← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

​"ဘိုးဘေးရဲ့ မေတ္တာတရားအတွက် ကျေးဇူးတင်ရှိပါတယ်" ယွဲ့အာက ဝမ်းနည်းစွာ ပြုံးရင်း ညင်သာစွာ ပြောလိုက်သည်။

"မြေးမလေးက သာမန်လူသားတစ်ယောက် ဖြစ်သွားပြီဆိုပေမဲ့ နှစ်တစ်ရာလောက်တော့ အေးအေးချမ်းချမ်း နေသွားနိုင်ပါသေးတယ်"

​သို့သော် ကျုံးချီမင်က ခေါင်းကို အားကုန် ခါရမ်းလိုက်သည်။

"မဟုတ်ဘူး… မြေးမလေးအတွက် အဘိုး လက်စားချေပေးရမယ်"

သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"နတ်ဘုရားကုန်းမြေတိုက်ကြီးတစ်ခုလုံးကို မြေလှန်ရရင်တောင် အဲဒီမိစ္ဆာမကို ရှာပြီး သတ်ပစ်မယ် မွေး​ဖွားလာတာကို နောင်တရသွားစေရမယ်"

​ကျုံးချီမင်ခန္ဓာကိုယ်တစ်ခုလုံး ဒေါသကြောင့် တုန်ယင်နေပြီး အံကိုကြိတ်ထားမိသည်။

အကယ်၍ ကျုံးရှန်သာ ဤနေရာတွင် ရှိမနေပါက ကျုံးချီမင်သည် မသေမျိုးတောင်တန်းမှထွက်ခွာပြီး တရားခံဖြစ်သူမိစ္ဆာမအား လိုက်ရှာနေလိမ့်မည်ဖြစ်၏။

ကျုံးရှန်ကတော့ လက်နှစ်ဖက်အား နောက်ကျောသို့ပို့လိုက်ကာ ဆရာကြီးအသွင်ဖြင့် ခေါင်းကို​ဖြည်းညှင်းစွာခါရမ်းလိုက်သည်။

"မင်းမှားနေပြီ ချီမင်… ဒီကိစ္စကို ယွဲ့အာ့ဘာသာ ဖြေရှင်းခိုင်းလိုက်စမ်းပါ"

"ကလေးတစ်ယောက်က ဖန်လှောင်အိမ်ထဲက ပန်းပွင်လေးလို ကြီးပြင်းလာပြီး သဘာဝဘေးဒါဏ်ကို မခံစားဖူးရင် အသုံးမကျတဲ့သူ ဖြစ်သွားလိမ့်မယ် ပါရမီကောင်းပါတယ်ဆိုတဲ့ သူတွေတောင် ပျော့ညံ့တဲ့အမှိုက်ဖြစ်သွားနိုင်တယ်"

​ကျုံးချီမင်သည် ကျုံးရှန်ကို မျက်နှာပေါ်တွင် နားမလည်နိုင်မှုများ အပြည့်ဖြင့် မော့ကြည့်လိုက်သည်။

​"ဘိုးဘေး… ဘာကိုဆိုလိုတာပါလဲ"

​ကျုံးရှန်က သူ့ကို လစ်လျူရှုလိုက်ပြီး ကျုံးထျန်းယွဲ့ကို တည့်တည့်ကြည့်လိုက်၏။

"ယွဲ့အာ… မင်းရဲ့ ရန်သူက အထွတ်အထိပ်တာအိုခန္ဓာကို ပိုင်ဆိုင်ထားပြီးတော့ သူမက ရှေးဟောင်းဧကရာဇ်တစ်ပါးရဲ့ စွမ်းအားနဲ့ ကမ္ဘာကြီးရဲ့ ကံတရားအထောက်အပံ့ကို ရရှိထားတယ်"

​"မင်း သူမကို နောက်တစ်ကြိမ် ပြန်တွေ့ရင် တိုက်ခိုက်ရဲတဲ့ သတ္တိရှိလား မင်းသေရမယ်ဆိုရင်တောင် သူမကို တိုက်ခိုက်ရဲလား"

"အဲဒီမိန်းမက ကောင်းကင်ကံကြမ္မာရဲ့ ရွှေးချယ်ခြင်းကိုခံထားကတဲ့သူပဲ"

"ယွဲ့အာ… မင်းကောင်းကင်ကို ပုန်ကန်ရဲသလား…"

ကျုံးရှန်က ပြောနေရင်းဖြင့်ပင် အလွန်ခမ်းနားပြီး မြင့်မြတ်သည့် အရှိန်အဝါများက သူ၏ခန္ဓာမှ စိမ့်ထွက်လာသည်။

ယခုအချိန်တွင် ကျုံးရှန်သည် ကောင်းကင်၏အထက်တွင် ရပ်တည်နေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ကဲ့သို့ ထင်ရပြီး အတိတ် လက်ရှိ နှင့် အနာဂါတ်တို့အား ထိန်းချုပ်နေသည့် စစ်မှန်သော နတ်ဘုရားတစ်ပါး၏ မျက်လုံးတို့ဖြင့် ကျုံးထျန်းယွဲ့အား စိုက်ကြည့်လိုက်၏။

ထိုအခိုက်တွင် တိုက်ခိုက်လိုစိတ်များ ပျောက်ကွယ်နေသည့် ​ကျုံးထျန်းယွဲ့ ခေါင်းမော့လိုက်သည်။ ယခုအခါတွင်တော့ သူမ၏ မျက်နှာသေးသေးလေးပေါ်တွင် မယိုင်းမယိုင်ခိုင်မာသော ဇွဲလုံ့လနှင့် သတ္တိတို့ဖြင့် ပြည့်နှက်နေလေသည်။

​"ယွဲ့အာ ဆန္ဒရှိပါတယ်"

သူမ ရဲရင့်စွာ အသံသေးသေးလေးဖြင့် အော်ပြောလိုက်သည်။

"ယွဲ့အာ မကြောက်ပါဘူး"

​"သူမကို နောက်တစ်ကြိမ် ပြန်တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ် သေရမယ်ဆိုရင်တောင် ဘိုးဘေးနဲ့ ကျုံးမိသားစုကို ဘယ်တော့မှ အရှက်မကွဲစေရပါဘူး"

​ကျုံးရှန်၏ မျက်နှာအထက်တွင်လည်း တောက်ပနေသည့် အပြုံးတစ်ပွင့်ထွက်ပေါ်လာသည်။ ဤသည်မှာ သူ၏မျိုးဆက်ဖြစ်ပေ၏။ သူ၏မျိုးဆက်တွင် အားနည်သော အမှိုက်သရိုက်များမရှိ​ပေ။

တိုက်ခိုက်လိုစိတ်နှင့် တာအိုနှလုံးသားတို့သာ ကြံ့ကြံ့ခိုင်အောင် တည်တံ့နေနိုင်ပါက ကောင်းကင်ကို ပုန်ကန်နိုင်ပြီး ကံကြမ္မာကိုလည်း ဖျက်စီးနိုင်မည်ဖြစ်သည်။

ကျုံးရှန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးသူ့လက်ကို ဆန့်ထုတ်လိုက်ရာ ချက်ချင်းဆိုသလိုပင် တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာသည်။

​ရွှေရောင်အလင်းသည် အလွန်အမင်းတောက်ပလွန်းလှသဖြင့် ကောင်းကင်မှ နေမင်းတစ်စင်း လက်ထဲသို့ ဆင်းသက်လာသကဲ့သို့ပင်ဖြစ်သွားကာ မသေမျိုးတောင်တန်းတစ်ခုလုံး လင်းထိန်သွားလေသည်။

​နိယာမနယ်ပယ်၏ အဆင့် ၂၄ ဟင်းလင်းပြင်ပျက်သုဥ်းခြင်းအဆင့်သို့ ရောက်ရှိနေသော ကျုံးချီမင်ပင်လျှင် အလင်းထဲ၌ ဘာရှိနေသည်ကို မမြင်နိုင်ချေ။

ရှေးဟောင်းဆန်ပြီး အလွန်ဆန်းကြယ်လှသည့် သင်္ကေတများက ထိုရွှေရောင်အလင်းတန်းလေးအား ဂြိုဟ်ကမ္ဘာများက နေမင်းအားလည်ပတ်နေသကဲ့သို့ ပတ်နေကြသည်။

ကျုံးရှန်က သူ၏အရှိန်အဝါဖြင့် ရွှေရောင်အလင်းတန်းလေးကို ဖိနှိပ်လိုက်ရာ အလင်းတန်းလေးက အနည်းငယ်မှေးမှိန်သွားလေ၏။

"ဟို ဆန်းကြယ်ကောင်းကင်အရိုးဆိုတဲ့ဟာက ခွေးအရိုးနဲ့ ဘာမှမကွာဘူး မရှိတော့တာကတောင် ပိုပြီတော့ကောင်းတယ်"

"ယွဲ့အာ… ဘိုးဘေးက မင်းကို သူတော်စင်တာအိုအရိုးပေးမယ်"

ကျုံးရှန်က သူတော်စင်တာအရိုးသည် ဘာမှမဟုတ်သည့်အလား ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ထိုသည်ကိုကြားလိုက်ရသည့် ကျုံးချီမင်ကတော့ အလွန်အံ့ဩထိတ်လန့်သွားပြီး မြေပေါ်သို့လဲကျသွားတော့ မတတ်ဖြစ်သွားရသည်။

"ဗျ..ဗျာ သူတော်စင်တာအိုအရိုးလား"

ကျုံးချီမင်၏ မျက်လုံးများက ကျွတ်ထွက်မတတ် ပြူးကျယ်လာပြီး အလွန်အမင်းအံ့ဩထိတ်လန့်စွာဖြင့် အော်ပြောလိုက်သည်။

​ဤအရိုးသည် ဒဏ္ဍာရီပုံပြင်များတွင်သာ ရှိသော ဂမ္ဘီရအရိုးတစ်ရိုးဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ တာအိုလမ်းစဥ်တစ်ရာနှင့် ချိတ်ဆက်နိုင်ကာ လူတစ်ဦးကို မူလပကတိသူတော်စင်တစ်ပါးအဖြစ်သို့ ရောက်နိုင်သည့် အလားအလာပါရမီအား ပေးစွမ်းနိုင်သည်။

သူတော်စင်တာအိုအရိုးသည် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်အောင်ကို အစွမ်းထက်လွန်းပြီး သမိုင်းတစ်လျှောက် မဟာနတ်ဘုရားအရိုး ၅ ခုစာရင်းတွင် ပါဝင်သည်။

အလွန်အစွမ်းထက်လှပါသည်ဆိုသော ဆန်းကြယ်ကောင်းကင်အရိုးသည်ပင် ဤအရိုးအသစ်နှင့်ယှဉ်လျှင် ကျုံးရှန်ပြောသလိုပင် ခွေးရိုးလောက်သာ တန်ဖိုးရှိတော့၏။

ဤဂမ္ဘီရအရိုးနှင့် ကျုံးထျန်းယွဲ့၏ ပါရမီတို့ ပေါင်းစပ်လိုက်လျှင် သူမသည် နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ အကြီးမြတ်ဆုံးသော ပါရမီရှင်များကို ယှဉ်နိုင်ပေလိမ့်မည်။ ဤအချိန်မှစ၍ သူမသည် ကံတရား၏သမီးတော်ဟု ခေါ်ဆိုကြသူများနှင့် တန်းတူဖြစ်သွားပြီဖြစ်သည်။

ကျုံးရှန်သည် အလွန်အမင်းအံ့ဩတုန်လှုပ်နေသည့် ကျုံးချီမင်အား စိတ်ပျက်လက်ပျက်ဖြင့်စိုက်ကြည့်လိုက်သည်။ ထိုလူငယ်သည် မိမိ၏ ဂိုဏ်းချုပ်အဆင့်အတန်းအား မြောင်းထဲပြစ်ချလိုက်ပြီး တောသားတစ်ယောက်ကဲ့သို့ ပြုမူနေသည်။

​"မင်းက တကယ် အသုံးမကျတဲ့ကောင်ပဲ"

ကျုံးရှန်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။

​ကျုံးထျန်းယွဲ့သည်တော့ ရွှေရောင်အလင်းများတောက်ပနေသည့် ဂမ္ဘီရအရိုးအား ငေးကြည့်နေသည်။

ရုတ်တရက် ဂမ္ဘီရအရိုးက တုန်ခါသွားပြီး ယွဲ့အာ၏ ရင်ဘတ်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားလေ၏။

ဂမ္ဘီရအရိုးက ယွဲ့အာ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်နှင့် တစ်ပြိုင်နက် တောက်ပလွန်းလှသည့် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ မျက်စိကိုကြိမ်းသွား​စေကာ ကျုံးချီမင်တစ်ယောက် ဘာကိုမှ မမြင်ရတော့ချေ။

တစ်ချိန်တည်းတွင် သူမသည် စကားလုံးဖြင့်ပင် ဖော်ပြရန် မလွယ်ကူသည့် အလွန်ပြင်းထန်လှသော နာကျင်မှုကို ခံစားလိုက်ရကာ ယွဲ့အာ၏ မျက်နှာသေးသေးလေးက ရှုံ့မဲ့သွားသည်။

ယခုလက်ရှိ ခံစားနေရသည့် နာကျင်မှုမှာ သူမ၏ ဆန်းကြယ်ကောင်းကင်အရိုး အထုတ်ယူခံခဲ့ရစဉ်ကထက်ပင် ပိုမိုဆိုးရွား၏။ သို့သော် ယွဲ့အာက အံကိုတင်းတင်းကြိတ်သွားပြီး တစ်ချက်ကလေးမှပင် အော်သံမထွက်လာချေ။

သူမက အားအကုန်သုံး၍ အံကိုတင်းတင်းကြိတ်ထားသည် ဖြစ်သောကြောင့် သူမ၏သွားဖုံးများပင် ပြဲသွားပြီး သွေးများစိမ့်ထွက်၏။ ထိုအခါ ယွဲ့အာ၏ နီရဲရဲ နှုတ်ခမ်းထောင့်စွန်းမှ အနီရောင်သွေးများ စီးကျလာသည်။

အမြင်အာရုံများပြန်ရလာပြီဖြစ်သည့် ကျုံးချီမင်ကတော့ နာကျင်ခံစားနေရသည့် ယွဲ့အာအားကြည့်ကာ သူ၏နှလုံးများကလည်း တစ်ဆစ်ဆစ်ဖြင့် နာကျင်ကိုက်ကဲလာသည်။

သူက အသက်ကိုပင်ရဲရဲမရှုရဲတော့ပဲ ယွဲ့အာကို စိုးရိမ်တကြီးဖြင့်စိုက်ကြည့်နေပြီး လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

ကံကောင်းသွားသည်မှာ နာကျင်မှုသည် စက္ကန့်ပိုင်းလေးအတွင်း ပျောက်ကွယ်သွားသည်။ နာကျင်မှုများပျောက်ကွယ်သွားသည်နှင့် ယွဲ့အာက နတ်စမ်းရေကန်ထဲတွင် ဝင်စိမ်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အလွန်အမင်းသက်တောင့်သက်တာဖြစ်မှုအား ခံစားလိုက်ရသည်။

ရွှေရောင်အလင်းတန်းသည်လည်း ယွဲ့အာ၏ခန္ဓာကိုယ်ထဲရှိ ပျက်စီးနေသည့် ချီသွေးကြောများကို ညင်သာစွာဖြင့် ပြုပြင်ပေးနေသည်။

​"ဝုန်း"

​ရုတ်တရက် သူမ၏ ခန္ဓာကိုယ်ထဲတွင် သူမ တစ်ယောက်တည်းသာ ကြားနိုင်သည့် ကမ္ဘာကြီးကွဲအက်သွားသကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

​"ဘိုးဘေး… ယွဲ့အာကို ကြည့်ပါဦး.."

​ကျုံးချီမင်က စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။

သူတော်စင်တာအိုအရိုးနှင့် လူသားတစ်ယောက် ပေါင်းစည်းသည်ကို သူတစ်ခါမှ မမြင်ဖူးခဲ့သောကြောင့် သူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခြင်းဖြစ်သည်။

​"စိတ်အေးအေးထားပါကွာ"

ကျုံးရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ယွဲ့အာရဲ့ ဆန်းကြယ်ကောင်းကင်အရိုးက သူမရဲ့ အခြေခံအုတ်မြစ်ပဲ အဲဒီအရိုး အထုတ်ခံလိုက်ရတဲ့အချိန်မှာ သူမရဲ့ အခြေခံအုတ်မြစ်က ပျက်စီးသွားခဲ့ပြီ"

​"ဒါပေမဲ့ စွမ်းအားအကြွင်းအကျန်လေးတွေ ကျန်နေသေးတယ် အခု သူမခံစားလိုက်ရတဲ့ နာကျင်မှုက သူတော်စင်တာအိုအရိုးက အဲဒီ အားနည်းနေတဲ့ စွမ်းအားဟောင်းတွေကို ဖယ်ရှားပစ်လိုက်လို့ပဲ… သူတော်စင်တာအိုအရိုးက ယွဲ့အာနဲ့ အပြည့်အဝ ပေါင်းစည်းသွားပြီး သူမရဲ့ အခြေခံအုတ်မြစ်ကို ပြန်လည်တည်ဆောက်နေပြီ"

​"ဒီနေ့ကစပြီး သူမရဲ့ ကံတရားက ကံတရားရဲ့သမီးတော်လောက် မကောင်းနိုင်ပေမဲ့ သူမရဲ့ ပါရမီနဲ့ ဉာဏ်ပညာပိုင်းမှာတော့ လုံးဝလျော့နည်းသွားမှာ မဟုတ်ဘူး ဒီလောက်လုပ်ပေးထားတာတောင်မှ သူမက ခေတ်တစ်ခေတ်ကို ဦးဆောင်နိုင်တဲ့သူ မဖြစ်လာဘူးဆိုရင် ငါ့မှာ အဲဒီလိုမျိုးဆက် မရှိဘူးလို့ပဲ သတ်မှတ်လိုက်တော့မယ်"

ကျုံးရှန်က မာနကြီးစွာဖြင့်ပြောလို​က်သည်။ ပြီးနောက်တွင် သူ၏လက်တစ်ချက်ဝေ့ယှမ်းလိုက်ရုံဖြင့် ယွဲ့အာသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချင်ထျန်းတောင်ထွတ်ဆီသို့ ပျံတက်သွားလေသည်။

​​ကျုံးရှန်သည် အသာအယာမော့လိုက်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချင်ထျန်းတောင်ထွတ်ဆီသို့ ပျံတက်သွားသည့် သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးကို ငေးကြည့်နေလိုက်သည်။

​တောင်ထိပ်ပေါ်တွင် နတ်ဘုရားအလင်းတန်းတောအုပ် တည်ရှိလေသည်။ ထိုတောအုပ်သည် ကျုံးရှန် ကိုယ်တိုင် နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ထားခဲ့သော ထူးခြားသည့် အလင်းတန်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သူသည် ဖရိုဖရဲချီကို အသုံးပြုပြီး ထိုအလင်းတန်းများကို တောက်ပသော တောအုပ်ကြီးတစ်ခုအဖြစ် ဖန်တီးပုံဖော်ထားခြင်း ဖြစ်သည်။

​ထိုနေရာတွင် သောင်းနှင့်ချီသော မတူကွဲပြားသည့် နတ်ဘုရားအလင်းတန်းများ စုပုံနေလျက်ရှိသည်။

ထိုနေရာတွင် ပျက်သုဥ်းခြင်း သေမင်းအလင်းတန်း၊ ဆန်းကြယ်မီးတောက်အလင်းတန်းနှင့် ကြယ်ဖြိုခွင်းခြင်းအလင်းတန်းကဲ့သို့သော သေစေနိုင်လောက်သည့် အလွန်ပြင်းထန်ပြီးလွှမ်းမိုးနိုင်စွမ်းအားကောင်းသော အလင်းတန်းများစွာ ရှိနေလေသည်။

ထိုအလင်းတန်းများသည် အလွန်အမင်းကို အားကောင်းလွန်းလှကာ နိယာမနယ်ပယ် အဆင့် ၂၆ ရှိသည့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ပင်လျှင် ထိုနေရာ၌ ကြာရှည်စွာ အသက်မရှင်နိုင်လောက်ပေ။

​ထိုသေစေနိုင်သော အလင်းတန်းများနှင့်အတူ အသက်စွမ်းအင်များအပြည့်ဖြင့် မင်္ဂလာအလင်းတန်းများကလည်း ရှိနေသည်။

ထိုမင်္ဂလာအလင်းတန်းတို့မှာ မြင့်မြတ်အလင်းတန်း၊ သုခဘုံအလင်းတန်းနှင့် ခုနှစ်ရောင်ခြယ်အလင်းတန်းတို့ ဖြစ်ကြသည်။ ထိုအလင်းတန်းများသည် ဒဏ်ရာများကို ကုသပေးနိုင်ခြင်းသာမက ခန္ဓာကိုယ်ကိုလည်း ပိုမိုပြီး သန်မာလာနိုင်စွမ်းလည်းရှိ​သေးလေ၏။

​နတ်ဘုရားအလင်းတန်းတောအုပ်သည် သေခြင်းတရားနှင့် ရှင်သန်ခြင်းတရားတို့ ယှဉ်တွဲတည်ရှိနေသည့် နေရာတစ်ခုဖြစ်သည်။

အမှတ်မထင် တစ်ချက်ကြည့်လိုက်လျှင် သေမင်းနယ်မြေတစ်ခုကဲ့သို့ ထင်ရသော်လည်း ပြန်လည်မွေးဖွားခြင်း အခွင့်အရေးကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ်ကို သန့်စင်လေ့ကျင့်ရန် အကောင်းဆုံးနေရာဖြစ်သည်။

​ကျုံးထျန်းယွဲ့ ဝင်ရောက်သွားသောအခါ ဖျက်ဆီးခြင်းအလင်းတန်းများက သူမကို ချက်ချင်းဆိုသလို အမှုန့်ဖြစ်သည်အထိ တိုက်စားရန် ရည်ရွယ်လိုက်သော်လည်း အကြွင်းမဲ့သူတော်စင်တာအိုအရိုး၏ အကာအကွယ်ကြောင့် မင်္ဂလာအလင်းတန်းများက သူမကို ပြန်လည်ကုသပေးခဲ့သည်။

ဖျက်ဆီးခြင်းအလင်းတန်းများက သူမအား အဆက်မပြတ်ဖျက်ဆီးနေသလို မင်္ဂလာအလင်းတန်းများကလည်း သူမအား အဆက်မပြတ်ပြန်လည်ပြီး ကုသပေး​နေလေ၏။

ဖျက်ဆီးလိုက် ပြန်တည်ဆောက်လိုက်နှင့် သံသရာအောက်တွင် ယွဲ့အာ၏ ခန္ဓာကိုယ်သည် ကျောက်သလင်းကဲ့သို့ ကြည်လင်တောက်ပသော အရောင်စတင် ထွက်ပေါ်လာသည်။

သူမ၏ အတွင်းပိုင်းအရိုးများသည် အရွယ်နှင့်မလိုက် အလွန်အမင်းသန်မာလာပြီး သူမ၏ အသားအရေများကလည်း နတ်ဘုရားအလင်းတန်းအလား တောက်ပနေသည်။

ဤအရာသည် အခြားသော ရွေးချယ်ခံရသူများ အိပ်မက်သာ မက်နိုင်သည့် အခွင့်အရေးမျိုးဖြစ်သည်။ ပုံမှန်အားဖြင့် ကမ္ဘာကြီး၏ ဇာတ်လိုက်များသာ ရရှိတတ်သော အခွင့်အရေးမျိုးကို ယခုအခါ သူ၏ မြေးမလေးက ရရှိနေပြီဖြစ်သည်။

ကျုံးထျန်းယွဲ့သည် ပြာပုံထဲမှ ထိုးထွက်လာသည့် ဖီးနစ်မလေးတစ်ကောင်ကဲ့သို့ နတ်ဘုရားကုန်းမြေတိုက်ကြီးကို ပြောင်းပြန်လှန်တော့မည်ဖြစ်သည်။

​ကျုံးရှန်သည် ကျုံးချီမင်ဘက်သို့ လှည့်လိုက်ပြီး လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

​"ချီမင်… ယွဲ့အာရဲ့ ပြဿနာက ပြီးသွားပြီ အခု မင်းအကြောင်း ပြောဖို့ အချိန်တန်ပြီ"

​"မင်းက ဘိုးဘေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ် မြင့်မြတ်နယ်မြေ ဂိုဏ်းချုပ်တစ်ယောက်ရဲ့ တာဝန်တွေကို လစ်လျူရှုခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ မသေမျိုးတောင်တန်းတွေထဲ ဝင်ရောက်ခဲ့တယ် မင်း အပြစ်ပေးခံရသင့်တယ်"

​"ယွဲ့အာ ခန္ဓာကိုယ်သန့်စင်တာ ပြီးသွားရင် မင်း မြင့်မြတ်နယ်မြေကို ပြန်သွားပြီး ဂိုဏ်းချုပ်နေရာကို မင်းရဲ့ညီ ကျုံးချီထျန်းဆီ လွှဲပေးလိုက်ရမယ်"

​"ပြီးရင် သူ့အစား မင်းက အနောက်ဘက် သဲကန္တာရကြီးကို သွားစောင့်ကြပ်ရမယ်"

သူက ကျုံးချီမင်၏ မျက်လုံးကို စိုက်ကြည့်လိုက်သည်။

​"မင်းမှာ ပြောစရာရှိသေးလား"

All Chapters