← Chapters

အခန်း (၇)

Vol. 1 Ch. 7

အခန်း (၇)

Vol. 1 Ch. 7

ကျုံးချီမင်က နှောင့်နှေးခြင်းမရှိလေပဲ ချက်ချင်းဒူးကိုထောက်ကာ မြေပြင်နှင့် နဖူးနှင့်ဒုန်းကတည်း တိုက်ချလိုက်၏။ ပြီးနောက်တွင် တုန်ယင်နေသော်လည်းပဲ ပျော်ရွင်နေသည့် အသံဖြင့်ပြောလိုက်ဆဲဖြစ်သည်။

"ကြီးမြတ်တဲ့ဘိုးဘေးက ညှာတာလွန်းနေပါပြီ ဘိုးဘေးကို ဘယ်လိုကျေးဇူးပြန်ဆပ်ရမလဲ​တောင် မသိ​ပါဘူး ကျွန်တော်က ကျိန်းသေပေါက် ဘိုးဘေးရဲ့ အလိုကိုလိုက်ပါမယ်"

"ဂိုဏ်းချုပ်ဆိုတာက ရာထူးတစ်ခုထက် မပိုပါဘူး ဒါ့အပြင် ကျွန်တော့်ညီ ချီထျန်းရဲ့ ကျင့်ကြံခြင်းအဆင့်က ကျွန်တော်နဲ့ မတိမ်းမယိမ်းဖြစ်သလို သူက ကျွန်တော်ထက် ပိုပြီးတော့ စိတ်ဓာတ်ပြတ်သားတယ် သူ့ရဲ့လက်​အောက်မှာ မြင့်မြတ်နယ်မြေက ကျိန်းသေပေါက်ကို တန်ခိုးကြီးထွားမှာပါ ဘိုးဘေးရဲ့ ဆုံးဖြတ်ချက်က သင့်တော်ပါတယ်"

ကျုံးရှန်ကတော့ ခေါင်းလေးကို အသာညိတ်လိုက်ကာ ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်၏။

"တော်ပြီ… ထတော့ ယွဲ့အာ သူရဲ့ခန္ဓာကိုယ်ကို သန့်စင်တာက အချိန်ကြာဦးမှာဆိုတော့ ငါတို့ကြ​က်သွားဖမ်းကြရအောင်"

ကျုံးရှန်ပြောသည်ကိုကြားသောအခါ ကျုံးချီမင်က သူ၏ရင်ဘတ်တွင်ခဲဆွဲထားသလို လေးလံနေမှုကြီးက ပျောက်ကွယ်သွားလေပြီး ပေါ့ပေါ့ပါးပါးဖြစ်သွားလေသည်။

သို့သော် ကြက်ဖမ်းမည်ဟူသော အပိုင်းကိုကြားသောအခါ သူက ဇဝေဇဝါဖြစ်သွားရ၏။

"ကြက်လား… ဘိုးဘေးက ကြက်ဖမ်းချင်လို့လား…"

သို့သော် ကျုံးချီမင်ဇဝေဇဝါဖြစ်နေချိန်မှာပင် ကျူံးရှန်တစ်ယောက် ခြေတစ်လှမ်းတည်းဖြင့် ပျောက်ကွယ်သွား၏။

ကျုံးချီမင်ကလည်း သူ၏အင်္ကျီလက်အားခေါက်လိုက်ကာ ကျုံးရှန်သွားရာနောက်သို့ လိုက်သွားလေသည်။ ဤသည်မှာ စျေးသွားသည့် အမေနောက်သို့ တစ်ကောက်ကောက်လိုက်သွားသည့် ကလေးငယ်လေးတစ်ယောက်နှင့်ပင် ဆင်တူနေသည်။ တစ်ခုတည်းသောကွာခြားချက်မှာတော့ ကျုံးချီမင်၏ အသွင်အပြင်က အိုမင်းနေပြီး ကျုံးရှန်ကတော့ နုပျိုနေလေသည်။

သူတို့က မွေးမြူ​ရေးခြံသို့ရောက်လာကြ၏။ အပြင်ဘက်ကနေပင် အထဲမှ အိပ်စက်နေသော ဝက်များ၏ ဟောက်နေသံကို ကျယ်လောင်စွာကြားနေရလေသည်။

ထိုအခိုက် ကြက်ဖတွန်သံက ထွက်ပေါ်လာလေ၏။

"အော့် အီးအီးအွတ်"

ကျုံးရှန်က ဂိတ်ဝတွင်ရပ်နေပြီး သူ၏အနောက်တွင်လည်း အငယ်တစ်ယောက်ကဲ့သို့ ရိုသေလေးစားစွာဖြင့် ရပ်နေသော ကျုံးချီမင်ရှိနေလေသည်။

ကျံးရှန်က ပုံမှန်အနေအထားဖြင့်ပဲ ဆက်ပြောလို​က်သည်။

"ချီမင်… ငါသေမျိုးတွေဆီကနေ ရယ်စရာကောင်းတဲ့ ကောလဟာလတွေကြားခဲ့တယ် သူတို့ပြောတာက မင်းမွေးထားတဲ့ကြက်တွေကို အရောင်တောက်တောက်နဲ့ အမွှေးထူလာတာကို လိုချင်ရင် ဖားပြုပ်သာကျွေးလိုက်တဲ့"

ကျုံးချီမင်ကလည်း မျက်လုံးလေး ကလည် ကလည်ဖြင့် မေးလိုက်သည်။

"အဲတာတကယ်ပဲလား ဘိုးဘေးခင်ဗျ…"

"အင်း.. ငါလည်းမသိဘူးဆိုတော့ စမ်းကြည့်ကြရအောင်လေ"

ကျုံးရှန်က လျို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြုံးလိုက်သည်။

"ဘိုးဘေးကြီး ဘာကိုဆိုလိုတာလဲ"

ကျုံးချီမင်က ပို၍ပင် ဇဝေဇဝါဖြစ်လာကာ ခေါင်းကိုကုတ်လိုက်ကာ မေးလိုက်၏။

ကျုံးရှန်သည် စကားတစ်ခွန်းမျှ ပြန်မပြောဘဲ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး တစ်စုံတစ်ခုကို အာရုံခံလိုက်သည်။

ထို့နောက် သူ၏ မျက်လုံးများကို ရုတ်တရက် ပြန်ဖွင့်လိုက်သည့်အခါတွင်မူ သူ၏ မျက်ဝန်းအစုံဆီမှ ရွှေရောင်နတ်ဘုရား အလင်းတန်းများ လင်းလက်တောက်ပလာပြီး ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။

ကျုံးရှန်၏ မျက်လုံးများ ပွင့်လာသည်နှင့်တပြိုင်နက် သူ၏လက်ကို ဆန့်ထုတ်လိုက်ကာ သူ့ရှေ့ရှိ လေထုကို အားဖြင့် ဆွဲဖြဲလိုက်လေသည်။

"ရွှီး..."

သာမန်တံခါးဖွင့်လိုက်ခြင်းမျိုးမဟုတ်ဘဲ ဟင်းလင်းပြင်တစ်ခုလုံးကို အကြမ်းပတမ်း ဆွဲဆုတ်လိုက်သကဲ့သို့ ကွဲအက်သံကြီးတစ်ခု ထွက်ပေါ်လာ၏။ သူ၏ လက်တစ်ဖက်တည်းဖြင့်ပင် မီတာများစွာ ကျယ်ဝန်းသော ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုအက်ကွဲကြောင်းကြီး၏ တစ်ဖက်တွင်မူ မိုင်ပေါင်းများစွာ ဝေးကွာသော နေရာတစ်ခုကို ထင်ရှားစွာ မြင်တွေ့နေရသည်။

ထိုနေရာသည် သာယာလှပသော တောင်တန်းတစ်ခုဖြစ်ပြီး ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် စမ်းချောင်းတစ်ခုလည်း ရှိလေသည်။ ထိုစမ်းချောင်း၏ ရေအောက်အနက်ပိုင်းတွင်မူ ဖားပြုပ်ကြီး တစ်ကောင်မှာ တိတ်တဆိတ် ပုန်းအောင်းရင်း ကျင့်ကြံအားထုတ်နေ၏။

ဤဖားပြုပ်ကြီးသည် ယခင်က ကျုံးချီမင်နှင့် သူ့မြေးဖြစ်သူကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးသော ရန်သူဟောင်းကြီး ဖြစ်သည်။

ယခုအခါတွင်မူ သူသည် တောင်တန်းပေါင်းများစွာ၏ ကြားတွင် အကာအကွယ် အစီအရင်ပေါင်းများစွာကို အထပ်ထပ်ကာရံကာ ပုန်းအောင်းနေခြင်း ဖြစ်သည်။

ကျုံးရှန်က အေးစက်စွာ ပြုံးလိုက်ပြီး ရေရွတ်လိုက်သည်။

"အင်း… မင်းက ငါ့ရဲ့မျိုးဆက်တွေကိုတိုက်ခိုက်ပြီးတော့ ငါပိုင်တဲ့တောင်တန်းတွေမှာ လာပုန်းနေရဲတယ်ပေါ့ အတင့်ရဲတဲ့ မင်းကိုကြက်စာကျွေးပြစ်မယ်"

စကားဆုံးသည်နှင့် ကျုံးရှန်က လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဟိုဘက်အခြမ်းရှိ ကောင်းကင်ယံ၌ ဧရာမ ရွှေရောင်လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာသည်။

လက်ဝါးကြီး မကျရောက်မီမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအား ကြောင့် စမ်းချောင်းရေများသည် ချက်ချင်းဆိုသလို ရေခဲအဖြစ် ပြောင်းလဲသွားကြသည်။

"ဝုန်း…"

လက်ဝါးကြီး ရိုက်ချလိုက်သည့်အခါ တောင်တန်းကြီးတစ်ခုလုံး ကြေမွသွားပြီး ဖားပြုပ်ကြီး အားကိုးတကြီး တည်ဆောက်ထားသော ကာကွယ်ရေး အစီအရင်များမှာလည်း ဖုန်မှုန့်များအလား လွင့်စင်ပျောက်ပျက်သွားတော့သည်။

တောင်ကြီးပျက်စီးသွားပြီးနောက် ဖားပြုပ်ကြီးတစ်ကောင်သာ ကွင်းပြင်၌ အကာအကွယ်မဲ့စွာ ကျန်ရစ်ခဲ့သည်။ ဖားပြုပ်ကြီးသည် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေပြီး "အသက်ချမ်းသာပေး..." ဟု အော်ဟစ်တောင်းပန်ရန် ကြိုးစားသော်လည်း စကားပင်မဆုံးလိုက်ပေ။

ကောင်းကင်မှ လက်ဝါးကြီးသည် ဖားပြုပ်ကြီးကို ကလေးတစ်ယောက်က ပိုးကောင်လေးကို ဖမ်းဆုပ်လိုက်သကဲ့သို့ လွယ်ကူစွာ ဖမ်းယူလိုက်လေသည်။

ထို့နောက် ဟင်းလင်းပြင်အက်ကွဲကြောင်းကြီးထဲမှတဆင့် ပြန်လည်ဆွဲယူသွားပြီး အပေါက်ကြီး ပိတ်သွားသည့်အခါတွင်မူ ထိုနေရာ၌ တောင်လည်းမရှိ ဖားလည်းမရှိတော့ဘဲ ပြောင်ရှင်းနေသော မြေကွက်လပ်ကြီးသာ ကျန်ရစ်ခဲ့တော့သည်။

ကျုံးရှန်က ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ သူ၏လက်ကို ပြန်ဆွဲထုတ်လိုက်သည်။

ယခုအချိန်တွင် ကျုံးရှန်၏ လက်ထဲ၌ပါလာသော ဖားပြုပ်မှာ ပေထောင်ချီ အရွယ်အစား မဟုတ်တော့ဘဲ ကျုံ့သွားကာ ဆန်စေ့၏ တစ်ထောင်ပုံ တစ်ပုံ အရွယ်အစားခန့်သာ ရှိတော့သည်။

ထိုဖားပြုပ်မှာ ကျုံးရှန်၏ လက်ထဲတွင် တစ်ဆက်ဆက်တုန်နေပြီး ကြောက်လန့်တကြား ငြိမ်ကုပ်နေတော့သည်။

​ကျုံးချီမင်မှာ ပါးစပ်အဟောင်းသားဖြစ်ကာ နေရာမှာပင် ကြောင်ငေးနေမိသည်။ ကျုံးရှန်၏ လက်ထဲတွင် ရုန်းကန်နေသော ဖားပြုပ်ကြီးကို ကြည့်ပြီး သူတီးတိုးရေရွတ်လိုက်မိသည်။

​"ဘိုးဘေးရဲ့ တန်ခိုးစွမ်းအားက အကန့်အသတ်မရှိပါလား မိုင်သန်းချီဝေးတဲ့နေရာအထိ ဟင်းလင်းပြင်မုခ်ဝကို ဖွင့်ပြီးတော့ နိယာမအဆင့်သားရဲကြီးကိုတောင် လက်တစ်ဖက်တည်းနဲ့ လှမ်းဖမ်းလိုက်တာ နန်ယန်စီရင်စုမှာ ဘယ်သူကမှ ဘိုးဘေးနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး"

​ကျုံးရှန်၏ လက်ဝါးပြင်ပေါ်တွင်တော့ ဖားပြုပ်ကြီးမှာ ကြောက်လန့်မှုကြောင့် တစ်ဆက်ဆက်ဖြင့် တုန်ယင်​နေသည်။

ဖားပြုပ်ကြီး၏ အမြင်တွင်မူ သူသည် လူသားတစ်ယောက်၏ လက်ဝါးပေါ်သို့ ရောက်ရှိနေခြင်းမဟုတ်ဘဲ ထူးဆန်းသော ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားခြင်းဖြစ်သည်။

ထိုကမ္ဘာတွင် မိုးထိအောင်မြင့်မားနေသော တိုင်ကြီးငါးတိုင်က မိုးကောင်းကင်ကို ထောက်ထားပြီး တိမ်တိုက်များ ဝန်းရံနေကာ သူ၏ စွမ်းအားများကိုလည်း ပိတ်ပင်ထားသည်။

​"ဒါ... ဒါ ဘာသိုင်းကွက်လဲ ကြောက်စရာကောင်းလိုက်တာ... ငါ ထွက်ပြေးမှ ဖြစ်မယ်"

​ဖားပြုပ်ကြီးက ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။ သူ၏ ကျောပြင်ပေါ်ရှိ အလင်းတန်း (၂၃) ခုစလုံး လင်းလက်လာပြီး လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် မိုးထိတိုင်ကြီးများကြားမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

​သို့သော် သူဘယ်လောက်ပင် မြန်မြန်ပျံသန်းပါစေ ထိုတိုင်ကြီးငါးတိုင်နှင့် နီးကပ်မသွားဘဲ အဝေးတွင်သာ ရှိနေဆဲဖြစ်သည်။ ကမ္ဘာ့အဆုံးသတ်ကို သူ ဘယ်လိုမှ မရောက်နိုင်ပေ။

​"ဘိုးဘေးတွေ ကယ်တော်မူပါ ဒါ... ဒါက ဒဏ္ဍာရီလာ လက်ဝါးကမ္ဘာသိုင်းကွက်များလား"

ဖားပြုပ်ကြီးက တုန်ယင်နေသော အသံဖြင့်ပြောလိုက်သည်။

သူသာ လူတစ်ယောက်ဆိုလျှင် ကြောက်လန့်လွန်း၍ မျက်ရည်လည်ရွဲဖြစ်သွားကာ ဒူးထောက် တောင်းပန်နေလောက်ပြီဖြစ်သည်။

"စီနီယာ… ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ရဖို့မလွယ်ပါဘူး… ဒီအဆင့်ကိုရောက်ဖို့ အကြာကြီးကျင့်ကြံခဲ့ရတာပါ ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ"

​ကျုံးရှန်ကတော့ မျက်မှောင်ကြုတ်လိုက်ပြီး စိတ်အနှောက်အယှက်ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။

"ဆူညံလိုက်တာကွာ"

​"ရွှမ်းဟွမ်ကြက် ရော့ ဒီဖားပြုပ်က မင်းအတွက်ပဲ"

​ပြောပြီးသည်နှင့် ကျုံးရှန်လက်ထဲမှ လက်ဝါးကမ္ဘာ သိုင်းကွက် ပျောက်ကွယ်သွားပြီး ဖားပြုပ်ကြီးကို ကြက်ခြံထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်လေသည်။

​"ဝုန်း..."

​ဖားပြုပ်ကြီးသည် ခြံစည်းရိုးကို ကျော်ကာ လေပေါ်သို့ လွင့်စင်သွားသည်။ ကျုံးရှန်က လက်ဝါးကမ္ဘာအားအသုံးပြုခြင်းမရှိတော့သောအခါ သူ့ကို ချုပ်နှောင်ထားသော စွမ်းအားများလည်း ပျောက်ကွယ်သွား၏။

​မြေပြင်ပေါ်သို့ ရောက်သည်နှင့် ဖားပြုပ်ကြီး၏ ခန္ဓာကိုယ်သည် ချက်ချင်းကြီးထွားလာကာ ပေတစ်ထောင်ခန့်မြင့်မားသော မူလပုံစံကြီး ပြန်ပေါ်လာသည်။

​"ကောင်းကင်ကြီးက ငါ့ကိုမစွန့်ပြ​စ်သေးဘူးပဲ… မြန်မြန်ထွက်ပြေးရမယ်…"

ဖားပြုပ်ကြီးက ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်သည်။

သူ့ကိုဖမ်းလာသော လူသားမှာ အလွန်စွမ်းအားကြီးလွန်းသဖြင့် တိုက်ခိုက်ရန်မဆိုထားနှင့် မော့ကြည့်ရန်ပင် သတ္တိက သူ့ထံတွင်မရှိနေပေ။

ဖားပြုပ်ကြီးသည် သူ၏ အသက်စွမ်းအင်များကို လောင်ကျွမ်းစေပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းကာ ထွက်ပြေးရန် ပြင်လိုက်သည်။

ထိုအခိုက် ကောင်းကင်တစ်ခွင်ကို ပဲ့တင်သံထွက်ပေါ်လာစေသည့် ကျယ်လောင်သော ကြက်ဖတွန်သံကြီးတစ်ခု ပေါ်ထွက်လာသည်။

"အော့် အီးအီးအွတ်…"

နဂိုက ငြိမ်သက်နေသော ကြက်အုပ်ကြီးမှာ ရုတ်တရက် ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ သာမန်ထက်ထူးခြားပုံမရသည့် ကြက်ဖ​ကြီးတစ်ကောင်သည် ကြက်အုပ်ထဲမှ ခုန်ထွက်လာပြီး ကောင်းကင်ယံသို့ ဒုံးပျံတစ်ခုလို ထိုးတက်သွားလေသည်။

စပျံခါတုန်းက ကြက်ဖကြီး၏ အရွယ်အစားသည် သာမန်သာဖြစ်သော်လည်းပဲ အမြင့်သို့ရောက်လာလေလေ အရွယ်အစားက ပိုပြီးကြီးမားလာလေလေဖြစ်ကာ နောက်ဆုံးတွင် ဖားပြုပ်ကြီး၏ အရှေ့တွင် ပေတစ်သောင်းခန့်ကြီးမားသည့် ကြက်ဖကြီးတစ်ကောင်ထွက်ပေါ်လာသည်။

မသိသည့်လူများဆိုလျှင် ဤသည်ကို အမွှေးအတောင်များဖြင့် ဖုံးနေသည့် တောင်ကြီးတစ်ခုဟုပင် ထင်မှတ်ကြပေလိမ့်မည်ဖြစ်၏။

ကြက်ဖကြီး၏ အရှေ့တွင် ဖားပြုပ်ကြီးက ပိုးကောင်လေးတစ်ကောင်ကဲ့သို့ သေးငယ်ကာ အားနည်းလှသည်။

"ဟမ့်… မင်းကို ငါ့သခင်က ငါ့အတွက် အစာအဖြစ်သတ်မှတ်လိုက်ကတည်းက မင်းရဲ့ကံကြမ္မာက သတ်မှတ်ပြီးသွားပြီ"

ကြက်ဖကြီး၏ မိုးခြိမ်းသလို အသံက ကောင်းကင်တစ်ခွင်တွင် ပဲ့တင်သံထွက်ပေါ်လာပြီး ဖားပြုပ်ကြီး၏ နားစည်အား တုန်ခါသွားစေကာ သွေးများပင် စီးကျလာစေသည်။

ကြက်ဖကြီးက အရွယ်နှင့်မလိုက် အလွန်လျင်မြန်စွာဖြင့် ဖားပြုပ်ကြီးထံ နှုတ်သီးဖြင့်ဆိတ်လိုက်သည်။ ချက်ချင်းပဲ ဟင်းလင်းပြင်တစ်ခုလုံးက ကြက်ဖကြီး၏ စွမ်းအားကို မတောင့်ခံနိုင်ပဲ ဖန်တစ်ချပ်ကဲ့သို့ အက်ကွဲသွားလေ၏။

ကြက်ဖကြီးက ဖားပြုပ်အား နှုတ်သီးဖြင့် ဆိတ်လိုက်ပြီး ခေါင်းကိုမော့ပြီးမျိုချလိုက်တော့သည်။

'ဒိုမိန်းသခင်ကြီးတစ်ပါး နဲ့ သူတော်စင်တစ်ပိုင်းအဆင့် ကြက်ဖကြီး... ငါဘာတွေများလုပ်မိလို့ ဒီလိုမိစ္ဆာနှစ်ကောင်နဲ့ လာတွေ့ရတာလဲ....'

ထိုသည်များမှာ ဖားပြုပ်ကြီးမသေခင်တွေးလိုက်သည့် အတွေးများဖြစ်လေသည်။ နောက်တစ်စက္ကန့်တွင်တော့ ကြက်ဖကြီး၏ ဝမ်းဗိုက်ထဲရှိ စွမ်းအင်များကြောင့် ဖားပြုပ်ကြီးမှာ အမှုန့်ဖြစ်သွားပြီး စွမ်းအင်များအဖြစ် ပြောင်းလဲသွားလေသည်။

​ကြက်ဖကြီး၏ အမွှေးအတောင်များမှာ မြင့်မြတ်အလင်းတန်များဖြင့် တောက်ပလာသည်။ ထို့နောက် တဖြည်းဖြည်း ပြန်လည်သေးငယ်သွားပြီး ကြက်ခြံထဲသို့ ခမ်းနားထည်ဝါစွာဖြင့် ပြန်လည်ဆင်းသက်သွားတော့သည်။

​"အင်း… တကယ်ကို အလုပ်ဖြစ်သားပဲ"

ကျုံးရှန်က မေးစေ့ကိုပွတ်လိုက်ပြီး ခဏတာတွေးတောလိုက်၏။

"နောက်တစ်ရက်ကျမှ မိုင်တစ်သန်းပတ်လည်က ဖားပြုပ်တွေအကုန်ဖမ်းပြီး ကျွေးရမယ် ငါ့ကြက်တွေပိုပြီးသန်စွမ်းလာတဲ့အခါမှ ကြက်တောင်ပံဟင်း ကြက်ပေါင်း၊ ကြက်အစပ်ချက်တွေ ချက်စားရမယ်"

​ထို့နောက် သူက ကျုံးချီမင်၏ ပခုံးကို ပုတ်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

​"ချီမင်… မင်းလည်း ရှားရှားပါးပါး ရောက်လာတာဆိုတော့ လက်ဗလာနဲ့ မပြန်နဲ့ တောင်နောက်ကျောက ဥယျာဉ်ထဲသွားပြီး အဇူရာတိမ်တိုက် အင်မော်တယ်မက်မွန်သီး တွေကို တစ်ခြင်းအပြည့်ခူးပြီး သွားလိုက်ချည်"

​ကျုံးရှန်က ထွက်ခွာသွားသည်။ ကျုံးချီမင်မှာတော့ နေရာမှာတင် ကြက်သေသေနေမိသည်။

​"ဘိုးဘေး ပြောလိုက်တာက... အဇူရာတိမ်တိုက် အင်မော်တယ်မက်မွန်သီး... တစ်... တစ်ခြင်းလုံးလား"

​ကျုံးချီမင် အံ့အားသင့်နေစဉ်မှာပင် ကျုံးရှန်က ရုတ်တရက် ညီးတွားလိုက်ပြန်သည်။

"အိုက်ရား… ကျူးကျီ ကြောင်ငပျင်း… မှိုသွားခူးတာလေးကို လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလောက်များ အချိန်ယူဖို့ စဥ်းစားနေတာလား"

ကျုံးရှန်က ထိုသို့ပြောလိုက်သောအခါ လေထုက ကွဲအက်သွားပြီး ဝဖြိုးသော အဝါရောင်ကြောင်ကြီး ထွက်လာကာ ပါးစပ်ထဲမှ အရောင်စုံမှိုများကို ထွီးး ခနဲ ထွေးထုတ်ပေးလိုက်သည်။ ထို့နောက် ကျုံးရှန်ကို မျက်စောင်းထိုးကာ ပြန်ပျောက်သွားပြန်သည်။

​ကျုံးရှန်က စိတ်လေဟန်ဖြင့် မျက်လုံးပင့်လိုက်ကာ မှိုများကို ကောက်ယူလိုက်ပြီး ကျုံးချီမင်ဘက် လှည့်ကြည့်လိုက်သည်။

​"ဘာရပ်လုပ်နေတာလဲ ကြက်သွားဖမ်းလေ"

​ကျုံးချီမင် သတိပြန်ဝင်လာသည်။

"ဗျာ… အော် ဟုတ် ဟုတ်ကဲ့ ကျွန်တော်ဖမ်းလိုက်ပါမယ် ဘိုးဘေး"

ဟု ယောင်ယမ်းပြီး ပြန်ဖြေလိုက်သည်။

ပြီးနော​က်တွင် သူ၏မျက်နှာက ဖြူလျော်သွား၏။ မဟုတ်သေးချေ နိယာမနယ်ပယ်၏ အဆင့်နှစ့်ဆယ့်သုံးတွင်ရှိနေသည့် ဖားပြုပ်ကြီးကို တစ်ကိုက်တည်းဖြင့် ဖမ်းစားနိုင်သည့် ထိုရွှမ်းဟွမ်ကြက်ကို သူဖမ်းနိုင်မည်မဟုတ်ချေ။

ကျုံးချီမင်က ကြောက်လန့်တကြားဖြင့် အသည်းအသန်ခေါင်းကိုခါရမ်းရင်း အော်ပြောလိုက်သည်။

​"ဘိုးဘေး… ကျွန်တော်… ကျွန်တော် အဲ့ဒီကြက်ကို မနိုင်ဘူး"

ကျုံးရှန်တစ်ယောက်ကတော့ ငိုရမလို ရယ်ရမလိုဖြစ်သွားသည်။

​"ဘယ်သူက မင်းကို ငါ့ရဲ့ နတ်ဘုရားကြက်ကို ဖမ်းခိုင်းလို့လဲ ခြံထဲမှာ နှစ်တစ်သောင်း သက်တမ်းရှိတဲ့ ရွှမ်ဟွမ်ကြက်တွေ အများကြီးရှိတယ်"

"မင်းရဲ့ နတ်ဘုရားအာရုံနဲ့ စမ်းကြည့် မင်းအာရုံခံလို့ရတဲ့ကောင်တွေက သာမန်ကြက်တွေပဲ မင်းအာရုံခံလို့မရတဲ့ ကောင်တွေကမှ ငါ့ရဲ့ နတ်ဘုရားကြက်တွေ သာမန်ကောင်တွေကို ရွေးဖမ်း”

​ဘိုးဘေး၏ စကားကို ကြားမှ ကျုံးချီမင် သက်ပြင်းချနိုင်တော့သည်။ ​သူသည် အင်္ကျီလက်ကိုပင့်ကာ ကြက်ခြံထဲသို့ ပျံသန်းဝင်ရောက်လိုက်သည်။ ​ချက်ချင်းဆိုသလိုပင် ကြက်ခြံတစ်ခုလုံး ဖရိုဖရဲဖြစ်သွားလေတော့သည်။

"အီးအီးအွတ်။… ဖောင်း…​ အော့် အီးအီးအွတ်"

ကြက်မွှေးများက လေထဲတွင် ပျံဝဲနေပြီး ကျုံးချီမင်၏ မျက်နှာနှင့် ဆံပင်များပေါ်တွင် ကပ်ငြိကုန်သည်။ ယခုလက်ရှိအချိန်တွင် ကျုံးချီမင်သည် မြင့်မြတ်နယ်မြေတစ်ခု၏ ခေါင်းဆောင်ဂိုဏ်းချုပ်ပုံစံ ပျောက်ကွယ်ကာ ညစ်ပတ်စွာဖြင့် ဆော့ကစားနေသည့် ကလေးဆိုးလေးတစ်ယောက်အလား ဖြစ်နေရှာတော့သည်။

All Chapters