← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

ကျုံးရှန်နှင့် ကျုံးချီမင်တို့ ပြန်​ရောက်လာသော အခါတွင် သူတို့က ခပ်ဝဝ နှစ်တစ်သောင်းရွှမ်ဟွမ်ကြ​က် နှစ်ကောင်အား ဆွဲလာကြသည်။

သူတို့ပြန်ရောက်သောအခါ ကောင်းကင်ကြီးသည်မဲမှောင်နေပြီဖြစ်ပြီး ကြယ်များ၏ အလင်းများဖြင့် တောက်ပနေကာ လှပနေ​လျက်ရှိသည်။

​ချင်ထျန်းတောင်ထွတ်က တောက်ပနေပြီး အမှောင်ထုဖုံးလွှမ်းနေသည့် တောင်တန်းတွေကြားတွင် မြေပြင်ပေါ်ကျဆင်းလာတဲ့ ကြယ်တစ်စင်းအလား လင်းလက်နေလျက်ရှိသည်။

​ကျုံးချီမင်က အံ့ဩမင်သက်စွာဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။

​"ဘိုးဘေး… ဘိုးဘေးရဲ့ ချင်ထျန်းတောင်ထွတ်က တကယ့်ကို ကမ္ဘာပေါ်မှာ အကောင်းဆုံးနေရာပါပဲ ကျွန်တော် တော်ဝင် ဘုရင်တွေနဲ့ ရှေးဟောင်းဧကရာဇ်တွေရဲ့ နန်းတော်တွေကို မြင်ဖူးပေမယ့် ဘိုးဘေးရဲ့ အိမ်လောက် မခမ်းနားပါဘူး"

ကျုံးချီမင်က မြောက်ပင့်နေခြင်းမဟုတ်ပေ။ ဤနေရာရှိ ​​လေထုထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များက သိပ်သည်းနေလေပြီး အညစ်အကြေးမရှိပဲ သန့်စင်လှသည်။

ကျုံးချီမင်တစ်ယောက် ဤနေရာတွင် နာရီအနည်းငယ်လောက် နေရုံဖြင့် အလွန်လန်းဆန်းသွားကာ တတ်ကြွနေသကဲ့သို့ ခံစားလိုက်ရသည်။

ဤသည်မှာ မှော်ရေပူစမ်းတွင် စိမ်နေရသလိုဖြစ်ပြီး ယခုညအချိန်သို့ရောက်လာသောအခါ ကောင်းကင်အထက်ရှိ ကြယ်လေးများ၏ ခပ်မှိန်မှိန်အလင်းရောင်က သူ၏ ခန္ဓာကိုယ်အား ဆေးကြောနေသကဲ့သို့ဖြစ်နေပြီး သူ့အား သက်တောင့်သက်သာဖြစ်လာစေသည်။

သူသည် မကြာသေးခင်ကမှ အဆင့်တက်ထားခြင်းဖြစ်သောကြောင့် အုတ်မြစ်ခိုင်မာလာရန်နှင့် အဆင့်အသစ်တွင်နေသားကျရန် ရက်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံရမည်ဖြစ်သည်။

သို့သော် ဘိုးဘေးကြီးရဲ့ တောင်ပေါ်က အိမ်ကလေးထံတွင်တော့ နာရီအနည်းငယ်လောက် ဤအတိုင်းရပ်နေသည်ကပင် အုတ်မြစ်က ခိုင်မာလာသည့်အပြင် ပိုပြီးပါ သန်မာသလို ခံစားနေရလေ၏။

ကျုံးရှန်ကတော့ ဝမ်းသာခြင်းမရှိ သက်တောင့်သက်သာပဲ ဖြစ်ကာ ပျင်းရိနေသည့် အသံဖြင့် ဆက်ပြောလိုက်သည်။

"အင်း… ကြက်တွေကို မှိုနဲ့ရောပြီးတော့ ချက်ထားလိုက် သူတို့ဒီအရွယ်အထိရောက်လာအောင် ငါသေချာဂရုစိုက်ခဲ့ရတာမလို့ အလကားမဖြ​စ်စေနဲ့ ကောင်လေး"

​ကျုံးချီမင်က မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေသည့်ပုံစံဖြင့် ရင်ဘတ်ကို ပုတ်လိုက်လေသည်။

"ဘိုးဘေး… စိတ်မပူပါနဲ့ ကျွန်တော့်ကိုသာ ကြည့်ထားလိုက်ပါ ကြွားတာတော့ မဟုတ်ပါဘူး ကျွန်တော့်ရဲ့ ချက်ပြုတ်တဲ့လက်ရာက တကယ့်ကို ရှယ်ပဲ မြို့ထဲက အတော်ဆုံး စားဖိုမှူးတွေတောင် ကျွန်တော့်လက်ရာကို မြည်းစမ်းပြီးရင် ဆွေမျိုးမေ့သွားစေရမယ်"

​ရွှမ်ဟွမ်ကြက်များသည် အလွန်ထူးခြားဆန်းကြယ်လှပြီး ရှေးဟောင်းငှက်မျိုးစိတ်တစ်မျိုး ဖြစ်လေသည်။

ကြက်သားသည် အရသာရှိလှပြီး စွမ်းအင်များဖြင့် ပြည့်ဝနေသောကြောင့် စားသုံးလိုက်သည်နှင့် ခန္ဓာကိုယ်ကို သန်မာလာစေသည်။

အပြင်လောကတွင်မူ အင်အားကြီးမားသော အုပ်စိုးသူဘုရင်များနှင့် ဂိုဏ်းချုပ်ကဲ့သို့ အင်အားစုများ၏ ခေါင်းဆောင်များသာလျှင် ထိုကြက်တို့ကို စားသုံးနိုင်ကြပြီး ထိုသူများစားသုံးရသည်မှာလည်း သက်တမ်းနုသေးသည့် ကြက်များသာ ဖြစ်ကြသည်။

သို့သော် ကျုံးရှန်၏ ကြက်များမှာမူ နှစ်တစ်သောင်းသက်တမ်းရှိ ရွှမ်ဟွမ်ကြက်များ ဖြစ်ကြကာ အတော်လေး သက်တမ်းရင့်နေပြီဟုပြောနိုင်သည်။

ကြက်၏ အမွေးအတောင်များသည် စိတ်ဝိညာဉ်စွမ်းအင်များဖြင့် တောက်ပနေပြီး အသားသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသန့်စင်နေသည်။ ဤကြက်များပင်လျှင် နိယာမနယ်ပယ်၏ အဆင့် ၉ နှင့် ညီမျှသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

အပြင်လောကတွင် မြို့ရွာများကိုပင် ဖျက်ဆီးနိုင်သည်အထိ အားကောင်းသော ကြက်ကြီးများသည် ဤချင်ထျန်းတောင်ထိပ်တွင်တော့ ညစာတစ်နပ်ထက် မပိုချေ။

ကျုံးချီမင်က စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ချက်ပြုပ်နေစဥ်မှာပင် ရုတ်တရက်ဆိုသလိုပင် တောင်ထိပ်မှ ထူးဆန်းသော လှုပ်ရှားမှုတစ်ခု ပေါ်ထွက်လာခဲ့သည်။

ကျုံးရှန်သည် မော့ကြည့်လိုက်သည်။ သူသည် နတ်ဘုရားအလင်းတန်းတောအုပ်ကို ကြည်လင်တောက်ပနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်လေသည်။

"ငါ့မြေးမလေး မင်း အဆင်သင့်ဖြစ်သွားပြီပဲ"

​ထိုအခိုက် တောအုပ်ထဲမှ ကျယ်လောင်သော ရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။ ထိုအသံများသည် ရှေးဟောင်း မြင့်မြတ်သော တေးသွားများကဲ့သို့ပင်ဖြစ်ကာ နားထောင်သူတိုင်းကို ကြ​က်သီးမွှေးညှင်းများထလာစေသည်။

စိတ်ဝိညာဉ်စွမ်းအင်များသည် ကောင်းကင်ထက်မှ မိုးရေစက်များအလား ကျဆင်းလာပြီး တောအုပ်တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွားလေသည်။

ရုတ်ခြည်းပင် တောက်ပသော ရွှေရောင်အလင်းတန်းကြီးတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။

အလင်းသည် မျက်စိကျိန်းမတတ် လင်းလက်နေပြီး မှောင်မိုက်နေသော ညကို လင်းထိန်သွားစေကာ ကြယ်ရောင်များကိုပင် မှေးမှိန်သွားစေခဲ့သည်။

​ကျုံးထျန်းယွဲ့၏ ဆံနွယ်နက်များသည် လေထဲတွင် ကခုန်နေကြကာ ရွှေရောင်အလင်းတန်းများ ဝန်းရံလျက် သူမက လေထဲသို့ မြင့်တက်လာသည်။

သူမသည် ခြေထောက်တစ်ဖက်ကို ဆောင့်နင်းလိုက်ပြီး လျင်မြန်သော မြှားတစ်စင်းအလား ရှေ့သို့ ပျံသန်းထွက်ခွာသွားသည်။

ပုံမှန်ဆိုလျှင် အဆင့်မြင့်ကျင့်ကြံသူများသာ ပျံသန်းနိုင်ခြင်းဖြစ်သော်လည်း ယခုအခါတွင် ကျုံးထျန်ယွဲ့ကတော့ သက်တောင့်သက်သာဖြင့် ပျံသန်းနေကာ တောင်းတန်းများကြားတွင် သိမ်းငှက်တစ်ကောင်ကဲ့သို့ ဝဲနေသည်။

​တင်းတင်းမှိတ်ထားသော ကျုံးထျန်ယွဲ့၏ မျက်လုံးများက ဖြည်းညှင်းစွာ ပွင့်လာလေသည်။ ထိုအခါ မြေပြင်တစ်ခုလုံးက ငလျင်လှုပ်လာသကဲ့သို့ လှုပ်ခါလာလေပြီး တစ်ပြိုင်နက်တည်းတွင် ကြီးမားသော ရွှေရောင်အလင်းတန်းကြီးတစ်ခုသည် သူမ၏ ရင်ဘတ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ တည့်မတ်စွာ ထိုးတက်သွားသည်။

ရွှေရောင်အလင်းတန်းကြီးသည် မိုင်ပေါင်းများစွာအထိ ကောင်းကင်ယံကို လွှမ်းခြုံသွားကာ ကောင်းကင်ထက်ရှိ ဟင်းလင်းပြင်ကိုပင် အက်ကွဲသွားစေကာ နောက်ကွယ်ရှိ မှောင်မိုက်သောဟင်းလင်းပြင်ကိုပါ ပေါ်လာစေတော့သည်။

​ထို့နောက်တွင် ကောင်းကင်ယံ၌ ကြီးမားသော ရွှေရောင်ပုံရိပ်ကြီးတစ်ခု ပေါ်လာလေကာ ထိုပုံရိပ်သည် သူတော်စင်တစ်ပါး၏ ပုံရိပ်ဖြစ်လေသည်။

ထိုရွှေရောင် သူတော်စင်ကြီးသည် လက်အုပ်ချီထားပြီး မိန်းမငယ်လေး ကျုံးထျန်းယွဲ့ကို ဦးညွှတ်အရိုအသေပေးလိုက်၏။

ရှေးဟောင်းသူတော်စင်တစ်ပါးက ကလေးငယ်တစ်ဦးကို ဦးညွှတ်နေသည်မှာ အလွန်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

ကျုံးရှန်ကတော့ ပျင်းရိသောမျက်နှာဖြင့် ရှိနေဆဲဖြစ်သော်လည်း ကျုံးချီမင်တစ်ယောက်ကတော့ မငြိမ်နိုင်တော့ချေ။

သူ၏ ပါးစ​​ပ်သည် ကြ​​က်ဥသုံးလုံးလောက် ပြစ်ထည့်လျှင်ပင်ဆန့်သည်အထိ အဟောင်းသားဖြစ်နေကာ မျက်လုံးများကလည်း ကျွတ်ထွက်တော့မတတ် ပြူးထွက်နေသည်။

"ဘိုးဘေး… အဲဒီအရိုး​က အဲလောက်တောင် အားကောင်းတယ်လား ယွဲ့အာက ပထမအဆင့်မှာပဲ ရှိသေးတာတောင် ကောင်းကင်ကို ထိုးခွဲပြီး ရှေးဟောင်းသူတော်စင်တ​စ်ယောက်ကိုတောင် ပေါ်လာအောင်လုပ်ပြစ်နိုင်တယ် ဒီအရိုးက အံ့မခန်းပါလား"

ကျုံးချီမင်သည် အတော်လေး တုန်လှုပ်နေမိပြီဖြစ်ကာ သူ၏ခန္ဓာကိုယ်ကလည်း တစ်ဆက်ဆက်ဖြင့် တုန်ယင်နေ၏။ သူသည် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူမလုပ်နိုင်သည့် အံ့ဖွယ်ဖြစ်ရပ်များကို အသက်ရှစ်နှစ်သာရှိသေးသည့် သမီးလေးက လုပ်နေနိုင်ပြီဖြစ်သည်။

ကျုံးရှန်က မျက်နှာတစ်ချက်မပျက်ပဲ ကျုံးချီမင်အား ဆက်ပြီး ရှင်းပြလိုက်သည်။

"သူတော်စင်တာအိုအရိုးက မင်းထင်ထားတာထက် အများကြီး ပိုပြီးတော့ အစွမ်းထက်တယ် ယွဲ့အာရဲ့ ခန္ဓာကိုယ်က စွမ်းအင်တွေ အကုန်လုံးကို မစုပ်ယူနိုင်တော့ သူတော်စင်တာအိုအရိုးက ပိုလျှံနေတဲ့စွမ်းအင်တွေကို အပြင်စွန့်ထုတ်နေတာ မစွန့်ထုတ်ရင် ယွဲ့အာရဲ့ ခန္ဓာကိုယ်က စွမ်းအင်လွန်ကဲမှုကြောင့် ပေါက်ကွဲသွားလိမ့်မယ်"

​ကျုံးရှန်ပြောနေရင်းဖြင့် ရွှေရောင်အလင်းတန်းသည် လျင်မြန်စွာ မှေးမှိန်သွားပြီး သူတော်စင်ပုံရိပ်လည်း ပျောက်ကွယ်သွားလေသည်။ ကျုံးထျန်းယွဲ့သည်လည်း ကောင်းကင်မှ ဖြည်းညှင်းစွာ ပြန်ဆင်းလာသည်။

သူမသည် သူတို့၏ ရှေ့မှောက်တွင် ကျက်သရေရှိစွာဖြင့် သက်ဆင်းလိုက်သည်။ သူမ၏ ပုံစံသည် အလွန် အံ့ဩဖို့ကောင်းပေသည်။

သူမသည် ၈ နှစ်အရွယ်သာ ရှိသေးသော်လည်း ဘုရင်မတစ်ပါးကဲ့သို့ ထည်ဝါနေသည်။ သူမသည် ယခင်က ဒဏ်ရာများနှင့် ညစ်ပတ်ပေရေနေသော မိန်းကလေး မဟုတ်တော့ပေ။

သူမသည် ဖြောင့်တန်းနေသော လှံတစ်ချောင်းကဲ့သို့ မတ်မတ်ရပ်နေပြီး သူမ၏ ဆံနွယ်နက်များကလည်း ပခုံးထက်သို့ လှပစွာ ဝဲကျနေသည်။

​တောအုပ်သည် သူမ၏ ခန္ဓာကိုယ်ကို ကုသပေးခဲ့ပြီး စွမ်းအားကိုလည်း မြှင့်တင်ပေးခဲ့ရာ ယခုအခါတွင်သူမ၏ ကျင့်ကြံခြင်းအဆင့်သည် နိယာမနယ်ပယ်၏ အဆင့်နှစ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ယခုအခါတွင် ယွဲ့အာသည် သူမ၏ ဆန်းကြယ်အရိုးများကို ထုတ်ယူသွားသည့် ချန်ချန်ဆိုသည့် ကောင်မလေးနှင့်ပင် ကျင့်ကြံခြင်းအဆင့် တူညီသွားပြီဖြစ်သည်။

ကျုံးထျန်းယွဲ့က နှောင့်နှေးခြင်းမရှိပဲ ချက်ချင်းပင် အားဖြင့်မာန်ဖြင့် ဒူးထောက်လိုက်၏။

"ယွဲ့အာရဲ့ အသက်ကိုကယ်တင်ပေးတဲ့အတွက် ဘိုးဘေးအပေါ် တင်သွားတဲ့ကျေးဇူးကြွေးကို ယွဲ့အာတစ်သ​က်လုံး ပြန်ဆပ်ပါမယ်"

ကျုံးရှန်က အပြုံးလေးဖြင့် ခေါင်းညိတ်ကာ သူမအား နွေးထွေးပြီး ကြင်နာသည့်မျက်ဝန်းများနှင့် စိုက်ကြည့်လိုက်လေသည်။

"ဒီနေ့ကစပြီး ပါရမီရှင်တွေက မင်းကို စိန်ခေါ်ကြလိမ့်မယ် အံ့မခန်းပါရမီရှင်တစ်ယောက်ရဲ့ လမ်းခရီးက ခက်ခဲကြမ်းတမ်းတယ် အန္တရာယ်လည်း များတယ် သူတော်စင်တွေတောင် သေဆုံးနိုင်တယ် ဒါပေမဲ့ ဒီလမ်းခရီးကို မင်းရွေးချယ်ခဲ့ပြီးပြီမို့ ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့ဆက်လျှောက်ရမယ် မြင့်မြတ်ဂိုဏ်းရဲ့ သိက္ခာကို မကျစေနဲ့"

ကျုံးထျန်ယွဲ့၏ မျက်နှာသေးသေးက လေးနက်သွားကာ သူမ၏မျက်လုံးထဲတို့တွင်လည်း တိုက်ခိုက်လိုစိတ်မီးလျှံများက လောင်ကျွမ်းလာသည်။

"ယွဲ့အာရဲ့ လမ်းမှာပိတ်နေတဲ့ မည်သူကိုမဆို ဘယ်သူကိုမဆို ယွဲ့အာရိုက်ပြစ်မယ်… ယွဲ့အာက ဂိုဏ်းရဲ့ သိက္ခာကိုမချသလို ဘိုးဘေးကိုလည်း အရှက်ရစေမာ မဟုတ်ဘူး"

ယွဲ့အာက အားမာန်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။

သူမ၏ အသံသည် ချစ်စဖွယ်ဖြစ်နေသော်လည်းပဲ အလွန်အမင်းလေးနက်နေကာ ကျုံးရှန်အား စိတ်ကျေနပ်စေသွားသည်။

"စကားမတည်ရင် ငါ့ရှေ့မာ ဘ​ယ်တော့မှ မပေါ်လာနဲ့တော့"

ကျုံးရှန်ကလည်း ဂုဏ်ယူနေသည့် အပြုံးလေးဖြင့် ပြောလိုက်လေသည်။

ပြီးနောက်တွင် မျက်နှာက အပြုံးကပျောက်ကွယ်သွားပြီး ပေါ့ပေါ့ပါးပါးပဲ ဆ​က်ပြောလိုက်၏။

"ကောင်းပြီ… မင်းရဲ့အဘိုး ကြက်စွတ်ပြုတ်လုပ်တာကို သွားကူပေးလိုက်ဦး" ​

ပြောပြီးနောက်တွင် သူ၏ ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ ပြန်မှီချလိုက်သည်။

"သန်းခေါင်တောင်ကျော်တော့မယ် ငါ ဗိုက်ဆာလှပြီ မြန်မြန်လုပ်ကြ"

ဖြောက်…

ကျုံးရှန်က လက်ဖြောက်တစ်ချက် တီးလိုက်ရာ စာအုပ်တစ်အုပ် လက်ထဲသို့ ရောက်ရှိလာသည်။ သူသည် သူတို့နှစ်ယောက်ကို လျစ်လျူရှုပြီး စိတ်ဝင်တစားဖြင့် စာဖတ်နေလိုက်တော့သည်။

ကျုံးထျန်းယွဲ့ ခမျာ တောင့်ခဲသွားလေသည်။ သူမသည် နားမလည်နိုင်စွာဖြင့် ထိုနေရာမှာပင် ကြောင်ရပ်နေမိရှာသည်။

​ဘိုးဘေးက သူမကို ချီးကျူးစကားစကားများ ပြောလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုအခါတွင် စွပ်ပြုတ်ချက်ခိုင်းနေသည်လော။

သူမသည် သူမ၏ အဘိုးဖြစ်သူ ကျုံးချီမင်ကို လှမ်းကြည့်လိုက်မိသည်။ ထိုအခါ သူမ ပို၍ပင် အံ့အားသင့်သွားရသည်။

သူမ၏အဘိုးသည် မြင့်မြတ်နယ်မြေတစ်ခု၏ ခေါင်းဆောင်ဖြစ်သလို အစွမ်းထက်သော ဆရာသခင်ကြီးတစ်ပါးလည်း ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ သူသည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ အင်္ကျီလက်များကို ပင့်တင်ထားလေပြီး တန်ဖိုးကြီးသော ဝတ်ရုံကြိုးကို ခါးစည်းအဖြစ် သုံးကာ ကြက်ခြေထောက်များကို ကိုင်ထားလေသည်။

ထိုမြင်ကွင်းက ရယ်ဖို့ကောင်းနေသော်လည်းပဲ တစ်ချိန်တည်းတွင် ကြည်နူးစရာကောင်းမွန်နေပြန်၏။

"ဟုတ်ကဲ့ပါ ဘိုးဘေး… ယွဲ့အာက ဘိုးဘေးအတွက် အများကြီးအရသာရှိတဲ့ ကြက်စွပ်ပြုတ်ချက်ပေးပါမယ်ရှင့်"

စကားမဆုံးသေးသည့် အချိန်တွင်ပင် သူမသည် ပျော်ရွှင်သော ခြေလှမ်းများဖြင့် အဘိုးဖြစ်သူထံသို့ ပြေးသွားပြီး ညစာချက်ပြုတ်ရန် ကူညီပေးလိုက်တော့သည်။

All Chapters