အခန်း (၁၅)
Vol. 2 Ch. 15
ကျုံးဟုန်က လောဘတကြီးဖြင့် လှုပ်ရှားလိုက်သည့် အခိုက်အတန့်မှာပင် ကျယ်လောင်သည့် အသံကြီးကြောင့် ကမ္ဘာပင် တုန်ခါသွားတော့မတတ်ပင်။
"ဘုန်း…"
ထို ကျယ်လောင်သည့် အသံကြီးက မိုးခြိမ်းသံအလား မိုင်ထောင်ချီအနှံ့သို့ ပြန့်သွားသည်။
"ခရက်"
ကောင်းကင်၌ အက်ကြောင်းတခု ပေါ်လာသည်။ ထူးဆန်းသည့် စွမ်းအားတခု ကျဆင်းလာပြီး အရာရာကို လွှမ်းခြုံသွားသည်။ မည်သူကမျှ လှုပ်ရှားမှု မပြုနိုင်တော့ပေ။ ထို့နောက်တွင် ဧရာမ ခြေထောက်ကြီးတခု ပေါ်လာသည်။
ပြီးနောက်တွင် ကောင်းကင်ယံမှ အသံတစ်ကို ကြားလိုက်ရပြန်သည်။
"ဂျူနီယာတွေ တိုက်ခိုက်နေကြတာကို မင်းလိုစီနီယာက ဘယ်လိုတောင် ဝင်စွတ်ဖက်ရဲတာလဲ"
"ရှေးဟောင်းတာအိုဧကရာဇ်ရဲ့ခွေးဆိုတော့ အကျင့်က သခင်အတိုင်းပဲ"
စကားမဆုံးမီ၌မှာပင် ခြေထောက်ကြီးက ကျုံးဟုန်အား နင်းချေပစ်လိုက်လေသည်။
ကျုံးဟုန်တစ်ယောက် ထွက်ပြေးရန်ပင် အခွင့်အရေး မရလိုက်ချေ။
"ဘန်း"
သွေးများက နေရာအနှံ့ ပြန့်ကျဲသွားတော့သည်။
ကျုံးဟုန်၏ ကိုယ်က သွေးနှင့် ဖုန်မှုန့်များ ဖြစ်သွားပြီး လေ၌ လွင့်မြောနေသည်။
ကျုံးဟုန်က နိယာအဆင့် နှစ်ဆယ့်ငါးရောက်နေသည့် ထိပ်သီး ပညာရှင်ဖြစ်သော်လည်း ချက်ချင်းပင် နင်းချေခံလိုက်ရ၏။ သူ့အနေဖြင့် ဗိမာန်တော် မှအသက်ပြန်ရှင်လာခဲ့သော်လည်း ယခုတွင် ပုရွက်ဆိတ်ပမာ နင်းချေခံလိုက်ရသည်။
ခြေထောက်ကြီးက ကျုံးဟုန် တဦးတည်းသာ နင်းချေခြင်းဖြစ်၏။ သူ၏ ရင်ခွင်မှ ချန်ချန်က ဒဏ်ရာရမသွားပေ။
ထိုအစား သင်္ဘောပေါ်သို့သာ ရောက်သွားသည်။
တစ်ချိန်တည်းတွင်လည်း ကျုံးဟုန်၏ သွေးမြူများက ရုတ်တရက် ပေါင်းစုသွားကာ အနီရောင် အသားလုံးဖြစ်သွား၏။
ခဏအတွင်း၌ ထိုအသားလုံးမှ ခြေလက်များ ပေါ်လာပြီး လူပုံစံ ပြန်ဖြစ်လာသည်။ ခဏကြာပြီးချိန်၌ ကျုံးဟုန်က မူလအတိုင်း ပြန်ဖြစ်သွားတော့သည်။
သို့ရာတွင် ကျုံးဟုန်၏ မျက်နှာက ဖြူဖျော့နေလေသည်။ အသက်ပြန်ရှင်ရန်အတွက် စွမ်းအားအကုန် အသုံးပြုလိုက်ရပုံရသည်။
ထိုခဏ၌ ကောင်းကင်ယံမှ ဖိအားကပျောက်ကွယ်သွားကာ အက်ကြောင်းလည်း ပြန်ပိတ်သွား၏။
အကုန်လုံးက ထိတ်လန့် ကြောက်ရွံ့နေကြသည်။
ကန်ချက်မှာ ထိတ်လန့်ဖွယ် ကောင်းလှသည် မဟုတ်လော။ ကျုံးဟုန် ကဲ့သို့သောသူအား ကန်ချက်ဖြင့် နင်းချေပစ်သူမှာ မည်မျှပင် အားကောင်းလှလေသနည်း။
"ဘိုးဘေးများလား…"
"ဘိုးဘေးက ယွဲ့အာကို ကူညီတာပဲ သူမမေ့ဘူးကိုး…"
"ဘိုးဘေးက လောကမှာ အားအကောင်းဆုံး နတ်ဘုရားများလား"
ကျုံးထျန်းယွဲ့က ရွှင်ပျနေတော့သည်။
သူမသည် နဂိုတုန်းက ဒေါသအတော်လေး ထွက်နေခဲ့သော်လည်း ယခုအချိန်၌ ဘိုးဘေး၏ အကူအညီ ရှိနေသဖြင့် သူမ၏ ဒေါသများ ကုန်စင်သွားသယောင်ပင်။
သူမက အဘိုးဖြစ်သူ၏ တားမြစ်မှုကြောင့် ဘိုးဘေး၏ တည်ရှိမှုကို လျှို့ဝှက်ထားရသည်။ သို့သော်လည်း စိတ်ထဲ၌ ရွှင်မြူးနေလေတော့၏။
"ဘိုးဘေး… ယွဲ့အာက ဘိုးဘေးကို အရှက်မရစေရပါဘူး"
သူမက စိတ်အေးမိနေသည်။ သူမ၏ စိတ်အတွင်းမှ အဖုအထစ်များသည်လည်း ပြေလျော့သွားပြီဖြစ်၏။ သူမ၌ ကာကွယ်ပေးမည့် ဘိုးဘေး ရှိနေသည့်အတွက် ကြောက်စရာလည်း မရှိတော့ချေ။
ထျန်းယွဲ့က နာကျင်စွာ လဲလျောင်းနေသည့် ချန်ချန် ရှိရာသို့ လျှောက်သွားလိုက်ကာ အေးစက်စွာဖြင့် ပြောလေသည်။
"စုန်းမ… ငါ့အရိုး ထုတ်ချင်တယ်ဆို ဒီနေ့ နင်နှစ်ဆ ပြန်ပေးဆပ်ရမယ် ငါ နင့်အရိုးကိုထုတ်ပြီးတော့ ခွေးကျွေးပစ်မယ်"
ချန်ချန်က ကျုံးထျန်းယွဲ့၏ ကြောက်မက်ဖွယ် မျက်နှာထားကြောင့် တုန်လှုပ်မိသွားသည်။ သူမက ကြောက်လန့်နေပြီ ဖြစ်၏။
"ဆရာကျုံး… ကယ်ပါဦး"
သူမက စူးစူးဝါးဝါးဖြင့် အော်လိုက်သည်။
ကျုံးဟုန်က သူမအား လျစ်လျူရှု၍ ကောင်းကင်သို့သာ ငေးစိုက်ကြည့်နေသည်။
သူက ကန်ချက် ထုတ်သူမှာ သူတော်စင်အစစ် သို့မဟုတ် သူတော်စင်တစ်ပိုင်းအဆင့်လောက် ဖြစ်မည်ကြောင်းကို နားလည်လေသည်။
"အခြေအနေ မကောင်းဘူး…"
ကျုံးဟုန်က တွေးမိနေသည်။
"ရှေးဟောင်းခေတ်တုန်းက ငါရဲ့ အထွတ်အထိတ်အခြေအနေကတုန်းကတောင် ဒီလူကို မနိုင်နိုင်ဘူး။ ရွှမ်လန် မြင့်မြတ်နယ်မြေကလည် ဒီမွန်းစတား လက်ကနေ ဧကရီကို ကာကွယ်နိုင်မှာ မဟုတ်ဘူး"
"ပြေးမှရမယ် လျှို့ဝှက် ရတနာ သုံးရပြီပဲ"
သူက ချန်ချန်အား ဒေါသတကြီး စိုက်ကြည့်နေသည်။ သူမ အနေဖြင့် ပြဿနာ မဖန်တီးပါက ယနေ့ဖြစ်ရပ် ကြုံရမည် မဟုတ်ချေ။ သူသည်လည်း မှော်မန္တန်ကြောင့်အမိန့်နာခံနေရသည်သာ မဟုတ်ပါက ချန်ချန်ကိုပင် သူ့လက်ဖြင့် ကိုယ်တိုင် အသက်နှုတ်ပြီး ဖြစ်နေပေလိမ့်မည်။
ကျုံးဟုန်က လက်ဆန့်လိုက်ရာ သူ၏ လက်၌ ရတနာ တခုပေါ်လာ၏။ ထိုရတနာသည် သတ္တုဖြင့် ပြုလုပ်ထားသည့် သံလက်သီးဖြစ်ပြီး ကျားဖြူ၊ နဂါး၊ ဖီးနစ်၊ချီလင်နှင့် လိပ်ရုပ်များ ထွင်းထုထားသည့် လက်ဆစ် ငါးခုပါရှိနေလေသည်။
သို့သော်လည်း မိစ္ဆာစွမ်းအင် အငွေ့အသက်ရနေပြီး နတ်သတ္တဝါများ၏ မျက်လုံးများက ရဲရဲနီနေသည်။
ထိုလက်နက်မှာ အလောင်းကောင်နှင့် သွေးပင်လယ်ကိုပင် ပုံဖော်လာတော့သည်။ သားရဲများ၏ ပါးစပ်မှလည်း ဆူးချွန်များ ထွက်နေကြသည်။
ထိုလက်နက်က သုတ်သင်သတ်ဖြတ်ခြင်း လက်နက်တခုဖြစ်ပြီး အတိတ်ကာလ၌ နတ်ဘုရားနှင့် နတ်ဆိုးများစွာ၏ သွေးများစွာကို မြည်းစမ်းဖူးခဲ့သည်။
ကျုံးဟုန်က သံလက်သီးအား ဆုပ်ကိုင်လိုက်ရာ စွမ်းအင် တဟုန်ထိုးတက်လာသည်။ ထို့နောက်တွင် ကောင်းကင်သို့ လက်သီးချက် ပစ်လွှတ်လိုက်တော့သည်။
လက်နက်မှ ကြောက်မက်ဖွယ် ပုံရိပ်ငါးခု ထိုးထွက်လာကြသည်။
ကျုံးချီမင်က ထိုလက်နက်အား မှတ်တမ်းများအရ သိလိုက်သည်။
"ဒီသံလက်သီးက မဟုတ်မှလွဲရော"
"ဒဏ္ဍာရီလာ ကြယ်ထိုးခွဲသံလက်သီး မဟုတ်လား"
"သံလက်သီးသူတော်စင်ရဲ့ လက်နက်လေ"
"ဒီကောင်ဆီမှာ ဒီလိုအဆင့်လက်နက် ရှိလိမ့်မယ်လို့ မထင်ထားဘူး"
ကျုံးချီမင်က ပူပန်မိသွားကာ ရေရွတ်လိုက်သည်။
"ဘိုးဘေး အဆင်ပြေပါ့မလား"
သူ၏ စိတ်၌ ဘိုးဘေးဖြစ်သူမှ ပြိုင်ဘက်ကင်းသည်ကို သိသော်လည်း ယခုလက်နက်က ကျော်ကြားသည့် ရှေးလက်နက်ပင် မဟုတ်လော။
ကျုံးဟုန်က လက်နက်အား ကိုင်ဆောင်၍ ယုံကြည်မှု အပြည့်ရှိနေသည်။ သူက ရန်သူအား ရှင်းပစ်နိုင်မည် မဟုတ်ကြောင်း သိနေသော်လည်း စက္ကန့်အနည်းငယ် အချိန်ဆွဲနိုင်ရန် မျှော်လင့်ထား၏။
ခဏလောက် အချိန်ရပါက မှော်အဆောင်ဖြင့် မိုင်ထောင်ချီ အကွာအဝေးသို့ ထွက်ပြေးနိုင်မည် ဖြစ်သည်။
ထို့ကြောင့် လက်ကျန်စွမ်းအင်များအား လက်နက်အတွင်း ထည့်သွင်းကာ ကောင်းကင်သို့ တိုက်ခိုက်လိုက်တော့သည်။