← Chapters

အခန်း (၁၃)

Vol. 2 Ch. 13

အခန်း (၁၃)

Vol. 2 Ch. 13

"ဟမ့်… သနားစရာကောင်းတဲ့ အကောင်"

"မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းနေလောက်ရောပေါ့"

​ကျုန်းဟုန် စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကြီးတစ်ခုလုံး ရုတ်တရက် မဲမှောင်သွားကာ ကမ္ဘာပျက်မတတ် ဖြစ်သွားတော့သည်။

​ကျုန်းဟုန်၏ ခန္ဓာကိုယ်ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာ၏။

ရှေးဟောင်းနတ်ဆိုးကြီးတစ်ကောင် လူ့လောကသို့ ဆင်းသက်လာသကဲ့သို့ သူ၏ အရှိန်အဝါသည် လေထုတစ်ခုလုံးကို ဖိသိပ်ကာ ကောင်းကင်ယံအနှံ့ လွှမ်းခြုံသွားလေသည်။

​ယင်ထျန်းလှေပေါ်ရှိ အစောင့်များအားလုံး ထိန်းချုပ်မရနိုင်သော ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေကြသည်။ သူတို့၏ ဒူးများပျော့ခွေသွားကာ ကုန်းပတ်ပေါ်သို့ မလွန်ဆန်နိုင်ဘဲ ဒူးထောက်ကျသွားကြတော့သည်။

​ကျုံးထျန်းယွဲ့ကမူ လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။

သူမက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူမ၏ သေးငယ်သော မျက်နှာလေးထက်တွင် အရှုံးမပေးလိုစိတ်များနှင့် ကြောက်ရွံ့မှုမရှိသော သတ္တိတရားတို့ ပြည့်နှက်နေသည်။

​သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်တာအိုအရိုးသည် ကြယ်တာရာများကဲ့သို့ လင်းလက်တောက်ပနေပြီး သူမ၏ အနောက်တွင် သူတော်စင်တစ်ပါး၏ ပုံရိပ်ယောင်သည် ထပ်ခါတလဲလဲ ပေါ်လာနေလေသည်။

​ဤအရိုးတစ်ရာသူတော်စင်တာအိုအရိုးသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး စတင်ဖြစ်တည်ကတည်းက ရှိခဲ့သော ကြီးမြတ်သည့် နတ်ဘုရားအရိုးငါးမျိုးထဲမှ တစ်ခုဖြစ်ပြီး သဘာဝအလျောက် သူတော်စင်တစ်ပါး၏ အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

​ထိုကဲ့သို့သော အရိုးသည် အဘယ်ကြောင့် အလွယ်တကူ ကြောက်ရွံ့ကာ အရှုံးပေးလိမ့်မည်နည်း။

​"စိတ်ဝင်စားစရာကောင်းတဲ့ ကလေးမလေးပဲ"

​ကျုန်းဟုန်သည် ကုန်းပတ်ပေါ်တွင် ကြံ့ကြံ့ခံရပ်နေသော ကျုံးထျန်းယွဲ့ကို ကြည့်လိုက်ပြီး ဝမ်းသာအားရဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

​ကျုံးထျန်းယွဲ့၏ မူလပါရမီနှင့် အုတ်မြစ်တို့သည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာရုံသာမက ဆန်းကြယ်ကောင်းကင်အရိုးထက် ပိုမိုအားကောင်းသော သူတော်စင်တာအိုအရိုးနှင့် ပေါင်းစပ်သွားသဖြင့် ယခင်ကထက်ပင် များစွာ ပိုမိုပြီး သန်မာအားကောင်းလာနေပြီဖြစ်သည်။

သာမန်မျက်စိဖြင့် ကြည့်လျှင်ပင် သူမ၏ စွမ်းအားသည် ကောင်းကင်အဆင့် ပါရမီရှင်များကို ကျော်လွန်နေကြောင်း သိသာထင်ရှားလှသည်။

​"ဒီနတ်ဘုရားအရိုးက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ ဒါက ဖန်ဆင်းရှင်အရိုးလား၊ သစ္စာရှင်အရိုးလား၊ ဒါမှမဟုတ် ကောင်းကင်သူတော်စင်အထွတ်အထိပ်အရိုးများလား"

​ကျုန်းဟုန်က လောဘစိတ်ဖြင့် တွေးတောလိုက်သည်။

"ဒီမိန်းကလေးရဲ့ ကံတရားက တကယ် ကောင်းကင်ကို အာခံနိုင်စွမ်းရှိတာပဲ သူ့ရဲ့ မူလပါရမီ အလုယူခံလိုက်ရပြီး အုတ်မြစ်တစ်ခုလုံး ပျက်စီးသွားတာတောင်မှ သေလမ်းကနေ အံ့ဖွယ်နည်းနဲ့ ပြန်လည်ရှင်သန်လာပြီး အခွင့်အရေးအသစ်တွေ ထပ်ရလာတယ်ပေါ့"

"သူ့ရဲ့ ကောင်းကင်တာအို လမ်းကြောင်းက ရိုးရှင်းပုံရပေမဲ့ သေချာပေါက် ကံတရားကြီးမားတဲ့သူပဲ အကယ်၍သာ ဧကရီချန်ချန်က သူ့ကိုသတ်ပြီး သူ့ရဲ့ အခွင့်အရေးနဲ့ ကံတရားတွေကို ထပ်ပြီး လုယူလိုက်မယ်ဆိုရင် ဧကရီရဲ့ ကံတရားက ပိုပြီး အဆင့်တက်သွားနိုင်တယ်"

"အဲဒီကျရင် ဧကရီက ဒဏ္ဍာရီလာ ကောင်းကင်ကံတရားအရှင်သခင် ဖြစ်လာပြီး လောကကြီးမှာရှိတဲ့ ပါရမီရှင်တွေနဲ့ ရွေးချယ်ခံတွေ အားလုံက ဧကရီရဲ့ ခြေနင်းကျောက်တုံးတွေ ဖြစ်လာကြလိမ့်မယ်"

တစ်ခဏအတွင်းမှာပင် ကျုန်းဟုန်သည် ရက်စက်သော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။ မူလက သူသည် ဤလူများကို ချက်ချင်း အပြတ်ရှင်းပစ်ရန် ရည်ရွယ်ထားသော်လည်း ယခုအခါတွင်မူ ဧကရီချန်ချန် ဝင်ရောက်စွက်ဖက်နိုင်မည့် အခွင့်အရေးတစ်ခု ဖန်တီးပေးရန် လိုအပ်ကြောင်း တွေးမိလိုက်သည်။

​ထိုသို့ တွေးလိုက်ပြီးနောက် သူ၏ အရှိန်အဝါကို ပိုမိုမြှင့်တင်လိုက်သည်။

​ကြီးမားလေးလံသော သေမင်းရောက်လာတော့မလို ခံစားချက်ကြောင့် လူတိုင်း အသက်ရှူမှားသွားကြသည်။ ကျုံးချီမင်သည် ထိုအရှိန်အဝါ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီး သူ၏ ဒူးများကို မြေကြီးနှင့်ထိအောင် ဖိချခံလိုက်ရလေ၏။

​ကျုံးချီမင်သည် အံကိုကြိတ်ထားလွန်းသဖြင့် သွားများ ကျိုးကြေသွားမတတ်​ ဖြစ်နေသည်။ သူက ခက်ခက်ခဲခဲလှုပ်ရှားလိုက်ပြီး သူ၏ ခါးရှိ ရတနာသိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို အားယူကာ ဆွဲထုတ်လိုက်သည်။

​ပုလင်းထဲတွင် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော ကြက်သားတစ်တုံး ရှိနေသည်။ ဤကြက်သားတုံးသည် အရောင်ငါးမျိုး တောက်ပနေပြီး လေထဲတွင် သူ့အလိုလို ပေါလောပေါ်နေသည်။

​ထိုသည်ကား ကျုံးချီမင် ချင်ထျန်းတောင်ထွတ်မှ အပြန်တွင်သယ်လာသော နှစ်တစ်သောင်းသက်တမ်းရှိ ရွှမ်ဟွမ်ကြက်သား ပင်ဖြစ်သည်။

​ကျုံးချီထျန်းက တစ်ဝက်ယူသွားပြီးနောက် ကျုံးချီမင်သည် ကျန်ရှိနေသော ဟင်းရည်နှင့် အသားများကို ခွဲခြားကာ အပိုင်းပေါင်းများစွာ ပိုင်းပြီး ကျောက်စိမ်းပုလင်းများထဲတွင် ထည့်သိမ်းထားခဲ့ကာ ယခုကဲ့သို့ သေရေးရှင်ရေးအရေးကြီးသော အချိန်များတွင် အသုံးပြုရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ဤကြက်သားနှင့် ဟင်းရည်တွင် စွမ်းအင်အမြောက်အမြား ပါဝင်ပြီး တစ်ခါစားရုံဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင် တော်တော်များများကို ပြန်လည်ဖြည့်တင်းပေးနိုင်လေသည်။

တကယ်တမ်းတွင် ကျုံးချီမင် မသိသော အချက်တစ်ချက် ရှိနေသည်။ နှစ်တစ်သောင်းသက်တမ်းရှိ ရွှမ်ဟွမ်ကြက်သည် အာဟာရကြွယ်ဝပြီး အလွန်ကောင်းမွန်သော အာနိသင်ရှိသော်လည်း ဤမျှလောက်ထိ အစွမ်းထက်သော ရလဒ်ကို ကြက်သားတစ်ခုတည်းဖြင့် မရရှိနိုင်ပေ။

​တကယ့် အဖိုးတန်ပစ္စည်းမှာ ကျုံးရှန်က သူ့အား ပေါ့ပေါ့ပါးပါးဖြင့် ပစ်ပေးခဲ့သည့် မှိုအနည်းငယ်ပင် ဖြစ်သည်။

​ထိုမှိုများသည် ကျုံးရှန်ကိုယ်တိုင် ပျိုးထောင်ထားခြင်းဖြစ်ကာ အလွန်အဖိုးတန်သည့် ရတနာများဖြစ်သည်မှာ မြေကြီး လက်ခတ်မလွဲချေ။ ထိုမှိုများသည် သူတော်စင်တစ်ပိုင်းအဆင့် ဝိညာဉ်ဆေးဘက်ဝင်အပင်များဖြစ်ပြီး သွေးရောင်လင်းဇီးမှို ဟု ခေါ်ဆိုကြသည်။

ထိုဆေးဘက်ဝင်အပင်သည် ရှေးဟောင်းစာပေများတွင်သာ မှတ်တမ်းတင်ထားပြီး ဝိညာဉ်စွမ်းအင် အလွန်ကြွယ်ဝသော ပတ်ဝန်းကျင်တွင်သာ ပေါက်ရောက်နိုင်သည်။

သွေးရောင်လင်းဇီးမှိုသည် မူလဝိညာဉ်ကို အားဖြည့်ပေးရုံသာမက စိတ်ဝိညာဉ်စွမ်းအင်ကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်သည်။

​သွေးရောင်လင်းဇီးမှို တစ်ပွင့်တည်းနှင့်ပင် နိယာမနယ်ပယ် အဆင့် ၂၅ ရှိသော ကျွမ်းကျင်သူတစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအင်ကို ချက်ချင်း ပြန်လည်ပြည့်ဝသွားစေနိုင်သည်။

​ထိုကဲ့သို့သော အံ့ဖွယ်အာနိသင်များသည် နှစ်တစ်သောင်းသက်တမ်းရှိ ရွှမ်ဟွမ်ကြက်နှင့် ပေါင်းစပ်လိုက်သောအခါ ကျားကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ အာနိသင် နှစ်ဆတိုးသွားတော့သည်။

​ကျုံးချီမင်သည် ကြက်သားတုံးအနည်းငယ်ကို အလျင်အမြန် မျိုချလိုက်သောအခါ သူ၏ ကုန်ခမ်းနေသော စိတ်ဝိညာဉ်စွမ်းအင်များသည် တစ်ဝက်ကျော် ပြန်လည်ပြည့်လာသည်။ သူသည် တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ကျုန်းဟုန်သည် ရုတ်တရက် သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

စိတ်ဝိညာဉ်စွမ်းအင်များက ချန်ချန်ကို လွှမ်းခြုံထားပြီး လျင်မြန်သော လှုပ်ရှားမှုဖြင့် သူတို့နှစ်ယော​က်က ယင်ထျန်းလှေပေါ်သို့ တန်းတန်းမတ်မတ် လှမ်းတက်လာတော့သည်။

​"မင်း ဘာလုပ်မလို့လဲ"

ကျုံးချီမင်က ထိတ်လန့်တကြား အော်ဟစ်လိုက်ကာ သူ၏ ပုံရိပ်သည် တစ်ချက်တည်းနှင့် လှေပေါ်သို့ ရောက်ရှိသွားပြီး ကျုန်းဟုန်နှင့် ချန်ချန်တို့၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။

​ကျုန်းဟုန်က အဘိုးအိုနှင့် မြေးမလေးကို ကြည့်ကာ မောက်မာစွာ ပြုံးလိုက်သည်။

​"မဆိုးဘူး… မင်းတို့နှစ်ယောက်လုံးက သတ္တိရှိသားပဲ ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေက တကယ်ကို အလားအလာရှိတဲ့ ပါရမီရှင်တစ်ယောက် မွေးထုတ်ပေးလိုက်တာပဲ ဒါပေမဲ့ ကံဆိုးတာက မင်းတို့ရဲ့ အသက်တွေက အခု ငါ့လက်ထဲမှာ ရောက်နေပြီ"

"ဒီကနေ့ မင်းတို့ရဲ့ သေခြင်းရှင်ခြင်းကို ငါဆုံးဖြတ်မယ်"

​ကျုန်းဟုန်သည် ထိုသို့ မောက်မာစွာ ပြောပြီးနောက် သူက ကျုံးထျန်းယွဲ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

​"ကောင်မလေး… မင်းက တော်တော်လေး အထင်ကြီးစရာကောင်းတယ် အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်ရုံမကဘူး ဆုံးရှုံးမှုတွေ ကြုံတိုင်း ပိုသန်မာလာတယ် အန္တရာယ်နဲ့ ရင်ဆိုင်ရတာတောင် တည်ငြိမ်နေပြီး ကောင်းကင်ကိုတောင် စိန်ခေါ်ရဲသေးတယ် ငါ မင်းကို စပြီး သဘောကျလာပြီ"

​"ဒီလိုလုပ် မင်းနဲ့ ငါ့ရဲ့ ဧကရီတို့ တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ကြမယ် မင်းနိုင်စရာတောင် မလိုဘူး သရေကျရင်ကို ငါ မင်းတို့အသက်ကို ချမ်းသာပေးမယ် ဘယ်လိုလဲ… ဒီသင်္ဘောပေါ်က လူထောင်ချီရဲ့ ကံကြမ္မာအတွက် တိုက်ခိုက်ဖို့ သတ္တိမင်းမှာ ရှိလား"

​သူ၏ စကားလုံးများတွင် ဆွဲဆောင်မှုရှိသော စွမ်းအားတစ်ခု ပါဝင်နေသည်။ သရေကျရုံဖြင့် သင်္ဘောပေါ်ရှိ အစောင့်တပ်သားထောင်ချီ၏ အသက်ကို ကယ်တင်နိုင်မည်ဆိုသည်မှာ ကျုံးထျန်းယွဲ့တို့ဘက်မှ အသာစီးရသကဲ့သို့ ထင်ရသည်။

သို့သော် ကျုန်းဟုန်ကတော့ အမှန်တရားကို ကောင်းကောင်းကြီး သိနေသည်။ ​ဧကရီချန်ချန်သည် တာအိုရှာဖွေခြင်း နယ်မြေမှ လာသူဖြစ်ပြီး ဆန်းကြယ်ကောင်းကင်အရိုးနှင့် ပေါင်းစပ်ထားသဖြင့် သူမ၏ စွမ်းအားသည် ယခင်အကြိမ်ကထက် ပိုမိုပြီး သန်မာအားကောင်းနေပြီဖြစ်သည်။

သူမ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း နိယာမနယ်ပယ်၏ အဆင့်နှစ်သို့ရောက်ရှိနေပြီဖြစ်ကာ ကျုံးထျန်းယွဲ့ထက် ပိုမိုပြီး သန်မာလေသည်။

​ဤကောင်မလေးသည် နတ်ဘုရားအရိုးအသစ်ကို ရရှိထားလျှင်ပင် မင်းသမီးကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

​ဧကရီသည် နိယာမနယ်ပယ် ဒုတိယအဆင့်တွင်သာ ရှိသည်ဟု ထင်ရသော်လည်း သူမသာ အားအကုန်ထုတ်သုံးပါက နိယာမနယ်ပယ်၏ ​အဆင့်ခြောက်တွင်ရှိသော ကျင့်ကြံသူကိုပင်ကိုပင် အမှုန့်ကြိတ်ပစ်နိုင်သည်။

အဆင့်လေးဆင့်ကို ကျော်ဖြတ်ပြီး တိုက်ခိုက်နိုင်စွမ်း ဆိုသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

​ဧကရီကို ဤကောင်မလေးနှင့် တိုက်ခိုက်စေပြီး သူမ၏ မာန်မာနကို ချိုးနှိမ်ကာ သူမ၏ ကံတရားကို လုယူပြီး ကောင်းကင်တာအို ကံကြမ္မာကို အပိုင်စီးစေရမည်။ ထိုသည်မှာ ကျုန်းဟုန်၏ ယုတ်မာပက်စက်သည့် အကြံဆိုးပင်ဖြစ်ပေ၏။

​ကျုံးထျန်းယွဲ့သည် သူ့ရှေ့တွင် ရပ်နေပြီး သူမ၏ မျက်လုံးများသည် လုံးဝ ဂရုမစိုက်ဟန် ပြုနေသော ချန်ချန်အပေါ်တွင် စူးစိုက်ထားသည်။

သူမသည် ချန်ချန်၏ ရင်ဘတ်ကို ကြည့်လိုက်မိသည်။ တစ်ချိန်က သူမပိုင်ဆိုင်ခဲ့သော ထိုအရိုးမှ ရင်းနှီးသော ခံစားချက်ကြောင့် သူမ၏ သွေးများ ဆူပွက်လာပြီး ဒေါသစိတ်များကို မထိန်းချုပ်နိုင်လုနီးပါး ဖြစ်လာသည်

ရုတ်တရက် ကျုံးထျန်းယွဲ့၏ စိတ်ထဲတွင် ကျုံးရှန်၏ နေရောင်ခြည်ကဲ့သို့ နွေးထွေးသော အပြုံးနှင့် ဘိုးဘေး၏ လေးနက်သော ဆုံးမစကားများ ပေါ်လာသည်။

​ထိုအမှတ်တရများသည် သူမအား စိတ်ဓာတ်ခွန်အားများ ပေးလိုက်သကဲ့သို့ ရှိ၏။ သူမ၏ ဆူပွက်နေသော သွေးများနှင့် ဒေါသများ ချက်ချင်း ငြိမ်သက်သွားသည်။

​သူမ၏ မျက်နှာသည် ခံစားချက်ကင်းမဲ့သွားပြီး သူမအား ကာကွယ်ပေးထားသော ကျုံးချီမင်ကို တည်ငြိမ်စွာ ပြောလိုက်သည်။

​"အဘိုး… ယွဲ့အာကို တိုက်ခွင့်ပေးပါ ယွဲ့အာကို ယုံကြည်ပေးပါ လူတိုင်းရဲ့ ကံကြမ္မာကို ယွဲ့အာ ထမ်းရွက်ပါ့မယ်"

​ကျုံးချီမင်သည် သူမ၏ ငယ်ရွယ်နုပျိုသော ကလေးမျက်နှာလေးကို ကြည့်ရင်း တာဝန်ယူလိုစိတ် အပြည့်ရှိနေသည်ကို တွေ့လိုက်ရသောအခါ အထူးတလည် စိတ်ချမ်းသာသွားမိသည်။

​"ယွဲ့အာသာ ကြီးပြင်းလာရင် ငါတို့ ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေရဲ့ နှစ်ပေါင်း ၁၁၀,၀၀၀ သမိုင်းမှာ အစွမ်းထက်ဆုံးသော မြင့်မြတ်သမီးတော် ဖြစ်လာမှာ သေချာတယ်"

​သူက ကျုံးထျန်းယွဲ့၏ ​ခေါင်းသေးသေးလေးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

​"ကောင်းပြီ ငါတို့ ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေမှာ သူရဲဘောကြောင်တဲ့သူ မရှိဘူး မင်းရဲ့ နောက်မှာ မင်းအဘိုးနဲ့ မြင့်မြတ်နယ်မြေက အကြီးအကဲတွေ အားလုံး ရှိနေတယ်။ အကောင်းဆုံးတိုက်ခိုက်ခဲ့"

ထိုသို့ ပြောပြီးနောက် သူသည် ဖြည်းညှင်းစွာ နောက်ဆုတ်ပေးလိုက်သည်။ ကျုန်းဟုန်ကလည်း လှောင်ပြောင်သရော်စွာ ရယ်မောရင်း နောက်ဆုတ်သွားသည်။

ကျယ်ဝန်းသော ကုန်းပတ်ပေါ်တွင် ပေတစ်ရာခန့်ကျယ်သော ကွင်းပြင်တစ်ခု ဖြစ်ပေါ်လာသည်။

​ချန်ချန်သည် သူမ၏ ရင်ဘတ်ကို တမင်တကာ ပုတ်ပြလိုက်ပြီး ကျုံးထျန်းယွဲ့ကို ရန်စလိုက်သည်။

​"ကောင်မလေး… ရက်နည်းနည်းလေးပဲ ရှိသေးတယ် နင့်ရဲ့ ကျင့်ကြံခြင်းက တော်တော်လေး မြင့်တက်လာပါလား ဒါပေမဲ့ နင်က ကံလေးနည်းနည်းကောင်းပြီး အခွင့်အရေးနည်းနည်းရထားရုံနဲ့ အခု ငါ့ကို လွယ်လွယ်လေး နိုင်မယ်လို့ ထင်နေတာလား"

"ကံဆိုးလိုက်တာ နင့်ဆီကရတဲ့ ဆန်းကြယ်ကောင်းကင်အရိုးက တော်တော်လေး အသုံးဝင်သားပဲ တာအိုကို နားလည်ဖို့ ငါ့ကို အများကြီး ကူညီပေးတယ်"

​"အခု နင့်ဆီမှာ ရှိနေတဲ့ အရိုးသစ်က ဘာအရိုးလဲ ဘယ်လောက် အသုံးဝင်လဲ ငါသိချင်မိတယ် တကယ်လို့ အသုံးဝင်မယ်ဆိုရင် ငါ့ကို ရက်နည်းနည်းလောက် ငှားပါလား အသုံးမဝင်ဘူးဆိုရင်တော့ နင့်ကိုသတ်ပြီးရင် အရိုးကိုထုတ် အရေခွံခွာပြီး ရွာက ခွေးဝါကြီးကို ကျွေးလိုက်ရုံပေါ့"

​"နင်..."

သူမ၏ ရန်စနေသည့် စကားမဆုံးခင်မှာပင် ကျုံးထျန်းယွဲ့သည် လျင်မြန်စွာ ခုန်တက်လိုက်ကာ ပေတစ်ရာ အကွာအဝေးကို မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားသည်။

သူမ၏ လက်သီးများသည် လေပြင်းမုန်တိုင်းကဲ့သို့ အားမာန်ပါနေပြီး ချန်ချန်ကို ဒေါသအပြည့်ဖြင့် စတင်တိုက်ခိုက်လိုက်တော့သည်။

All Chapters