ကယ်တော်မူပါ ဘိုးဘေးရေ
Vol. 1 Ch. 3
နှစ်ပေါင်း တစ်သိန်းဆိုသည်မှာ အလွန်ရှည်ကြာလှသည့် အချိန်ကာလတစ်ခုဖြစ်လေပြီး နယ်မြေသခင်အဆင့်သို့ ရောက်ရှိထားသူများသာ ဤမျှလောက်အထိ အသက်ရှည်ရှည် နေထိုင်နိုင်ကြခြင်း ဖြစ်သည်။
နယ်မြေသခင်တစ်ပါးဆိုသည်မှာ မိမိတို့၏ ပတ်ဝန်းကျင်အား ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်နိုင်စွမ်း ရှိလေပြီး ထိုနယ်မြေအတွင်း စည်းမျဥ်းများကိုပါ ပြဋ္ဌာန်းသတ်မှတ်နိုင်စွမ်း ရှိလေသည်။
ဂိုဏ်းချုပ်ကြီး ကျုံးချီမင် သည် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး နိယာမနယ်ပယ်၏ အဆင့် ၂၃ သို့ပင် ရောက်ရှိနေပြီဖြစ်ကာ ကောင်းကင်နှင့် မြေပြင်အား ဖျက်ဆီးနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်သည်။
အပြင်လောကတွင် သူသည် ရွှမ်းလင် မြင့်မြတ်နယ်မြေ ၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည်အထိ သန်မာအားကောင်းပြီး သူ၏ နာမည်ကို ကြားရုံဖြင့် ဒေသတစ်ခုလုံး တုန်လှုပ်သွားစေနိုင်သည်။
သို့သော် မသေမျိုးတောင်တန်းတွင်တော့ ဂိုဏ်းချုပ်ကြီးသည် မစွမ်းဆောင်နိုင်တော့ချေ။ ယခုလက်ရှိတွင် သူသည် သူတော်စင်တစ်ပိုင်းအဆင့်မိစ္ဆာသားရဲ၏ နယ်မြေထဲတွင် ရောက်နေခြင်းဖြစ်ကာ အသက်လုပြေးနေရလေ၏။
သူတော်စင်တစ်ပိုင်းအဆင့်များနှင့် ယှဥ်လျှင် ဂိုဏ်းချုပ်ကြီးသည် အလွန်အားနည်းလှသည်။ ထိပ်တိုက်သာ တိုက်ခိုက်ကြမည်ဆိုပါက ဂိုဏ်းချုပ်ကြီးနှင့် အဆင့်တူသည့် ကျင့်ကြံသူများ စစ်တပ်တစ်တပ် စုဖွဲ့၍ တိုက်ခိုက်လျှင်ပင် အနိုင်ယူနိုင်ဦးမည် မဟုတ်ချေ။ သူတော်စင်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်ကြီးအနေဖြင့် လက်တစ်ချောင်းတည်းဖြင့်ပင် အကုန်လုံးကို အလွန်လွယ်ကူစွာ ဖိနှိပ်ထားနိုင်လိမ့်ဦးမည် ဖြစ်သည်။
ဂိုဏ်းချုပ်ကြီး၏ ခရီးစဥ်သည် ခက်ခဲကြမ်းတမ်းလွန်းလှပြီး မိစ္ဆာသားရဲကြီးများသာမက ရှေးခေတ်မှ လက်ကျန်ထောင်ချောက်များကိုပင် ကြောက်ရသေးသည်။
ဂိုဏ်းချုပ်ကြီးသည် ချင်ထျန်းတောင်ထွတ် ကို ရှာဖွေရန် စိတ်ဝိညာဉ်အာရုံကို အသုံးပြုခဲ့၏။ ဂိုဏ်းချုပ်ကြီးက အစွမ်းထက်သော်လည်း ထိုနေရာသို့ ရောက်လာရန် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သေးသည်။ ကောင်းကင်မိုးကြိုးကြွက်ကြီးသည်တော့ ထွက်ပြေးသွားသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ကြီး ဦးတည်နေသည့် နေရာသည် အလွန်အန္တရာယ်များလှပြီး ကြွက်ကြီးပင် မဝင်ရဲသော နေရာများ ဖြစ်သောကြောင့်ပင်။
ခရီးစဥ်တစ်လျှောက်တွင် ဂိုဏ်းချုပ်ကြီးမှာ မိစ္ဆာသားရဲများစွာနှင့် တိုက်ခိုက်ခဲ့ရသလို တောင်စောင့်နတ်များနှင့်လည်း တိုက်ခိုက်ခဲ့ရသေးသည်။
သူသည် ယခုအခါတွင် လှုပ်ရှားနေဆဲ ဖြစ်သော်လည်း သတိလစ်ချင်နေပြီ ဖြစ်၏။ သူ့ကြွက်သားများက စုတ်ပြဲကာ လောင်ကျွမ်းနေသည်။ သူ၏ စွမ်းအင်များကလည်း ခမ်းခြောက်နေကာ အခြေခံအုတ်မြစ်ကလည်း အက်ကွဲနေပြီ ဖြစ်သည်။
ဦးတည်ရာ ချင်ထျန်းတောင် သို့ ရောက်ခါနီးပြီ ဖြစ်သော်လည်း ဂိုဏ်းချုပ်သည် အခြေအနေ အလွန်ဆိုးရွားနေကာ ကောင်းကင်ပေါ်မှ အချိန်မရွေး ပြုတ်ကျလာတော့မည့် အခြေအနေ ဖြစ်နေသည်။ သူသည် မသေရုံတမယ်သာ ကျန်တော့ပြီး သူ၏ စိတ်ခွန်အား တစ်ခုတည်းဖြင့်သာ တောင့်ခံထားခြင်း ဖြစ်သည်။
သူ့ရင်ခွင်ထဲတွင် ပါလာသော သူတော်စင်မိန်းကလေး ကျုံးထျန်းယွဲ့ သည်တော့ သတိမေ့မြောနေခဲ့သည်မှာ အတော်လေး ကြာပြီဖြစ်၏။ ဂိုဏ်းချုပ်ကြီးသည် လျှို့ဝှက်မှော်နည်းလမ်းကို အသုံးပြု၍ သူမကို အသက်ဆက်ထားရခြင်း ဖြစ်သည်။
“ဝှစ်…”
ထိုအခိုက် ရုတ်တရက်ကြီး ဂိုဏ်းချုပ်၏ အနောက်တွင် ဧရာမဖားပြုတ်ကြီး တစ်ကောင် ထွက်ပေါ်လာသည်။ ဧရာမဖားပြုတ်ကြီးသည် ပေထောင်ချီ ရှည်လျားပြီး တုတ်ခိုင်ကာ တောင်ကုန်းတစ်လုံးနှင့်ပင် တူနေလေသည်။
ဖားပြုတ်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းစက် ၂၃ ခု ရှိနေကာ အလင်းစက်တစ်ခုက နိယာမနယ်ပယ်မှ အဆင့် ၁ ဆင့်နှင့် ညီမျှသည်။ အလင်းစက် ၂၃ ခု ရှိသောကြောင့် ဤဖားပြုတ်ကြီးသည် နိယာမနယ်ပယ်၏ အဆင့် ၂၃ နှင့် ညီမျှကြောင်း သိနိုင်လေသည်။
ဂိုဏ်းချုပ်ကြီးနှင့် ဖားပြုတ်ကြီးတို့၏ ကျင့်ကြံခြင်းအဆင့်မှာ တူညီသော်လည်းပဲ ဖားပြုတ်ကြီးသည် အကောင်းပကတိ အတိုင်း ရှိသည်။ ဂိုဏ်းချုပ်ကြီးသည်တော့ ဆန့်ကျင်ဘက်အနေဖြင့် မသေရုံတမယ် ဖြစ်နေလေသည်။
ဖားပြုတ်ကြီးက ဂိုဏ်းချုပ်ကြီးနှင့် သူတော်စင်ကောင်မလေးတို့အား စိုက်ကြည့်ကာ လောဘတကြီးဖြင့် တံတွေးမြိုချလိုက်သည်။ ဖားပြုတ်ကြီးက သူ၏ ကြွက်သားအမြောင်းမြောင်းထနေသော ခြေထောက်ကြွက်သားတို့ကို အားယူပြီး ခုန်လိုက်ရာ အမြင့်ပေ သောင်းနှင့်ချီ ခုန်ပျံသွားကာ ဂိုဏ်းချုပ်ကြီးတို့ထံ ပြေးဝင်လာ၏။
ဖားပြုတ်ကြီးက အောက်သို့ မရောက်လာခင် ကောင်းကင်အထက်မှနေ၍ အစိမ်းရောင် အလင်းတန်းများစွာကို ဂိုဏ်းချုပ်ကြီးတို့ထံ ပစ်လွှတ်လိုက်လေသည်။ ချက်ချင်းပင် တောင်များစွာသည် အစိမ်းရောင် အလင်းတန်းများနှင့် ထိမှန်သွားကြကာ ပေါက်ကွဲခြင်းပင် မရှိဘဲ ချက်ချင်း ပျောက်ကွယ်သွားကြသည်။
ထိုအစိမ်းရောင် အလင်းတန်းများသည် အလွန်အမင်း အစွမ်းထက်လွန်းပြီး နိယာမနယ်ပယ်၏ အဆင့် ၂၀ အောက်ရှိ ကျင့်ကြံသူများ အားလုံးကို တစ်ချီတည်းဖြင့် သတ်ဖြတ်နိုင်လေသည်။
ဂိုဏ်းချုပ်ကြီးသည်တော့ အံကိုကြိတ်ကာ မနည်း ရှောင်တိမ်းနေရလေသည်။ သူသာ သူ၏ အကောင်းဆုံးအချိန်တွင် ရှိနေပါက ထိုဖားပြုတ်ကြီးနှင့် အချီသုံးရာလောက် တိုက်ခိုက်ချင်ပါက တိုက်နိုင်သော်လည်း ယခုလက်ရှိတွင်တော့ သူသည် မသေရုံတမယ်ဖြစ်ကာ ရှောင်ရှားရန်အတွက်ပင် မနည်းရုန်းကန်နေရသည်။
ဖားပြုတ်ကြီး ကျလာသောအခါ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းကြီး များစွာဖြစ်ပေါ်ပြီး ဖုန်မှုန့်ကြီးများက ကောင်းကင်အထိပင် ထိုးတက်သွားလေသည်။ ဂိုဏ်းချုပ်ကြီးမှာ မနည်း ရှောင်လိုက်ရပြီး လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်ကာ မီတာရာနှင့်ချီသော ဓားအလင်းတန်းကြီး တစ်စင်းအား ပစ်လွှတ်လိုက်သည်။
ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဖုန်များ ရှင်းသွားသောအခါ ဒဏ်ရာကင်းစင်နေသည့် ဖားပြုတ်ကြီး၏ ရုပ်ဆိုးသော အသွင်က ထွက်ပေါ်လာသည်။
ဖားပြုတ်ကြီးက ပူလောင်နေသော အကြည့်တို့ဖြင့် ဂိုဏ်းချုပ်ကြီးအား စိုက်ကြည့်လိုက်ပြီး ပါးစပ်ကြီးကို ဟလိုက်ကာ အစိမ်းရောင်စွမ်းအင်များအား စုစည်းပြီး ဂိုဏ်းချုပ်ထံသို့ အလင်းတန်းအသွင်ဖြင့် ပစ်ထည့်လိုက်သည်။
ဤတစ်ခေါက် စွမ်းအင်အလင်းတန်းများသည် ယခင်အခေါက်များထက် ပိုမို အားကောင်းပြီး မြန်ဆန်လေသည်။
အန္တရာယ် အငွေ့အသက်များအား အာရုံခံလိုက်မိသောအခါ ဂိုဏ်းချုပ်ကြီးက ကူရာကယ်ရာမဲ့ သွားလေသည်။ သူက အံကြိတ်လိုက်ပြီး ချင်ထျန်းတောင်ထွတ် ကိုသာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော မျက်လုံးတို့ဖြင့် စိုက်ကြည့်လိုက်သည်။
“ကယ်တော်မူပါ ဘိုးဘေးရေ…”
--------------
တစ်ချိန်တည်းတွင် ချင်ထျန်းတောင်ထွတ် ၌ ကျုံးရှန် က အရာအားလုံးကို နတ်ဘုရားတစ်ပါးကဲ့သို့ စိုက်ကြည့်နေလေသည်။ အကွာအဝေးသည် ဝေးကွာလွန်းလှသော်လည်းပဲ ကျုံးရှန် သည် အရာအားလုံးကို တီဗွီကြည့်နေသည့်အလား ရှင်းလင်းစွာ မြင်နေရသည်။
ကျုံးရှန် က ထုံးစံအတိုင်း သူ၏ အပြာရောင်ကျောက်ပြားကြီးအပေါ်တွင် လှဲနေလေသည်။
“အင်း… ဒီ ကျုံးချီမင် က နှလုံးရည် ပြည့်ဝသားပဲ…”
ကျုံးရှန် က သဘောကျစွာ တွေးလိုက်သည်။
“သူက သစ္စာရှိတယ်… ဖြောင့်မတ်ပြီး သတ္တိရှိတယ် သူ့မိသားစုကို ကယ်တင်ဖို့အတွက် မသေမျိုးတောင်တန်းထဲအထိ အသက်စွန့်ပြီး ဝင်လာခဲ့တယ် ငါ ငယ်ငယ်တုန်းက ရှိခဲ့တဲ့ သတ္တိမျိုး သူ့ဆီမှာ နည်းနည်းတော့ ရှိသားပဲ…”
ကျုံးရှန် က အတိတ်အား လွမ်းဆွတ်စွာဖြင့် ရေရွတ်လိုက်သည်။
နှစ်ပေါင်း တစ်သိန်းဆိုသည်မှာ အလွန်ကြာညောင်းလှသည့် အချိန်ဖြစ်ကာ ဤအတောအတွင်း ကျုံးရှန် က ပိုမိုပြီးတော့ စိတ်ခံစားချက်များ ကင်းမဲ့လာသည်။ မိသားစုဆိုသည့် အဓိပ္ပါယ်ကိုပင် သူ မသိတော့ချေ။ ဤနှစ်ယောက် သေဆုံးသွားလျှင်တောင် ရွှမ်းလင် မြင့်မြတ်နယ်မြေ က ဆက်လက် တည်ရှိနေဦးမည် ဖြစ်သည်။
ကျုံးချီမင် သေဆုံးသွားလျှင် သူ့ညီ ကျုံးချီထျန်း က ဂိုဏ်းချုပ် ဖြစ်လာလိမ့်မည်။
“ကျုံးချီထျန်း က ရက်စက်ပြီးတော့ နယ်မြေချဲ့ထွင်ရတာကို ကြိုက်တယ် အဟောင်းတွေကို လွှင့်ပစ်ပြီး အသစ်တွေကို ယူတတ်တဲ့ကောင် သူသာဆိုရင် ရွှမ်းလင် မြင့်မြတ်နယ်မြေ ကို ပိုပြီးတောင် ကြီးပွားတိုးတက်အောင် လုပ်နိုင်လောက်တယ်…”
ကျုံးရှန် က ခံစားချက်မဲ့စွာဖြင့် တွေးလိုက်မိသည်။ သူက ခဏတာခန့် တိတ်ဆိတ်သွားလေ၏။ သူက မျက်လုံးပင် မှိတ်လိုက်ပြီး ခဏတာခန့် တွေးတောလိုက်သည်။
“ထားလိုက်ပါတော့လေ… ဒီတစ်ခါတော့ ငါ ကူညီလိုက်ပါ့မယ်…”
သူ သက်ပြင်းချရင်း ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုနှစ်ယောက်သည် သူ၏ မျိုးဆက်များ ဖြစ်ကြသည်။ ကျုံးရှန် လှုပ်ရှားတော့မည့်ဆဲဆဲတွင် စနစ်၏ အသံက သူ၏ ခေါင်းထဲတွင် ထွက်ပေါ်လာသည်။
[ဒင်… စနစ်ရှင်သည် နှစ်ပေါင်း ၁၀၈,၈၈၈ တိုင်အောင် အချိန်မှန် လက်မှတ်ထိုးခဲ့သောကြောင့် စနစ်၏ လုပ်ဆောင်ချက်အသစ်တစ်ခု ဖွင့်သွားပါပြီ]
[လုပ်ဆောင်ချက်အသစ် - နတ်ဘုရားမှတ်တမ်း]
“ဟမ်… နတ်ဘုရားမှတ်တမ်းလား…”
ကျုံးရှန် က မျက်ခုံးပင့်လိုက်မိသည်။ သူ၏ အသံသည် အံ့ဩနေဟန် ရှိလေသည်။
သူ၏ ခန္ဓာကိုယ်သည်ပင် စိတ်လှုပ်ရှားမှုကြောင့် ခဏတာခန့် တုန်ယင်သွားမိသည်။ သူသည် နှစ်ပေါင်း တစ်သိန်းတိုင်အောင် စိတ်ခံစားချက် ကင်းမဲ့သည့် ပုံစံဖြင့်သာ ရှိခဲ့သော်လည်း ယခုအခါတွင်တော့ စိတ်လှုပ်ရှားလာမိပြီ ဖြစ်သည်။ စနစ်သည် ပြောင်းလဲမှု နည်းနည်းလေးမှ မရှိဘဲ ဤအတိုင်းသာ ဖြစ်နေသည်မှာ နှစ်တစ်သိန်း ရှိပြီဖြစ်သည်။ သို့သော် ယခုအခါတွင်တော့ ပြောင်းလဲမှု ရှိလာပြီဖြစ်ကာ ကျုံးရှန် ပင် စိတ်လှုပ်ရှားလာမိသည်။
[အဖြစ်အပျက်မှတ်တမ်းတွင် ပေါ်လာသော ကျပန်းတာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ပြီး ဆုလာဒ်များကို ရယူပါ။]
“ကျစ်…”
ကျုံးရှန် က စနစ်၏ စကားကို နားထောင်ပြီးနောက် မထီမဲ့မြင်ပြုကာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် နှစ်သိန်းနှင့်ချီပြီး စနစ်တွင် လက်မှတ်ထိုး ဝင်လာသည်ဖြစ်ကာ သူ့ထံတွင် ရတနာများက တောင်တစ်လုံးလိုကို စုပုံနေပြီ ဖြစ်လေသည်။ တကူးတကကြီး တာဝန်များကို လုပ်ကာ ဆုလာဒ်များ ယူစရာလည်း မလိုအပ်တော့ပေ။
“အင်း… ဥယျာဥ်ထဲသွားပြီး အသီး သွားခူးတာကမှ ဟုတ်ဦးမယ်…”
အနည်းဆုံးတော့ ထိုအသုံးမဝင်သည့် ရတနာများလို မဟုတ်ဘဲ အသီးစားလျှင် ဗိုက်ပြည့်သေးသည်။ ကျုံးရှန် ထွက်ခွာတော့မည့်ဆဲဆဲတွင် စနစ်၏ အသိပေးချက် အသံက ထပ်မံပြီးတော့ ထွက်ပေါ်လာပြန်သည်။
[ဒင်။ နတ်ဘုရားမှတ်တမ်း အသက်ဝင်လာပါပြီ။ သင်၏ ၁၂၈ ဆက်မြောက် မြေးမလေး ကျုံးထျန်းယွဲ့ ကို ကယ်တင်ပါ။ ဆုလာဒ် - သက်တမ်း ၂၀၀ နှင့် သူတော်စင်တစ်ပိုင်းအဆင့် ထီလက်မှတ် တစ်စောင်။]
[သင်၏ ၁၂၆ ဆက်မြောက် မျိုးဆက်ဖြစ်သူ ကျုံးချီမင် ကို ကယ်တင်ပါ။ ဆုလာဒ် - သက်တမ်း ၅၀၀။]
“ဟမ်… သက်တမ်းလား…”
သက်တမ်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိလိုက်ရသောအခါ ကျုံးရှန် က ထိတ်လန့်မှုကြောင့် မျက်လုံးပင် ပြူးသွားမိသည်။ သူ၏ တန်ခိုးစွမ်းအားသည် အံ့မခန်း ဖြစ်သော်လည်းပဲ သူ၏ သက်တမ်းကတော့ အဆုံးမရှိ မဟုတ်ဘဲ အကန့်အသတ်တစ်ခု ရှိနေကာ ယိုယွင်းနေပြီ ဖြစ်သည်။
ကျုံးရှန် ၏ အစွမ်းများအရဆိုလျှင် လွန်ခဲ့သည့် နှစ်ပေါင်း တစ်သိန်းကတည်းက နိယာမနယ်ပယ်အား ချိုးဖောက်ကာ သူတော်စင်အဆင့်သို့ ရောက်ရှိနေသင့်ပြီ ဖြစ်သည်။ သို့သော် မတော်တဆတစ်ခုကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်က နိယာမနယ်ပယ်တွင်သာ တစ်ဆို့နေလေပြီး မချိုးဖောက်နိုင် ဖြစ်နေသည်။
ဤနှစ်များအတွင်းတွင် ကျုံးရှန် သည် ကောင်းကင်နှင့် မြေကြီးကြားမှ ရတနာများစွာကို ရှာဖွေခဲ့ပြီး ထိုရတနာများ၏ အကူအညီဖြင့် အသက်ဆက်နေခဲ့ရသည်။ သို့သော် ထိုရတနာများကလည်း အကန့်အသတ်တစ်ခု ရှိနေဆဲဖြစ်ကာ ယခုအခါတွင် ကျုံးရှန် သည် ဆေးယဉ်သွားပြီဖြစ်၍ သက်တမ်းရှည်လျားစေသည့် ရတနာများက သူ့အပေါ်တွင် မသက်ရောက်တော့ချေ။
“ဒါတွေအားလုံးက ငါ ငယ်ငယ်တုန်းက အရမ်းမိုက်မဲခဲ့မိလို့ပဲ…”
ကျုံးရှန် နောင်တများ အတောင့်လိုက်ဖြင့် တွေးလိုက်မိသည်။
“နတ်ဘုရားကုန်းမြေတိုက်ကြီးရဲ့ ဗဟိုချက်ထဲကို အတင်းဝင်ရောက်ခဲ့မိလို့… ရက်စက်လွန်းတဲ့ ကျိန်စာမိခဲ့တာ အဲဒီကျိန်စာကြောင့် တိုက်ကြီးတစ်ခုလုံး နှစ်ပေါင်းသန်းချီ ကံဆိုးခဲ့ရပြီး ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်လည်း ရပ်တန့်သွားခဲ့ရတယ်”
“အဲဒါသာ မဟုတ်ရင် ငါက နိယာမနယ်ပယ်ကို ဖောက်ထွက်ပြီးနေလောက်ပြီ… သူတော်စင် ဒါမှမဟုတ် နတ်ဘုရားတောင် ဖြစ်နေလောက်ပြီ… အခုလို အိုပြီးသေရမှာကို ဘာလို့ ပူနေရမှာလဲ”
ကျုံးရှန် ထိုအကြောင်းကို တွေးမိတိုင်း ဒေါသထွက်မိသည်။ သာမန်ကျိန်စာဆိုလျှင် ပြဿနာမရှိပေ။ သို့သော် ဤကျိန်စာက အလွန်ကြောက်စရာ ကောင်းပေသည်။ သူသည် သူတော်စင်တစ်ပိုင်းအဆင့် ဆုလာဒ်များကို အကြိမ်ပေါင်းသိန်းချီ ရရှိခဲ့ဖူးသည်။ သူတော်စင်အဆင့် ဆုလာဒ်များကိုလည်း အကြိမ်ပေါင်းသောင်းနှင့်ချီ ရရှိခဲ့ဖူးသည်။
သို့သော် ဝမ်းနည်းစရာမှာ ကျိန်စာက အလွန်အားကောင်းလွန်းလှသည်။ သူတော်စင်အဆင့် ပစ္စည်းများပင်လျှင် ကျိန်စာကို မတိုက်ထုတ်နိုင်ချေ။
နှစ်ပေါင်း တစ်သိန်းအတွင်း နတ်ဘုရားကုန်းမြေတိုက်ကြီးမှ အဆင့်မြင့်ကျင့်ကြံသူများ ပိုပိုပြီးတော့ လျော့နည်းလာကာ ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ စုပေါင်းခွန်အားသည်လည်း အားနည်းလာသည်။ ကုန်းမြေတိုက်ကြီး၏ ကံတရားများသည် ပြန်လည်ပြီး သူ့အလိုလို ဖြည့်တင်းနေပြီ ဆိုသော်ငြား သူ၏ ကျိန်စာကတော့ ဒုံရင်းက ဒုံရင်းသာဖြစ်ပြီး ဘာမှ ထူးခြားမသွားချေ။
မဟာတာအိုအဆင့် ရတနာများကသာ သူ့ကို ကယ်တင်ပေးနိုင်တော့မည် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ အဆင့်ရှိ ရတနာများက သူ့ထံတွင် မရှိလေချေ။ ထို့အတွက်ကြောင့်ပင်လျှင် ကျုံးရှန် သည် သူ၏ ခွန်အားများကို ချွေတာနေရင်း မသေမျိုးတောင်တန်းတွင် အနားယူနေခြင်း ဖြစ်သည်။
ယခုအခါတွင်တော့ ကောင်းကင်မှ အခွင့်အရေး ရောက်လာပြီဖြစ်ကာ ကျုံးရှန် သာ မဆုပ်ကိုင်လိုက်ပါက အရူးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေကာမူ ဤသည်မှာ ငှက်နှစ်ကောင်ကို ခဲတစ်လုံးနှင့် ပစ်လိုက်ခြင်းပင် ဖြစ်လေသည်။ ထိုကလေးနှစ်ယောက်ကို ကယ်တင်နိုင်လိုက်သလို သူသည်လည်း သက်တမ်း နှစ် ၇၀၀ အား ရရှိမည်ဖြစ်လေ၏။
သူက လက်ညှိုးကို ဆန့်ထုတ်ကာ လေထဲတွင် မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။
“ရွှမ်း…”
ချက်ချင်းပင် ဟင်းလင်းပြင်ကြီး စုတ်ပြဲသွားကာ အာကာသအက်ကွဲကြောင်းထဲမှ ကြမ်းတမ်းသော စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
ကျုံးရှန် သည် အန္တရာယ်ကို ဂရုမစိုက်ဘဲ ကျုံးချီမင် ရှိရာနေရာကို ရှာဖွေလိုက်သည်။ ထို့နောက် သူ၏ ကြီးမားသော လက်ကြီးကို ဟင်းလင်းပြင်ထဲသို့ တည့်မတ်စွာ ထိုးထည့်လိုက်တော့သည်။