့ ဖောက်ထွင်းဝင်ရောက်ခြင်းပင်။ သူ၏ရာထူး မည်သို့ပင် ရှိစေကာမူ ဤသည်မှာ သူ့အတွက် ပြဿနာတစ်ရပ်ကို ဖြစ်စေပေလိမ့်မည်။

"သွားကြစို့"

ဤအခြေအနေကို ပြန်လည်ထိန်းချုပ်ရန် နည်းလမ်းမရှိကြောင်း သိထားသဖြင့် တပ်မှူးပိုင်သည် သိသိသာသာ စိတ်ပျက်နေသော်လည်း သူ၏လက်ကို ဝှေ့ယမ်းကာ ထွက်ခွာသွားရန် နောက်သို့လှည့်လိုက်ရသည်။

သို့ရာတွင် သူ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းလိုက်ပြီးနောက် သူ၏နောက်စေ့ကို တစ်စုံတစ်ခုက ထိမှန်သဖြင့် သူ ရှေ့သို့ ယိုင်သွားသည်။ သူ လှည့်ကြည့်လိုက်ချိန်၌ ကြမ်းပြင်ပေါ်တွင် ကုလားထိုင်တစ်လုံး လိမ့်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူ၏မျက်နှာ ဒေါသကြောင့် နီမြန်းသွားသည်။

"ချီထျန်းမင်... မင်းက အလုံးစုံသိမြင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်နေရင်တောင် အိမ်ရှေ့စံမင်းသားရဲ့အစောင့်ခေါင်းဆောင်ကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တာက တရားလွန်တယ်လို့ မထင်ဘူးလား"

"ငါက.. မင်းကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာလား"

ချီထျန်းမင်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။

သူသည် ထိုကုလားထိုင် အလိုအလျောက် ခုန်တက်ပြီး တပ်မှူးပိုင်၏ခေါင်း နောက်ဘက်ကို ရိုက်ခတ်လိုက်သည်အား မြင်ခဲ့ရသည်။ ထိုရိုက်ခတ်မှုသည် သူ့အား ဒဏ်ရာမဖြစ်စေသော်လည်း သူ၏လက်အောက်ငယ်သားများရှေ့တွင် အရှက်ရခြင်းက သူ့ကို ဒေါသထွက်စေသည်မှာ သိသာထင်ရှားသည်။

"မင်း မဟုတ်ဘူးဆိုရင် ဒီကုလားထိုင်က သူ့အလိုလို ခုန်တက်လာတယ်လို့ ပြောနေတာလား"

တပ်မှူးပိုင်က အော်ငေါက်လိုက်သော်လည်း သူ ၏စကားမဆုံးမီမှာပင် ကြမ်းပြင်ပေါ်တွင် စောင်းလျက်ရှိနေသော ခုံပုလေးသည် ရုတ်တရက် သူ၏မျက်နှာထံဦးတည်ပြီး မြောက်တက်လာသည်။

ဘုန်း....

သူ၏မျက်နှာကို ထိမှန်သွားသည်နှင့် ကုလားထိုင်သည် ကြေမွှသွားပြီး သစ်သားအစအနများ ပြန့်ကျဲသွားပေ၏။

"ချီထျန်းမင်... မင်း အရမ်းတရားလွန်သွားပြီ"

တပ်မှူးပိုင် ဒေါသူပုန်ထသွားသည်။

သူ၏နောက်စေ့ကို ရိုက်ခတ်ခံရခြင်းကို သူ သည်းခံနိုင်သည် ဆိုလျှင်ပင် ယခုချိန်၌ သူ၏ မျက်နှာကို ထိမှန်ခံရခြင်းကမူ သူ့ကို မယုံကြည်နိုင်လောက်အောင် အရှက်ရစေခဲ့သည်။

"ဒါက..."

ယခုချိန်၌ ပျက်စီးသွားပြီဖြစ်သော ကုလားထိုင်ကို စူးစိုက်ကြည့်ရင်း ချီထျန်းမင်က အသက်ပြင်းပြင်းရှိုက်ကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။

"ဒီကုလားထိုင်က မင်းကို မကြိုက်လို့ သူ့အလိုလို တိုက်ခိုက်တာ... ငါနဲ့ ဘာမှ မဆိုင်ဘူးလို့ ငါ ပြောရင်... မင်း ယုံလား"

All Chapters