နန်းတော်ရှိ ရှုပ်ထွေးမှုများ
Vol. 39 Ch. 455
အကြီးအကဲကူယိုက တည်ငြိမ်စွာ ပြုံးလိုက်ပြီး ပြောဆိုသည်။
"ဒီလောက်ထိများတဲ့ လူတွေ ရောက်လာတာကို ကြည့်ရင် သူတို့က ယုံကြည်ကြတာ သေချာတယ်"
မင်းသားယွမ်ချင်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ဖြတ်ပြေးသွားသော်လည်း သူ လုပ်ဆောင်ဝံ့ခြင်း မရှိချေ။
အကြီးအကဲကူယိုသည် အိုးယန်ဟိုင်၏ တပည့်ပင်။ အိုးယန်ဟိုင်သည် အလုံးစုံသိမြင်ဂိုဏ်းတွင် မဟာအကြီးအကဲသုံးယောက်နှင့်ဂိုဏ်းချုပ်တို့၏နောက် ဒုတိယနေရာ၌ ရှိနေသူဖြစ်ပေ၏။ အကယ်၍ သူသည် ကူယိုကို အမှန်တကယ် သတ်ဖြတ်လိုက်ပါက ရင်းမြစ်ကမ္ဘာ၏ ပထမတန်းစားအင်အားစုတစ်စုကို ရန်စသကဲ့သို့ ဖြစ်သွားပေမည်။
ထျန်းလီအင်ပါယာသည် ရင်းမြစ်ကမ္ဘာအတွင်း၌ အင်အားအကြီးမားဆုံး အင်အားစုဖြစ်ပြီး အလုံးစုံသိမြင်ဂိုဏ်းကဲ့သို့ ဂိုဏ်းတစ်ဂိုဏ်းကို အရေးစိုက်ရန်မလိုချေ။ သို့ရာတွင် သူသည် ဧကရာဇ် မဖြစ်သေးချေ။ သူ၏ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် ထိုကဲ့သို့ ထိပ်သီးအင်အားစုတစ်စုကို ရန်စမိပါက တခြားမင်းသားများထံမှ တိုက်ခိုက်မှုများကို မလွဲမသွေ ဖိတ်ခေါ်မိမည်ဖြစ်ပြီး မရေမတွက်နိုင်သော ပြဿနာများဆီသို့ ဦးတည်သွားပေလိမ့်မည်။
ထို့ပြင် သူ၏ရှေ့တွင် အင်အားစုအမြောက်အများ စုဝေးနေခြင်းကြောင့် သူ မဆင်မခြင်လုပ်ဆောင်ပါက သူ၏ပစ်မှတ်ကို မသတ်နိုင်သေးမီမှာပင် သူ မထိန်းချုပ်နိုင်သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို သူ စိုးရိမ်မိသည်။
"အိမ်ရှေ့စံမင်းသား... ဘာမှ ရှောင်လွှဲနေဖို့ မလိုပါဘူး... မင်းက ဆေးပင်တွေကို စုဆောင်းပြီးတော့ ရှေးဟောင်းသင်္ချိုင်းတွေကို တူးဖော်နေတာ နှစ်နှစ်ဆယ်ရှိပြီဆိုတာ ငါတို့ အလုံးစုံသိမြင်ဂိုဏ်းက သိထားပြီးသားပါ.. မင်းက ဝန်မခံချင်ဘူးဆိုရင် လူတွေအားလုံး စစ်ဆေးဖို့အတွက် ငါက သူတို့ကို ထုတ်ဖော်ပြသနိုင်တယ်"
အကြီးအကဲကူယိုက ဆက်လက်၍ ပြောဆိုသည်။
"အလုံးစုံသိမြင်ဂိုဏ်းက တကယ့်ကို အံ့အားသင့်ဖို့ ကောင်းတာပါလား"
မင်းသားယွမ်ချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
တစ်ဖက်လူသည် ကြိုတင်ပြင်ဆင်လာပုံ ရပေ၏။
"အိမ်ရှေ့စံမင်းသား...ဘာမှ စိုးရိမ်ဖို့ မလိုပါဘူး... ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို ပြသဖို့ မလွယ်ကူဘူးဆိုရင် ကျွန်မက အကြီးအကဲကျန်းလီကို ခေါ်သွားလို့ ရမလား... ရှင် သူ့ကို ဖိတ်ခေါ်သွားပြီးကတည်းက သူ ပြန်မလာသေးဘူး"
ထိုအချိန်မှာပင် အရပ်ရှည်ပြီး ရိုးရှင်းသောဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ခန်းမထဲသို့ ဝင်လာသည်။
ဤသည်မှာ ဆေးပညာဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော ဆေးသူတော်စင် ချင်စုရှင်းပင်။
သူမသည် ဆေးပညာတာအိုကို ထိန်းချုပ်ထားကာ သေသူကို ပြန်လည်၍အသက်သွင်းနိုင်ကာ အသွေးအသားမှ အရိုးများ ပေါက်ဖွားစေနိုင်သော ကံကြမ္မာပြောင်းပြန်လှန်ခြင်း အပ်ကိုးချောင်းကို ပိုင်ဆိုင်ထားသည်။ သူမသည် ကျန်းလီ၏ အထက်အကြီးအကဲလည်း ဖြစ်ပေ၏။
"အကြီးအကဲကျန်းလီက ပြန်မလာသေးဘူးလား”
"ဖြစ်နိုင်တာတော့ အိမ်ရှေ့စံမင်းသားက ဆေးလုံးတွေကို ဖော်စပ်ပြီးတဲ့နောက်မှာ သူ့ကို မလိုအပ်တော့တာကြောင့် သတ်ပစ်ပြီးတော့ ရှင်းထုတ်လိုက်တာများလား"
"ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို ဖော်စပ်ပြီးတဲ့အချိန်မှာ ဒုတိယဆေးလုံး ထပ်ပေါ်လာမှာကို သူ စိုးရိမ်မှာပဲ.. ဆေးဖော်စပ်တဲ့သူကို သတ်ပစ်တာက အံ့အားသင့်စရာ မရှိဘူး"
ပတ်ဝန်းကျင်မှနေ၍ တီးတိုးတိုင်ပင်ဆွေးနွေးသံများ ထွက်ပေါ်လာပြီး သူတို့အားလုံးသည် မင်းသားယွမ်ချင်းကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်ရှုနေကြ၏။
ဤခေတ်ကာလ၏ နံပါတ်တစ် ထိပ်သီးဆေးပညာရှင်သည် လူအမြောက်အများကို အကျိုးပြုခဲ့သည်။ အကယ်၍ သူ အမှန်တကယ် အသတ်ခံခဲ့ရပါက လက်စားချေမှုများ မရပ်မနား ဖြစ်လာပေလိမ့်မည်။
"အိမ်ရှေ့စံမင်းသား... ဒီကိစ္စရဲ့ အမှန်တရားက ဘာလဲ... အကြီးအကဲကျန်းလီက ထျန်းလီအင်ပါယာအတွက် ဆေးလုံးတွေ မရေမတွက်နိုင်အောင် ဖန်တီးပေးခဲ့ပြီးတော့ ဧကရာဇ်အတွက်လည်း အများကြီး အကျိုးဆောင်ပေးခဲ့တယ်... ဒီကောလဟာလတွေ အမှန်ဖြစ်နေတယ်ဆိုရင် အိမ်ရှေ့စံမင်းသာက ရာထူးစွန့်ပြီးတော့ နန်းတော်ရှေ့မှာ ဒူးထောက်ပြီး အပြစ်ဒဏ်ခံယူဖို့ ကျွန်တော်က တောင်းဆိုပါတယ်"
အမတ်ကြီးတစ်ယောက်က ရှေ့သို့ တိုးလာပြီး သူ၏အသံတွင် ဖိအားပေးလိုမှုများ ရောယှက်နေသည်။
"အမှန်ပဲ... အကြီးအကဲကျန်းလီက လောကကြီးထဲမှာ နံပါတ်တစ် ဆေးပညာရှင်ဖြစ်ပြီးတော့ လူအများရဲ့လေးစားမှုကို ခံရတဲ့သူပါ... အိမ်ရှေ့စံရဲ့ ကိုယ်ကျိုးအတွက် သူ့ကို သတ်ပစ်ခဲ့တယ်ဆိုရင် ဒါက အင်ပါယာရဲ့ရာဇဝတ်သားတစ်ယောက်လို့ သတ်မှတ်လို့ တယ်"
နောက်ထပ်အမတ်ကြီးတစ်ယောက်က ရှေ့သို့ထွက်လာသည်။
မင်းသားယွမ်ချင်းက ထိုအမတ်ကြီးများကို ကြည့်လိုက်၏။ သူတို့သည် သူ၏ပြိုင်ဘက်ဖြစ်သော တတိယမင်းသားကို သစ္စာခံသူများပင်။
သူသည် အရှေ့နန်းတော်တွင် နေထိုင်ခဲ့သော်လည်း သူ နန်းတက်ခြင်းမရှိသရွေ့ သူ၏ ရာထူးသည် စိုးရိမ်စရာအဖြစ် ရှိနေဆဲပင်။ ရည်မှန်းချက်ကြီးမားသော မင်းသားအမြောက်အများသည် သူ၏နေရာကို လိုချင်တပ်မက်နေပေ၏။
ဧကရာဇ်ဖုရှန်းသည် ကျင့်ကြံရာတွင် နှိုင်းယှဉ်၍မရအောင် အစွမ်းထက်သော်လည်း တော်ဝင်မိဖုရားသုံးရာကျော်ရှိသည့်တိုင် သားခြောက်ယောက်သာ မွေးဖွားခဲ့သည်။ ထိုမင်းသားခြောက်ယောက်အနက် တတိယမင်းသားနှင့်ပဉ္စမမင်းသားတို့သည် အမတ်ကြီးများ၏ထောက်ခံမှုများကို အများဆုံးရရှိခဲ့ကြသည်။ သူတို့၏စွမ်းအားနှင့် စီမံခန့်ခွဲနိုင်မှုအရည်အချင်းတို့သည် သူ့ထက် အားနည်းခြင်းမရှိချေ။ အထူးသဖြင့် တတိယမင်းသားသည် သူ့ကို တိုက်ခိုက်နိုင်သည့် အခွင့်အရေးတိုင်းကို သိမ်းပိုက်ခဲ့ပြီး အကြိမ်တိုင်း သူ့ကို အရှက်ရစေခဲ့သည်။
ယနေ့တွင် တတိယမင်းသားသည် ကိုယ်တိုင်ကိုယ်ကျ ရောက်မလာခဲ့သော်လည်း သူသည် တစ်စုံတစ်ခုကို သိရှိထားပုံရကာ သူ၏လက်အောက်ငယ်သားများသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်လာပေ၏။
"အတင့်ရဲလိုက်တာ... အိမ်ရှေ့စံမင်းသားက အရှေ့နန်းတော်ရဲ့ အရှင်သခင်ဖြစ်ပြီးတော့ သူ့ရဲ့လုပ်ရပ်တွေက အင်ပါယာ သာယာဝပြောရေးအတွက်ပဲ.. အကြီးအကဲကျန်းလီက သိသာထင်ရှားတဲ့ အကျိုးပြုမှုတွေကို လုပ်ဆောင်ခဲ့ပေမယ့် တကယ်လို့ သူက တခြားသူတွေရဲ့ ထိန်းချုပ်တာကို ခံရမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ်က သူ့ရဲ့အကျိုးပြုမှုတွေထက်ကို ကျော်လွန်သွားလိမ့်မယ်... သူ့ကို ကြိုတင် ဖယ်ရှားလိုက်တာက အမှား မဟုတ်ဘူး... ဒါက ကောင်းမွန်တဲ့ ကိစ္စပဲ"
"အိမ်ရှေ့စံမင်းသားက မြင့်မြတ်တဲ့ အဆင့်အတန်းရှိတယ်... ဆေးပညာရှင်တစ်ယောက်ကို သတ်လိုက်တာကို မပြောနဲ့....သူ နောက်ထပ်နည်းနည်းလောက် ပိုပြီးသတ်ဖြတ်ရင်တောင်... ဘယ်သူက သူ့ကို ဆန့်ကျင်ရဲမှာလဲ ဒါမှမဟုတ် ဘယ်သူက ထျန်းလီအင်ပါယာရဲ့ အာဏာကို စိန်ခေါ်ရဲမှာလဲ"
တခြားအမတ်ကြီးများကလည်း ရှေ့သို့ထွက်လာပြီး ပြောဆိုကြသည်။
မင်းသားယွမ်ချင်း၏မျက်နှာအမူအယာ တင်းမာခက်ထန်သွားသည်။
ဤလူများသည် ပဉ္စမမင်းသားကို ထောက်ခံသူများဖြစ်ပြီး အပေါ်ယံတွင် သူ့ကို ကာကွယ်နေပုံရသော်လည်း အမှန်အားဖြင့် သူ့ကို အပြစ်တင်ရန်အတွက် ရှုပ်ထွေးမှုများအား ဖန်တီးနေကြခြင်းပင်။
"အိမ်ရှေ့စံမင်းသားက သနားကြင်နာတတ်ပြီးတော့ စိတ်သဘောထား ကောင်းမွန်တယ်...သူက ဘယ်တုန်းကမှ အင်ပါယာအပေါ် သစ္စာရှိတဲ့ လူတွေကို ထိခိုက်အောင် မလုပ်ခဲ့ဖူးဘူး"
အင်အားစုနှစ်စုလုံးမှ ဝေဖန်မှုများဖြင့် အဆက်မပြတ် တိုက်ခိုက်နေသောကြောင့် မင်းသားယွမ်ချင်းကို ထောက်ခံသူများသည်လည်း သူ့အား ကာကွယ်ရန် ရှေ့ထွက်လာကြသည်။ မကြာမီမှာပင် နန်းတော်အတွင်း၌ ရှုပ်ထွေးသော အငြင်းပွားမှုများဖြင့် ဆူညံသွားတော့သည်။
"တော်သင့်ပြီ... ရှင်တို့ ရန်ဖြစ်ချင်ရင် တခြားနေရာမှာ သွားဖြစ်ကြတော့... မင်းသားယွမ်ချင်း... အကြီးအကဲကျန်းလီက ဘယ်မှာလဲ... သူ့ကို ထုတ်ပေးပါ... ကျွန်မက သူ့ကို ပြန်ခေါ်သွားရလိမ့်မယ်"
ချင်စုရှင်းက ထိုအငြင်းပွားနေမှုကို ကြားဖြတ်ဟန့်တားလိုက်၏။
နန်းတော်အတွင်း၌ စကားလုံးတိုက်ပွဲများသည် ဆုံးဖြတ်ချက်မရှိသော စကားအရာသက်သက် တိုက်ပွဲများသာဖြစ်သည်။ မည်သည့်အင်အားစုမှဖြစ်စေ သူတို့၏အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ကြသဖြင့် တစ်နေ့လုံး အော်ဟစ်နေလျှင်ပင် ရလဒ်ထွက်ပေါ်လာမည် မဟုတ်ချေ။
ဤအင်အားစုများသည် အကြီးအကဲကျန်းလီနှင့် ပြိုင်ဘက်ကင်းနတ်ဘုရားဆေးလုံး အကြောင်းကို ရှေ့သို့တွန်းပို့လိုက်သည်အား မြင်တွေ့ချိန်၌ ယွမ်ချင်းသည် အမှန်တရားကို ဆက်လက်ဖုံးကွယ်ထား၍ မရတော့ကြောင်း သိလိုက်သည်။ ထိုကြောင့် သူသည် ထိုကိစ္စကို ထုတ်ဖော်ပြောဆိုလိုက်၏။
"အကြီးအကဲကျန်းလီက ငါ့ကို ဆေးလုံးတွေ ကူညီဖော်စပ်ပေးခဲ့ပြီးတော့ ငါကလည်း သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်... ကံမကောင်းချင်တော့ အဲဒီအရိုင်းအစိုင်းကျန်းရွှမ်က သူ့ကို အငိုက်ဖမ်းပြီးတိုက်ခိုက်ခဲ့တာကြောင့် သူ ဒဏ်ရာရသွားခဲ့တယ်... အခုလောလောဆယ်မှာ သူက ငါ့ရဲ့ကာကွယ်မှုအောက်မှာ ကုသမှုခံယူနေတယ်... ဒါကြောင့် သူ ပြန်မလာသေးတာပါ"
"ဒါဆိုရင် အဲ့ဒီလို ဖြစ်ခဲ့တာလား... သူက ဒဏ်ရာရထားမှတော့ ဆေးပညာဂိုဏ်းကို ပြန်လာပြီးတော့ ကုသမှုခံယူတာက ပိုပြီးသင့်တော်တယ် မဟုတ်လား... အိမ်ရှေ့စံမင်းသား ရှင့်ရဲ့ ဆေးပညာကျွမ်းကျင်မှုက ကျွန်မထက် သာလွန်တယ်လို့ ယူဆနေတာတော့ မဟုတ်ဘူးမလား..."
ချင်စုရှင်းက တုံ့ပြန်ပြောဆိုသည်။
ဆေးပညာဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော သူမအနေဖြင့် သူမသည် ဧကရာဇ်ဖုရှန်း၏ရှေ့တွင် မဆင်မခြင် မပြုမှုရဲသော်လည်း ဤအိမ်ရှေ့စံမင်းသားကိုမူ သူမ ဂရုမစိုက်ချေ။
"ငါက အဲ့ဒီလို မလုပ်ရဲပါဘူး...တကယ်လို့ ဂိုဏ်းချုပ်ချင်က သူ့ကို ပြန်ခေါ်သွားဖို့ အတင်းအကြပ် တောင်းဆိုရင် ကျွန်တော်က ဆန့်ကျင်မှာ မဟုတ်ပါဘူး"
ယွမ်ချင်းသည် သူ့ထံ၌ တခြားရွေးချယ်စရာ မရှိတော့သည်ကို မြင်တွေ့ချိန်၌ ငြင်းခုံနေခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် သူသည် သူ၏ လက်အောက်ငယ်သားများအနက်မှ တစ်ဦးကို လှည့်ကြည့်ပြီး အမိန့်ပေးလိုက်၏။
"အကြီးအကဲကျန်းလီကို ဒီနေရာဆီလာဖို့ ဖိတ်ခေါ်လိုက်ပါ"
"နားလည်ပါပြီ"
ထိုလက်အောက်ငယ်သားက အလျင်အမြန် ထွက်ခွာသွားသည်။ မကြာမီမှာပင် အကြီးအကဲကျန်းလီ ရှိနေသော ဆန်းကြယ်ရုပ်သေးက ခန်းမထဲသို့ ဝင်ရောက်လာသည်။
ဆယ်ရက်ကျော်ထိန်းညှိပြီးနောက် သူသည် သူ၏ခန္ဓာကိုယ်အသစ်ကို ကျင့်သားရနေလေပြီ။ သူ၏လှုပ်ရှားမှုများနှင့် မျက်နှာအမူအယာများသည် သက်ရှိလူတစ်ဦးနှင့် ကွဲပြားခြားနားခြင်း မရှိတော့ချေ။ သို့ရာတွင် သူသည် ပြင်းထန်သော မီးတောက်များကို တောင့်မခံနိုင်သဖြင့် ဆေးဖော်စပ်နိုင်ခြင်း မရှိတော့ပေ။
"ရှင့်ရဲ့ရုပ်ခန္ဓာကိုယ်က ဘယ်မှာလဲ"
ကျန်းလီ အသက်ရှင်နေသေးသည်ကို မြင်တွေ့ချိန်၌ ချင်စုရှင်း စိတ်သက်သာရာရသွားသည်။ သို့သော် သူ၏ရုပ်ခန္ဓာကိုယ် ပြောင်းလဲသွားသည်ကို သတိပြုမိချိန်၌ သူမက မျက်မှောင်ကြုတ်လိုက်၏။
ဆေးပညာ ကောင်းကင်ကံကြမ္မာကို ထိန်းချုပ်သူတစ်ဦးအနေဖြင့် သူမသည် တစ်စုံတစ်ယောက်အတွက် ရုပ်ခန္ဓာကိုယ်၏ အရေးပါပုံကို သဘာဝကျကျ နားလည်သဘောပေါက်သည်။
"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်... ကျွန်တော့်ရဲ့ ရုပ်ခန္ဓာကိုယ်ကို ကျန်းရွှမ်က ဖျက်ဆီးခဲ့တာပါ... အိမ်ရှေ့စံမင်းသားက ဆန်းကြယ်ရုပ်သေးကို လက်ဆောင်မပေးခဲ့ရင် ကျွန်တော် သေဆုံးသွားနိုင်တယ်...ကျွန်တော်က ဂိုဏ်းချုပ်ကိုတောင် တွေ့နိုင်တော့မှာ မဟုတ်ဘူး"
အကြီးအကဲကျန်းလီက အလျင်အမြန် ရှင်းပြသည်။
"ရှင်ရဲ့စွမ်းအားက အသက်ပင်လယ်နယ်ပယ်ကနေ မချိုးဖျက်နိုင်သေးပေမယ့် အဆင့်တက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်... အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်ကျင့်ကြံသူ ဆယ်ယောက်တောင် ရှင့်ကို တားဆီးနိုင်မှာ မဟုတ်ဘူး...အငိုက်ဖမ်းပြီး တိုက်ခိုက်ခံရရင်တောင် ထွက်ပြေးဖို့ဆိုတာက ပြဿနာ မရှိသင့်ဘူး... ရှင့်ရဲ့ရုပ်ခန္ဓာကိုယ်က ဘယ်လိုလုပ်ပြီး ပျက်စီးသွားတာလဲ"
ချင်စုရှင်းက သူမ၏ဇဝေဇဝါဖြစ်မှုကို ထုတ်ဖော်မေးမြန်းလေ၏။
အမှန်အားဖြင့် လူများအားလုံး ဇဝေဇဝါဖြစ်နေကြသည်။
ဤကျန်းရွှမ်သည် မည်မျှထိ အစွမ်းထက်နေသနည်း။ သူသည် ပုံစံငါးပါးသူတော်စင်အရှင်များကို သတ်ဖြတ်ရုံသာမက အကြီးအကဲကျန်းလီ၏ရုပ်ခန္ဓာကိုယ်ကိုလည်း ဖျက်ဆီးခဲ့သည်။
သူထံ၌ ထိုကဲ့သို့ စွမ်းအားမျိုး ရှိနေပါက သူတို့ သည် မည်သည်ကြောင့် သူ့အကြောင်းကို ယခင်က မကြားဖူးခဲ့သနည်း။
တိုက်ပွဲအကြောင်းကို ပြန်စဉ်းစားမိချိန်၌ အကြီးအကဲကျန်းလီသည် ထိတ်လန့်တုန်လှုပ်နေဆဲပင်။ သူသည် သက်ပြင်းချပြီး ခေါင်းခါယမ်းလိုက်၏။
"အဲဒီလူက... ဗုဒ္ဓနတ်ဆိုး ပေါင်းစည်းထားပြီးတော့ နက်နဲသိမ်မွေ့တဲ့ အမွေအနှစ်တွေရှိတယ်... ကျွန်တော် သတိမထားမိတဲ့အချိန်မှာ သူက ဗုဒ္ဓဂိုဏ်းရဲ့ သံသရာအမွေအနှစ်မျှော်စင်နဲ့ ကျွန်တော့်ကို တိုက်ခိုက်ခဲ့တယ်"
"ဗုဒ္ဓနတ်ဆိုး ပေါင်းစည်းထားတာလား...."
"သူက နတ်ဆိုးမျိုးနွယ်စုဝင် ဖြစ်ပေမယ့် တစ်ချိန်တည်းမှာ ဗုဒ္ဓကျင့်ကြံနည်းစနစ်တွေကို ကျင့်ကြံနေတယ်လို့ မင်းက ပြောနေတာလား"
"ဒါက အဓိပ္ပာယ် မရှိဘူး... သူက ဗုဒ္ဓကျင့်ကြံနည်းစနစ်တွေကို ကျင့်ကြံတယ်ဆိုရင် ဗုဒ္ဓဂိုဏ်းက ဘာလို့ သူ့ကို လိုက်ဖမ်းနေတာလဲ"
ရုတ်ချည်းဆိုသလိုပင် ခန်းမထဲတွင်ရှိနေသော လူများအားလုံး အံ့အားသင့်သွားကြသည်။