အခန်း (၂)
Vol. 1 Ch. 2
ကောင်းကင်ယံထက်တွင် အားကောင်းသော အရှိန်အဝါနှင့် အားနည်းသည့် အရှိန်အဝါတို့ လျင်မြန်စွာ ရွေ့လျားနေကြသည်။ ပထမအရှိန်အဝါနှစ်ခုသည် အသက်လုပြေးနေကြသော လူသားများဖြစ်ကြပြီး သူတို့နောက်မှ ကပ်လိုက်နေသော တတိယမြောက် အရှိန်အဝါသည်ကား အားကောင်းလွန်းလှသည့် မိစ္ဆာသားရဲတစ်ကောင်ပင် ဖြစ်သည်။
ထိုမိစ္ဆာသည် ဧရာမကြွက်ကြီးတစ်ကောင်ဖြစ်ပြီး အပြာရောင်မျက်နှာ၊ ထက်ရှသော အစွယ်များနှင့် ပေရာပေါင်းများစွာ ရှည်လျားသော ခန္ဓာကိုယ်ရှိလေသည်။ ဧရာမကြွက်၏ကျောပေါ်တွင်မူ ကြီးမားသော ခရမ်းရောင်အတောင်ပံကြီးတစ်စုံရှိ၏။ ထိုအတောင်ပံမှတစ်ဆင့် ကြွက်ကြီးသည် ခရမ်းရောင်အတောင်ပံ ကောင်းကင်မိုးကြိုးကြွက်မျိုးနွယ်ဝင်ဖြစ်ကြောင်း သိနိုင်သည်။
ဤသတ္တဝါသည် မသေမျိုးတောင်တန်းမှ ရက်စက်ကြမ်းကြုတ်သော မိစ္ဆာသားရဲဖြစ်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို့အတွက် မွေးဖွားလာသည့် သားရဲမျိုးဖြစ်သည်။ ကောင်းကင်မိုးကြိုးကြွက်များသည် အကောင်ပေါက်ဘဝမှာပင် နိယာမနယ်ပယ်အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ကဲ့သို့ သန်မာသည်။ ယခုအကောင်မှာ အကောင်ပေါက်လေးမဟုတ်ဘဲ အရွယ်ရောက်ပြီးသား အကောင်ကြီးဖြစ်သည်။
လျှပ်စီးများသည် ဒေါသထွက်နေသော မြွေများကဲ့သို့ ခရမ်းရောင်အတောင်ပံကြီးများပေါ်တွင် လျပ်စီးအသံမြည်ဟီးကာ ကခုန်နေကြသည်။ လေပြင်းများနှင့် မိုးကြိုးသံများကလည်း ဟိန်းထွက်နေကာ အတောင်ပံတစ်ချက်ခတ်လိုက်ရုံဖြင့် မျက်စိတစ်မှိတ်အတွင်း ပေပေါင်းရာချီကို ဖြတ်သန်းသွားနိုင်စွမ်းရှိသည်။ အရွယ်ရောက်ပြီးသော ကောင်းကင်မိုးကြိုးကြွက်ကြီးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါဖြစ်ပြီး ၎င်း၏ အစွမ်းသည် စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့် ၂၂ ရှိသော လူသားတစ်ယောက်နှင့် ညီမျှသည်။
ရှေးဟောင်းသားရဲမျိုးနွယ်ဖြစ်သောကြောင့် ကြွက်၏ခန္ဓာကိုယ်သည် အဆင့်မြင့်ရတနာများထက်ပင် ပို၍မာကျောပြီး လေနှင့်မိုးကြိုးစွမ်းအားကို ထိန်းချုပ်နိုင်သည်။ သာမန်လူသား ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤမိစ္ဆာကြီးကို တစ်ယောက်တည်း ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ဤတောင်တန်းများထဲတွင် ဤကြွက်ကြီးသည် အုပ်စိုးသူဘုရင်တစ်ပါးဖြစ်ပြီး လူသားများကို မုန့်ပဲသရေစာကဲ့သို့ စားသောက်လေ့ရှိသည်။ ယခုလည်း လူသားနှစ်ယောက်သည် ကြွက်၏နယ်မြေထဲသို့ ဝင်ရောက်လာမိခြင်းဖြစ်ပြီး ထိုသည်က အမှားကြီးတစ်ခုဖြစ်သွားသည်ဟု ပြောရပေလိမ့်မည်။
ထွက်ပြေးနေသူသည် အစွမ်းထက်သော လူတစ်ယောက်ဖြစ်သည်။ သူသည် အပြာရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှည်လျားသော ဆံနွယ်များသည် လေထဲတွင် လွင့်ပျံနေသည်။ သူ၏နဖူးပေါ်တွင် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်အမှတ်အသားကို ရေးထိုးထားလေသည်။ သူ၏မျက်နှာထားသည် ကျောက်ရုပ်ထုတစ်ခုကဲ့သို့ တင်းမာခက်ထန်နေ၏။ သူသည် ရှေ့ခရီးလမ်းကို သူ၏ စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းဖြင့် စစ်ဆေးရင်း အားကုန်သုံးကာ ပြေးလွှားနေသည်။
သူ၏နောက်တွင် ပေထောင်ချီမြင့်မားသော ရွှေရောင်စစ်သည်တော်ကြီးကို ဆင့်ခေါ်ထားသည်။ ထိုရွှေရောင်စစ်သည်တော်သည် စိတ်ဝိညာဉ်နတ်ဘုရား ဓမ္မရုပ်ပုံလွှာဖြစ်ပြီး ပြီးပြည့်စုံသော စိတ်ဝိညာဉ်နတ်ဘုရားအဆင့် ကျင့်ကြံသူများသာ အသုံးပြုနိုင်သော အထွတ်အထိပ် နည်းစနစ်တစ်ခုဖြစ်သည်။ ရွှေရောင်စစ်သည်တော်ကြီးသည် ဓားနှစ်လက်ကို ကိုင်စွဲကာ ကြွက်ကြီးကို တားဆီးရန် ဒေါသတကြီး ဝှေ့ယမ်းတိုက်ခိုက်နေသည်။
"စိတ်ဝိညာဉ်နတ်ဘုရား ဓမ္မရုပ်ပုံလွှာ"
ဂိုဏ်းချုပ်ကြီးက မာန်ဟုန်အပြည့်ဖြင့် အသည်းအသန် အော်ဟစ်လိုက်သည်။
"ကျွီးးး"
ခရမ်းရောင်အတောင်ပံ ကောင်းကင်မိုးကြိုးကြွက်ကြီးကလည်း ရက်စက်ကြမ်းကြုတ်စွာ စူးရှသောအသံဖြင့် ပြန်လည်အော်ဟစ်လိုက်သည်။ ကြွက်ကြီး၏ခေါင်းအထက်တွင် ခရမ်းရောင်လျှပ်စီးစွမ်းအင်များက စုစည်းလာကာ ဓမ္မရုပ်ပုံလွှာထံသို့ ခရမ်းရောင်လျှပ်စီးတန်းကြီး ပစ်လွှတ်လိုက်သည်။
ထိုအသံသည် နားကွဲမတတ် ကျယ်လောင်လှ၏။ လျှပ်စီးတန်းသည် ကမ္ဘာကြီးကို ဖျက်ဆီးမည့်အလား ကောင်းကင်ကြီးကို ထိုးခွဲသွားသည်။
"ဝုန်းးးးး"
ဧရာမတောင်ကြီးတစ်လုံးသည် လျှပ်စီးတန်း၏ ဦးတည်ရာ လမ်းကြောင်းပေါ်တွင် ရှိနေခဲ့ရာ တစ်စက္ကန့်အတွင်းမှာပင် ထိုတောင်ကြီးသည် ကွဲအက်သွားရုံမက ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားလေသည်။ တောင်၏ အပေါ်ပိုင်းတစ်ဝက်သည် ပျောက်ချင်းမလှ ပျောက်ကွယ်သွား၏။ ထိုတောင်ပေါ်တွင် နေထိုင်ကြသော သတ္တဝါများမှာ ဘာဖြစ်သွားမှန်းပင် မသိလိုက်ရဘဲ ချက်ချင်းပင် အသက်ပျောက်သွားကြသည်။ ကြွက်ကြီးသည် လှည့်ပင်မကြည့်ခဲ့ပေ။ ဤမိစ္ဆာကောင်အတွက် တောင်တစ်လုံးကို ဖျက်ဆီးလိုက်ခြင်းသည် လူသားတစ်ယောက်က ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေလိုက်သကဲ့သို့သာ ဖြစ်သည်။
လျှပ်စီးတန်းသည် ဆက်လက်ပြီး ရွှေရောင်စစ်သည်တော်ကြီးကို ရိုက်ခတ်လိုက်ရာ ဓမ္မပုံရိပ်သည် ရွှေရောင်အလင်းစက်များအဖြစ် ကွဲကြေသွားလေသည်။
"ဖူးးးး"
ဂိုဏ်းချုပ်ကြီး၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရသည်။ သူသည် အတွင်းဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီဖြစ်၏။ သို့သော် သူ မရပ်တန့်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်ကို အတင်းအကျပ် ဆက်ရွေ့လျားစေခဲ့သည်။ ရပ်တန့်လိုက်လျှင် သူ သေမည်ဖြစ်သည်။ သူတစ်ယောက်တည်း သေမည်မဟုတ်ချေ။
ဂိုဏ်းချုပ်ကြီးက သူ့ရင်ခွင်ထဲမှ မိန်းကလေးအားကြည့်ကာ အံကြိတ်လိုက်ပြီး အားယူကာ အရှေ့သို့ဆက်သွားနေလေသည်။ ကြွက်ကြီး ခဏတာရပ်တန့်သွားသည့် အခိုက်အတန့်လေးတွင် ဂိုဏ်းချုပ်ကြီးသည် တောင်တန်း၏ အလယ်ဗဟိုဆီသို့ ပိုမိုမြန်ဆန်စွာ ပြေးလွှားလိုက်သည်။
သူသည် ပြန်လည်တိုက်ခိုက်ရန် မကြိုးစားတော့ပေ။ သူ့ရင်ခွင်ထဲတွင် မိန်းကလေးငယ်တစ်ဦးသည် ကြွေရုပ်လေးကဲ့သို့ ချစ်စရာကောင်းပြီး နုနယ်လှသည်။ နှုတ်ခမ်းနီနီရဲရဲလေးများနှင့် အသက် ၈ နှစ်၊ ၉ နှစ်အရွယ်ခန့်သာ ရှိဦးမည်ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှ ထူးခြားသော မှော်အရှိန်အဝါလေးတစ်ခုကလည်း ထွက်ပေါ်နေသည်။ သူမသာ အရွယ်ရောက်လာပါက တစ်လောကလုံးကို ဖမ်းစားနိုင်မည့် အလှပဂေးလေး ဖြစ်လာပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် သူမက မျက်လုံးများကို တင်းကြပ်စွာဖြင့် ပိတ်ထားပြီး သူ၏မျက်တောင်များကလည်း တုန်ခါနေလေသည်။ သူမ၏ အဝတ်အစားများတွင်လည်း သွေးများ စိုရွှဲနေသည်။ သူမ၏ ခန္ဓာကိုယ်သည် အရိုးမရှိတော့သကဲ့သို့ ပျော့ခွေနေလေသည်။ မဟုတ်သေးချေ... သူမသည် အရိုးမရှိသကဲ့သို့ ပျော့ခွေနေခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် အရိုးမရှိတော့ခြင်းဖြစ်သည်။ သူမ၏ ရင်ဘတ်သည် ချိုင့်ဝင်နေပြီး နံရိုးများမှာ ခန္ဓာကိုယ်မှ ရက်ရက်စက်စက် ဆွဲထုတ်ခံထားရသည်ကို ကြည့်ရသည်မှာ အလွန်ရက်စက်သော မြင်ကွင်းပင်။
"ယွဲ့အာ... တောင့်ထားဦးနော် သမီးလေး တောင့်ထားရမယ်"
ဂိုဏ်းချုပ်ကြီးက စိုးရိမ်ပူပန်မှုအပြည့်ဖြင့် အော်ဟစ်လိုက်သည်။
"မှတ်တမ်းတွေထဲမှာ ရေးထားတဲ့ တောင်ထိပ်ကို ရောက်တော့မယ် ဒဏ္ဍာရီလာ ဘိုးဘေး ကျုံးရှန်နဲ့ တွေ့ရင် သူက သမီးလေးကို ကယ်ပေးနိုင်လိမ့်မယ် သူက သမီးရဲ့ ပျက်စီးသွားတဲ့ တာအိုအခြေခံအုတ်မြစ်ကို ပြန်ကုသပေးနိုင်လိမ့်မယ်"
ဂိုဏ်းချုပ်ကြီး၏ အသံသည် နွေးထွေးပြီး မေတ္တာများ ပြည့်နှက်နေသော်လည်း သမီးလေးကို ဆုံးရှုံးရမည်ကို ကြောက်ရွံ့သောကြောင့် တုန်ယင်နေလေ၏။ ယွဲ့အာ သည် အိပ်ပျော်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ မျက်နှာလေးသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေ၏။
ယွဲ့အာ သည် ရွှမ်းလင် မြင့်မြတ်နယ်မြေ၏ အနာဂတ်သခင်မလောင်းပင်။ သူမသည် ထူးခြားသော အရိုးများနှင့် အံ့မခန်း ပါရမီတို့ဖြင့် မွေးဖွားလာသူဖြစ်သည်။ အသက် ၈ နှစ်အရွယ်ဖြင့်ပင် နိယာမနယ်ပယ်၏ ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူမသည် နှစ်ပေါင်းထောင်ချီအတွင်း ဂိုဏ်းတွင် မပေါ်ပေါက်ဖူးသည့် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်သည်။ ဂိုဏ်းအတွင်းမပြောနှင့် တစ်လောကလုံးတွင်ပင် ပြိုင်စံရှားသော ပါရမီရှင်တစ်ဦးဟု ပြောနိုင်သည်။
သို့သော် ယမန်နေ့က အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ သူမ အပြင်ထွက်ဆော့နေစဉ် လျို့ဝှက်ဆန်းကြယ်သော မိန်းကလေးတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ သူတို့ ၂ ယောက်ကြားတွင် စကားပင်မပြောလိုက်ရဘဲ တိုက်ပွဲဖြစ်ပွားသွားခဲ့သည်။ ထိုမိန်းကလေးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သူမတွင် ရှေးဟောင်းဧကရာဇ်တစ်ပါး၏ စွမ်းအားနှင့် အထွတ်အထိပ်တာအိုခန္ဓာကိုယ် ရှိလေသည်။ သူမသည် ယွဲ့အာ ထက် ပိုမိုသန်မာသည်။ သူမ၏ အစောင့်များသည် အထွတ်အမြတ်ဂိုဏ်းမှ အစောင့်များကို အလွယ်တကူ သတ်ဖြတ်ခဲ့ကြသည်။
ဂိုဏ်းမှ အကြီးအကဲများ ရောက်လာချိန်တွင် ရန်သူများ ထွက်ပြေးသွားကြပြီဖြစ်သည်။ ထိုနေရာတွင် သွေးအိုင်ထဲ ဒဏ်ရာများဖြင့် လဲလျောင်းနေသော ယွဲ့အာလေးသာ ကျန်ရစ်ခဲ့သည်။ သူမ၏ အဖိုးတန် ဆန်းကြယ်ကောင်းကင်အရိုး ဖြစ်သည့် နံရိုးသည် ခန္ဓာကိုယ်မှ ရက်စက်စွာ ဆွဲထုတ်ခံထားခဲ့ရသည်။ ထိုသည်မှာ ဒဏ်ရာသက်သက်မဟုတ်ဘဲ ထိုအရိုးသည် သူမ၏ စွမ်းအားအရင်းအမြစ်ဖြစ်သည်။ ဆန်းကြယ်ကောင်းကင်အရိုးကို ဆုံးရှုံးလိုက်ရခြင်းသည် သူမ၏ ဝိညာဉ်ကို ဆွဲဖြဲခံလိုက်ရသကဲ့သို့ ခံစားရစေသည်။ ထိုအရာမှာ သေခြင်းထက် ဆိုးရွားသော နာကျင်မှုပင်။
ပြေးလွှားနေသော လှုပ်ရှားမှုကြောင့် ယွဲ့အာ နိုးလာခဲ့သည်။ သူမသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။
"ဂိုဏ်းချုပ်ဘိုးဘိုး..."
သူမ၏အသံသည် တိုးဖျော့ပြီး အားနည်းနေသည်။
"ယွဲ့အာကို မကယ်ပါနဲ့တော့..."
"အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့"
ဂိုဏ်းချုပ်ကြီးက မျက်ရည်များဖြင့် ဝမ်းနည်းစွာ အော်ပြောလိုက်သည်။
"အကြွင်းမဲ့ဘိုးဘေး ကျုံးရှန် က သမီးကို သေချာပေါက် ကယ်ပေးနိုင်မှာ"
ဂိုဏ်းချုပ်ကြီးသည် အံကိုကြိတ်လိုက်သည်။ သူသည် လက်ကို နောက်သို့ ဝှေ့ယမ်းကာ ပေပေါင်းရာချီ ရှည်လျားသော ဓါးအလင်းတန်းကြီးကို ပစ်လွှတ်ပြီး ကြွက်ကြီးကို နှောင့်နှေးစေရန် လုပ်ဆောင်လိုက်သည်။ ခရမ်းရောင်အတောင်ပံ ကောင်းကင်မိုးကြိုးကြွက်ကြီးသည် အလွန်သန်မာလွန်းသည်။ ဂိုဏ်းချုပ်ကြီးသည် နိယာမနယ်ပယ်၏ အဆင့် ၂၃ တွင်ရှိသော်လည်း ယခုအခါ ဒဏ်ရာဗလပွဖြင့် မောပန်းနွမ်းနယ်နေပြီဖြစ်သည်။
ယွဲ့အာ သည် အသက်ကို ခက်ခက်ခဲခဲရှုသွင်းနေရလေသည်။ ယွဲ့အာ က တုန်ယင်နေသည့် အသံဖြင့် ဆက်ပြောလိုက်သည်။
"မျိုးဆက်တိုင်းက ဘိုးဘေးအကြောင်း ပုံပြင်တွေ ကြားဖူးကြပေမယ့်... ဘယ်သူမှ... ဘယ်သူကမှ ဘိုးဘေးကို မမြင်ဖူးကြဘူး"
သေလုမြောပါးဖြစ်နေသော မိန်းကလေး၏ စကားကို ကြားလိုက်ရသောအခါ ဂိုဏ်းချုပ်ကြီးသည် ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်မိသည်။
"မှန်တယ်... ဘယ်သူမှ မမြင်ဖူးကြဘူး"
သူ၏အသံသည် ခံစားချက်များကြောင့် တုန်ရီနေသည်။
"ဘိုးဘေး ကျုံးရှန် က ဒီတောင်တန်းတွေထဲမှာ အနားယူနေခဲ့တာ နှစ်ပေါင်းတစ်သိန်းတောင် ရှိပြီ… ဂိုဏ်းပျက်စီးခါနီး အခြေအနေမျိုး မရောက်မချင်း သူ့ကို ဘယ်တော့မှ လာမနှောင့်ယှက်ရဘူးလို့ မှာထားခဲ့တယ်"
သူမကို ငုံ့ကြည့်လိုက်ရင်း ဆက်ပြောလိုက်သည်။
"ဒီနေ့ အဘိုး စည်းကမ်းဖောက်ဖျက်မိပြီ… အကယ်၍ ဘိုးဘေးက မေတ္တာထားပြီး သမီးလေးကို ကယ်ပေးမယ်ဆိုရင်... အပြစ်ပေးခံရမယ်ဆိုရင်တောင် အဘိုး လိုလိုလားလား အသက်ပေးပါ့မယ်"
သူမအပေါ်ထားရှိသော သူ၏မေတ္တာတရားသည် အလွန်နက်ရှိုင်းလှသည်။ သူသည် စိတ်ထဲမှ နာကြည်းစွာ တွေးလိုက်မိသည်။
'ဘိုးဘေး... အို... ဘိုးဘေး… သင့်ရဲ့ သားသမီးမြေးမြစ်တွေ အနိုင်ကျင့်ခံ သတ်ဖြတ်ခံနေရပါပြီ သင် ထွက်လာပြီး ကျွန်ုပ်တို့အတွက် လက်စားချေပေးမှ ဖြစ်ပါတော့မယ်'
သူတို့အနောက်တွင် ကြွက်ကြီးက နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ပြန်သည်။ ကြွက်ကြီးသည် ပို၍ နီးကပ်လာပြီဖြစ်သည်။ အခြေအနေမှာ မျှော်လင့်ချက်မဲ့နေပြီ ဖြစ်သည်။
"ကောင်းကင်ဓါးအရှိန်အဝါ…"
ဂိုဏ်းချုပ်ကြီးသည် ဒေါသတကြီးဖြင့် သူ၏ သိုင်းကွက်နာမည်ကို အော်ဟစ်လိုက်သည်။ သူသည် သူ၏စွမ်းအားများကို အသုံးပြုကာ အပြာရောင်ဓါးများကို ဖန်တီးပြီး နောက်ဘက်သို့ ပစ်လွှတ်လိုက်သည်။ ဓါးများသည် ကောင်းကင်တွင် ပြည့်နှက်သွားပြီး ကြွက်ကြီးကို ခဏတာမျှ ပိတ်လှောင်ထားလိုက်သည်။ ထိုအခွင့်အရေးကို အသုံးပြု၍ သူသည် နောက်ဆုံးအကြိမ်အရှိန်တင်ကာ ပြေးလွှားလိုက်လေသည်။
ရုတ်တရက် သူ၏ စိတ်ဝိညာဉ်အာရုံခံစားမှုမှ တစ်ဆင့် တစ်စုံတစ်ခုကို သိရှိလိုက်သည်။ သူတို့၏ ရှေ့တည့်တည့်တွင် တိမ်တိုက်များကြားမှ ထိုးထွက်နေသော ကြီးကျယ်ခမ်းနားသည့် တောင်ထွတ်တစ်ခုကို မြင်လိုက်ရသည်။ သူသည် ထိုတောင်ကြီးကို မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။ သူတို့၏ ပန်းတိုင်သို့ ရောက်ရန် နီးကပ်နေပြီ ဖြစ်လေသည်။