← Chapters

အခန်း (၁၁)

Vol. 2 Ch. 11

အခန်း (၁၁)

Vol. 2 Ch. 11

"ဘာကွ… သူတို့က ယွဲ့အာကို အဲလောက်ထိ ရက်ရက်စက်စက်လုပ်ခဲ့ကြတယ်ပေါ့ ဘယ်လိုတောင် ယုတ်မာတဲ့ မိစ္ဆာတွေလဲ"

ကျုံးချီထျန်းက ထိန်းချုပ်မရနိုင်သော ဒေါသများဖြင့် ဟိန်းဟောက်လိုက်သည်။

​"ဘယ်ကောင်လဲ… ဘယ်ဂိုဏ်းကလဲ… မြင့်မြတ်နယ်မြေကလား… အင်မော်တယ်မင်းဆက်ကလား… ငါတို့ရဲ့ မြင့်မြတ်နယ်မြေတစ်ခုလုံး နေရာရွှေ့ပြီး ပုန်းအောင်းရမယ်ဆိုရင်တောင် ငါအကုန် သတ်ပြစ်မယ်"

ကျုံးချီထျန်းသည် အရူးတစ်ယောက်ကဲ့သို့ အားကုန် အော်ဟစ်နေပြီး သူ၏အသံကြောင့် လေထုပင် တုန်ခါသွားသည်။

တစ်ချိန်တည်းတွင် သူ၏အနောက်တွင် လက်ခြောက်ဖက်ပါသည့် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ကြီးတစ်ခုက ကောင်းကင်အထိထိုးတက်လာသည်။

ထိုပုံရိပ်ကြီး၏ လက်ခြောက်ဖက်လုံးထံတွင် သွေးစွန်းနေသည့် လက်နက်ကြီးများကို ကိုင်ဆောင်ထားပြီး ဘယ်ညာ ရမ်းနေကြ၏။

တစ်ခဏအတွင်းမှာပင် လှပသော ဥယျာဉ်နောက်ဖေးတစ်ခုလုံးကို အနက်ရောင်မိစ္ဆာစွမ်းအင်များက လျင်မြန်စွာဖုံးလွှမ်းသွားသည်။

ငြိမ်နေသည့်လေသည်လည်း ထန်လာကာ လေထဲတွင် နာကျင်မှုအပြည့်ဖြင့် ညီးညူနေကြသည့် ငရဲမှမကောင်းဆိုးဝါးများကို ကြားနေရသလို အမှောင်ထုက အလင်းရောင်ကို ဝါးမြိုသွားကာ ပတ်ဝန်းကျင်သည် လုံးဝကို အမှောင်ကျသွားတော့သည်။

ဤသည်မှာ ကျုံးချီထျန်း၏ အထူးစွမ်းရည်ဖြစ်သည့် ရှေးဟောင်းနတ်ဆိုးကျင့်စဥ် အပြစ်ကြွေးငရဲကြီးခြောက်ထပ်​ပင်ဖြစ်သည်။

ဤစွမ်းရည်မှာ ဟင်းလင်းပြင်မိစ္ဆာများထံမှလာသော ဒဏ္ဍာရီလာစွမ်းရည်တစ်ခုဖြစ်ပြီး ရန်သူများကို တိုက်ခိုက်ရာတွင် ငရဲကြီးခြောက်ထပ်အား ဖန်တီးနို​င်၏။ ထိုငရဲကြီးခြောက်ထပ်သည် ရန်သူများ​ကို အိမ်မက်ဆိုးထဲသို့ ဆွဲထည့်ကာ ဝိညာဉ်များကို ညှင်းပန်းနှိပ်ဆက်နိုင်စွမ်းရှိသည်။

ရန်သူက အလွန်သန်မာလွန်သောကြောင့် ထိုသည်က အလုပ်မဖြစ်ပါကလည်း ကျုံးချီထျန်းအနေဖြင့် ငရဲခြောက်ထပ်လုံးကို စုပေါင်းပြီး ဧရာမမိစ္ဆာတစ်ကောင်တည်းအဖြစ်သို့ အသွင်ပြောင်းကာ ရန်သူကို ဆက်လက်ပြီး တိုက်ခိုက်နိုင်ဦးမည်ဖြစ်သည်။

ဤကြောက်မက်ဖွယ် စွမ်းရည်များကြောင့် ​လူများက သူ့ကို သဲကန္တာရ၏ စစ်နတ်ဘုရားဟု ခေါ်ဆိုကြသည်။

​ကျုံးချီထျန်းက ဒေါသကိုထိန်းချုပ်ကာ သူ၏ အသက်ရှုသံကို ပြန်လည်ထိန်းညှိလိုက်သောအခါ လက်ခြောက်ဖက်ပုံရိပ်ကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

"ယွဲ့အာ အခု ဘယ်မှာလဲ သူအခု ဘယ်မှာကုသနေလဲ ငါ့မှာ သူ့ခန္ဓာကိုယ်ကို ကုသပေးနိုင်မဲ့ ရှေးဟောင်းဆေးဝါး ရှိတယ်"

ကျုံးချီထျန်းက မိုးမီးလောင်နေသကဲ့သို့ စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

​ကျုံးချီမင်ကတော့ ကမ္ဘာပျက်သွား မတတ်ဖြစ်နေသည့် သူ့ညီနှင့် ဆန့်​​ကျင်ဘက်ပင်ဖြစ်ကာ ပျော်ရွှင်စွာ ပြုံးလိုက်သည်။

"ယွဲ့အာရဲ့ ကံဆိုးမှုတွေက ကောင်းချီးမင်္ဂလာအဖြစ် ပြောင်းလဲသွားပြီ"

"သူက ဆန်းကြယ်ကောင်းကင်အရိုးကို ဆုံးရှုံးလိုက်ရပေမဲ့ ပိုကောင်းတဲ့အရာကို ရလိုက်တယ် လွန်ခဲ့တဲ့ ရက်ပိုင်းက နန်ယန်စီရင်စုရဲ့ ကောင်းကင်ထက်မှာ ဖြစ်ပေါ်လာခဲ့တဲ့ ရွှေရောင်အလင်းတန်းကြီးကို မင်းမြင်လိုက်တယ်မလား"

​ကျုံးချီထျန်း ခေါင်းညိတ်လိုက်သည်။

"မြင်တာပေါ့… အဲဒီအလင်းတန်းက မိုင်ထောင်ချီပြီး ကောင်းကင်ကြီးကို ထိုးခွဲသွားတာလေ လူတိုင်းက သူတော်စင်တစ်ပါး ထွက်ပေါ်လာတယ်လို့ ပြောနေကြတာ"

​"ဟင်…"

ပြောနေရင်းဖြင့်ပင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား ကျုံးချီထျန်း၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်ခဲသွားပြီး မျက်လုံးများက ကျွတ်ထွက်တော့မတတ် ပြူးကျယ်သွားသည်။

"မဖြစ်နိုင်တာ...အဲဒီအလင်းတန်းက..."

​"ဟား…ဟား…ဟား…"

ကျုံးချီမင်က ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်ပြီး လက်ခုပ်တီးလိုက်သည်။

"ဟုတ်တယ်… အဲဒီ ထူးဆန်းတဲ့ အလင်းတန်းက ယွဲ့အာဆီကနေ လာတာ သူက နတ်ဘုရားအရိုးငါးခုထဲက တစ်ခုဖြစ်တဲ့ သူတော်စင်တာအိုအရိုး ကို နှိုးထလိုက်တဲ့အချိန်မှာ ဖြစ်ပေါ်လာတာလေ"

​ကျုံးချီမင်က စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။

"ယွဲ့အာမှာ အခုဆိုရင် နတ်ဘုရားအရိုးနဲ့ နတ်ဘုရားအလင်းတန်းတွေကြောင့် သန်မာတဲ့ ခန္ဓာကိုယ် ရှိနေပြီ"

"သူက သူတော်စင်တစ်ပါးရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဒီခေတ်ရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်လာပြီ ဒီအရာတွေအားလုံးက ငါတို့ရဲ့ ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးဆီက ရခဲ့တာ"

​ထို့နောက် ကျုံးချီမင် မတ်မတ်ရပ်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ်ရာထူးကို မင်းကိုလွှဲပေးဖို့ကလည်း ဘိုးဘေးကြီးရဲ့ အမိန့်ပဲ"

​ပြောပြီးနောက်တွင် သူက အဝေးရှိ မသေမျိုးတောင်တန်းဆီသို့ ရိုသေစွာ ဦးညွှတ်လိုက်သည်။

​ကျုံးချီထျန်းကတော့ တံတွေးကို ထိတ်လန့်နေဟန်ဖြင့် မျိုချလိုက်မိသည်။

"ဘာ... ဘိုးဘေး... ဘိုးဘေးရှန်က အသက်ရှိသေးတယ် ဟုတ်လား"

သူက မယုံကြည်နိုင်စွာဖြင့် အထစ်ထစ်အငေါ့ငေါ့ မေးလိုက်သည်။

"သူက နှစ်ပေါင်းတစ်သိန်းလောက် တံခါးပိတ်ကျင့်ကြံနေခဲ့တာလေ အခုထက်ထိကို အသက်ရှင်နေသေးတယ်ဆိုတော့ ဘိုးဘေးရဲ့ စွမ်းအားက ဒီကမ္ဘာမှာ ပြိုင်ဘက်ကင်းနေလောက်ပြီ"

ကျုံးချီမင်ပြောသည့် သတင်းက ကြီးမားလွန်းလှသဖြင့် ကျုံးချီထျန်း ခေါင်းပင်မူးသွားသည်။

​"ငါ ရှေးဟောင်းမှတ်တမ်းတွေ ဖတ်ဖူးတယ်"

ကျုံးချီထျန်းက ကြောက်ရွံ့ရိုသေစွာဖြင့် ရေရွတ်လိုက်သည်။

"ငါတို့ရဲ့ ဘိုးဘေးရှန်က ဘယ်ကမှန်းမသိဘဲ ရောက်လာပြီးတော့ ပြိုင်ဘက်ကင်းဖြစ်ခဲ့တာ"

"ပြီးတော့ မသေမျိုးတောင်တန်းမှာ ရုတ်တရက် အနားယူသွားခဲ့တယ် နှစ်ပေါင်းများစွာကြာအောင် လူတွေက သူ့ကို ရှာဖို့ကြိုးစားကြပေမဲ့ သေတဲ့လူကသေ ကြောက်ပြီးထွက်ပြေးတဲ့လူကပြေးနဲ့လေ အစ်ကိုကြီး... အစ်ကိုက တကယ်ပဲ သူ့ကို တွေ့ခဲ့တာလား ပြီးတော့ သူက ယွဲ့အာကို ကယ်ခဲ့တာလား"

​"ဒါဆို ဘိုးဘေးက ကျင့်ကြံခြင်း လောကထဲကို ပြန်ထွက်လာတော့မှာလား"

ကျုံးချီထျန်းက တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။ အကယ်၍ ဘိုးဘေးသာ အသက်ရှိနေသေးလျှင် သူသည် ကျိန်းသေပေါက် နိယာမနယ်ပယ်၏ အဆင့်နှစ်ဆယ့်ရှစ် သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေလောက်ပြီဖြစ်သည်။

​ကျုံးချီမင်က ခေါင်းခါလိုက်သည်။

"ငါလည်း မသေချာဘူး ဘိုးဘေးက ယွဲ့အာကို သန်မာလာအောင် ကျင့်ကြံဆိုပြီးပဲ ပြောခဲ့တာ တောင်ပေါ်ကဆင်းမယ်လို့ မပြောဘူး ဒါပေမဲ့ သူက ငါတို့အကြောင်း အကုန်သိနေတယ် ညီလေး… မင်း ဂိုဏ်းချုပ်အသစ်အနေနဲ့ ကြိုးစားရမယ်"

​"မနက်ဖြန်ကျရင် မင်းရဲ့ ဂိုဏ်းချုပ်အခမ်းအနားလုပ်မယ်… ပြီးရင် ငါ ယွဲ့အာကိုခေါ်ပြီး အနောက်ဘက် သဲကန္တာရ စစ်မြေပြင်ကို သွားမယ် သူမ သန်မာလာဖို့အတွက် ဟွမ်ရှားလူမျိုးစုနဲ့ တိုက်ခိုက်ဖို့လိုတယ် သူမက ငါတို့ရဲ့ အကာအကွယ်အောက်မှာပဲ ထာဝရ ပုန်းနေလို့ မရဘူး"

"ဖန်လှောင်အိမ်ထဲက ပန်းတွေက အကြမ်းမခံဘူး…"

​ကျုံးချီထျန်းက ခပ်မြန်မြန်ပဲ ခေါင်းညိတ်လိုက်သည်။

"ဒါတွေက ဘိုးဘေးရဲ့ ဆန္ဒဆိုရင် ကျွန်တော် ကျေကျေနပ်နပ်ကြီးကို လက်ခံပါတယ်"

ကျုံးချီမင်ကလည်း ဝမ်းသာနေသော အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ ပြီးနောက်တွင် သူက အလွန်သတိထားနေဟန်ဖြင့် ခပ်တိုးတိုးလေး ပြောလိုက်သည်။

"ဒါက လျှို့ဝှက်ချက်ပဲ မင်း ငါနဲ့ ယွဲ့အာ သုံးယောက်ပဲ ဘိုးဘေးအကြောင်းကို သိရမယ်"

ကျုံးချီမင်က ပြောပြီးသည်နှင့် စိတ်ဝိညာဉ်စွမ်းအင်များပါဝင်သည့် လေတစ်ချက် မှုတ်ထုတ်လိုက်သည်။

ထိုအခါချက်ချင်းပင် ဥယျာဉ်ထဲရှိ အစေခံများနှင့် အပျိုတော်များအားလုံး မြေပြင်ပေါ်သို့ လဲကျသွားပြီး သူတို့၏ မှတ်ဉာဏ်များက အမှိုက်ရှင်းသကဲ့သို့ လုံးဝရှင်းသွားတော့သည်။

​"စိတ်မပူပါနဲ့ အစ်ကိုကြီး ကျွန်တော် ဒီလျှို့ဝှက်ချက်ကို အသက်နဲ့ရင်းပြီး ကာကွယ်ပါ့မယ်"

ကျုံးချီထျန်းက ပြတ်သားစွာ ကတိပေးလိုက်သည်။

​စားပွဲအဟောင်းကို ကျုံးချီထျန်းက ဖျက်ဆီးပြစ်လိုက်ပြီဖြစ်သောကြောင့် ညီအစ်ကိုနှစ်ယောက် စားပွဲဝိုင်းအသစ်တွင် သွားထိုင်လိုက်ကြသည်။

ကျုံးချီမင်ထံတွင် အဇူရာတိမ်တိုက် အင်မော်တယ်မက်မွန်သီးများ ခြင်းလိုက်ကြီး တစ်ခြင်းရှိကြောင်းကို သိလိုက်ရသောအခါ ကျုံးချီထျန်းတစ်ယောက် မျက်လုံးများ ကျွတ်ထွက်သွားတော့မတတ် ပြူးထွက်လာသည်။

ကျုံးချီထျန်းက မက်မွန်သီးခြင်းတစ်ဝက်အား မရမက ဓားပြတိုက်သွားကာ ရွှမ်ဟွမ်ကြက်စွတ်ပြုတ်မှ အသားမကျန်တော့သည့် အရိုးများကိုပင် ယူသွားသေးသည်။ သူ၏အဆိုအရဆိုလျှင် သူ၏ စိတ်ဝိညာဉ်သားရဲများကို ကျွေးမည်ဟုပြောသော်လည်း ကျုံးချီမင်ကတော့ သကောင့်သားအား သံသယဝင်နေသည့် အကြည့်ဖြင့် ကြည့်လိုက်ဆဲဖြစ်သည်။

ထိုတစ်နေ့လုံး ဥယျာဥ်ထဲတွင် ညီအစ်ကိုနှစ်ယောက်၏ ပျော်ရွှင်စွာ ရယ်မောသံများဖြင့် ပြည့်နှက်နေတော့သည်။

​နောက်တစ်နေ့တွင် ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေက ကြေညာချက်ကြီးတစ်ခု ထုတ်ပြန်လိုက်သည်။

​ကျုံးချီမင်က နှစ်တစ်ထောင် တံခါးပိတ်ကျင့်ကြံအားထုတ်ရန် အနားယူမည်ဖြစ်ပြီး သူ့ညီ ကျုံးချီထျန်းက ဂိုဏ်းချုပ်အသစ် ဖြစ်လာကြောင်း ကြေညာလိုက်သည်။

တစ်တိုင်းပြည်လုံး သုံးရက်တိတိ ပျော်ပွဲရွှင်ပွဲ ကျင်းပကြပြီး အခွန်အခများကိုလည်း အချိန်အတိုင်းအတာ တစ်ခုအထိ ကင်းလွတ်ခွင့် ပေးလိုက်သည်။

​ထိုအချိန်တွင် အနောက်ဘက် ကောင်းကင်ယံထက်၌ ပေတစ်ထောင်ခန့်ရှည်သော သင်္ဘောကြီးတစ်စင်းသည် တိမ်တိုက်များကို ဖြတ်သန်းပြီး သဲကန္တာရဆီသို့ ပျံသန်းနေသည်။

သင်္ဘောဘေးတွင် ကျုံးဟူသော စာလုံးကြီးကို ရေးထိုးထားသည်။ ထိုလှေသည် ယင်ထျန်းလှေဖြစ်ကာ သက်ဆိုင်ရာနယ်ပယ်တွင် ဆရာကြီးများဆိုသည့် အကောင်းဆုံးသော ပညာရှင်များက ဝိုင်းဝန်းပြီး တည်ဆောက်ထားသော စစ်သင်္ဘောပျံကြီးပင် ဖြစ်သည်။

စစ်သင်္ဘောပျံသည် လူတစ်သောင်းကို တင်နိုင်သည်အထိ ကြီးမားလှပြီး အစွမ်းထက်လှပါသည်ဆိုသော ရွှေအမြုတေအ​ဆင့် ကျွမ်းကျင်သူများ၏ တိုက်ခိုက်ချက်များကိုတောင့်ခံထားနိုင်သည်။

စစ်သင်္ဘောကြီးတွင် ပြန်လည်တိုက်ခိုက်ရန်အတွက်လည်း ​ဧရာမအနီရောင်အမြှောက်ကြီး နှစ်လက်အဆင်သင့်ရှိနေသေးသည်။

​ကျုံးချီမင်က သင်္ဘောဦးတွင် ရပ်ကာ အောက်မှ ကမ္ဘာလောကကြီးကို ကြည့်ရှုနေသည်။ သူ့အနောက်တွင်တော့ ယွဲ့အာက လက်သီးထိုးကာ ကြိုးစားပမ်းစားဖြင့် လေ့ကျင့်နေလေသည်။

​သူမ၏ လှုပ်ရှားမှုများက နှေးကွေးသော်လည်း လက်သီးချက်တိုင်းက လေထုထဲတွင် လေးလံသော အသံများကို ဖြစ်ပေါ်စေသည်။ သူမသည် ချွေးများရွှဲနစ်နေသည်အထိ အချောင်မခိုပဲ အကောင်းဆုံးလေ့ကျင့်နေသည်။

ခဏကြာသောအခါ ​သူမက အနားယူပြီး ဆေးလုံးတစ်လုံး စားလိုက်ချိန်မှာပင် ကြီးမားသော သင်္ဘောကြီးသည် ပြင်းထန်စွာဖြင့် တုန်ခါသွားလေသည်။

"ဝုန်း…"

​"ကျုံးထျန်းယွဲ့… နင်က ကံကောင်းတာပဲ"

ကောင်းကင်ယံမှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။

"နင်ရဲ့ အရိုးကို အထုတ်ခံလိုက်ရတာတောင် မသေဘဲ ပိုကောင်းတဲ့အရာကို ရလိုက်တယ်ပေါ့"

သင်္ဘောကြီး၏ အထက်တွင်မူ ပုံရိပ်နှစ်ခုသည် လေထဲတွင် မာနကြီးစွာဖြင့် ရပ်နေကြပြီး သူတို့ကို ပုရွက်ဆိတ်များအလား ငုံ့ကြည့်နေကြသည်။

ထိုစိတ်အနှောက်အယှက် ဖြစ်စရာကောင်းသည့် မိန်းကလေးအသံက ဆက်လက်ပြီးပြောလာသည်။

"ဟွန့်… နင်မှာသာ ဉာဏ်ရှိရင် အဲဒီအခွင့်အရေးကို အခုပဲ လွှဲပေးလိုက် အဲတာဆိုရင် ငါ နင်ကို အသက်ချမ်းသာ ပေးချင်ပေးလိမ့်မယ်"

အသံပိုင်ရှင်က မောက်မာစွာဖြင့် ဆက်လက်ပြီး ခြိမ်းခြောက်လိုက်သည်။

"နင်သာ ငြင်းဆန်မယ်ဆိုရင် နင်တင်သေရမှာတင်မကဘူး နင်ရဲ့ ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေကိုပါ မြေလှန်ပြစ်မယ်"

All Chapters