← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

ဂိုဏ်းချုပ်ကြီးက ယွဲ့အာကို ရင်ခွင်ထဲတွင် ပိုက်ထားလျက် ဖားပြုပ်ကြီး၏ တိုက်ခိုက်မှု့ကြောင့် သူ့ဘေးပတ်လည်ရှိ အကာအကွယ်ရတနာများမှ စိတ်ဝိညာဉ်အလင်းရောင်များသည် တဖြည်းဖြည်း တုန်ခါလာနေပြီး မှေးမှိန်ပျောက်ကွယ်သွားသည်ကို သူကယ်ရာကူရာမဲ့စွာဖြင့် ကြည့်နေမိသည်။

​သူ၏ မျက်နှာထက်တွင်လည်း ခါးသီးသော အပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။ သူတော်စင်မလေးသည် ဖြည်းညှင်းစွာ သတိရလာပြီး မျက်နှာလေးမှာ သွေးရောင်အနည်းငယ် ပြန်လည်လွှမ်းခြုံလာသော်လည်း ထိုသည်မှာ သေဆုံးခါနီး အသက်စွမ်းအင်များ အားလုံးကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

“ဒီနေ့တော့ အဘိုးနဲ့ မြေးမလေး ဒီနေရာမှာပဲ ဦးချရတော့မယ်ထင်တယ်”

​“ယွဲ့အာ... သမီးလေး ကြောက်လား”

​သူတော်စင်မလေးက ရုတ်တရက် ပြုံးလိုက်ပြီး အားကုန်သုံးကာ ခေါင်းခါပြလိုက်သည်။

“အဘိုးရှိနေသရွေ့ ယွဲ့အာ မကြောက်ပါဘူး”

​ယွဲ့အာ၏ စကားများသည် ဂိုဏ်းချုပ်ကြီး၏ နှလုံးသားကို ဓားနှင့်ထိုးလိုက်သလို အလွန်နာကျင်သွားစေသည်။

​“အဘိုး နောင်တရတာတစ်ခုက သမီးလေးအတွက် လက်စားချေပေးဖို့ အဲဒီမိစ္ဆာမကို ကိုယ်တိုင်မသတ်နိုင်ခဲ့တာပဲ ယွဲ့အာရယ်”

​“ထားလိုက်ပါတော့လေ... သေရမယ်ဆိုရင်တောင် အနည်းဆုံးအဘိုးက ဒီဖားပြုပ်ကြီးကိုတော့ ဆွဲခေါ်သွားရမယ်”

​“တိရစ္ဆာန်ကောင်... မင်း နိယာမနယ်ပယ်က ပညာရှင်တစ်ယောက် ကိုယ့်ကိုယ်ကို ဖောက်ခွဲတာ မြင်ဖူးလား”

ဂိုဏ်းချုပ်ကြီး၏ မျက်နှာကြီးက နီရဲလာပြီး ဖားပြုပ်ကြီးအား စူးစိုက်ကြည့်လိုက်သည်။ ​သူ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ကျင့်ကြံခြင်းနိယာမများ အားလုံးသည် သူ၏ ရွှေဓမ္မတာအိုအမြုတေဆီသို့ စုစည်းလာကြသည်။

​ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး မိုင်ပေါင်းသောင်းချီသည့်တိုင်အောင် လွှမ်းခြုံသွားတော့၏။

ခန္ဓာကိုယ်ပေါ်တွင် အလင်းစက်များဖြင့် ပြည့်နှက်နေသည့် ဖားပြုပ်ကြီးကလည်း ဂိုဏ်းချုပ်ကြီး၏ မိမိကိုယ်ကိုယ်ဖောက်ခွဲပြစ်ရန် ဆုံးဖြတ်ချက်ကြောင့် တုန်လှုပ်သွားရသည်။

ပတ်ဝန်းကျင်က အလုံးစုံတိတ်ဆိတ်သွားလေပြီး အချိန်များရပ်တန့်သွားမလိုဖြစ်သွားသည်။

​ထိုအခိုက် ရုတ်တရက် ​ပတ်ဝန်းကျင်တစ်ခုလုံး အနက်တွင်းနက်ထဲသို့ ရောက်သွားသလို မှောင်မိုက်သွားသည်။ လေထုသည်လည်း အလွန်အမင်းလေးလံလာကာ ရှိနေသည့်သူများအားလုံး ပေါင်သန်းချီကျောက်တုံးကြီးဖြင့် အဖိခံထားရသလို ခံစားလိုက်ကြရသည်။

ဂိုဏ်းချုပ်ကြီး၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်တော့မည့် အလွန်အားကောင်းသည့် စွမ်းအင်များပင် ဖိနှိပ်ချုပ်တည်းခံလိုက်ရကာ ဂိုဏ်းချုပ်ကြီးအား တုန်လှုပ်သွားစေသည်။

​ထိုအခိုက် မဟာမိုးကောင်းကင်၏ အထက်မှ ဧရာမလက်ကြီးတစ်ဖက်သည် ဟင်းလင်းပြင်ကို စုတ်ဖြဲကာ ထွက်ပေါ်လာသည်။ ထိုဧရာမလက်ကြီးသည် စွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်းသာဖြစ်သော်လည်း အစစ်အမှန်လက်တစ်ခုကဲ့သို့ ထင်ရှားလျက် ဖားပြုပ်ကြီး၏ အလင်းတန်းအား ဆုပ်ကိုင်လိုက်သည်။

ဖားပြုပ်ကြီးက အလွန်အားကောင်းသလို ဉာဏ်ရည်နိမ့်ကျခြင်းလည်းမရှိပဲ ဆန့်ကျင်ဘက်အနေဖြင့် အတော်လေးဉာဏ်ကောင်းလေသည်။

ထို့အတွက်ကြောင့် ဟင်းလင်းပြင်အား ဆုတ်ဖြဲ၍ ထွက်လာသည့် ဧရာမလက်ကြီးသည် အနည်းဆုံးကိုယ်ပိုင်နယ်မြေကိုပိုင်ဆိုင်ထားသည့် သူတော်စင်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်ဖြစ်ကြောင်းသိလေ၏။

သူတော်စင်တစ်ပိုင်းအဆင့်ဆိုသည်မှာ မည်သည်နည်း။

သူတော်စင်တစ်ပိုင်းအဆင့်ဆိုသည်မှာ နိယာမနယ်ပယ်၏ အဆင့် ၂၇ ဆင့်​မြောက်တွင်တည်ရှိသော ပုဂ္ဂိုလ်ကြီးများဖြစ်ကာ အလွန်အမင်းအစွမ်းထက်လှပြီး သူ့အားအလွယ်တကူသတ်ဖြတ်နိုင်ကြောင်းကို ဖားပြုပ်ကြီးသိလေသည်။

​“အွတ်”

​ဖားပြုပ်ကြီးက အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်မှ အလင်းများတောက်ပလာပြီး ခုန်ပေါက်လိုက်ကာ ထွ​က်ပြေးရန်ကြိုးစားလိုက်တော့၏။

သူတော်စင်တစ်ပိုင်းအဆင့်တွင်ရှိနေသည့် ပုဂ္ဂိုလ်ကြီးများ၏ အရှေ့တွင် သူကသာမန်ဖားပြုပ်လေးတစ်ကောင်ထက် မပိုကြောင်း ကောင်းကောင်းနားလည်ထားသည်။

ကျုံးရှန်ကတော့ ဖားပြုပ်ကို ဂရုစိုက်ရန်ပင် ပျင်းရိနေလေသည်။ ​ဧရာမလက်ကြီးက အလင်းတန်းကို စာရွက်တစ်ရွက်လို လုံးခြေလိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ပေါ့ပါးစွာပင် လွှင့်ပစ်လိုက်သည်။

​ထို့နောက် လက်ကြီးကို ပြန်ရုပ်သိမ်းလိုက်၏။

​ဟင်းလင်းပြင်ကြီး ပြန်ပိတ်သွားပြီး နယ်မြေအရှိန်အဝါလည်း ပျောက်ကွယ်သွားသည်။ ​ဂိုဏ်းချုပ်ကြီးနှင့် သူတော်စင်မလေးတို့မှာ ဘာလုပ်ရမှန်းမသိဖြစ်ကာ ဇဝေဇဝါ ဖြစ်နေကြဆဲပင်။

​ထိုစဉ် သူတို့ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ကြီး ထပ်မံပွင့်အာသွားပြန်သည်။

​ဆွဲငင်အားတစ်ခုက သူတို့နှစ်ဦးကို လွှမ်းခြုံလိုက်ပြီး ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ဆွဲခေါ်သွားလေသည်။

ထိုအခါတွင် ​မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်ကွင်းက ရုတ်ခြည်း ပြောင်းလဲသွားသည်။ သူတို့သည် နတ်ဘုရားတောင်တန်းတစ်ခုဆီသို့ ရောက်ရှိသွားကြသည်။

​“ဒါက... ဒါက ဟင်းလင်းပြင်ဖြတ်သန်းခြင်းပဲ”

​နိယာမနယ်ပယ် အဆင့် ၂၄ ဖြစ်သော ဟင်းလင်းပြင်ပျက်သုဉ်းခြင်းနယ်ပယ်သို့ ရောက်ရှိပါက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်သည်။

​သို့သော် ယခုကဲ့သို့ အခြားသူများနှင့် အရာဝတ္ထုများကို ဟင်းလင်းပြင်မှတစ်ဆင့် တိုက်ရိုက်ဆင့်ခေါ်နိုင်ရန်အတွက်မူ အနည်းဆုံး နိယာမနယ်ပယ် အဆင့် ၂၇ ဖြစ်သော ဟင်းလင်းပြင်ခရီးသွားနယ်ပယ်သို့ ရောက်ရှိနေမှသာ ပြုလုပ်နိုင်မည်ဖြစ်သည်။

​ဤနေရာတွင် စိတ်ဝိညာဉ်စွမ်းအင်များက အလွန်သိပ်သည်းထူထပ်ကာ အရည်အသွေးကလည်း အံ့မခန်းသန့်စင်လေသည်။

ဤနေရာတွင် ခဏတာ ရပ်နေလိုက်ရုံဖြင့် ကျုံးချီမင်သည် သူ၏ ကုန်ခမ်းနေသော စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ဖြည့်တင်းလာသည်ကို ခံစားလိုက်ရသည်။

​ဒီနှုန်းအတိုင်းဆိုလျှင် နာရီဝက်မကြာခင်မှာပင် သူ အပြည့်အဝ ပြန်လည်ကောင်းမွန်လာလိမ့်မည်ဖြစ်သည်။

​“ငါ..... နတ်ဘုရားတွေနေတဲ့နေရာကို ရောက်သွားတာလား”

ကျုံးချီမင်က တအံ့တဩဖြင့် ရေရွတ်လိုက်မိသည်။

ပတ်ဝန်းကျင်ရှိ အလွန်သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအင်များကြောင့် သူတော်စင်မလေး၏ ဒဏ်ရာများကလည်း သက်သာလာပြီး သူမက ဖြည်းညှင်းစွာဖြင့် သတိပြန်လည်လာသည်။

​“အဘိုး.. သမီးတို့ သေသွားကြပြီလားဟင် သိပ်မနာတော့သလိုပဲ”

​ကျုံးချီမင် ပြန်ဖြေရန် အချိန်ပင်မရလိုက်ချေ။

​နေမင်းကဲ့သို့ တောက်ပကာ ချောမောသော လူငယ်လေးတစ်ယောက်သည် သူတို့ရှေ့တွင် ဘွားကနဲ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ့ထံမှ မည်သည့်အရှိန်အဝါမှ ထွက်ပေါ်မနေဘဲ သဘာဝကျကျပင် မျက်လှည့်ပြလိုက်သကဲ့သို့ ပေါ်လာခြင်းဖြစ်သည်။

“သေမှာလား... ငါကြီးမြတ်တဲ့အရှင်ရဲ့ ခွင့်ပြုချက်ကိုမရပဲ ဘယ်သူမှ မသေနိုင်ဘူး...”

ကျုံးရှန်က အပြုံး​လေးဖြင့်ပြောလိုက်သည်။

သူတော်စင်မယ်လေးသည် သူမရှေ့ရှိ လူငယ်လေးကို ကြည့်လိုက်ရာ နွေးထွေးသော ခံစားမှုတစ်ခု ရင်ထဲ၌ ဖြစ်ပေါ်လာသည်။

​“ကျေးဇူးတင်ပါတယ်”

​“အစ်ကိုကြီးက သမီးတို့ကို ကယ်လိုက်တာလားဟင်”

​ကျုံးထျန်ယွဲ့သည် ကျုံးရှန်၏ နုပျိုသောရုပ်ရည်ကို မြင်လိုက်ရသဖြင့် အစ်ကိုကြီးတစ်ယောက်ဟု အထင်မှားသွားခြင်းဖြစ်သည်။

​သူမကို ပွေ့ဖက်ထားသော ကျုံးချီမင်သည်တော့ ပြင်းထန်စွာ တုန်ယင်သွားပြီး မတ်တတ်ပင် မရပ်နိုင်တော့ချေ။

​အဘယ်ကြောင့်ဆိုသော် သူ့ရှေ့မှ အရှိန်အဝါကို အာရုံခံမရနိုင်သော လူငယ်လေးသည် ဂိုဏ်းရှိ ဘိုးဘေးခန်းမဆောင်ထဲမှ ဘိုးဘေး၏ ပုံတူပန်းချီကားနှင့် တစ်ပုံစံတည်း တူညီနေသောကြောင့်ပင်။

​“ဘိုးဘေး... ဘိုးဘေး ဟုတ်ပါသလား...”

​သူ အလွန်အမင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

​သူသည် ချက်ချင်းပင် သူတော်စင်မလေးကို မြေပြင်ပေါ်သို့ ညင်သာစွာ ချပေးလိုက်သည်။

​ထို့နောက် ရိုသေစွာ ဒူးထောက်လိုက်ပြီး တုန်ယင်နေသော ခန္ဓာကိုယ်ဖြင့် ခေါင်းမော့ကာ လူငယ်လေးကို စိုက်ကြည့်နေမိသည်။

​ကျုံးရှန် ပြုံးလိုက်သည်။

​“ချီမင်... နှစ်တွေအများကြီး ကြာသွားပြီပဲ... ငါမရှိတာအချိန်ကြာလာတော့ အခု ငါချမှတ်ထားခဲ့တဲ့ ဘိုးဘေးစည်းကမ်းတွေကိုတောင် လစ်လျူရှုရဲနေပြီပေါ့လေ”

​သူ၏ အသံသည် မကျယ်လောင်သော်လည်း ကျုံးချီမင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီး သူ့ကို ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေသည်။

​“ဘုန်းးး ဘုန်းးးး ဘုန်းးးး”

​သူ ချက်ချင်းပင် ဦးခေါင်းဖြင့် ကြမ်းပြင်ကို ဆောင့်ကာ ဂါရဝပြုလိုက်သည်။

“ဘိုးဘေးရဲ့ မိုက်မဲတဲ့မြေး ချီမင်က ဘိုးဘေးအပြ​စ်ပေးတာကို ခံယူဖို့အသင့်ပါပဲ”

“ဒါပေမဲ့ ဘိုးဘေးအနေနဲ့ မြေးမလေးကိုတော့ ကယ်ပေးပါလို့ တောင်းပန်ချင်ပါတယ်”

“သူမက ဆန်းကြယ်ကောင်းကင်အရိုးနဲ့ မွေးဖွားလာခဲ့ပြီး ပါရမီရော အကျင့်စာရိတ္တပါ ပြည့်စုံသူပါ”

“သူမက ကျွန်တော်တို့ ဒီမျိုးဆက် ကျုံးမိသားစုရဲ့ဂုဏ်ယူစရာ ပါရမီရှင်တစ်ယောက်လည်းဖြစ်ပါတယ် ဒါပေမဲ့ ဒီကျွန်တော်က အသုံးမကျလို့ သူမရဲ့အရိုးတွေ ဆွဲထုတ်ခံခဲ့ရပြီး တာအိုအုတ်မြစ်ကလည်း ဆွဲနှုတ်ခံခဲ့ရတာ” ကျုံးချီမင်၏ အသံက မိမိကိုယ်ကိုယ်အပြစ်တင်မှုနျားကြောင့် တုန်ယင်နေသည်။

“ကျေးဇူးပြု၍ ဘိုးဘေးရဲ့ အထွတ်အထိပ်စွမ်းအားတွေကို သုံးပြီး ယွဲ့အာရဲ့ ဒဏ်ရာကို ကုသပေးဖို့ မေတ္တာရပ်ခံပါတယ် ဘိုးဘေး”

​ပြောပြီးသည်နှင့် ချီမင်သည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ မျက်ရည်များ ပြည့်လျှံနေသော သူ၏ မျက်ဝန်းများဖြင့် ကျူံးရှန်အား စိုက်ကြည့်လိုက်၏။

​ကျုံးချီမင် ဤမျှလောက် ဖြစ်နေရသည်မှာ အံ့ဩစရာမဟုတ်ပေ။ ​ကျုံးထျန်ယွဲ့သည် သူ၏ သားကြီး ချန်ရစ်ခဲ့သော တစ်ဦးတည်းသော သွေးသားရင်းဖြစ်သည်။

​သူနှင့် ထိုသားကြီးတို့ကြားတွင် သံယောဇဉ် အလွန်ကြီးမားခဲ့သည်။ သားကြီးသည်လည်း မြေးမလေးကဲ့သို့ပင် ပါရမီထူးချွန်ပြီး အသက်ငယ်ငယ်ဖြင့် နိယာမနယ်ပယ် အဆင့် ၂၂ အထိ ရောက်ရှိခဲ့သော ပညာရှင်တစ်ဦးဖြစ်သည်။

​နောက်ပိုင်းတွင် ဂိုဏ်းနှင့် ဟွမ်ရှားလူမျိုးစုတို့ ဂိုဘီသဲကန္တာရတွင် စစ်ဖြစ်ပွားခဲ့ကြကာ တစ်ခါတွင် သူတို့နှစ်ဦး ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး သားကြီးသည် သူ့အစား သေစေနိုင်သော တိုက်ခိုက်မှုကို ဝင်ရောက်ကာကွယ်ပေးခဲ့ခြင်းဖြစ်သည်။

​ထိုအချိန်မှစ၍ အပြစ်ရှိကြောင့်လော မသိ ကျုံးထျန်ယွဲ့သည် သူ၏ သည်းသည်းလှုပ် ချစ်ရသူလေး ဖြစ်လာခဲ့သည်။

အမှန်တကယ်တော့ ကျုံးထျန်ယွဲ့ကို မြင်လိုက်ရချိန်မှာပင် ကျုံးရှန်သည် အချိန်ကိုပြန်လှည့်နိုင်သော သူ၏အထွတ်အထိပ် စွမ်းအားကို အသုံးပြု၍ ကြီးမြတ်သော တာအိုမြစ်ရေထဲတွင် အတိတ်က အဖြစ်အပျက်များကို ပြန်လည်ကြည့်ရှုခဲ့ပြီးဖြစ်သည်။

ထိုစဥ်က မြင်ကွင်းအမျိုးမျိုးသည် သူကိုယ်တိုင် ရောက်ရှိနေသကဲ့သို့ ကွက်ကွက်ကွင်းကွင်း ပေါ်နေသည်။ သို့သော် သူမည်မျှပင် တွက်ချက်ပြီး ပြန်ကြည့်နေပါစေ တိုက်ခိုက်ခဲ့သော မိန်းကလေးနှင့် သူမ၏ အစောင့်ဖြစ်သူတို့၏ မျက်နှာများသည် ဝေဝါးနေဆဲဖြစ်သည်။

​“ကောင်းကင်တာအိုလမ်းကြောင်းကို ဖုံးကွယ်ထားနိုင်တယ်ဆိုတော့ ဒီမိန်းကလေးက ကံတရားရဲ့ ရွေးချယ်ခံရသူဖြစ်ပြီး ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အမွေအနှစ်ကို ရထားတာဖြစ်ရမယ်”

​ကျုံးရှန် ခေါင်းခါလိုက်ပြီး အထင်တသေးဖြင့်ပြုံးလိုက်သည်။ ကံတရား၏ရွေးချယ်ခြင်းကို ခံထားရတော့ကော ဘာဖြစ်သနည်း။

ထိုကဲ့သို့မိန်းကလေးကို သူကြီးမြတ်သောကျုံးရှန်သာ စိတ်အလိုရှိလျှင် ဝိညာဉ်ကိုဆွဲနှုတ်ပြီး ငရဲတွင်ထာဝရထက် တစ်ရ​က်ပိုအောင် ပိတ်လှောင်ထားပြစ်နိုင်သည်။

ကျုံးချီမင်သည် ဆက်လက်၍ ဦးခေါင်းနှင့် ကြမ်းပြင်တိုက်ကာ တောင်းပန်နေဆဲဖြစ်ပြီး မြေကြီးတွင် ဖုန်များပင် ထနေပြီဖြစ်သည်။

​“တော်သင့်ပြီ”

​သူ လေတစ်ချက် မှုတ်ထုတ်လိုက်ရာ မမြင်နိုင်သော စွမ်းအင်တစ်ခုက ကျုံးချီမင်ကို ဆွဲမလိုက်သည်။

ထို့နောက် ကျုံးရှန်သည် ကျုံးထျန်ယွဲ့၏ ဒဏ်ရာကို ကုသရန်အတွက် ရှားပါးအဖိုးတန် ဆေးဖက်ဝင်အပင်တစ်မျိုးကို ရှာဖွေရန် ပြင်ဆင်လိုက်သည်။

​သူမ၏ တာအိုအခြေခံအုတ်မြစ် အမြစ်ပါမကျန် ဆွဲထုတ်ခံထားရခြင်း ဖြစ်ကာ အခြားသူများအဖို့ ဤဒဏ်ရာသည် ကုသ၍မရနိုင်သော ဒဏ်ရာဟု ထင်ရပေလိမ့်မည်။

​သို့သော် ကျုံးရှန်အတွက်မူ မျက်စိမှိတ်ထားရင်တောင် ကုသပေးနိုင်သည်။

“အင်း... အဇူရာမသေမျိုးတိမ်မက်မွန်သီးတစ်လုံးလောက် ပေးလိုက်မယ်”

​အဇူရာမသေမျိုးတိမ်မက်မွန်သီးသည် အဇူရာမသေမျိုးတိမ်မက်မွန်ပင်မှ အသီးဖြစ်ပြီး အသက်စွမ်းအင်များ ပေါ်ကြွယ်ဝကာ ဤအဆင့်လောက်ရှိသည့် ဒဏ်ရာကို ကုသရန် မခက်ခဲချေ။ ဆွဲနှုတ်ခံထားခဲ့ရသည့် နံရိုးကို ချက်ချင်း ပြန်လည်ဖြစ်တည်လာစေနိုင်သည်။

​သို့သော် အသစ်ပြန်ပေါက်လာမည့် အရိုးသည်တော့ ဆန်းကြယ်ကောင်းကင်အရိုးမဟုတ်လေပဲ သာမန်အရိုးသာ ဖြစ်တော့မည်။

​“အဇူရာမသေမျိုးတိမ်မက်မွန်သီးကိုသာ စားခိုင်းလိုက် သူမရဲ့ ဒဏ်ရာ ပျောက်ကင်းသွားလိမ့်မယ်”

​“ဒါပေမဲ့ ဒီနေ့ကစပြီး သူမက သာမန်လူတစ်ယောက်ပဲ ဖြစ်သွားတော့မယ်”

​ကျုံးရှန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

​“ခင်ဗျာ... အဇူရာမသေမျိုးတိမ်မက်မွန်သီး ဟုတ်လား”

ကျုံးချီမင် ထိုအသီး၏ နာမည်ကျော်ကြားမှုကို ကြားဖူးထားပြီးဖြစ်သည်။ နန်ယန်စီရင်စုတစ်ခုလုံးတွင် အဇူရာမသေမျိုးတိမ်မက်မွန်ပင်ဟူ၍ တစ်ပင်မှ မရှိချေ။

​တစ်ခါသီးလျှင် အသီးအနည်းငယ်သာ သီးလေ့ရှိသည်ဟု ဆိုကြသည်။ ​အပြင်လောကသို့ ရောက်လာသော အသီးတစ်လုံးစီတိုင်းကို လူတိုင်းက အသည်းအသန် လုယူကြရကာ သွေးချောင်းများစီးသွားနိုင်သည်။

​ယွဲ့အာကို ကယ်တင်ရန်အတွက် ဘိုးဘေးက ဤမျှ အဖိုးတန်သော ရတနာကို ထုတ်သုံးလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့မိပေ။

​“ဘိုးဘေး... ယွဲ့အာကို ကယ်ဖို့ ဒီလိုရတနာမျိုးကို သုံးပေးတဲ့အတွက် အတိုင်းမသိ ကျေးဇူးတင်ရှိပါတယ်”

​“ယွဲ့အာ... ဘိုးဘေးကို ကျေးဇူးတင်စကား ပြောလိုက်ဦးလေ”

​သူ ထပ်မံ၍ ဒူးထောက်လိုက်ပြန်သည်။

​“ကျေးဇူးတင်ပါတယ် ဘိုးဘေး... “

​ယွဲ့အာကလည်း ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

​ကျုံးရှန်က မထူးဆန်းသလို ပခုံးတွန့်ပြလိုက်သည်။

​“အဲဒါတွေက တောင်နောက်ကြောက စိတ်ဝိညာဉ်ဥယာဉ်ထဲမှာ အများကြီးပဲ မျောက်စာကျွေးဖို့သာ မဟုတ်ရင် ငါ စိုက်တောင် မစိုက်ထားဘူး”

All Chapters