အခန်း (၅)
Vol. 1 Ch. 5
"ငါ စိတ်ဝိညာဉ်ဥယာဉ်ကို ရှင်းပြီးတော့ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်လေးတွေ စိုက်ဦးမယ်"
ကျုံးရှန် တည်ငြိမ်စွာ တွေးလိုက်သည်။ သူ့ပုံစံက သာသာယာယာဘဲဖြစ်ကာ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
ရုတ်တရက် မမြင်နိုင်သော စွမ်းအင်နှစ်ခုက ကျုံးချီမင်နှင့် ယွဲ့အာတို့ကို လွှမ်းခြုံသွားသည်။ ထိုစွမ်းအင်သည် သူတို့ နှစ်ယောက်ကို မထိခိုက်စေလိုသောကြောင့် နူးညံ့နေသော်လည်း အကြွင်းမဲ့စွမ်းအင်တို့ပါဝင်နေသည်။
ထို့နောက် ကျုံးရှန် ခြေတစ်လှမ်း လှမ်းလိုက်သောအခါ ကမ္ဘာကြီးက မှော်ဆန်စွာပင် ချက်ချင်းဘဲ ပြောင်းလဲသွားလေ၏။
"ရွှစ်"
တောင်တန်းများနှင့် မြစ်ချောင်းများသည် လျှပ်စီးလို တရိပ်ရိပ် ဖြတ်ပြေးသွားကြ၏။ သူတို့သည် အလင်းထက်ပင် မြန်ဆန်နေသယောင်ရှိကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပေပေါင်းသောင်းချီ ခရီးရောက်သွားကြပြီဖြစ်သည်။
ခြေလှမ်းတစ်လှမ်းတည်းနှင့် ကျုံးရှန်သည် တောင်နောက်ကြောရှိ စိတ်ဝိညာဉ်ဥယာဉ်သို့ ရောက်ရှိသွားသည်။
ဤသည်မှာ အထွတ်အထိပ် နတ်ဘုရားသခင်၏ အံ့မခန်းစွမ်းအားများပင်ဖြစ်လေ၏။
ကမ္ဘာကြီးက ကြီးမြတ်သောသခင်ကျုံးရှန်၏ လက်ခုပ်ထဲတွင် သေးငယ်လွန်းလှသည်။ ကျုံးချီမင် မျက်လုံးပြူးကာ ဥယာဉ်ကို ကြည့်နေမိသည်။ သူ လုံးဝ တုန်လှုပ်နေသည်။
သူသည် သာမန်ကျင့်ကြံသူမဟုတ်ပဲ ကြီးကျယ်မြင့်မြတ်သော ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည်။ လောကတစ်ခွင်ရှိ ကြီးကျယ်ခမ်းနားသည်များကို သူမြင်ဖူးပြီး အတွေ့အကြုံများစွာရှိသည့် မြေခွေးအိုကြီးတစ်ကောင်ဖြစ်သည်။
သို့သော် ယခုအခါတွင်တော့ သူသည် အလွန်အမင်းအံ့ဩနေမှုကြောင့် ရုပ်ထုတစ်ရုပ်လိုကို အေးခဲနေမိသည်။ ဤနေရာရှိ စိတ်ဝိညာဉ်စွမ်းအင်သည် အလွန်အမင်းကို သိပ်သည်းလွန်းလှသည်။
စိတ်ဝိညာဉ်စွမ်းအင်စီးကြောင်းများသည် လေထဲတွင် ဝဲပျံနေကြပြီး သူ့ကို မမြင်ရသော လက်နုနုလေးများဖြင့် ထိတွေ့နေသလိုပင်။ ထိုစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ တစ်ဟုန်ထိုးတိုးဝင်လာကြသည်။
ဤနေရာ၏ လေထုထဲရှိ စိတ်ဝိညာဉ်စွမ်းအင်တို့သည် အလွန်အမင်းကိုသိပ်သည်းနေကာ ချင်းထျန်တောင်ထိပ်ရှိ စိတ်ဝိညာဉ်စွမ်းအင်းများထက်ပင် အဆပေါင်းများစွာ ပိုမို၍ သိပ်သည်းနေသေးသည်။
ဤနေရာမှာ နိဗ္ဗာန်ကြီးတစ်ခုပင်ဖြစ်လေတော့၏။ ကျုံးချီမင်က ဘိုးဘေးကြီးကျုံးရှန်အား အလွန်လေးစားကြည်ညိုနေသည့် အကြည့်တို့ဖြင့်စိုက်ကြည့်လိုက်သည်။
တစ်ချိန်တစ်ခါက လောကကြီးကိုအုပ်စိုးခဲ့သူ သခင်ကြီးပီသစွာပင် အံ့မခန်းတန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်သည်။
ဥယာဥ်တစ်ခုလုံးသည် နိဗ္ဗာန်တစ်ခုနှင့် မခြားနားဖြစ်သကဲ့သို့ မြင့်မြတ်အလင်းများဖြင့် တောက်ပနေကာ ရတနာများဖြင့် ပြည့်နှက်နေလေ၏။
ဥယာဥ်၏ အပြင်ဘက်ဆုံးမှ ကြုံရာကျပန်းပေါက်ရောက်နေသည့် အင်မော်တယ်သစ်ပင်များကပင်လျှင် အပြင်လောကတွင် အလွန်အမင်းအဖိုးတန်လှသည့် ရတနာများဖြစ်သည်။
အပြင်လောကတွင် သစ်ပင်တစ်ပင်မပြောနှင့် သစ်ကိုင်းတစ်ကိုင်းကို တွေ့လျှင်ပင် ကမ္ဘာတစ်ဝှမ်းရှိတာအိုဂိုဏ်းများက စစ်ခင်းပြီးတော့ကို မရမကယူကြပေလိမ့်မည်။
သစ်ကိုင်းတစ်ခုအတွက်ပင် သွေးချောင်းများစီးသွားနိုင်သည်အထိ ဤသစ်ပင်များက အဖိုးတန်လေသည်။ ဥယာဥ်၏ အတွင်းပိုင်းရှိ အင်မော်တယ်သစ်ပင်များကိုတော့ ကျုံးချီမင်ပင် နာမည်မခေါ်တတ်ချေ။
ထိုအပင်များက အလွန်အမင်းကိုရှေးကျလွန်းပြီး အပြင်လောကတွင်ပင် မရှိလောက်တော့ချေ။ စိတ်ဝိညာဉ်ဥယာဥ်ကြီးတစ်ခုလုံးတွင် အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေလေပြီး အသက်တစ်ရှိုက်ရှုလိုက်တိုင်း သူ၏ဒါဏ်ရာများက ဖြည်းညှင်းစွာဖြင့် ကောင်းမွန်လာနေကြောင်း ကျုံးချီမင်ခံစားနေရသည်။
သူက လောဘတကြီးဖြင့် လေကိုရှုရှိုက်လိုက်ကာ ရပ်တန့်နေသည်မှာ ကြာပြီဖြစ်သည့် ကျင့်ကြံခြင်းအဆင့်ပင်လျှင် မဆိုစလောက်လေး တိုးတတ်လာသလို ခံစားလိုက်ရ၏။
"လောကရဲ့ နံပါတ်တစ် တာအိုနယ်မြေတောင်မှ ဘိုးဘေးရဲ့ စိတ်ဝိညာဉ်ဥယာဉ်ကို ယှဉ်နိုင်မယ်မထင်ဘူး"
သူ တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။ ဤနိဗ္ဗာန်ကဲ့သို့သောနေရာတွင် အရာအားလုံးကိုမေ့ထားပြီး ချက်ချင်းလက်ငင်း ကျင့်ကြံချင်သွားသည်။
ကျုံးချီမင်တစ်ယောက် အလွန်အမင်းအံ့ဩကာ တုန်လှုပ်နေမိသည်။ သစ်ပင်များနှင့် အသီးများကို မစားရသေးသော်လည်းပဲ ထွက်လာနေသည့် အသက်စွမ်းအင်ကို စုပ်ယူနေရင်းနှင့်ပင် သူ၏ဒါဏ်ရာများက ဖြည်းညှင်းစွာဖြင့် ပြန်ကောင်းလာနေပြီး ခမ်းခြောက်နေသည့် စိတ်ဝိညာဉ်စွမ်းအင်များကလည်း ဖြည်းညှင်းစွာဖြင့် ပြန်ပြည့်လာနေသည်။
သူသည် ရက်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရသဖြင့် သူ၏အဇူရာနဂါးတာအိုဝတ်ရုံကြီးမှာ စုတ်ပြဲပြီး သွေးများပေကျံနေကာ အလွန်သနားစရာကောင်းသော အခြေအနေတွင် ရှိနေသည်။
ကံကောင်းထောက်မစွာပင် သူ၏ ကျင့်ကြံမှုအဆင့်မှာ မနိမ့်ကျသောကြောင့် ဒဏ်ရာများက အလွန်အမင်းမပြင်းထန်ခဲ့ချေ။
သူ့အထင်ကိုပြောရလျှင် ဤနေရာတွင် နေ့တစ်ဝက်လောက် နေလိုက်ရုံဖြင့်ကို သူ၏ဒါဏ်ရာများအားလုံး အရှင်းပျောက်သွားမည်ဟူပြီး ခန့်မှန်းမိသည်။
ကျုံးရှန် လှည့်ကြည့်လိုက်သောအခါ ကျုံးချီမင်တစ်ယောက် အသက်ရှူရန်ပင် မေ့လျော့နေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် ရယ်ချင်သွားသည်။
"ဖြောက်…"
လက်ဖြောက်တစ်ချက်နှင့်အတူ ကျုံးချီမင်၏အရှေ့တွင် အစိမ်းရင့်ရောင်ရှိပြီး ပြင်းထန်သော ရနံ့များသင်းပျံ့နေသည့် ဆေးလုံးတစ်လုံး ပေါ်လာလေသည်။
ဆေး၏ရနံ့ကိုတစ်ရှိုက်လောက် ရှူလိုက်သည်နှင့်ပင် ကျုံးချီမင်သည် လန်းဆန်းတတ်ကြွလာပြီး အစောက ဖားပြုပ်ကြီးဖြင့်ပင် အချီ ၃၀၀ လောက်တိုက်ခိုက်နိုင်တော့မည့်အလား ခံစားလိုက်ရသည်။
ကျုံးချီမင်သည် အသက်ခြောက်ထောင်သက်တမ်းရှိသည့် မြေခွေးအိုကြီးဖြစ်သော်လည်းပဲ ဆေးလုံးအကြောင်းကို အတွင်းကျကျသိဖို့နေနေသာသာ နာမည်ကိုပင်မသိချေ။
"မင်းပုံစံကို ကြည့်ရတာ ဒီမှာပဲ ငတုံးတစ်ယောက်လို နေ့ဝက်လောက် ဆက်နေဖို့ ကြံနေတာမလား… ဒီယန်ယွမ်သက်စောင့်ဆေးလုံးကိုသာ စားလိုက်"
လူကြီးတစ်ယောက်က ကလေးငယ်ကို မုန့်စားခိုင်းနေသည့်နှယ် ကျုံးရှန်းက မျက်လုံးလှိမ့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ကျုံးချီမင်ကတော့ ဆေးလုံးလေးအား ကြောင်အကာ ငေးကြည့်နေမိသည်။ ယနေ့တွင် သူပါးစပ်အဟောင်းသားဖြင့် အံ့ဩနေရသည်မှာ များပြားလွန်းနေပြီဖြစ်သာကြောင့် ပါးစပ်ပင် ညောင်းလာနေမိပြီဖြစ်သည်။
"ဘိုး..ဘိုးဘေး… ဒီဆေးလုံးက အရမ်းကိုတန်ဖိုးကြီးလွန်းတယ် ကျွန်တော် အခြေအနေနဲ့ သောက်လိုက်ရင် ဖြုန်းတီးနေသလိုဖြစ်မာပေါ့ဗျ ဒီဥယာဥ်မှာ အသက်စွမ်းအင်တွေ များပါတယ် ကျွန်တော်ချီမင် နေ့တစ်ဝက်လောက်ကျင့်ကြံရင်ကို ပြန်ကောင်းသွားမာပါ"
အဘိုးကြီးအသွင်ဖြင့် ဂိုဏ်းချုပ်ကြီးက လူငယ်လေးအသွင်ဖြင့် ကျုံးရှန်အား အလွန်ရိုသေပြီး နိမ့်ချဟန်ဖြင့် ပြောလိုက်သည်။
ကျုံးချီမင်သည် အထွတ်အမြတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ကာ ဤဆေးလုံး၏ ဇစ်မြစ်ကို သူမသိဘူးဆိုသော်ငြား အလွန်အမင်းကိုတန်ဖိုးကြီးကြောင်း ခန့်မှန်းနိုင်သည်။
ဤ ယန်ယွမ် သက်စောင့်ဆေးလုံး အကြောင်းကိုပြောမည်ဆိုလျှင် ရှေးဟောင်းဧကရာဇ်တစ်ပါးဖြစ်သည့် ယန်ယွမ် ဧကရာဇ် အကြောင်းကို ထည့်ပြောရပေမည်။
ယန်ယွမ်ဧကရာဇ်သည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက နတ်ဘုရားတိုက်ကြီးကို အောင်နိုင်ပြီး အုပ်စိုးခဲ့သော အနှိုင်းမဲ့ အစွမ်းထက်သူတစ်ဦးဖြစ်သည်။
ထိုအချိန်က နတ်ဘုရားကုန်းမြေတိုက်ကြီးသည် အထွတ်အထိပ်သို့ ရောက်ရှိနေချိန်ဖြစ်ပြီး ရှေးဟောင်းဧကရာဇ်များသည် ယခုလက်ရှိ အင်မော်တယ်မင်းဆက်များ၏ ဧကရာဇ်များကဲ့သို့ အားနည်းသူများ မဟုတ်ကြပေ။
ထိုအခါတုန်းက ဧကရာဇ်တစ်ပါးချင်းဆီတိုင်းသည် အလွန်ထူးကဲပြီးအားကောင်းသည့် ကျင့်ကြံခြင်းအဆင့်များကို ပိုင်ဆိုင်ထားကြသည့် သူများဖြစ်ကာ တစ်ပါးချင်းစီတိုင်းက ခြေတစ်ချက်ဆောင့်ရုံဖြင့် ကုန်းမြေတိုက်ကြီတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည်။
ဤယန်ယွင်သက်စောင့်ဆေးလုံးသည် ယန်ယွင်ဧကရာဇ်၏ သင်္ကေတ တစ်ခုဖြစ်ခဲ့ပြီး ဖော်စပ်ရန်အတွက် အဓိကပါဝင်ပစ္စည်းနှစ်ခုကို လိုအပ်လေသည်။
ပထမတစ်မျိုးသည် လေဟာနယ်ချီဖြစ်ပြီး ဒုတိယအချက်မှာ မိုင်တစ်သန်းပတ်လည်အတွင်းရှိ စိတ်ဝိညာဉ်အပင်များ၏ အသက်စွမ်းအင်ဖြစ်သည်။
ပါဝင်ပစ္စည်းနှစ်ခုကို ရပြီးနောက်တွင် ယန်ယွမ် ဧကရာဇ်၏ ထူးခြားသော နတ်ဘုရားမီးတောက်ဖြစ်သည့် ယန်ယွမ်ပကတိမီးဖြင့် သန့်စင်ဖော်စပ်ရသည်။
ယန်ယွင်ဆေးလုံးသည် အလွန်အမင်းအားကောင်းသည့် ဆေးလုံးတစ်လုံးဖြစ်သည်နှင့် အညီ ဆေးလုံးသန္ဓေသားလောင်းလေး ဖြစ်ပေါ်လာရန်အတွက်ပင် နှစ်ပေါင်းတစ်ရာတိတိ ကြာမြင့်သည်။
ထိုဆေးလုံးသန္ဓေသားလောင်းကို စိတ်ဝိညာဉ်စွမ်းအားကြွယ်ဝသော ဥယာဉ်တွင် မြှုပ်နှံပြီး နောက်ထပ် နှစ်ပေါင်းတစ်ရာကြာအောင် ထပ်မံပြုစုပျိုးထောင်မှသာလျှင် ဆေးလုံးအဖြစ် အပြည့်အဝ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်များအတွင်း ရှေးဟောင်းအပျက်အစီး အချို့တွင် ယန်ယွင်ဆေးလုံးအနည်းငယ် ပေါ်ထွက်လာခဲ့ဖူးသော်လည်းပဲ ပြင်ပလောကတွင်မူ ပျောက်ကွယ်သွားသည်မှာ ကြာမြင့်လှပြီဖြစ်သည်။
တန်ဖိုးအရ နှိုင်းယှဥ်ရမည်ဆိုလျှင်လည်း အဇူရာမသေမျိုးတိမ်မက်မွန်သီးထက်ပင် ပိုပြီးတော့ တန်ဖိုးကြီးလေသည်။
ယန်ယွင်သက်စောင့်ဆေးလုံးထံမှ စိမ့်ထွက်လာနေသည့် အသက်စွမ်းအင်များဖြစ်သည့် အစိမ်းရောင်မြူများသည် ကျုံးချီမင်၏ စုတ်ပြတ်နေသည့် ခန္ဓာကိုယ်အား အဆက်မပြတ်အားဖြည့်ပေးနေသည်။
"စားဆိုရင် စားလိုက်"
ကျုံးရှန်က အမိန့်ပေးသည့် လေသံဖြင့်ပြောလိုက်၏။ ကျုံးချီမင်က နှမြောတသဖြစ်ဟန် လုပ်နေသည်ကို မြင်သောအခါ ကျုံးရှန်က လက်ကိုဝှေ့ယမ်းလိုက်သည်။
ထိုအခါ ယန်ယွမ်သက်စောင့်ဆေးလုံးသည် အစိမ်းရောင် မြူခိုးတိမ်တိုက်များအဖြစ်သို့ ပေါက်ကွဲသွားပြီး ကျုံးချီမင်၏ ခန္ဓာကိုယ်ထဲသို့ တလဟော စီးဝင်သွားလေသည်။
ယန်ယွင်သက်စောင့်ဆေးလုံး၏ အနှစ်သာရများဖြစ်သည့် အစိမ်းရောင်မြူခိုးတိမ်တိုက်များသည် ကျုံးချီမင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် အသက်စွမ်းအင်များအဖြစ်သို့ပြောင်းလဲသွားလေပြီး သူ၏ခြေလက်အင်္ဂါများသာမက အရိုးများဆီသို့ပင် စိမ့်ဝင်သွားလေကာ တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့သွားလေသည်။
ဆေးလုံးမှ အသက်စွမ်းအင်များ၏ အကူအညီဖြင့် သူ၏ ဒဏ်ရာများ လျင်မြန်စွာ သက်သာပျောက်ကင်းသွားသည်။
သူ၏ ခမ်းခြောက်နေသော စိတ်ဝိညာဉ်စွမ်းအားများနှင့် ပြားကပ်နေသော ဓမ္မတာအိုအမြုတေသည်လည်း လေထိုးလိုက်သော ပူဖောင်းကဲ့သို့ပြန်ဖောင်းဝလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျုံးချီမင်သည် သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေ၏။
သို့သော် ဆေး၏အာနိသင်က ထိုမျှလောက်ဖြင့် မရပ်တန့်သေးလေဘဲ ကျုံးချီမင်၏ ကျင့်ကြံခြင်းကို တိုက်ခိုက်အားဖြည့်ပေးလိုက်ကာ သူ၏ နယ်ပယ်ကို အတင်းအဓမ္မ တစ်ဆင့် မြှင့်တင်ပေးလိုက်သည်။
ယခုအခါတွင် ကျုံးချီမင်က နိယာမနယ်ပယ်၏ အဆင့် ၂၄ ဟင်းလင်းပြင်ပျက်သုဥ်းခြင်းအဆင့်သို့ရောက်သွားပြီဖြစ်လေ၏။
ဆေးအစွမ်းက ထိုမျှလောက်ဖြင့် ကုန်သွားသည်မဟုတ်ပဲ ကျန်သေးသည့်အတွက်ကြောင့် ကျုံးချီမင်က ဆက်လက်ပြီး စုပ်ယူနေလိုက်သည်။
ကျုံးချီမင် ဆေးစွမ်းအင်ကို စုပ်ယူနေစဉ်တွင် ကျုံးရှန်သည် ခြေတစ်လှမ်းတည်းဖြင့် အဇူရာမသေမျိုးတိမ်မက်မွန်သီးပင်အောက်သို့ ရောက်ရှိသွားသည်။
ကျုံးရှန် ရောက်လာသည်ကို မြင်သောအခါ သစ်ပင်ထိပ်ဖျားတွင် ကမြင်းကျောထနေသည့် မျောက်များသည် လေဟာနယ်ကို ခွဲကာ ထွက်ပြေးသွားကြသည်။
ကျုံးရှန်သည် အဇူရာမသေမျိုးတိမ်မက်မွန်သီးတစ်လုံးကို ခူးယူလိုက်ပြီးနောက်တွင် ခြေလှမ်းတစ်လှမ်းတည်းဖြင့် သူ၏နဂိုနေရာသို့ပြန်ပေါ်လာလေသည်။
မက်မွန်သီးကို ကိုင်လျက်ဖြင့် မြေပြင်ပေါ်တွင် ခွေခွေလေးလဲကျနေသော ကျုံးထျန်ယွဲ့၏အနားသို့လာကာ သူ၏ ၁၂၈ ဆက်မြောက် မျိုးဆက်လေးအား စိုက်ကြည့်လိုက်၏။
နှစ်ပေါင်းတစ်သိန်းဆိုသည်မှာ အလွန်ကြာညောင်းလှလေသည်။ ကျင့်ကြံသူတို့၏ ကမ္ဘာတွင်ပင် နှစ်ပေါင်းတစ်သိန်းဟူသည်မှာ ကြာညောင်းသော အချိန်အပိုင်းအခြားတစ်ခုဟုပြောရပေမည်။
သူ့ယခင်ကမ္ဘာတွင်ဆိုလျှင် ၁၀ နှစ်လောက်ပျောက်သွားပါက မည်သူကမှ မှတ်မိတော့မည်မဟုတ်ချေ။
ကျုံးထျန်ယွဲ့၏ မျက်ခုံးနှင့် မျက်လုံးများသည် သူ့မျက်နှာနှင့် အနည်းငယ် ဆင်တူလေသည်။
"မင်းက ယွဲ့အာမလား… ဒီအသီးလေးကိုစားလိုက်ပါဦး… အားလုံးအဆင်ပြေသွားလိမ့်မယ်…"
ကျုံးရှန်က ထူးထူးဆန်းဆန်း နူးညံ့စွာဖြင့်ပြောလိုက်သည်။
ကျုံးထျန်ယွဲ့က ကျုံးရှန်အား ဇဝေဇဝါဖြင့်ကြည့်နေရင်း သူမ၏ ပါးစပ်ကိုဟကာ မက်မွန်သီးအား ကိုက်ချလိုက်၏။
မက်မွန်သီးသည် သိပ်ပြီးကြီးမားခြင်းမရှိပဲ လက်ဖဝါးစာလောက်သာရှိသည်။ ကျုံးထျန်ယွဲ့ကိုက်ချလိုက်သည်နှင့် အဇူရာမသေမျိုးတိမ်မက်မွန်သီးသည် အဇူရာမြူခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။
ချက်ချင်းလက်ငင်းပင် မက်မွန်သီးက အစွမ်းပြလေတော့၏။ ကျုံးထျန်းယွဲ့၏ ချိုင့်ဝင်နေသော ရင်ဘတ်လေးသည် ပြန်ဖောင်းလာပြီ ချက်ချင်းဆိုသလို ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားလေသည်။
ဖြူဖတ်ဖြူရော်ဖြင့် သေခါနီးဖြစ်နေသော သူမ၏မျက်နှာလေးသည်လည်း သွေးများပြန်လွှမ်းလာကာ အကောင်းပကတိပြန်ဖြစ်သွားလေ၏။
"ဂိုဏ်းချုပ်ဘိုးဘိုး… ယွဲ့အာ နေကောင်းသွားပြီ ယွဲ့အာ မနာတော့ဘူး"
ကျုံးထျန်းယွဲ့သည် ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး နေရာမှ ခုန်ထလိုက်မိသည်။ သူမ၏ လှုပ်ရှားမှုများမှာ ဒါဏ်ရာမရခင်တုန်းကထက်ပင် ပိုပြီးတော့ပေါ့ပါးသွက်လက်နေလေသည်။
ထိုအခိုက် ကျုံးရှန်၏ ခေါင်းထဲ၌ စနစ်၏ အသိပေးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
[ဒင်။ ဂုဏ်ယူပါသည်။ စနစ်ရှင်သည် နတ်ဘုရားမှတ်တမ်း၏ တာဝန်ကို ပြီးမြောက်အောင်မြင်သွားပါပြီ။ ဆုလာဒ်များမှာ အောက်ပါအတိုင်းဖြစ်သည် - သက်တမ်း ၇၀၀ နှင့် သူတော်စင်တစ်ပိုင်းအဆင့် ထီလက်မှတ်တစ်စောင်။ ဆုလာဒ်များကို ပေါင်းစည်း၍ ပေးအပ်ပါမည်။]
[ဒင်။ ဆက်စပ်တာဝန်တစ်ခု ပေါ်လာပါပြီ - ကံတရားကို လုယူခြင်း။]
[ကျုံးထျန်းယွဲ့ကို ကူညီပြီး ကံတရား၏သမီးတော်ကို အနိုင်ယူပါ။ သူမ၏ တာအိုကံတရားနှင့် အမွေအနှစ်များကို လုယူပါ။ ဆုလာဒ် - သက်တမ်း ၁၂၀၀ နှင့် သူတော်စင်အဆင့် ထီလက်မှတ်တစ်စောင် ရရှိပါမည်။]
"မဆိုးဘူးပဲ…"
ကျုံးရှန် ပြုံးလိုက်မိသည်။ သက်တမ်း ၇၀၀ ဆိုသည်မှာ သူ နောက်ထပ် အကြိမ်ပေါင်း နှစ်သိန်း ငါးသောင်း ငါးထောင်ကျော် နေ့စဉ် လတ်မှတ်ထိုး ဝင်ရောက်နိုင်ရန် လုံလောက်သော အချိန်ဖြစ်သည်။
ဤနည်းအားဖြင့် သူ၏ ကျိန်စာကို တိုက်ထုတ်နိုင်မည့် ပစ္စည်းတစ်ခုခု မဲပေါက်နိုင်ချေမှာ ပိုမိုများပြားလာပြီဖြစ်သည်။
ထို့အပြင် နောက်ထပ် ဆက်စပ်တာဝန်တစ်ခုတောင် ရှိသေးသည်။ ထိုတာဝန်၏ ဆုလာဒ်က သက်တမ်း ၁၂၀၀ တောင်ဖြစ်သည်။
ဆိုလိုသည်မှာ ကျုံးရှန်သည် သက်တမ်း ၁၂၀၀ ကိုထပ်ရလျှင် နောက်ထပ် အကြိမ်ပေါင်း ၄ သိန်း ၃ သောင်း ၈ ထောင်ကို လတ်မှတ်ထိုးနိုင်မည်ဖြစ်သည်။
ကျုံးရှန်အတွက်တော့ သက်တမ်းသည် အကောင်းဆုံးသော ဆုလာဒ်ပင် ဖြစ်လေသည်။ ထိုအချိန်တွင်ပင် ကျုံးချီမင်သည်လည်း ဆေးစွမ်းအင်များကို စုပ်ယူ၍ ပြီးဆုံးသွားပြီဖြစ်သည်။
သူသည် ဝမ်းသာစွာဖြင့် နေကောင်းသွားပြီဖြစ်သော ယွဲ့အာကို မျက်ရည်တန်းလန်းဖြင့် ပြေးဖက်လိုက်သည်။
ထို့နောက် သူတို့နှစ်ဦးလုံးသည် တိုင်ပင်ထားသကဲ့သို့ ပြိုင်တူပင် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကြပြီး ကျုံးရှန်အား ဦးခိုက်လိုက်ကြတော့လေ၏။
အဇူရာ = မိုးပြာရောင်။
သက်တမ်းနှစ် ၇၀၀ = ရက်ပေါင်း ၂၂၅,၀၀၀