အခန်း (၁၀)
Vol. 1 Ch. 10
တစ်ချိန်တည်းတွင် ချင်ထျန်းတောင်ထွတ်နှင့် မိုင်သန်းပေါင်းများစွာ ဝေးကွာသောနေရာရှိ စွန့်ပစ်ထားသည့် ခြံဝန်းဟောင်းတစ်ခုအတွင်းတွင် တောက်ပသော အရှိန်အဝါများ ထွက်ပေါ်နေသည့် အမျိုးသမီးငယ်တစ်ဦးသည် တရားထိုင်နေလေသည်။
သူမ၏ ရင်ဘတ်အတွင်းမှ ဖျော့တော့သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး ဆိတ်ငြိမ်အေးချမ်းသည့် အငွေ့အသက်များနှင့်အတူ ကောင်းကင်ယံမှ နတ်ဘုရားတေးသံများကဲ့သို့သော အသံများလည်း တစ်ချက်တစ်ချက် ထွက်ပေါ်နေတတ်သည်။
ထိုအရာများကိုကြည့်ပြီး ကောက်ချက်ချပါက သူမသည် ဆန်းကြယ်ကောင်းကင်အရိုး ကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သိနိုင်သည်။
သူမနှင့် မလှမ်းမကမ်းတွင်တော့ မုတ်ဆိတ်မွှေး ထူထူထဲထဲနှင့် ခန့်ညားထည်ဝါသော အမျိုးသားကြီးတစ်ဦးက တိတ်ဆိတ်စွာ ရပ်နေလေသည်။
ရုတ်တရက်ဆိုသလို အမျိုးသမီးငယ်သည် နေရာမှ ဝုန်းခနဲ ထရပ်လိုက်၏။ သူမ၏ လက်ဝါးနှစ်ဖက်သည် လေဟုန်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေပြီး ပြင်းထန်သော လေပြင်းမုန်တိုင်းများကို ထွက်ပေါ်လာစေသည်။
သူမ၏ ပုံရိပ်သည် လက်ဝါးသိုင်းကွက်များနှင့်အတူ လျင်မြန်ဖြတ်လတ်လှပြီး တစ်ခဏအတွင်းမှာပင် ခြံဝန်းတစ်ခုလုံးတွင် သူမ၏ ပုံရိပ်ယောင်များနှင့် ပြည့်နှက်သွားတော့သည်။
သူမ၏ ပုံရိပ်များ လှုပ်ရှားကခုန်နေသည်နှင့်အမျှ လေထုထဲတွင် ကျားနှင့် ကျားသစ်များ၏ ဟိန်းဟောက်သံများကဲ့သို့ အသံများ ထွက်ပေါ်နေ၏။
ထို့နောက်တွင် သူမ၏ ပုံရိပ်သည် တန့်ခနဲ ဖြစ်သွားပြီး ပုံရိပ်ယောင်များစွာသည် တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားသည်။
အမျိုးသမီးငယ်သည် မျက်လုံးများကို မှိတ်လျက် ငြိမ်သက်စွာ ရပ်နေပြီး သူမ၏ သိုင်းကွက်များကို ပြန်လည် ဆန်းစစ်နေလေသည်။
"မဆိုးဘူးပဲ ခုနှစ်ရက်အတွင်းမှာတင် ကျားနဲ့ ကျားသစ် နည်းစနစ်ကို ကျွမ်းကျင်သွားပြီ… နိယာမနယ်ပယ်ရဲ့ ဒုတိယအဆင့်ကလည်း အခြေခံခိုင်မာပြီး တတိယအဆင့်ကို တက်လှမ်းဖို့ အရိပ်အယောင်တွေတောင် မြင်နေရပြီ"
"ပြီးတော့ တာအိုဧကရာဇ်ရဲ့ အထွတ်အထိပ် နည်းစနစ်ဖြစ်တဲ့ မိုးကောင်းကင်တာအိုလမ်းစဥ်တစ်သောင်းနည်းစနစ် ကိုလည်း ကျွမ်းကျင်နေပြီပဲ မဆိုးဘူး… တကယ်ကို မဆိုးဘူး…"
မုတ်ဆိတ်ထူထူနှင့် ကျုန်းဟုန် က သူ၏ မုတ်ဆိတ်ထူထူကို ပွတ်သပ်ရင်း ချီးကျူးစကား ဆိုလိုက်သည်။
ဤ ချန်ချန် ဆိုသော အမျိုးသမီးသည် မူလက သေမျိုးလောကရှိ သာမန်ကိုယ်ခံပညာဂိုဏ်းတစ်ခု၏ အပြင်စည်းတပည့်လေးသာ ဖြစ်သည်။
အငြင်းပွားမှုတစ်ခုအတွင်း သူမသည် ဂိုဏ်းချုပ်၏သားဖြစ်သူ၏ ပြင်းထန်စွာ ဒဏ်ရာပေးခြင်းကို ခံခဲ့ရပြီး တောရိုင်းထဲရှိ ဂူတစ်ခုအတွင်းသို့ ပစ်ချခြင်း ခံခဲ့ရသည်။
သို့သော် မည်သူကမှ ထင်မှတ်မထားသည့်အချက်မှာ ချန်ချန်သည် ထိုဂူအတွင်း၌ ရှေးဟောင်းတာအိုဧကရာဇ်၏ အထွတ်အထိပ်တာအိုခန္ဓာကို အမွေဆက်ခံရရှိခဲ့လေသည်။
ထိုအခါတွင် ချန်ချန်သည် သာမန်သိုင်းပညာရှင်အဆင့်မှ နေ၍ နိယာမနယ်ပယ်၏ အဆင့်တစ်သို့ တန်းခုန်တက်သွားခဲ့သည်။
သူမ၏ ကျင့်ကြံခြင်းက သတ်မှတ်ချက်နှင့် ကိုက်ညီသွားသောအခါ တာအိုဧကရာဇ် ချန်ထားရစ်ခဲ့သော နတ်ဘုရားသင်္ချိုင်းကိုးခုအနက် ပထမဆုံးတစ်ခုကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။
မုတ်ဆိတ်ထူထူနှင့် ကျုန်းဟုန်သည် ထိုပထမနတ်ဘုရားသင်္ချိုင်းမှ ထွက်ပေါ်လာသူဖြစ်ပြီး ချန်ချန်သည် ကံကြမ္မာက ရွေးချယ်ထားသော ကြီးမြတ်သည့် ကံထူးရှင်ဖြစ်ကြောင်း သူချက်ချင်း သိမြင်ခဲ့သည်။
သူမ ရှေးဟောင်းဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံခြင်းသည် ကောင်းကင်ဘုံ၏ အလိုတော်ပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဧကရာဇ်၏ သေတမ်းစာအရ သူသည် ချန်ချန်၏ တာအိုကာကွယ်စောင့်ရှောက်သူ ဖြစ်လာခဲ့ပြီး သူမအား လေ့ကျင့်သင်ကြားပေးခဲ့သည်။
သူမပိုမိုသန်မာလာသောအခါ ချန်ချန်သည် ပိုမို၍ သွေးအေးပြီးရက်စက်လာကာ သူမအား ဒုက္ခပေးခဲ့သည့် သေမျိုးဂိုဏ်းမှ ဂိုဏ်းချုပ်အပါအဝင် ဂိုဏ်း၏ အမာခံတပည့် ၇၆ ဦးစလုံးကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့သည်။
သူမအား ဒဏ်ရာရအောင် လုပ်ခဲ့သည့် ဂိုဏ်းချုပ်၏ သားကိုမူ လက်ခြေများကို ဖြတ်တောက်ပြီး မျက်နှာနှင့် လိင်အင်္ဂါများကိုလည်း လှီးဖြတ်ပစ်ခဲ့သည်။
ထို့နောက် သွေးထွက်လွန်ပြီး မသေစေရန် သေမျိုးလောက၏ အကောင်းဆုံး ဆေးဝါးများကို တိုက်ကျွေးကာ ဂိုဏ်းတံခါးဝတွင် ချိတ်ထားခဲ့ပြီး သေခြင်းထက် ဆိုးရွားသော ဝေဒနာကို ခံစားစေရန် ထားရစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူမသည် ကျစ်ယာ့စီရင်စု၏ အတောက်ပဆုံးသော ကြယ်တစ်ပွင့် ဖြစ်လာခဲ့သည်။ သူမအား ကျစ်ယာ့စီရင်စုရှိ ရှည်လျားသည့် သမိုင်းကြောင်းရှိသော ရွှမ်းလင် မြင့်မြတ်နယ်မြေ က ခေါ်ယူခဲ့ပြီး မြင့်မြတ်သမီးတော်အဖြစ်ပင် တင်မြှောက်ခြင်း ခံရနိုင်ချေရှိသည်။
ယခုတစ်ခေါက်တွင်မူ နန်ယန်စီရင်စု၌ လေ့ကျင့်နေစဥ် သူမသည် ပထမဆုံးအကြိမ် ခရီးထွက်လာသော ကျုံးထျန်းယွဲ့ နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ကျုံးထျန်းယွဲ့က သူမနှင့် မတိုက်ခိုက်ချင်သော်လည်း ချန်ချန်သည် သူမ၏ ဆန်းကြယ်ကောင်းကင်အရိုး ကို ချက်ချင်း သတိပြုမိသွားခဲ့ရာမှ တိုက်ပွဲစတင်ခဲ့ခြင်း ဖြစ်သည်။
ကျုံးထျန်းယွဲ့၏ အရိုးမှာ အားမနည်းသော်လည်း ကျင့်ကြံခြင်းအဆင့်မှာ အနည်းငယ် နိမ့်ပါးနေခဲ့သည်။ ထို့အပြင် ပြင်းထန်သော တိုက်ပွဲအတွင်း ချန်ချန်၏ တာအိုအစောင့်အရှောက် ကျုန်းဟုန်က ရုတ်တရက် တိုက်ခိုက်လိုက်ရာ ကျုံးထျန်းယွဲ့၏ ကိုယ်ရံတော်နှစ်ဦးစလုံး အသတ်ခံလိုက်ရပြီး နောက်ဆုံးတွင် ထိုကဲ့သို့ ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့ရခြင်းပင်။
ချန်ချန်က မျက်လုံးများကို မှိတ်လျက် တစ်စုံတစ်ခုကို အာရုံခံနေပြီးနောက် ရုတ်တရက် ခေါင်းမော့လာသည်။
"ဆရာကြီးကျုန်း ကျွန်မတို့ နန်ယန်စီရင်စုကို နောက်တစ်ခေါက် ပြန်သွားဖို့ လိုမယ်ထင်တယ်"
"ကျွန်မရဲ့ ဆန်းကြယ်ကောင်းကင်အရိုးက ကောင်းကင်တာအိုရဲ့ ပဲ့တင်ထပ်မှုကို အချက်ပြနေတယ် လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်မအရိုးထုတ်လိုက်တဲ့ ကောင်မလေးက မသေသေးတဲ့အပြင် တခြားအခွင့်အရေးတစ်ခုခုနဲ့ တိုးနေပုံရတယ်"
ကျုန်းဟုန်က မျက်မှောင်ကြုတ်လိုက်သည်။
"ကျုပ် မကြာခင်တုန်းက တောင်ဘက်အရပ်ကနေ ကောင်းကင်ယံကို ထိုးဖောက်သွားတဲ့ ရွှေရောင်အလင်းတန်းကြီးကို မြင်လိုက်ရတယ် အဲဒါက အဲဒီကောင်မလေး ရရှိလိုက်တဲ့ အခွင့်အရေးများလား"
"ပြာပုံထဲကနေ တစ်ဖန်ပြန်လည် မွေးဖွားလာတယ်ဆိုတော့ ဒီမိန်းကလေးကလည်း ကံတရားရဲ့ စောင့်ရှောက်မှုကို ရထားပုံပဲ သခင်မလေးရဲ့ ကျင့်ကြံခြင်းက လုံလောက်အောင် အားမကောင်းသေးဘူး အခုလောလောဆယ် သူ့ကို သွားပြီး ရန်စဖို့ မသင့်တော်သေးဘူး ထင်တယ်"
"သခင်မလေးရဲ့ ကျင့်ကြံခြင်းက ပိုပြီး သန်မာလာတဲ့အထိ စောင့်ပါ တာအိုဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ နတ်ဘုရားသင်္ချိုင်းထဲက ပိုပြီး အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေကို နိုးထလာအောင် လုပ်နိုင်မှ သွားတာ ပိုကောင်းမယ်"
"တကယ်လို့ တစ်ဖက်က မြင့်မြတ်နယ်မြေမှာ အစွမ်းထက်တဲ့ ပညာရှင်တွေ ရှိနေပြီး တစ်ခုခု မှားယွင်းသွားရင် ကျွန်တော် ကျုန်းဟုန်က ကိုယ့်ကိုယ်ကိုယ် သတ်သေရင်တောင် အပြစ်ကြွေးကို ပြန်ဆပ်နိုင်မာ မဟုတ်ပါဘူး"
ကျုန်းဟုန်သည် အလွန်သတိကြီးသူ ဖြစ်သည်။ သူသည် ရှေးဟောင်းကာလ တိုက်ပွဲများစွာကို ဖြတ်သန်းခဲ့ပြီး နတ်ဘုရားများ မိစ္ဆာများနှင့် အခြားအင်အားကြီး မျိုးနွယ်စုများစွာကို တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်သည်။
ထို့ကြောင့် ရှေးဟောင်းဘိုးဘေးကြီးအချို့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူကိုယ်တိုင် သိမြင်ထားသည်။
ချန်ချန်ကတော့ မောက်မာမှုအပြည့်ဖြင့် ပြုံးလိုက်သည်။
"ဆရာကြီးကျုန်း စိတ်ပူစရာမလိုပါဘူး ကျွန်မ သူတို့အကြောင်းကို စုံစမ်းပြီးသားပါ သူတို့ ဂိုဏ်းကတည်ထောင်ခဲ့တာ နှစ်ပေါင်း တစ်သိန်းတစ်သောင်းတောင် မပြည့်သေးဘူး"
"ဂိုဏ်းထဲမှာ အစွမ်းအထက်ဆုံးဆိုတဲ့ အရင်ဂိုဏ်းချုပ် ကျုံးချီသောက် တောင်မှ နိယာမနယ်ပယ်ရဲ့ အဆင့် ၂၅ မှာပဲ ရှိသေးတာ လက်ရှိဂိုဏ်းချုပ် ကျုံးချီမင် ကတော့ ပိုတောင် သနားစရာကောင်းသေးတယ် သူက နှစ်ပေါင်း ၆၀၀၀ လောက် ကျင့်ကြံခဲ့ပေမဲ့ အဆင့် ၂၃ မှာပဲ ရှိနေသေးတယ်လေ"
"ကျွန်မတို့ရဲ့ နည်းစနစ်တွေနဲ့ဆိုရင် အသာလေး ထွက်ပြေးနိုင်ပါတယ် ကျွန်မတို့ နန်ယန်စီရင်စုကို လေ့ကျင့်ဖို့ မလာခင်ကတည်းက ကျွန်မတို့ ဂိုဏ်းချုပ်က နန်ယန်မှာရှိတဲ့ အင်အားစုတွေနဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေအကြောင်း အကုန်ပြောပြထားပြီးသား ကျွန်မ ဒီခရီးစဥ်အတွက် ယုံကြည်ချက် အပြည့်ရှိတယ်"
"သူမ ဘယ်လိုအခွင့်အရေးပဲ ရခဲ့ရပါစေ နောက်ဆုံးတော့ ကျွန်မရဲ့ ခြေနင်းခံ ကျောက်တုံးထက် ပိုမှာမဟုတ်ဘူး"
ကျုန်းဟုန်က ထိုစကားကို ကြားသောအခါ ကျေနပ်အားရမှု အပြည့်ဖြင့် ခေါင်းညိတ်လိုက်ကာ ပြုံးလိုက်သည်။ ဤအမျိုးသမီးသည် အလုပ်လုပ်ရာတွင် သေချာစေ့စပ်ပြီး ရန်သူကိုလည်း ကောင်းကောင်း သိထားသူဖြစ်သည်။
သူမသည် မကြာခင်မှာပင် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ပြီး ရှေးဟောင်းဧကရာဇ်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မည်မှာ မလွဲဧကန်ပင်။
"ကောင်းပြီ… ဒီနေရာကနေ နန်ယန်ကို သုံးရက်ပဲ ခရီးနှင်ရမယ် အခုပဲ ထွက်ကြစို့"
ပြောပြီးသည်နှင့် သူသည် စိတ်ဝိညာဥ်စွမ်းအားဖြင့် ချန်ချန်ကို ဝန်းရံလိုက်သည်။ ထို့နောက် ရှေးဟောင်း ဟင်းလင်းပြင် ကူးပြောင်းခြင်း နည်းစနစ်ကို အသုံးပြုကာ အနက်ရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲပြီး ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကာ ဦးတည်ရာသို့ ထွက်ခွာသွားတော့သည်။
--------------
မြင့်မြတ်နယ်မြေအတွင်းရှိ အနောက်ဘက် ဥယာဥ်ထဲတွင် အစွမ်းထက်ကျင့်ကြံသူ နှစ်ယောက်ရှိနေသည်။
"မရဘူး… လုံးဝ မရဘူး…"
"ဂိုဏ်းချုပ်ရာထူးကို ဘာအကြောင်းပြချက်မှမရှိဘဲ ငါ့ကို ဘာလို့ လာလွှဲပေးတာလဲ"
"ဘိုးဘေးကြီး သတ်မှတ်ထားတဲ့ စည်းကမ်းအရ ဂိုဏ်းချုပ်တစ်ဦးဟာ တိုက်ပွဲမှာ ကျဆုံးတာ ဒါမှမဟုတ် ဘိုးဘေးတွေရဲ့ စည်းကမ်းကို ဖောက်ဖျက်တာမျိုး မရှိရင် နှစ်ပေါင်း ၈၀၀၀ ပြည့်အောင် အုပ်ချုပ်ရမယ်လေ"
"ချီမင်… မင်း ဂိုဏ်းချုပ်လုပ်တာ နှစ်ပေါင်း ၂၀၀၀ ကျော်ပဲ ရှိသေးတယ် ၈၀၀၀ ပြည့်ဖို့ အဝေးကြီး လိုသေးတာကို မင်းက အနားယူတော့မလို့လား"
"မင်း ခွေးပါးစပ်တွေကနေ ထွက်လာတဲ့ ကောလဟာလတွေကို နားယောင်ပြီး ငါက အနောက်ဘက် သဲကန္တာရမှာ အင်အားစုစည်းပြီး ပုန်ကန်ချင်နေတယ်လို့ ထင်နေတာလား"
ရုပ်ချင်း ဆင်တူလှသော အမျိုးသားနှစ်ဦးသည် ကျောက်စိမ်းစားပွဲဝိုင်းတွင် ဝိုင်သောက်ရင်း စကားပြောနေကြသည်။
သူတို့မှာ ကျုံးချီမင်နှင့် သူ၏ ညီဖြစ်သူ ကျုံးချီထျန်းတို့ ဖြစ်ကြသည်။ သူတို့နှစ်ဦးမှာ ညီအစ်ကိုရင်းချာများဖြစ်ပြီး ငယ်စဥ်ကတည်းက အတူတူ ကြီးပြင်းလာကာ သံယောဇဥ် အလွန်နက်ရှိုင်းကြသူများ ဖြစ်သည်။
စိတ်မရှည်တတ်သော ကျုံးချီထျန်းက စကားပြောရင်း ဝုန်းခနဲ ထရပ်လိုက်သည်။
"ငါက ဂိုဏ်းချုပ်ရာထူးကို အာရုံမရှိဘူး စိတ်လည်းမဝင်စားဘူး ငါ့အကိုရဲ့ သက်တမ်းကုန်ဆုံးချိန်ကျမှ ငါတို့ ညီအစ်ကိုနှစ်ယောက် အတူတူ လောကကြီးအနှံ့ကို ခရီးသွားကြဖို့ပဲ တွေးထားတာ"
သူ၏ အစ်ကိုဖြစ်သူ စကားကို ကြားသောအခါ ကျုံးချီမင်က ပြုံးလိုက်ပြီး လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်သည်။
"ညီငယ်… စိတ်မလောပါနဲ့ ဒီရာထူးလွှဲပြောင်းမှုက ဘိုးဘေးကြီးရဲ့ ဆန္ဒအတိုင်းပါပဲ"
ကျုံးချီထျန်းက ဘိုးဘေးကြီး၏ အကြောင်းကိုကြားသောအခါ သံသယများဖြင့် ပြန်ထိုင်လိုက်သည်။
"ညီငယ်… ညီငယ် ဒီနေ့မှ ဂိုဏ်းကို ပြန်ရောက်တာဆိုတော့ မသိသေးဘူး ထင်တယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ယွဲ့အာ ခရီးထွက်ရင်း အရမ်းပြင်းထန်တဲ့ ဒဏ်ရာရခဲ့တယ် သူရဲ့ ဆန်းကြယ်ကောင်းကင်အရိုးလည်း အထုတ်ခံလိုက်ရပြီး သူရဲ့ တာအိုအုတ်မြစ်က လုံးဝ ပျက်စီးသွားခဲ့တာ"
ကျုံးချီမင်ထိုသို့ ပြောလိုက်သည်နှင့် ကျုံးချီထျန်းထံမှ အလွန်ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာ၏။
ကျုံးချီထျန်း ရှေ့ရှိ ဖြူဖွေးသော ကျောက်စိမ်းစားပွဲကြီးသည် အစိပ်စိပ်အမွှာမွှာဖြစ်သွားကာ ကြေမွသွားတော့သည်။
ဤသည်မှာ သူနှစ်ပေါင်းများစွာ အနောက်ဘက်နယ်စပ်တွင် ဟွမ်ရှားလူမျိုးစုကို တိုက်ခိုက်ရင်း ရရှိလာသည့် စစ်နတ်ဘုရားတစ်ဦး၏ အရှိန်အဝါပင် ဖြစ်သည်။
ကျုံးချီမင်သာ ထိုအရှိန်အဝါအား အချိန်မီ တားဆီးမပေးခဲ့ပါက ဤဥယာဥ်ကြီးတစ်ခုလုံးမှာ ပြာအတိ ဖြစ်သွားလိမ့်မည်ဖြစ်ကာ အစေခံများလည်း ထိုစွမ်းအားအောက်တွင် အပိုင်းပိုင်း ပြတ်သွားလိမ့်မည် ဖြစ်သည်။
ဟွမ်ရှားလူမျိုးစုများအကြားတွင် ကျုံးချီထျန်းအား ခေါ်ဝေါ်ကြသည့် နာမည်တစ်ခု ရှိလေသည်။ ထိုသည်မှာ ဟွမ်ရှား စစ်နတ်ဘုရား ဟူ၍ပင်ဖြစ်၏။